Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အသွင်မတူ အိမ်သူမဖြစ် – BurmeseHearts

အသွင်မတူ အိမ်သူမဖြစ်

0

ဘယ်လိုအခက်အခဲရှိရှိ လက်တွဲမဖြုတ်ကြေး

အသွင်မတူတဲ့ သူနှစ်ဦးဟာ ပေါင်းစပ်လို့မရဘူးတဲ့ ရှေးစကားကြားဖူးတယ်။ အသွင်မတူရင် ရေရှည်မမြဲဘဲ ကွဲကြတာပါပဲ။ ရည်းစားဘဝမှာ ကွဲရင်ကွဲ ၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ဘက်တွေဖြစ်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အကြောင်းပိုသိလေ ရေရှည်ရှေ့ဆက်ဖို့ ညှိနှိုင်းဆက်ယှက်လို့မရတော့ဘဲ လမ်းခွဲကြတာပါပဲ။ ဘယ်အချိန်မှာဘဲ လမ်းခွဲရပါစေ ချစ်လက်စမကုန်သေးရင်တော့ ချစ်နေသူတွေဟာ ချစ်အရိပ်တွေ လွမ်းဆွတ်သတိရပြီး ကြေကွဲဝမ်းနည်းကြရတာပေါ့။

ခံစားမှုတွေ နုနယ်သေးတဲ့ ဆယ်ကျော်သက် ၊ နှစ်ဆယ်ကျော်အရွယ်လေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲရတဲ့အခါ ဘာမှမလုပ်ချင် ၊ မကိုင်ချင် ၊ စားမဝင်လောက်အောင် အသည်းကွဲဝေဒနာကို ခံစားကြရတယ်။ သုံးဆယ်ကျော် ၊ လေးဆယ် အရွယ်အတိုင်အောင် ချစ်တတ်တဲ့သူတွေက ခံစားမှုတွေ ပြင်းထန်လေ့ရှိပါတယ်။ ဒီလိုအချိန်တွေဟာ ကုန်ဆုံးဖြတ်သန်းဖို့ အတော်ခက်ခဲတဲ့အချိန်တွေပါပဲ။ အချိန်က ကုစားသွားလိမ့်မယ်ဆိုတဲ့တိုင် အဲဒီအချိန်တွေဟာ မျက်ရည်တွေအဖော်ပြုနေတဲ့အချိန်တွေပါပဲ။

အသွင်မတူ အိမ်သူမဖြစ်ဆိုတာကို တွေးကြည့်လိုက်မယ်ဆိုရင် သူနဲ့ကိုယ် ဖူးစာမပါလို့ ၊ ကြောင်းကျိုး မတိုက်ဆိုင်လို့ အခုလမ်းခွဲလိုက်တာဟာ ဇတ်မြောကြီးအတိုင်း မပျော်မရွှင် သွားနေရတာထက် ပိုသာပါတယ်။ အနည်းဆုံးတော့ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးခွင့်ရှိသေးတယ်လေ။ ရည်းစားနဲ့ပြတ်လို့ အသည်းကွဲနေရင် ကိုယ့်အပေါ် တကယ်ချစ်ပြီးကြင်နာတဲ့သူ ၊ အခုခွဲလိုက်ရတဲ့ ရည်းစားဟောင်းထက် ပိုသာတဲ့သူ ရနိုင်ဖို့ အခွင့်အရေးရှိသေးပါလားလို့ အကောင်းဘက်က မြင်ကြည့်လိုက်ပါ။ လောကမှာ ယောက်ျားဆိုလို့ သူတစ်ယောက်တည်းရှိတာမှ မဟုတ်ပဲနော်။

အိမ်ထောင်ပြတ်စဲတယ်ဆိုတာ လုံးဝ သည်းမခံနိုင်လွန်းမှသာ တည်ထားတဲ့အိမ်ထောင်က ရုန်းထွက်ပြတ်စဲပြီး သူ့လမ်းသူလျှောက် ၊ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။ အိမ်ထောင်ကွဲတဲ့အမျိုးသမီးတွေ မိဘဆွေမျိုး ၊ မောင်နှမသားချင်း ၊ မိတ်ဆွေသူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်ဝန်းအကြည့်တွေ ၊ လိုသလို မလိုသလို အပြောတွေ ၊ အပြုအမူတွေကို ရင်ဆိုင်နိုင်ဖို့ ခွန်အားမွေးရဦးမယ်။ သားသမီးတွေရှိနေရင် သားသမီးတွေ မျက်နှာမငယ်ဖို့ ကြိုးစားရဦးမယ်။ ကိုယ့်ခံစားချက်ကတမျိုး ၊ အားငယ်စိတ်ကတဖုံ ၊ ဘေးပယောဂတွေဒဏ် ရင်ဆိုင်နိုင်ဖို့ မာန်တင်းရတာနဲ့ စိတ်ရော ၊ လူပါ ပင်ပန်းလှပါတယ်။ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့။ ကိုယ်ဟာ မီးဖိုပေါ်က ဖားသူငယ်ထက်တော့ အများကြီးသာတယ်လေ။

မီးဖိုပေါ်မှာ ရေထည့်ထားတဲ့အိုးထဲကို ဖားအရှင်တွေထည့်ကြည့် ၊ ပထမရေအေးအေးလေးနဲ့မို့ သူတို့ဟာ မီးဖိုပေါ် ရောက်နေကြမှန်းမသိဘူး။ မီးအရှိန်ကြောင့် ရေအေးကနေ နွေးနွေးလေးဖြစ်လာလည်း သူတို့ဟာ မီးမြှိုက်ခံနေရတယ်ဆိုတာကို နားမလည်နိုင်သေးဘူး။ ဒီလိုနဲ့ရေဟာ ပူသထက်ပူလာပြီး လုံးဝမခံနိုင်လောက်တဲ့ အပူချိန်ရောက်မှ ရေနွေးအိုးထဲမှာ သူတို့ မီးမြှိုက်ခံနေရတယ်ဆိုတာကို သိရချိန် အရာရာ နောက်ကျသွားခဲ့ပြီလေ။ အရှင်လတ်လတ် အပြုတ်ခံလိုက်ရတာပေါ့။ ဒါဟာ မှားယွင်းတဲ့ အိမ်ထောင်ရေးထဲက အိမ်ထောင်သည်တွေအတွက် နမူနာယူစရာပါပဲ။

လူဆိုတာ ကိုယ့်အခြေအနေကို အမြဲသုံးသပ်တတ်ဖို့လိုတယ်။ အေးရာက ပူလာရင် ပူလာတဲ့အကြောင်းကို ဆန်းစစ် အဖြေရှာသင့်တယ်။ ပူသထက်ပူလာပြီ ၊ ထပ်အေးသွားဖို့ မရှိဘူးဆိုရင် ပွက်ပွက်ဆူတဲ့အထိ မစောင့်နေသင့်ဘူး။ ဘယ်အချိန်မှာ မီးဖိုပေါ်တင်ထားတဲ့ အိုးထဲက ခုန်ထွက်သင့်တယ်လို့ အမြဲချိန်ဆသင့်တယ်။ ကိုယ့်ခံနိုင်ရည်ထက် ကျော်လွန်လာသည့်တိုင် ရုန်းထွက်မှုမလုပ်ရင် မီးဖိုပေါ်ကဖားလို အရှင်လတ်လတ် အပြုတ်ခံရသလိုမျိုး ဒီတဘဝတာမှာ ဒီလိုစိတ်ဆင်းရဲမှုတွေနဲ့ (တိုးပြီးတော့လည်း စိတ်ဆင်းရဲနိုင်သေးတယ်) ရှေ့ဆက် စခန်းသွားရပေဦးမှာပေါ့။

ကိုယ်တွေရဲ့ဆက်ဆံရေးဟာ အရင်လို သာသာယာယာမဟုတ်တော့ဘဲ တကျက်တကျက်ဖြစ်တဲ့အကြိမ်အရေအတွက်ဟာ အပတ်စဉ်ကနေ နေ့စဉ် နောက် မျက်နှာချင်းဆိုင်တာနဲ့ စကားများရန်ဖြစ် သာယာမှုတွေ မရှိတော့ဘူးဆိုရင် ဒီလိုလူနဲ့ ကျန်နေသေးတဲ့ ကိုယ့်သက်တမ်းတလျှောက် နေ့စဉ်နဲ့အမျှ အတူနေထိုင်သွားမှာလားလို့ ရေရှည်ကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒီလိုစဉ်းစားတဲ့နေရာမှာ တနေ့ပဲဖြစ်ဖြစ် ၊ တလပဲဖြစ်ဖြစ် ၊ တနှစ်ပဲဖြစ်ဖြစ် စောရင်စောသလောက် ကိုယ့်အတွက် ကံကောင်းနေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ပြန်ရှာဖွေခွင့် ခပ်စောစောလေး ရနိုင်မှာမို့လို့ဖြစ်ပါတယ်။ နောက်လူထားမှာတွေ ၊ နောက်လူယူမှာတွေကို လောလောဆယ်မစဉ်းစားဘဲနဲ့ ကိုယ့်ပျော်ရွှင်မှု ကိုယ်ရယူနိုင်သေးတယ်လို့တွေးပါ။ လွတ်လပ်စွာ ပျံသန်းနိုင်သေးတယ်။ အနည်းဆုံးတော့ နေ့စဉ်ရင်ဆိုင်ခံစားနေရတဲ့ စိတ်ဆင်းရဲမှုတွေ ပေးတဲ့သူနဲ့ မဆက်ဆံရတော့ဘူးလေ။

BurmeseHearts Blog

တိုးတက်တဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုခံစားနေရတဲ့ မိန်းမသားတွေကို ကာကွယ်မှု အပြည့်အဝပေးကြတယ်။ အကြောင်းအချက်အလက်ခိုင်လှုံရင် အမျိုးသမီးကို ကိုယ်စိတ်ဆင်းရဲအောင် ခြောက်လှန့်တတ်တဲ့အမျိုးသား ၊ ပြုမူတတ်တဲ့အမျိုးသား (ရည်းစား သို့မဟုတ် ခင်ပွန်း)ကို အဲဒီအမျိုးသမီးရဲ့ ဘယ်လောက်အကွာအဝေးအထိ မလာရဘူးလို့ ကာလအတိုင်းအတာအထိ ခံဝန်လက်မှတ်ထိုးခိုင်းတယ်။ ဒါကိုချိုးဖောက်ရင် ထောင်ဒဏ် ၊ ငွေဒဏ်ကျခံရတယ်။ ဆိုလိုတာက အမျိုးသမီးတွေဘက်ကနေ ဥပဒေက ရပ်တည်မှုပေးတယ်။

မြန်မာနိုင်ငံမှာကျတော့ ဆိုးတဲ့အမျိုးသားကို ရည်းစားတော်မိရင် ၊ ခင်ပွန်းတော်မိရင် တဘဝစာ ကြောက်နေရသလို ဘဝသေသွားတတ်တယ်နော်။ တကယ်ဥပဒေကျူးလွန်နေတဲ့ ထင်ထင်ရှားရှားပြစ်မှုရှိနေသူတွေတောင် ပြစ်ဒဏ်ချဖို့ကို လိုတမျိုး ၊ မလိုတမျိုးတွေအပြင် လွတ်ငြိမ်းချမ်းသာခွင့်တွေက လိုရင်လိုသလိုပေးနေတော့ ဥပဒေက အမျိုးသမီးတွေကို အပြည့်အဝ အကာအကွယ်မပေးနိုင်သေးတဲ့ ကာလတလျောက်လုံး ကိုယ့်အန္တရာယ်ကိုယ် သတိရှိရှိ ၊ ဥာဏ်ရှိရှိနဲ့ ဆုံးဖြတ်နေထိုင်ရမှာပဲပေါ့။

နင်နဲ့ နင့်မိသားစုကို ဘာလုပ်လိုက်မယ် ၊ ဘာဖြစ်သွားမလဲ စောင့်ကြည့်လိုက်ဆိုတဲ့စကားက ဒီဘဝကြီးကနေ ရုန်းမထွက်နိုင်အောင် ၊ သူ့စိတ်တိုင်းကျ ကိုယ့်ကို လုပ်ချင်သလိုလုပ်ခွင့်ရအောင် တဘဝလုံး ပေးဆပ်လိုက်ရမလိုကြီးနော်။ အမျိုးသမီးတွေဟာ ရည်းစား ၊ ခင်ပွန်းအဖြစ် စဉ်းစားမယ့် အမျိုးသားကို ကြောက်လို့လည်း ခေါင်းမငြိမ့်ပါနဲ့ ၊ မလွန်ဆန်နိုင်လို့လည်း ခေါင်းမငြိမ့်ပါနဲ့။ လက်မှတ်တခုနဲ့ ၊ သဘောတူညီမှုတခုဟာ ကိုယ့်တဘဝလုံးကို ဝါးမြိုသွားနိုင်တယ်လေ။

တခါတလေကျတော့ အမျိုးသားတွေက မခြိမ်းခြောက်လိုသည့်တိုင် အမျိုးသမီးတွေက “အပြစ်မမြင်ပါဘူး ….. ချစ်ချင်တာပဲသိတဲ့နောက်မှာ …. ဖြစ်သမျှဟာအကောင်းပဲပေါ့” ဆိုတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းစာသားထဲကလို သူဘယ်လောက်ဆိုးဆိုး ၊ မကြင်နာပစေ ၊ ပစ်ခါပစေ အပြစ်မမြင်ဘူး ချစ်မြဲချစ်လျက် ချစ်ချင်နေတုန်း ၊ ဘဝကို နှစ်ယောက်အတူ တည်ဆောက်လိုဆဲပဲ ဆိုသူတွေလည်း ရှိတတ်ပါတယ်။ သူများတွေကိုတင် ပြောနေတာမဟုတ်ဘူး။ ကိုယ်ဖြစ်ခဲ့ဖူးတာကို ကိုယ်ပြောတာ။ အဲဒီအချိန်တုန်းက အသည်းအသန်ခံစားခဲ့ရတဲ့ အကြောင်းတွေ အခုများပြန်တွေးရင် ရယ်စရာကြီးကို ဖြစ်နေတော့တာပေါ့။

ကျွန်မအခု အိမ်ထောင်ရေးသာယာတယ်။ ခင်ပွန်းကောင်းကိုရထားတယ်။ ဇနီးကောင်း ၊ မိခင်ကောင်းဘဝမှာကျေနပ်တယ်။ ဒါတွေမတိုင်ခင်က ကျွန်မကိုယ်တိုင်လည်း (ယခု ကျွန်မခင်ပွန်းမဟုတ်သူအတွက်) ပြင်းပြင်းထန်ထန် ဆယ်စုနှစ်တခုလောက် အသည်းကွဲဖူးတယ်ဆိုရင် အံ့သြသွားကြမလား။ ကျွန်မက ကျွန်မကိုယ်ကျွန်မနဲ့ယှဉ်ပြီး အတွေ့အကြုံနုနယ်သေးတဲ့ မိန်းကလေးတွေ ဘဝမနစ်မွန်းဖို့ အကြံပေးချင်တာပါ။ လက်ခံတာ ၊ လက်မခံတာကတော့ သူ့အပိုင်းပေါ့လေ။

အချစ်ဆိုတာ လိုက်လေ ပြေးလေတဲ့။ ဒီအတိုင်းပဲ ကိုယ်ကအလျှော့ပေးချစ်လေ တဖက်က ကိုယ့်အချစ်ကို တန်ဖိုးမထား အနိုင်ယူလေပဲ။ လွယ်လွယ်မြင်အောင်ပြောမယ်ဆို ရှားပါးတဲ့ပစ္စည်းပေးသည့်တိုင် ပေါပေါလေးရနေတော့ တန်ဖိုးမထားတတ်တာမျိုးလိုပေါ့။ ငွေတွေ ပေါချင်းသောချင်း မလိုချင်လောက်အောင်ရနေတော့ ရနေတဲ့ငွေအပေါ် တန်ဖိုးထားမှုသိပ်မရှိတော့ဘဲ ပေါ့ပေါ့လေးသုံး ၊ မလိုရင် ပစ်ထားလိုက်တာမျိုးပေါ့။

ကိုယ်က တကယ့်အချစ်စစ် ၊ အချစ်မှန်နဲ့ ချစ်မြတ်နိုးပြီး ပေးဆပ်နေသည့်တိုင် တန်ဖိုးမထားတတ်သူတွေက ကိုယ့်အချစ်ကိုလည်း တန်ဖိုးမထား ၊ ကိုယ့်ကိုလည်း တန်ဖိုးမထား ၊ ကိုယ့်ပေးဆပ်မှုဆိုတာတွေလည်း မျက်ကွယ်ပြုလို့ ဒီ့ထက်ဆိုးတဲ့အခြေအနေမှာ အပြစ်တွေတင် ၊ မကျေမနပ်တွေဖြစ် ၊ နှစ်ဦးစကားဆုံတိုင်းရန်ဖြစ်ကြရတာ ဘာကြောင့်များလဲကွယ်။ သူဟာ ကိုယ့်ကိုတန်ဖိုးမထားလို့ပေါ့။

လူ့သဘာဝအရ လူဟာ ကိုယ့်ကိုယ်ကိုအချစ်ဆုံးပါ။ ကိုယ်ပေးဆပ်သလောက်ပြန်မရလေ ဒီဘဝကြီးကို စိတ်နာလေ ၊ ဒီလူကိုစိတ်နာလေ ဒီလူနဲ့လည်းမခွဲနိုင် ၊ ရနေတဲ့ဘဝကြီးကိုလည်းမကျေနပ်နဲ့ မီးဖိုပေါ်က ဖားသူငယ်တွေလို တဘဝလုံးထိုးအပ်လို့ ပေးဆပ်လိုက်တော့မှာလား။ ဒါကတော့ ကိုယ့်ဆုံးဖြတ်ချက်ပေါ့။ သည်းမခံနိုင်တဲ့အဆုံးမှာ လမ်းခွဲလိုက်ပါ။ ခံတော့ ခံစားရမှာပေါ့။ ဒီခံစားမှုတွေကို အချိန်က ကုစားသွားပါလိမ့်မယ်။

သူနဲ့ရှေ့ဆက်လျှောက်မယ့် ဘဝခရီးကို စိတ်ကူးယဉ်ထားနှင့်သူမို့ သူနဲ့လမ်းခွဲလိုက်တဲ့အခါ (ကွဲကွာသွားတဲ့အခါ)မှာ သူမပါတဲ့ ကိုယ့်ဘဝကြီးထဲ ကိုယ့်ဘာသာနေပျော်ဖို့ ကျင့်ယူလိုက်ပါ။ အိမ်ထောင်ကွဲလို့ သားသမီးတွေကျန်ခဲ့ရင် မိဘတွေအဆင်မပြေကြလို့ စိတ်ဒဏ်ရာနဲ့ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေမဖြစ်လာတာပဲ ကျေးဇူးတင်ရမှာပေါ့။ အဖေ့နေရာကနေတိုးလို့ ဂရုစိုက်ရုံရှိတာပေါ့။ စိတ်လေနေတဲ့အချိန် ၊ စိတ်ဓါတ်ကျနေတာတွေ နည်းသထက်နည်းနိုင်အောင် အာရုံလွှဲနိုင်အောင်ကြိုးစားပါ။ အာရုံမစိုက်နိုင်လည်း ကိုယ့်ကျွမ်းကျင်ရာ ၊ ဝါသနာပါရာတွေကို အဆင့်မြှင့်တင်နိုင်ဖို့ လေ့လာရင်း အချိန်ကုန်ဆုံးစေပါ။ ဒီအခါ ဝမ်းနည်းတဲ့ ခံစားမှုကြီးနဲ့ ၊ ကြွေကွဲနေတဲ့စိတ်တွေဟာ ပါးလာတာ ၊ ဖြေလျော့လာတာတွေ အချိန်နဲ့အမျှ သတိထားမိမှာပါ။ ဝမ်းနည်းကြေကွဲစိတ်ကိုပဲ အလေးပေးနေရင် ဒါနဲ့ပဲ အချိန်တွေကုန်ပြီး ကိုယ့်ဘဝအတွက် အရည်အသွေးမြှင့်တင်ဖို့ အာရုံမထားနိုင်တော့ဘူးလေ။

အချစ်စစ်ဟာ အချိန်အလိုက် ပြောင်းလဲသွားရိုး ထုံးစံမရှိပေမယ့် အချိန်က အချစ်ကိုပြောင်းလဲလိုက်တာပါ။ ငယ်ငယ်တုန်းက ငယ်နုတဲ့အတွေ့အကြုံနဲ့ ဒီအချစ်ဆိုတာကို ရူးရူးမူးမူးခံစားခဲ့ပေမယ့် အချိန်တွေပြောင်းလဲလို့ အသက်တွေရလာတဲ့အခါမှာ ရင့်ကျက်လာတဲ့အတွေ့အကြုံတွေက ရင့်ကျက်မှုပေးတဲ့အချစ် ၊ နားလည်မှုပေးနိုင်တဲ့သူကိုပဲ လိုအပ် တောင့်တလာပါတယ်။ ဟိုတချိန်က အသည်းကွဲဒဏ်ရာကို နည်းအမျိုးမျိုးနဲ့ ဆယ်စုနှစ်လောက် ကုစားခဲ့ရတဲ့ကျွန်မ အခုလို သာယာတဲ့အိမ်ထောင်ရေးကိုရနေချိန်မှာ ငါဟိုတစ်ယောက်နဲ့ အိမ်ထောင်မကျတာ (လမ်းခွဲခဲ့ရတာ) အတော်ကံကောင်းပါလား ။ ငါ့ဆုံးဖြတ်ချက်မှန်ကန်လှပါလားလို့ အမြဲကျေနပ်မိတယ်။

ဖန်ဆင်းရှင်တစ်ဦးက အတိတ်ကိုပြန်ပြင်ပေးမယ်ပြောသည့်တိုင် ကျွန်မဟာ ကျွန်မအတိတ်ကို ဒီအတိုင်းမပြောင်းမလဲရှိစေမှာပါ။ လူဆိုတာ ခါးသည်းမှုဆိုတာကိုလည်း ရင့်ကျက်တဲ့အတွေ့အကြုံရှိဖို့ လိုအပ်တယ်လေ။ ဒီလိုခါးသည်းမှုတွေ ၊ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်မှ ရင့်ကျက်တဲ့အသိဥာဏ်နဲ့ အတွေးအခေါ်တွေကို ရလာတာမဟုတ်လား။

ဟိုအရင်အချိန်ကိုပြန်သွားရင် အဲဒီအရွယ်တုန်းက အဲဒီလူကို အဲဒီခံစားမှုအတိုင်း ပြန်ခံစားနေဦးမှာဖြစ်ပေမယ့် ဒီလူ အခုအချိန်မှာ ကျွန်မရှေ့ပေါ်လာရင်တောင် အချိန်တွေပြောင်းလဲသွားခဲ့ပြီမို့ ဘာမှခံစားရတော့မှာမဟုတ်ဘူး။ လူချင်းတော့ အတူတူပဲနော်။ ခံစားမှုတွေကို အချိန်ကပြောင်းလဲလိုက်တာပါ။ ဆယ်ကျော်သက်ခံစားမှုနဲ့ ဘဝအတွေ့အကြုံ ၊ လောကဓံတွေဟာ ရင့်ကျက်လာတဲ့အရွယ်မှာ ခံစားရတဲ့ ခံစားချက်ချင်း မတူနိုင်တော့ဘူး။ မတူသင့်တော့ဘူး။ အချိန်တွေပြောင်းလဲလာတာနဲ့အမျှ ရင့်ကိုရင့်ကျက်လာရမှာလေ။

အတွေ့အကြုံနဲ့ ခံစားချက်တွေ ၊ အတွေးအခေါ်တွေ ရင့်ကျက်လာတဲ့အခါ ကိုယ့်ကို စိတ်ဒဏ်ရာပေးခဲ့တဲ့သူကိုတောင် သူ့ကြောင့် ဒီခံစားမှုတွေရခဲ့ပါလား ၊ ဒီကနေသင်ယူခွင့်ရခဲ့ပါလားလို့ သူ့ကို ကျေးဇူးတောင်တင်မိတယ်။ ဒီလိုလူမျိုးနဲ့ကြုံဖူးမှ ဒီလိုလူမျိုးနဲ့နောက်မကြုံဖို့ သတိထားတတ်လာမှာပေါ့။ မီးဟာပူမှန်းသိရက်နဲ့ အချစ်လူစွမ်းကောင်းလုပ်ပြီး မီးပုံထဲခုန်ချမယ်ဆိုရင်တော့ တဘဝစာပေးဆပ်လိုက်ပေါ့။

ကျွန်မကတော့လေ အချိန်ရဲ့ကုစားမှုတွေနဲ့ ရင့်ကျက်လာတဲ့ အတွေးအခေါ်တွေ ရရှိလာချိန်မှာ တချိန်က ကိုယ့်ကိုအပြင်းအထန်ခံစားစေခဲ့တဲ့သူကို ကျေးဇူးတင်တယ်။ သူ့ကြောင့်မှမဟုတ်ရင် ကျွန်မရဲ့ခံစားချက်တွေဟာ ရင့်ကျက်လာဦးမှာမဟုတ်ဘူးလေ။ အချစ်ဦးနဲ့လွဲခဲ့ပေမယ့် အချစ်စစ်နဲ့ချစ်တတ်အောင် သင်ပေးခဲ့တဲ့သူကို ကျေးဇူးတင်တယ်။ သူ့ကြောင့်မှမဟုတ်ရင် စည်းနဲ့ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း နားလည်မှုပေး ချစ်တတ်ဖို့ဆိုတာကို ကျွန်မဘယ်သိနိုင်ဦးမလဲ။ နောက်ဆုံးမှာ ကိုယ့်ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့်သာမဟုတ်ရင် ဒီစိတ်ဒဏ်ရာကို ဘယ်လိုစိတ်ထားနဲ့ ကျော်ဖြတ်ရမယ်လို့ ကျွန်မသိနိုင်ဦးမှာမဟုတ်ဘူးလေ။

အချစ်ရေးအဆင်မပြေတဲ့ အမျိုးသမီးတွေ ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတွေ အရှင်လတ်လတ် မီးမြှိုက်ခံရတဲ့ဖားသူငယ်လို ကိုယ့်ဘဝကိုယ် မနစ်မွန်းပါစေနဲ့နော်။ အသက်ရှင်နေသမျှ ပျော်ရွှင်ခွင့်ရှိသင့်ပါတယ်။ နေ့စဉ်နဲ့အမျှ သူနဲ့ဆက်ဆံရေးမှာ ၊ သူနဲ့လက်တွဲနေတဲ့အချိန်တွေမှာ မပျော်နိုင်ဘူးဆိုရင် မပျော်အောင်လုပ်နေသူတွေနဲ့ ဝေးဝေးခွါခွါနေနိုင်အောင်ကြိုးစားပါ။ ကိုယ့်ဘာသာ အရင်ပျော်နိုင်ဖို့ ပြန်လေ့ကျင့်ပါ။ မိမိစိတ်ဝင်စားသေးရင်တော့ နောက်တဆင့်မှာ ကိုယ့်ကိုတကယ်နားလည် တန်ဖိုးထားပြီး ပျော်ရွှင်မှုပေးနိုင်တဲ့သူနဲ့သာ ဘဝတခု အတူတည်ဆောက်ပါ။ အသွင်တူမှ အိမ်သူဖြစ်တာပါ။ အကြိုက်ချင်းမတူတောင် ခံစားချက်ချင်းဝေမျှ တူညီနိုင်ရမယ် ၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြန်အလှန်ပေးနိုင်ရမယ် ၊ အနည်းဆုံး အချစ်ချင်းတော့ တူညီနေရမယ်လေ။ ဒါမှလည်း အိမ်ထောင်တခုဟာ ပျော်ရွှင်စွာ မြဲမြံနေနိုင်မှာပေါ့။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like