Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဟန်ဆောင်မှုဟာ ကြောက်စရာကောင်းတယ် – BurmeseHearts

ဟန်ဆောင်မှုဟာ ကြောက်စရာကောင်းတယ်

0

တခါတလေမှာ လူတွေက ပြောင်းလဲသွားတာမဟုတ်ဘဲ ဟန်ဆောင်မျက်နှာဖုံးက ကွာကျလာတာပါ။
တခါတလေမှာ လူတွေက ပြောင်းလဲသွားတာမဟုတ်ဘဲ ဟန်ဆောင်မျက်နှာဖုံးက ကွာကျလာတာပါ။

သမီးရည်းစား ချစ်သူစုံတွဲတွေဟာ တွဲစအချိန်တွေမှာ တစ်ဦးက တစ်ဦးအပေါ် ပိုချစ်အောင် ၊ ချစ်သထက်ချစ်အောင် ၊ အချိန်နဲ့အမျှ သတိရနေအောင် ၊ လိုအပ်သထက် လိုအပ်လာအောင် ဟန်ဆောင်လုပ်ပြတတ်တယ်။ ဒီဟန်ဆောင်မှုတွေဟာ နှစ်ချီတွဲလာတဲ့အခါ နှစ်ရှည်လေ ကွာကျလေ ဖြစ်လာတယ်။ ဒါကို အချစ်မှာ ကိုယ့်ကို ရိုးအီလာလို့ဆိုပြီး ထင်တတ်ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးကိုတစ်ဦး ရိုးအီတယ်ဆိုတာ ရှိလာနိုင်ပေမယ့် တကယ်တော့  အချစ်မှာ ရိုးအီသွားတယ်ဆိုတာမျိုးမရှိပါဘူး။ အထူးသဖြင့် အိမ်ထောင်သည်တွေမဟုတ်တဲ့ ချစ်သူစုံတွဲတွေမှာ ရိုးအီလာသလို ဆက်ဆံရေး ပြောင်းလဲလာရင်ဖြင့် ဒါဟာ တကယ်မချစ်ဘူးဆိုတာကို ဖော်ပြလိုက်တာပါပဲ။

သမီးရည်းစားစုံတွဲတွေမှာ အထူးသဖြင့် အမျိုးသမီးတွေက ကိုယ့်ချစ်သူနဲ့ နှစ်အရှည်ကြီး မတွဲလိုကြဘူး။ အကြောင်းကတော့ ကိုယ့်ကိုရိုးအီလာပြီး ပစ်သွားမှာစိုးလို့ ၊ ကိုယ့်ကို အရင်ကလိုမျိုး ဂရုမစိုက်တော့မှာစိုးလို့ ချစ်နေတုန်း (ချစ်ရေချိန်တက်နေတုန်း) ပေါင်းသင်းလိုကြတယ်။ ဒါဟာ မှားယွင်းတဲ့အယူအဆ ဖြစ်ပါတယ်။ချစ်သူသက်တမ်းကြာကြာတွဲတာ မှားယွင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ “ကိုယ့်ကိုရိုးအီလာပြီး ပစ်သွားမှာစိုးလို့ ၊ ကိုယ့်ကို အရင်ကလိုမျိုး ဂရုမစိုက်တော့မှာစိုးလို့” ဆိုတဲ့ခံစားမှုကို မှားယွင်းတယ်လို့ ဆိုလိုတာပါ။

(၂၄)နာရီလုံးလုံး အတူမပေါင်းသင်းမီကတည်းက ကိုယ့်ကို ပစ်သွားမှာစိုးနေရင် လက်ထပ်ပေါင်းသင်းပြီးသွားတဲ့အခါ ဘယ်လိုရှိမှာလဲလို့ မတွေးမိတော့တာဟာ အကြီးအကျယ်မှားယွင်းမှုတစ်ခုပါ။ ဒါဟာ တကယ့်ရလဒ်အဖြေကို လက်မခံရဲလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုထူထောင်လာခဲ့တဲ့ အိမ်ထောင်ရေးတွေဟာ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ။

သမီးရည်းစားတွေမှာ အမျိုးသားကချည်း ဟန်ဆောင်နေတယ်လို့ စွပ်စွဲရင် မှားပါမယ်။ အမျိုးသမီးတွေဟာလည်း ဟန်ဆောင်နေပါတယ်။ သမီးရည်းစားအဆင့်မှာ ချစ်သူတစ်ဦးနဲ့တစ်ဦး မိမိရဲ့ မကောင်းတဲ့ အကျင့်တွေကို သူသိမှာစိုးလို့ ဖုံးကွယ်ထားမယ်။ သူ့ဂရုစိုက်မှုရဖို့ ဟန်ဆောင်မယ်။ သူကြိုက်မယ့်စကားတွေကို ချွဲချွဲနွဲ့နွဲ့ ၊ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရွေးပြောမယ်။ ကိုယ်မကြိုက်သည့်တိုင်အောင် သူကြိုက်တာတွေကို ရွေးပြီးလုပ်မယ်။ ပြောမယ်။ နေထိုင်သွားမယ်ဆိုရင် တသက်တာလုံး ဒီလိုကျင့်ကြံနေထိုင်နေထိုင်သွားနိုင်သလား ကိုယ့်ကိုယ်ကို ပြန်မေးရမှာဖြစ်ပါတယ်။

ကိုယ့်အကြိုက်မဟုတ်ဘဲ သူ့အကြိုက်ကိုချည်း လိုက်လုပ်နေရတဲ့အခါ နာရီပိုင်း ၊ နေ့ဝက် ၊ တစ်ရက် ၊ နှစ်ရက် ဟန်ဆောင်လုပ်သွားနိုင်ပေမယ့် တသက်တာလုံး ဟန်ဆောင်လုပ်သွားနိုင်ပါ့မလား။ ခက်တယ်နော်။ ဒါတွေဟာ အိမ်ထောင်ပြုလိုက်တာနဲ့ အချိန်ကြာလေ ဟန်မဆောင်နိုင်လေ။ ဟန်ဆောင်မျက်နှာဖုံးတွေ ကွာကျလေ။ ချိုမြိန်မှုအစား ခါးသီးမှုတွေ ဝင်လာလေ ဖြစ်နေတော့မှာပါ။ ဒီလိုဆိုရင် ပျော်ရွှင်တဲ့အိမ်ထောင်ရေး ဖြစ်နိုင်ပါတော့မလား။ ဒါဟာ သမီးရည်းစားဘဝမှာ တစ်ဦးအပေါ်တစ်ဦး ဟန်ဆောင်ဆက်ဆံနေခဲ့ကြလို့ပါ။

တသက်တာရည်စူးလို့ လက်ထပ်ပေါင်းသင်းလိုသူတွေ ၊ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ထူထောင်လိုသူတွေက သမီးရည်းစားအဆင့်မှာ တစ်ဦးအပေါ်တစ်ဦး ရိုးသားမှုကို အခြေခံထားရပါမယ်။ တစ်ဦးက တစ်ဦးကို စွဲဆောင်လို့ ၊ လိုအပ်လာလို့ ၊ တနည်းအားဖြင့် ချစ်ကြိုက်လာလို့ သမီးရည်းစားဖြစ်လာကြတာ မဟုတ်လား။ ဘာကိုချစ်တာလဲလို့ ဦးစားပေးတွေးနိုင်ရင် ပိုကောင်းမယ်။ ဒီမေးခွန်းဟာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုအတွက် အရေးပါတယ်။

ရုပ်ကြောင့်လား ၊ ဂုဏ်ကြောင့်လား ၊ ငွေကြောင့်လား ၊ ရာထူးကြောင့်လား ၊ အောင်မြင်မှုကြောင့်လား ၊ ပံ့ပိုးမှုကြောင့်လား စသဖြင့်ကို တဖက်လူကို မေးကြည့်တာမျိုးမဟုတ်ဘဲ သူ့စိတ်ကို ထိုးဖောက်မြင်နိုင်ဖို့ လေ့လာရမှာဖြစ်ပါတယ်။ သူကကိုယ့်ကို ဘာလို့ချစ်တာလဲ ဆန်းစစ် လေ့လာတုန်းမှာ ကိုယ်ကသူ့ကို ဘာလို့ချစ်တာလဲ ဆိုတာကိုလည်း ပြန်ဆန်းစစ်ရမှာဖြစ်ပါတယ်။ ချစ်တယ်ဆိုတဲ့ခံစားချက်ကို သပ်သပ်ဖယ်ထားပြီး ဘာကြောင့်ချစ်တာလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ ဟန်ဆောင်မှုတွေ ဖယ်ထားရမှာဖြစ်ပြီး စိတ်ရိုးသားမှုကို အခြေခံထားရမှာ ဖြစ်ပါတယ်။ ဒီလိုဆန်းစစ်သုံးသပ်ချိန်မှာ နှလုံးသားကို ခေတ္တဖယ်ထားပြီး ဦးနှောက်ကို အသုံးပြုရမှာဖြစ်ပါတယ်။

ရုပ်ခန္ဓာကြာင့်ချစ်တာဆိုရင် ဒီရုပ်ကြီးဟာ အိုမှအလှပျက်ယွင်းတာမဟုတ်ဘူး ။ မတော်တဆ အကြောင်းတစ်ခုခုကြောင့် ခြေလက်အင်္ဂါနဲ့ ရုပ်ခန္ဓာဟာ မသေဘဲ ပျက်စီးမှုကြုံရနိုင်တယ်။ အဲဒီအချိန်မှာ ရုပ်ကြောင့်ချစ်ခဲ့တဲ့သူဟာ ကိုယ့်ကိုပစ်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးတဲ့အခါ သန္ဓေတားဆေးတွေကြောင့် ၊ ကလေးမွေးပြီးတဲ့အခါ သွေးသားပြောင်းလဲမှုတွေကြောင့် အဆီတိုးဝလာတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ရုပ်ခန္ဓာကိုမက်လို့ယူခဲ့တာဆိုရင်ဖြင့် ခင်ပွန်းဖောက်ပြန်ဖို့ ရာခိုင်နှုန်းများနေပြီပေါ့။

BurmeseHearts Blog

အစိုးရအလုပ်မှာပဲဖြစ်ဖြစ် ပုဂ္ဂလိကအလုပ်မှာပဲဖြစ်ဖြစ် နောက်ဆုံး ကိုယ်ပိုင်အလုပ်မှာပဲဖြစ်ဖြစ် ရာထူးတွေ ၊ ဂုဏ်တွေဆိုတာလည်း ရာထူးပြုတ်သွားခဲ့ရင် ၊ စီးပွားပြုတ်သွားခဲ့ရင် အရင်လောက် ဂုဏ်ရှိတော့မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် အရင်ကလို ဖေးမချစ်ခင်နိုင်ပါဦးမလား ။ ရာထူးလဲကျ/ဆုံး ၊ စိတ်ဓါတ်လဲကျ ၊ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်လာတာတွေဟာ အိမ်ထောက်ဘက်က နိမ့်နိမ့်မြင့်မြင့် ဘယ်လိုအခြေအနေမဆို ကိုယ့်ဘက်က ဖေးမရပ်တည်သွားမယ့်သူ မဟုတ်လို့ပါ။

အောင်မြင်မှုဆိုတာ တောင်တစ်ခုလိုပဲ။ တက်ပြီးရင် အကျရှိမှာပဲ။ ဆက်ဆက် တက်သွားတဲ့ အခြေအနေမျိုးက အတော့်ကိုရှားပါတယ်။ ဆက်ဆက် အောင်မြင်အောင် အချိန်ပြည့်အားထုတ်နေရတဲ့အခါ ကိုယ့်ကို ဂရုစိုက်နိုင်တဲ့အချိန် မရှိတော့ပြန်ဘူး။ ကိုယ့်ကိုဂရုမစိုက်နိုင်တဲ့ အောင်မြင်နေတဲ့ အိမ်ထောင်ဘက်ကိုပေါင်းဖက်ပြီး သူ့အောင်မြင်မှုအပေါ် ကျေနပ်နေရုံနဲ့ ပျော်ရွှင်မှုမရှိတဲ့ဘဝကို ရောင့်ရဲတင်းတိမ်နိုင်ရင်ကောင်းပါတယ်။ သူ့အောင်မြင်မှုရော ၊ သူ့ဂရုစိုက်ကိုရော တပြိုင်နက်တည်း အမြဲတမ်းရနေဖို့တော့ ခက်ပါတယ်။

အထူးသဖြင့် အိမ်ထောင်သက်ရင့်လာလေ အောင်မြင်တဲ့အိမ်ထောင်ဘက်ကို နားလည်ဖြည့်ဆည်းပေးရုံသက်သက်နဲ့ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးဆိုတာကို ခံစားရနိုင်ပါတယ်။ တကယ်လို့များ သူဟာ အောင်မြင်နေတဲ့အခြေအနေမှာ မရှိတော့ရင် ကိုယ်က သူ့အပေါ်အရင်လို ချစ်နိုင်ပါဦးမလား ။ ကိုယ့်အောင်မြင်မှုကြောင့် သူကလက်ထပ်ပေါင်းသင်းခဲ့တာဆိုရင်ရော မအောင်မြင်တော့တဲ့အချိန်မှာ အိမ်ထောင်ရေးက ဘယ်လိုရှိမှာပါလိမ့်။ အောင်မြင်နေတဲ့ အနုပညာရှင်တွေ ၊ အတတ်ပညာရှင်ဟာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို မျှော်လင့်တောင့်တနေကြသူတွေ ဖြစ်ပါတယ်။

ငွေကြောင့် ၊ ပံ့ပိုးမှုကြောင့် ကြိုက်နှစ်သက်ပြီး ပေါင်းဖက်တာဆိုရင် ချစ်တယ်ဆိုတဲ့စကားကို သုံးဖို့တောင် မတန်တော့ဘူးနော်။ သူတို့တွေဟာ ဒီငွေတွေ ၊ ပံ့ပိုးမှုတွေ မရှိတော့ရင် ဒါမှမဟုတ်လည်း ဒါတွေ အားနည်းလာရင် ဒါမှမဟုတ် ဒီ့ထက်ပံ့ပိုးပေးနိုင်တဲ့သူတွေ့လာရင် ဒါမှမဟုတ် သူ့လိုဘပြည့်သွားရင် ကိုယ့်ကိုပစ်သွားမယ်ဆိုတာ သေချာနေတဲ့သူတွေပဲ။ သူတို့တွေဟာ အဆိုးရွားဆုံး ဟန်ဆောင်ကောင်းသူတွေ ဖြစ်ပါတယ်။

ကိုယ်နဲ့ပေါင်းသင်းမယ့် ကိုယ်တွဲနေတဲ့ရည်းစားဟာ ဘယ်ကငွေနဲ့ ဘယ်လိုသုံးနိုင်တာလဲဆိုတာကိုလည်း အတွင်းကျကျသိနိုင်ဖို့ လေ့လာရပါမယ်။ မြန်မာနိုင်ငံမှာဆိုရင် ကြွေးရှင်တွေ ၊ နိုင်ငံခြားမှာဆိုရင် Credit Card (အကြွေးဝယ်ကဒ်) နဲ့ Loan (ချေးငွေ) ဒါတွေကို သတိထားရမှာဖြစ်ပါတယ်။ အကြွေးဝယ်ကဒ်တွေ အများကြီးလျှောက်ထားပြီး ဟိုကငွေ ဒီဖဲ့ဆပ် ၊ ဒီကငွေ ဟိုဖဲ့ဆပ် ရတဲ့ဝင်ငွေတွေက အပတ်ကိုမလည်တော့ဘူး။ နောက်ဆုံး ဝင်ငွေနဲ့ မဆပ်နိုင်တဲ့အခါ ဒီအကြွေးဝယ်ကဒ်က ဟိုအကြွေးဝယ်ကဒ်ကို ဖဲ့ဆပ်နေတာကိုလည်း တွေ့မြင်ရပါတယ်။ ဒီလို အကြွေးတွေ သံသယာလည်နေရင်ဖြင့် ဘယ်တော့ ကျေနိုင်ပါ့မလဲ။ အလုပ်လုပ်ကိုင်နိုင်တုန်းတောင် ငွေအပတ်မလည်ရင် အကြောင်းကြောင်းကြောင့် မလုပ်နိုင်တဲ့အခါ ရင်လေးစရာပါ။ အိမ်ထောင်ရေးပြိုကွဲရတာတွေမှာလည်း ငွေကြေးအဆင်မပြေလို့ဆိုတဲ့ အကြောင်းပြချက်တွေ ပါဝင်နေပါတယ်။

လက်မထပ်ခင်ကတည်းက အကြွေးတွေ ပတ်လည်ဝိုင်းနေသူဟာ အိမ်ထောင်ဘက်တာဝန် ၊ သားသမီးတာဝန်တွေ ပိုလာတဲ့အခါ ဘယ်လိုဖြေရှင်းနိုင်မလဲ။ ဒီအချက်ကိုလည်း သမီးရည်းစားအဆင့်မှာကတည်းက ကြိုစဉ်းစားထားရမှာဖြစ်ပါတယ်။

အဆိုးဆုံးကတော့ ဟန်ဆောင်ပြောတဲ့စကား ၊ ဟန်ဆောင်လုပ်တဲ့အလုပ် ၊ ဟန်ဆောင်ပြတဲ့အချစ် ဒီအရာတွေဟာ အိမ်ထောင်ကျပြီးသွားတဲ့အခါမှာ အချိန်နဲ့အမျှ ကွာကျလာတော့တာပဲ။ အဲဒီအခါ သူပြောင်းလဲလာလို့ ခံစားဝမ်းနည်းရတယ်ဆိုတာထက် ကိုယ်တိုင်က ထဲထဲဝင်ဝင် မလေ့လာမိခဲ့တဲ့ အမှားတွေကို ပြန်ပြောင်း သတိရသင့်ပါတယ်။ သားသမီးရှိလို့ ၊ မိဘအသိုင်းအဝန်းမျက်နှာတွေကြောင့် စတဲ့ အထွေထွေအချက်တွေကို မလွန်ဆန်နိုင်တဲ့အခါ ထူထောင်ပြီးသား မပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ မိမိဘဝဟာ လုံးပါး ပါးရတော့တာပါပဲ။ မကျေနပ်လို့ ထွက်ပေါက်ရှာမိရင် တကယ်အပြစ်မရှိဘဲ ခံစားရမှာက မိမိ၏ သားသမီးများသာဖြစ်ပါတယ်။

ဒါကြောင့် ဟန်ဆောင်မှုဟာ ကြောက်စရာကောင်းတယ်လို့ ဆိုတာပါ။ သူစိမ်းဟန်ဆောင်တာထက် အနီးကပ်လူ ဟန်ဆောင်တာက ပိုကြောက်ဖို့ကောင်းတယ်။ အနီးကပ်လူဟန်ဆောင်တာထက် ဘဝလက်တွဲဖော် ဟန်ဆောင်ခဲ့တာက ပိုကြောက်ဖို့ကောင်းပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like