လူပျို ၊ အပျိုဖော်ဝင်စ သားသမီးများအား သင်ပြခြင်း

0

မြန်မာလူမှုဝန်းကျင်မှာ သားသမီးဘယ်အရွယ်ရောက်ရောက် မိဘတွေဟာ ကလေးလို့ပဲမြင်တယ်ဆိုတဲ့စကားက ကြားလို့သိပ်ကောင်းပါတယ်။ ဒါပေမယ့် တကယ့်ပစ္စုပ္ပန်နဲ့ ဝေးကွာနေတယ်ဆိုတာ ထင်ရှားရှားလည်း ပြနေတာပါ။ ကိုယ်တိုင်က အသက်သုံးဆယ်နီးမှ ဒါမှမဟုတ် သုံးဆယ်ကျော်မှ အိမ်ထောင်ပြုရင်လည်း ပြုဖြစ်မှာပေါ့။ ဒီ့ထက်လည်း နောက်ကျ ပြုနိုင်ကြပါသေးတယ်။ ဒါပေမယ့် ကိုယ်ဟာ ဘယ်အရွယ်ကစပြီး တဘက်လိင်ကို စိတ်ဝင်စားမှုရှိခဲ့သလဲ ၊ ဘယ်အရွယ်မှာ စိတ်ကစားဖြစ်ခဲ့သလဲ ၊ ရည်းစားဦးကို ဘယ်အရွယ်မှာ ထားဖြစ်ခဲ့သလဲ ၊ ဘာတွေနားမလည်လို့ ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရတယ်ဆိုတာ သားသမီးကို မဆုံးမခင် မိမိကိုယ်ကို သတိပေးရမှာပါ။

အခုတော့ ဒီလိုမဟုတ်ဘဲ ကိုယ့်မျက်စိထဲ နို့နံ့မစင်သေးဘူးထင်နေတဲ့ လူပျို ၊ အပျိုဖော်ဝင်စ ဆယ်ကျော်သက်သားသမီးတွေကို ဒါနင့်အရာလား ၊ ဒီလိုတွဲစရာလား ၊ တော်တော်ထနေလား စတဲ့ သဘာဝကို ဖီဆန်တဲ့စကားတွေနဲ့ ကလေးတွေရဲ့ စူးစမ်းစမ်းသပ်ချင်စိတ် ၊ သဘာဝအရ စိတ်ဝင်စားချင်တဲ့အသိတွေကို ပိတ်ပင်လိုက်ပါတယ်။ ဆယ်ကျော်သက်အရွယ်လေးတွေဟာ မိဘကို ကာပြန်ဖို့ မနိုင်သေးတဲ့အရွယ်မို့ မိဘရှေ့ မိဘစကား နားထောင်သလိုနေမှာဖြစ်ပေမယ့် ကိုယ်ကပိတ်ပင်လေ သူက ပိုစိတ်ဝင်စားပြီး ဘာကြောင့်ဒီလိုပိတ်ပင်နေပါလိမ့် ၊ ဘယ်လိုမျိုးပါလိမ့်ဆိုပြီး စူးစမ်း စမ်းသပ်ချင်စိတ်တွေ ပိုဝင်လာပါတော့တယ်။

ဒီလိုစိတ်တွေဖြစ်လာတော့ မိဘရှေ့မှာ မခုတ်တတ်တဲ့ကြောင်လိုနေပြီး ကွယ်ရာမှာ မိဘတားတဲ့အရာတွေ ပိုလုပ်ဖြစ်လာပါတယ်။ ဆေးလိပ်မသောက်နဲ့ဆို သောက်ဖြစ်တာ ၊ အရက်ဘီယာမသောက်နဲ့ဆို စမ်းရင်းသောက်ဖြစ်သွားတာ ၊ ဂိမ်းမဆော့နဲ့ဆို ဂိမ်းဆိုင်ရောက်နေတာ ၊ ရည်းစားမထားနဲ့ဆို ရည်းစားရနေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ မိဘက သားသမီးဘာလုပ်နေလဲဆိုတာ သူ့လွယ်အိတ်ထဲ ၊ သူ့စာအုပ်တွေကြား ၊ သူ့ဗီရို အံဆွဲတွေကြား ၊ ခေါင်းအုံးအောက် စသဖြင့်မှာ မွှေနှောက်ရှာပြီး တွေ့တယ်ဆိုတာနဲ့ သားသမီးကို ဆူဆဲအော်ဟစ် ရိုက်နှက် ဆုံးမတာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဆုံးမလိုက်လို့ သားသမီးတွေဟာ လုပ်နေတာတွေ လုံးဝရပ်တန်းက ရပ်သွားသလားနော်။ သေချာပါတယ်။ နောင်အခါတွေများမှာတော့ ပိပိရိရိသေသေသပ်သပ် ခိုးလုပ်လာတော့မှာပါ။

တကယ်ဆို မလုပ်နဲ့လို့ ယတိပြတ် ပိတ်ပင်တားမြစ်ဖို့ထက် ဘာကြောင့် မလုပ်သင့်ဘူးဆိုတဲ့အသိ သားသမီးကို သင်ပြပြောဆိုရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ရင် ဘာဖြစ်မယ် ၊ ဘာတွေကတော့ ရှောင်ရန် ၊ ဘာတွေကတော့ဆောင်ရန် ဆိုတာတွေကို မိမိသားသမီး ဟိုးလသားအရွယ်ကတည်းက သင်ပြပြောဆိုကျင့်လုပ်ခဲ့ရမှာဖြစ်ပါတယ်။

ကစားတဲ့အရွယ်မှာလည်း ကစားတဲ့အရွယ်အလျောက် သိသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ၊ ကျောင်းနေအရွယ်မှာလည်း သိသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ၊ အရွယ်ရောက်လာရင်လည်း သူ့အရွယ်အလျောက် ပြောင်းလဲသိသင့်တဲ့ လောကအမြင်လေးတွေနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို သူ့ကို ချိုချိုသာသာ ၊ ကောင်းကောင်းမွန်မွန် သင်ပြပြောဆိုတာမျိုး ၊ ဆွေးနွေးပြောဆိုကြည့်တာမျိုးတွေ လုပ်လာခဲ့မယ်ဆိုရင် အရွယ်ရောက်မှ ဒါမလုပ်ရ ၊ ဒီလူနဲ့မပေါင်းရ ၊ ဒီလူနဲ့မတွဲရ ၊ ရည်းစားမထားရ ဆိုတဲ့ ယတိပြတ်စကားလုံးတွေ သုံးစရာမလိုတော့ဘူးလေ။

ကလေးကို ငယ်စဉ်ကတည်းကစလို့ ကိုယ်တိုင် စဉ်းစားဆင်ခြင်တတ်တဲ့အသိ ထည့်ပေးပြီးထားမို့ တပွဲထိုးအသိတွေ ဇွတ်ထည့်ပေးစရာမလိုတော့ပါဘူး။ ကလေးဟာ အရွယ်ရလာတာနဲ့အမျှ အမိန့်ဆိုတာတွေကို ဖီဆန်ချင်လာတယ်။ ဒါဟာ သဘာဝပါ။ သူလသားအရွယ်ကတည်းက ဒါလုပ်ဆိုတာပဲ လုပ်ခဲ့ရတယ် ၊ ဒါမလုပ်နဲ့ဆို လုပ်ခွင့်မရှိတော့ လုပ်ကိုင်လာနိုင်တဲ့ အရွယ်ကလေးရောက်လာတာနဲ့ ကွယ်ရာမှာ ခိုးလုပ်တတ်လာတာတွေရှိပါတယ်။ ဒါဟာလည်း သဘာဝပါပဲ။ သဘာဝကို လွန်ဆန်လို့တော့မရဘူးပေါ့။ အခု ငါပြောတာနားထောင် ၊ ငါမလုပ်နဲ့ဆိုတာကို မလုပ်နဲ့ ဆုံးမတတ်တဲ့မိဘတွေဟာ တကယ်ပဲ မိဘစကားကို ဤသည်မရွေး မြေဝယ်ကျနားထောင်ခဲ့သူတွေဟုတ်ရဲ့လား ၊ တကြိမ်တခါမှ မိဘကွယ်ရာမှာ ခိုးမလုပ်ဖူးဘူးလား ၊ မိဘကို မလိမ်ညာခဲ့ဖူးဘူးလား။ ကိုယ့်တုန်းက လုပ်ခဲ့တာတွေ ကိုယ့်သားသမီးကို မလုပ်ရလို့ ပိတ်ပင်မယ်ဆိုရင် သူဟာရော ကိုယ့်လို ကွယ်ရာမှ ခိုးမလုပ်နိုင်ဘူးတဲ့လား။

မိဘနေရာရောက်လာခဲ့သူတွေဟာ လောကဓံကို ခံခဲ့ရသူတွေ ၊ အလှည့်အပြောင်း အချိုးအကွေ့ဆိုတာတွေ အနည်းနဲ့အများ ကြုံခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုလှည့်စား အမြတ်ထုတ်တတ်တဲ့သူတွေကိုလည်း ကြုံခဲ့ဖူးမယ် ၊ ပေါင်းထိုက်သူ နဲ့ မပေါင်းထိုက်သူတွေဆိုတာကိုလည်း သင်ယူလာခဲ့မယ် ၊ အသည်းကွဲဝေဒနာကိုလည်း ခံစားဖူးခဲ့မယ် ၊ မာယာဆိုတာကိုလည်း ကြုံတွေ့ခဲ့ဖူးမယ် စသဖြင့် လူ့လောကမှာ ကြုံတွေရမယ့် သင်ခန်းစာတွေကို နဖူးတွေ့ ၊ ဒူးတွေ့ အနည်းနဲ့အများ ကြုံခဲ့ဖူးသူတွေဖြစ်ပါတယ်။ များများကြုံလေ သမ္ဘာရင့်လေ ၊ ဒါတွေက သင်ယူနိုင်ခဲ့လေ အသိဥာဏ်ရင့်ကျက်လာလေ ၊ အန္တရာယ်ကို ကြိုမြင်လို့ ရှောင်ရှားတတ်လာလေဖြစ်မှာပါ။ ဒီကပေးတဲ့သင်ခန်းစာတွေကို သားသမီးကို ဝေမျှပါ။ အပွင့်လင်းဆုံးမပြောချင်ရင်တောင် ကောင်းသောအကြောင်းအရာဖြင့် သွယ်ဝိုက်ပြီး အဖေ့တုန်းက ၊ အမေ့တုန်းက ဘယ်လိုကြုံခဲ့ရပြီး ဒီလိုသင်ခန်းစာရခဲ့လို့ ငါ့သား ၊ ငါ့သမီးကို ဒီလိုမခံစားစေချင်တဲ့စေတနာနဲ့ပြောတာလို့ သင်ပေးပါ။

လူဆိုတာ ပုံပြင်တွေ ၊ ဇတ်လမ်းတွေထက် ဖြစ်ရပ်မှန်တွေကို ပိုစိတ်ဝင်စားကြပါတယ်။ ပုံပြင် ၊ ဇတ်လမ်းတွေ ပြောပြပြီးတားတာထက် ဘဝဖြစ်ရပ်မှန်တွေကို ချပြပြီး သင်ပြပေးနိုင်ရင် သင်တဲ့သူအတွက် ပိုထိရောက်ပါတယ်။ အထူးသဖြင့် ဒီဖြစ်ရပ်မှန်ဇတ်လမ်းဟာ ကိုယ့်ကို မေတ္တာ ၊ စေတနာကြီးစွာထားပြီး ပြုစုပျိုးထောင်ခဲ့တဲ့ မိဘတွေရဲ့ ဖြစ်ရပ်မှန် အတွေ့အကြုံတွေဆို သူတို့ခေါင်းထဲမှာ စကားလုံးတွေရိုက်သွင်းထားသလို မှတ်မိနေမှာပါ။ ဒါဟာ မလုပ်ရ ၊ မကိုင်ရဆိုတဲ့ အမိန့်တွေပေးပြီးတားတာထက် ပိုအကျိုးသက်ရောက်ပါတယ်။

ပညာသင်တဲ့အရွယ် ပညာကိုပဲ အလေးထားရမယ်။ စိတ်ကစားပြီး ရည်းစားမထားရဘူးဆိုတာကို ရည်းစားမထားရ ၊ ထားရင်အသိပဲလို့ ဆိုဆုံးမတာထက် ရည်းစားထားရင် ဒီဘက်စိတ်ရောက်ပြီး ပညာဘက်မှာ ပေါ့သွားမယ် ၊ ဒါဆို သူငယ်ငယ်ကဖြစ်ချင်တဲ့ မြင့်မားတဲ့ဆန္ဒတွေဖြစ်လာနိုင်ဖို့ အခွင့်အရေးနည်းသွားပြီ။ ရည်းစားစောစောထားလို့ ကျောင်းစာမှာ အာရုံလျော့သွားတဲ့သူဟာ စာကြိုးစားမှုလျော့လာမယ် ၊ ဒီအခါ စာမေးပွဲအမှတ်တွေ လျော့လာပြီး ကိုယ်လိုချင်တဲ့လိုင်း ၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ဝေးသွားမယ်။

ရည်းစားထားပြီး စိတ်နောက်ကိုယ်ပါ လုပ်မိတဲ့ အဆုံးစွန်မှာ အိမ်ထောင်စောစောကျနိုင်တယ်။ အရွယ်မတိုင်ဘဲ အိမ်ထောင့်တာဝန်ထမ်းရမယ်။ သားသမီးတာဝန်ထမ်းရမယ်။ သူများတွေ အမှတ်ကောင်းကောင်းနဲ့ တက္ကသိုလ်ကောင်းကောင်းတက် ၊ အလုပ်ကောင်းကောင်းရပြီး မြင့်မားတဲ့ဘဝအခြေအနေ ရောက်နေချိန်မှာ ကိုယ်ဟာ ငယ်ငယ်လေးနဲ့ သားတွဲလဲ ၊ သမီးတွဲလဲ အိမ်ထောင့်တာဝန်တွေ ထမ်းရမယ်။ အိမ်ထောင်ဖက်မကောင်းရင် တခုလပ်ဖြစ်နိုင်သေးတယ် စသဖြင့် ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေ ၊ အလှမ်းမဝေးတဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်တွေထဲကနေထုတ်ပြီး သားသမီးနားလည်အောင် ချိုချိုသာသာ ၊ ဆွေးဆွေးနွေးနွေး သွန်သင်ပြရမှာပါ။

ဆယ်တန်းအထိ ရည်းစားမထားဘဲနေဦးတော့ တက္ကသိုလ်ရောက်ရင် အများစုက ရည်းစားထားဖြစ်လာကြပါတယ်။ ခေတ်ကာလကြီးက ရည်းစားထားတာနဲ့ ရည်းစားနဲ့ အတူအိပ်ရမလို ဖြစ်နေတဲ့ခေတ်ကြီးဆိုတော့ မအိပ်နဲ့သွားတားလို့ သူအိပ်နေရင်လည်း ကိုယ်သိနိုင်တာမဟုတ်ဘူးလေ။ ဒါကြောင့်လည်း တက္ကသိုလ်ထဲ ကျောင်းသား ကျောင်းသူတွေ အမြင်မတော်နေထိုင်နေတဲ့ ဗွီဒီယိုဖိုင်တွေ ၊ ပန်းခြံထဲ ဟိုတယ်ထဲ လူမြင်ကွင်းတွေမှာ အကွယ်တခုနောက် စိတ်ကွယ်ရာလိုက်နေတဲ့ ဗွီဒီယိုဖိုင်တွေ အွန်လိုင်းပေါ်တက်ပြီး ပျံ့နှံ့လာတာ သက်သေမဟုတ်လား။ သူတို့မိဘတွေက သူတို့ကို ကျောင်းသွားပြီး စာလေ့လာနေတယ်လို့ပဲ ထင်ကြမှာပါ။ ဒါပေမယ့် အသိတရားမရှိတဲ့ကလေးတွေဟာ စိတ်ကို မထိန်းနိုင်ကြတဲ့အတွက် စိတ်နောက်ကိုယ်ပါ မလုပ်သင့်တာတွေ လိုက်လုပ်မိကြတယ်။ သူတို့ကို အမိန့်တွေပေးဖို့ထက် အသိတရားတွေ ပေးရမှာဖြစ်ပါတယ်။

BurmeseHearts Blog

တကယ်ဖြစ်သင့်တာက နှုတ်ခမ်းမွှေးရေးရေး ထွက်လာပြီဖြစ်တဲ့သားကို ၊ အပျိုဖော်ဝင်လာတဲ့သမီးကို အဲဒီအရွယ်ကစလို့ လိင်နဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေဆိုတာကို အသိပေးထားရမှာဖြစ်ပါတယ်။ သူကတော့ ဘာမှသိဦးမှာမဟုတ်ဘူးလေ။ မသိလို့ကို အသိသွင်းပေးခိုင်းတာပါ။ မသိလို့မှားပြီး စိတ်နောက်ကိုယ်ပါစမ်းသပ်ရင်း ငယ်ငယ်ရွယ်ရွယ် ကလေးရတာ ၊ ကလေးဖျက်ချတာတွေထက်စာရင် လိင်ကိစ္စဆိုတာဘာ ၊ လိင်ကျူးလွန်တယ်ဆိုတာဘာ ၊ ဘယ်နေရာတွေဟာ တစိမ်းမထိတွေ့သင့်တာ ၊ ဘာတွေကတော့မလုပ်သင့်တာ ၊ ဘယ်လိုတွေကြိုတားထားသင့်တာ စသဖြင့်ကို ကိုယ်တိုင်ပြောမထွက်ရင် စာအုပ်စာပေတွေ ဝယ်ပေးထားပါ။ သူစိတ်ပါဝင်စားလာတဲ့တချိန်မှာ ဖတ်ရှုပါလိမ့်မယ်။ ဒီအခါ ဆောင်ရန် ရှောင်ရန်တွေကိုသိလာပြီး ရွယ်တူချင်းမှာ အမှားနည်းသူတစ်ဦး ဖြစ်လာမှာပါ။

သဘာဝအရ လိင်ကိစ္စကို စိတ်ဝင်စားလာပြီး စမ်းသပ်လိုလာကြတဲ့ မြီးကောင်ပေါက်တွေ မဟုတ်တာတွေ မလုပ်မိအောင် လိင်အသိရှိပြီး သတိနဲ့နေထိုင်တတ်အောင် ဟိုးအရင်ကတည်းက ရေသားခဲ့တဲ့ Burmese Hearts ကပို့စ်တွေရှိပါတယ်။ ဘယ်စာအုပ် ဘယ်မှာဝယ်ရမှန်းမသိရင် ဒီပို့စ်တွေကို Print ထုတ်ထားပြီး မိမိသားသမီးကို လိင်အသိပေးနိုင်ပါပြီ။ မိဘနဲ့သားသမီးကြား မျက်နှာပူစရာတွေ ဖြစ်မနေရအောင် သားဆိုအဖေကပေးလို့ သမီးကိုအမေကပေးပါ။ ဖတဆိုး ၊ မိတဆိုးတွေကျတော့  အုပ်ထိန်းသူကပဲ ပေးရမှာပေါ့နော်။ အဲဒီလင့်ခ်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ အရောင်ကွဲနေတဲ့ အောက်ကစာသားတွေအပေါ် ကီးဘုတ်က Ctrl နှိပ်ထားပြီး Left ကလစ်ကလေးနှိပ်လိုက်မယ်ဆိုရင် ဒီလင့်ခ်တွေမှာပေးထားတဲ့ အကြောင်းအရာကို တော်၏ မတော်၏ ကိုယ်တိုင်ဖတ်ရှုပြီး အရွယ်ရောက်နေတဲ့ မိမိသားသမီးတွေကို မဖြစ်သင့်တာတွေ မဖြစ်အောင် အသိပေးနိုင်ပါပြီ။

မိန်းကလေးများ၏ ဓမ္မတာ သဘာဝမိသားစုဦးရေ ကန့်သတ်ခြင်းသည် ကလေးဖျက်ချခိုင်းခြင်းမဟုတ်သန္ဓေတားခြင်း (အပိုင်း-၁)သန္ဓေတားခြင်း (အပိုင်း-၂)ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁)ရက်ရှောင်၍ အတူနေနည်း အပိုင်း(၂) (ဒါကတော့ တကြိမ်တခါသာမှားတတ်တဲ့ လူငယ်တွေအတွက် တခါသုံးဆေးတွေ မိန်းကလေးကအကြိမ်ကြိမ်သုံးပြီး ကျန်းမာရေးမထိခိုက်ရအောင် ရည်ရွယ်ရေးထားတာဖြစ်ပါတယ်။ ရာသီပုံမှန်လာတဲ့ အမျိုးသမီးတွေသာ ဒီနည်းက အသုံးပြုလို့ရတာပါ။) ပဋိသန္ဓေတည်ခြင်း လက္ခဏာများ အပိုင်း(၁) ၊ ပဋိသန္ဓေတည်ခြင်း လက္ခဏာများ အပိုင်း(၂)မွေးဖွားပေးလိုက်ရုံနှင့် မပြီးသည့် မိဘတာဝန်ရင်သွေးအတွက် အစီအစဉ်ဆွဲခြင်း

အရွယ်ရောက်လာတဲ့သားသမီးကို လိင်အသိပေးရုံနဲ့ သိသင့်တာတွေအကုန်လုံး သင်ပေးလိုက်တာမျိုးတော့မဟုတ်ပါဘူး။ ဒါဟာ ရှောင်ရန်ဆိုတာတွေကို သတိပေးလိုက်တာဖြစ်ပြီး ဆောင်ရန်ဆိုတာတွေကိုလည်း သင်ပေးရဦးမှာပါ။ သားသမီးဟာ အိမ်ထောင်ပြုဖို့ မစဉ်းစားသေးပေမယ့် အရွယ်ရောက်တဲ့သားသမီးမို့ အိမ်ထောင့်တာဝန်ဆိုတာ တစ်ဦးအပေါ် တစ်ဦး ချစ်နေရုံနဲ့ မပြီးဘူးလို့ သိနားလည်ဖို့လည်း လိုသေးတယ်လေ။

မိန်းမတစ်ယောက်ရဲ့တန်ဖိုး ဆိုတာနဲ့ ယောက်ျားကောင်းပီသသူတွေရဲ့ အကျင့်စရိုက်တွေကိုလည်း ပြောပြသင်ပေးရဦးမယ်။ လုံးဝရှေးရိုးကြီးအတိုင်း လိုက်လုပ်လို့မရတဲ့ ခေတ်အခြေအနေမို့ ခေတ်နဲ့လျော်ညီစွာ သင်ပေးတတ်ဖို့လည်း လိုပါတယ်။ ဒါတွေကိုတော့ အောက်မှာ လင့်ခ်ကလေးတွေ ပေးလိုက်ပါတယ်။ အရောင်ကွဲနေတဲ့ အောက်ကစာသားတွေအပေါ် ကီးဘုတ်က Ctrl နှိပ်ထားပြီး Left ကလစ်ကလေးနှိပ်လိုက်မယ်ဆိုရင် ဒီလင့်ခ်တွေမှာပေးထားတဲ့ အကြောင်းအရာကို တော်၏ မတော်၏ ကိုယ်တိုင်ဖတ်ရှုပြီး အရွယ်ရောက်နေတဲ့ မိမိသားသမီးတွေကို မဖြစ်သင့်တာတွေ မဖြစ်အောင် အသိပေးနိုင်ပါပြီ။

အိမ်ထောင်ရှင်မကောင်းတူနှစ်ကိုယ်တိုင်းပြည်ပျိုမေတို့ကို နှိပ်စက်ညှဉ်းပန်းတတ်သူတို့ရဲ့ အလေ့အကျင့်ဟန်ဆောင်မှုဟာ ကြောက်စရာကောင်းတယ်အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိရှေ့သို့မဆက်ခင် အနောက်သို့ မျှော်တွေးပါ ၊ စိတ်ကစားခြင်းနှင့် ချစ်ခြင်းမေတ္တာကွာခြားပုံ ၊  အချစ်စစ်နဲ့ အိမ်ထောင်ဖက်အသွင်မတူ အိမ်သူမဖြစ်သဝန်တိုစိတ် ဘယ်ကလာစွန့်သွားသူရဲ့နောက်ကျော ပြုံးပြနိုင်ပ့ါမလား ၊ အချစ်ကို ကစားတတ်သူများ၏ နိဂုံး ၊ မေတ္တာတရားဖြင့် ချစ်ခြင်းမှသည် သစ္စာတရားဖြင့် ချစ်ခြင်းသို့ခင်ပွန်းကောင်း ၊ ဖခင်ကောင်းကိုမှ လက်တွဲလိုသူ အမျိုးသမီးများအတွက်စီးတဲ့ရေ ဆည်တဲ့ကန်သင်းအောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်ခံစားမှုချင်း ထပ်တူညီလာဖို့ ကိုယ်ချင်းစာ နွေးထွေးမှုပေးဖို့လိုတယ်လေ

မိန်းကလေးက အိမ်ထောင်ရှင်မတာဝန်ကို သိတတ်ကျေပွန်ပြီး ယောက်ျားလေးက အိမ်ထောင်ဦးစီးတာဝန်ကို သိတတ်ကျေပွန်မယ်ဆိုရင် (အိမ်ထောင်ဖက်လည်း အရွေးမမှားခဲ့ရင်) ဒီအိမ်ထောင်ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်နေမှာပါ။ အခုခေတ်က အရွယ်ရောက်သူတွေချစ်ကြိုက်ရင် အတူအိပ်မှ ခေတ်မီတယ် ထင်နေကြတဲ့ခေတ်မို့လို့ အိမ်ထောင်ရေးဆိုတာ ချစ်နေရုံ ၊ အတူအိပ်ရုံနဲ့ မပြီးဘဲ တကယ့်ကို ရှုပ်ပြီးတာဝန်များမြောင်လှတဲ့ အချစ်ရေးဖြည့်စွက်ထားတဲ့ လူမှုရေး ၊ မျိုးဆက်တွေပေါ်လာမယ့် ဆက်ဆံရေးဆိုတာကို ခေတ်လူငယ်တွေ သိဖို့လိုတယ်လေ။ ဒီတာဝန်တွေကို ကြိုသိထားပါမှ တာဝန်ယူတတ်မှာပါ။ တာဝန်မယူနိုင်တဲ့သူကိုလည်း ကြိုရှောင်နိုင်မှာဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံရဲ့အနာဂါတ် တောက်ပထွန်းလင်းချင်တယ်ဆိုရင် ဒီအနာဂါတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ်လူငယ်တွေဟာ ပေါ့ပေါ့သွမ်းသွမ်းတွေးမြင် လုပ်ကိုင်တတ်သူတွေမဖြစ်သင့်ဘူး။ တာဝန်သိပြီး တာဝန်ယူတတ်သူတွေဖြစ်ရမယ်။ အနည်းဆုံး ကိုယ့်တာဝန်ကိုယ်ယူနိုင်ရမယ် ၊ မိသားစုတာဝန်ယူနိုင်ရမယ်။ မျိုးဆက်တွေရဲ့တာဝန်လည်း ယူနိုင်ရမယ်။ ဒီကတဆင့်မှ လူမှုဝန်းကျင်ကတာဝန်နဲ့ နိုင်ငံ့တာဝန်ဆိုတဲ့ ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like