Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက် – BurmeseHearts

အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်

0

ပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလည်း ဇနီးနဲ့ခင်ပွန်းက ဦးဆောင်နေတာပါ။
ပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလည်း ဇနီးနဲ့ခင်ပွန်းက ဦးဆောင်နေတာပါ။

အခက်အခဲရှိလာတဲ့အခါမှာ အမျိုးသားတွေဟာ ကိုယ့်ဘာသာဖြေရှင်းလေ့ ရှိတတ်တယ်။ သူတို့ဟာ ဘယ်သူ့ကိုမှ မပြောပြဘဲ ကိုယ့်ဘာသာ ဖြေရှင်းလိုက်ဖို့ အာသီသရှိသူတွေ ဖြစ်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဆိုထားပါတယ်။ ဒါဟာ သူတို့သဘာဝဖြစ်ပြီး တခါတလေမှာ အနီးကပ်ဆုံးဖြစ်တဲ့ ဇနီးကိုတောင် မပြောဘဲ ဖြေရှင်းလိုက်တာတွေ ရှိတတ်တယ်။

အမျိုးသမီးတွေကတော့ အခက်အခဲကြုံလာရင် တစ်ဦးဦးကို ဖွင့်ဟတိုင်ပင်မှု မလုပ်တဲ့အခါမှာ အရင်ဆုံး စိတ်ဖိစီးမှုကို ခံစားကြရတဲ့ သဘာဝရှိတယ်။ သူတို့ရဲ့မိတ်ဆွေ ၊ သူငယ်ချင်း ၊ မိသားစုတွေဟာ ဒီအခက်အခဲကို ဖြေရှင်းမပေးနိုင်မှန်း သိပေမယ့်လည်း သူတို့ဟာ ဖွင့်ဟပြောဆိုတတ်တဲ့ အကျင့်ရှိတယ်။ ဒါကိုက အမျိုးသမီးတွေရဲ့သဘာဝဖြစ်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဆိုပါတယ်။ ဒီလိုမှ မပြောပြရင် သူတို့ဟာ စိတ်ဖိစီးမှုတွေကို ခံစားကြရတာပါ။

ဒီလိုမတူညီတဲ့ သဘာဝနှစ်ခုကို နားလည်မှုပေးဖို့လိုပါတယ်။ သဘာဝဆိုတာ သူ့အလိုလို ဖြစ်တည်နေပြီး ချက်ချင်း ပြောင်းလဲရခက်တဲ့ သဘောပါ။ တခါတလေမှာ လုံးဝ မပြောင်းလဲနိုင်တာမျိုးလည်း ရှိပါတယ်။ လူတစ်ဦးနဲ့တစ်ဦး မတူဘူးပေါ့။ အမျိုးသားရဲ့ တစ်ဦးတည်းကျိတ်ဖြေရှင်းတတ်တဲ့ သဘာဝကို အမျိုးသမီးက နားမလည်ထားရင် “ရှင်က ကျုပ်မပြောဘဲ ဘာလို့ တစ်ယောက်တည်း ကျိတ်ဖြေရှင်းလိုက်တာလဲ။ ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့တာလဲ”ဆိုပြီး စကားများ ရန်ဖြစ်ကြတော့တာပဲ။

အမျိုးသားတွေကလည်း အမျိုးသမီးတွေရဲ့ ဖွင့်ဟပြောဆိုတတ်တဲ့ သဘာဝကို နားမလည်ထားတဲ့အခါမှာ “ဘာကြောင့် ဒီကိစ္စ သူတို့ သိသွားရတာလဲ။ သူတို့နဲ့ ဘာဆိုင်လို့လဲ” စသဖြင့်နဲ့ စကားများ ရန်ဖြစ်ကြရတော့တာပဲ။

ဒီလိုမတူညီတဲ့ သဘာဝနှစ်ခုကို ဘယ်လိုမျိုး ညှိနှိုင်းယူကြမလဲ။ အိမ်ထောင်သက် (၈)နှစ်ကျော်ရှိလာတဲ့ ကျွန်မတို့ ဇနီးမောင်နှံနှစ်ဦး အိမ်ထောင်မပြုခင်ကတည်းက သဘောတူထားတဲ့ပုံစံလေးတစ်ခုကို မျှဝေလိုက်ပါတယ်။ ဒါဟာ ကိစ္စတစ်ခုဆုံးဖြတ်လုပ်ကိုင်တော့မယ် ၊ အခက်အခဲတစ်ခု ကြုံလာပြီဆိုရင် နှစ်ဦးသဘောတူတဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ပါ။

BurmeseHearts Blog

ကိစ္စတစ်ခုဆုံးဖြတ်လုပ်ကိုင်တော့မယ်ဆိုရင် စာရွက်လွတ်တစ်ခုပေါ်မှာ အဲဒီကိစ္စခေါင်းစဉ် ချရေးလိုက်တယ်။ အဲဒီအောက်မှာ ကောင်းကျိုးက ဘယ်ဘက်မှာ ၊ ဆိုးကျိုးက ညာဘက်မှာ ခေါင်းစဉ်တပ်လိုက်တယ်။ နှစ်ယောက်ဦးနှောက်နဲ့ ကောင်းကျိုး ၊ ဆိုးကျိုးတွေကို အရင်စဉ်းစားပြီး နံပတ်စဉ်တပ်လို့ သူ့နဲ့သက်ဆိုင်တဲ့ဘက်မှာ ချရေးလိုက်တယ်။ အင်တာနက်ပေါ်ကနေ ကောင်းကျိုး ၊ ဆိုးကျိုးဆိုတာတွေကို ထပ်ရှာတယ်။ အွန်လိုင်းပေါ်မှာ သူများမျှဝေထားတဲ့ ကောင်းကျိုး ၊ ဆိုးကျိုးတွေကိုလည်း ချရေးတယ်။ ထပ်ရေးစရာမရှိတော့ဘူးဆိုရင် ကောင်းကျိုး ဘယ်နှစ်ချက် ၊ ဆိုးကျိုးဘယ်နှစ်ချက်ရှိလဲ ရေတွက်ပြီး ဆိုးကျိုးများရင် အဲဒီကိစ္စ ဆက်မလုပ်တော့ဘူး။ ကောင်းကျိုးများတယ်ဆိုရင် လုပ်ကြည့်ကြဖို့ နှစ်ဦးသဘောတူဆုံးဖြတ်တယ်။

တစ်ယောက်တည်းဦးနှောက်နဲ့ မဆုံးဖြတ်ဘဲ နှစ်ယောက်ဦးနှောက်နဲ့ ဆုံးဖြတ်တဲ့အခါမှာ နှစ်ဦးသဘောတူ လုပ်ကိုင်တာမို့ ရလဒ်အပေါ် နှစ်ဦးသဘောတူမျှဝေခံစားကြဖို့လည်း သဘောတူထားကြပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဦးနှောက်အပြင် ဒီကိစ္စမှာ အတွေ့အကြုံရှိပြီးသား အခြားသူတွေ ဝေမျှပြောဆိုထားတဲ့ (ယုံကြည်ရတဲ့) အချက်အလက်တွေကိုလည်း ထည့်စဉ်းစားတာမို့ အမှားနည်းလာပါတယ်။

အိမ်ထောင်တစ်ခု ထူထောင်တယ်ဆိုတာ အနာဂါတ်တစ်ခုကို အတူလက်တွဲသွားမယ်လို့ ဆုံးဖြတ်လက်ထပ်ပေါင်းသင်းခဲ့တာ မဟုတ်လား။ တစ်ဦးက ဆုံးဖြတ်လုပ်ကိုင်မှု မှားယွင်းသွားခဲ့ရင် နောက်တစ်ဦးက အပြစ်တင်နေရုံနဲ့ အမှန်ဖြစ်လာမှာမဟုတ်ဘဲ အဲဒီမှားယွင်းမှုဒဏ်ကို အိမ်ထောင်သည် နှစ်ယောက်စလုံး ခံကြရမှာပါ။ (သားသမီးတွေရှိနေရင် သူတို့ပါ မျှဝေခံကြရတာပေါ့။) တနည်းအားဖြင့် တစ်ယောက် ဆုံးဖြတ်လုပ်ကိုင်လိုက်တဲ့ရလဒ်ကို နောက်တစ်ဦးကလည်း ခံရမှာဖြစ်ပါတယ်။ မခံချင်ရင် လမ်းခွဲရုံပဲ ရှိတာပါ။ ဒါဟာ အိမ်ထောင်ကွဲရခြင်း အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။

မိမိရဲ့ အိမ်ထောင်ထဲမှာ ဖြစ်ပျက်နေတဲ့ အတွင်းရေးမှန်သမျှကို မိမိရဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ မိသားစုကို ခရေစေ့တွင်းကျ ပြောတတ်တဲ့ အမျိုးသမီးတွေရဲ့ အကျင့်ကိုလည်း ထိန်းထိန်းသိမ်းသိမ်း ပြင်ရမှာ ဖြစ်ပါတယ်။ ဒီအကျင့်ကို ပြင်နိုင်တဲ့အခါ အမျိုးသားအပေါ် ကိုယ့်အလိုမကျမှုတွေ ၊ အမျိုးသားရဲ့ အားနည်းချက်တွေကို ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝန်းက သိနိုင်ခွင့် အားနည်းသွားတာမို့ အမျိုးသားရဲ့သိက္ခာကို မြှင့်တင်ပေးရာ ( တနည်း သိက္ခာမချရာ) ရောက်ပါတယ်။

တစ်ဦးဦးကို ဖွင့်ထုတ်မပြောဘဲ ကိုယ်တိုင် စိတ်ဖိစီးမှုလည်း မခံစားရနိုင်ဖို့ အမျိုးသားကို မိမိခံစားရတဲ့ ခံစားမှုအတိုင်း နားလည်အောင်ပြောကျင့်ကို သမီးရည်းစားအဆင့်မှာကတည်းက ကျင့်ထားပါ။ ဒီလိုလည်း ခံစားမှုတွေက လျော့ကျမသွားဘူးဆိုရင် မိမိခံစားချက်တွေကို ရေးထားနိုင်မယ့် စာအုပ်သီးသန့်ထားပါ။ ခံစားမှုတွေ ပြင်းထန်လာရင် စာချရေးပါ။ ငိုချင်ရင် အားရတဲ့အထိ ငိုချလိုက်ပါ။

ဒီအခက်အခဲဟာ ငိုနေရုံနဲ့ မပြီးဘဲ ဖြေရှင်းမှပြေလည်သွားမှာကိုလည်း နားလည်ထားရပါမယ်။ တခြားသူဆီက အကြံဥာဏ်ယူချင်ရင် အင်တာနက်ပေါ်မှာ သူများတွေ ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းသွားသလဲ ရှာဖွေကြည့်ပါ။ ဒီအခက်အခဲဟာ ကိုယ်တစ်ယောက်တည်းမှာ ဖြစ်နေတာ မဟုတ်ဘူးလို့ အနည်းဆုံးတော့ သိလာနိုင်တဲ့အတွက် စိတ်သက်သာမှုကို ခံစားရမှာပါ။

ကိုယ်တစ်ယောက်တည်း ကံဆိုးမိုးမှောင် ကျနေတာမဟုတ်ပါလားလို့ သိလာတဲ့အခါမှာ ခံစားရသက်သာလာပါတယ်။ နောက်တဆင့်ကတော့ သူများတွေတောင် ဖြေရှင်းနိုင်သေးတာပဲ ကိုယ်က ဘာလို့ မဖြေရှင်းနိုင်ရမှာလဲဆိုတဲ့ ယုံကြည်ချက်ကို မွေးမြူရမှာဖြစ်ပါတယ်။ ပြီးရင်တော့ သူများတွေရဲ့ ဖြေရှင်းနည်းတွေကို လိုက်ဖတ်ပါ။ ကိုယ်နဲ့အဆင်ပြေဆုံးဖြစ်နိုင်မယ့် နည်းလမ်းကိုရွေးပါ။ ဒါဟာ မိမိစိတ်ဖိစီးမှုကို မိမိ မသိစေချင်တဲ့ မိတ်ဆွေအပေါင်းအသင်း ၊ မိသားစုနဲ့ ပတ်ဝန်းကျင်က မသိလိုက်ရဘဲ ဖြေဖျောက်နိုင်တဲ့ နည်းကောင်းပါပဲ။

လူတိုင်းပြီးပြည့်စုံသူတွေမဟုတ်ပါဘူး။ Perfect ဖြစ်တဲ့သူလည်း ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ ဒါကြောင့် လူတိုင်းမှာ သူ့အခက်အခဲနဲ့သူ ကိုယ်စီရှိနေတာကို နားလည်နိုင်ရင်ဖြင့် ကိုယ့်အခက်အခဲကိုလည်း ခံစားပြီး စိတ်ဖိစီးနေဖို့ထက် ဘယ်လို အကောင်းဆုံး ဖြေရှင်းသွားမလဲဆိုတာကိုသာ အားထုတ်စဉ်းစားရမှာ ဖြစ်ပါတယ်။

ဒီလိုသာ ဖြေရှင်းသွားနိုင်ရင်ဖြင့် ကိုယ့်အခက်အခဲဆိုတာကို မကြားဖူးလိုက်တဲ့ ပတ်ဝန်းကျင်က ကိုယ်တွေဇနီးမောင်နှံကို ပြီးပြည့်စုံသူတွေလို့ ယုံမှတ်ပြောဆိုလာမှာပဲ မဟုတ်လား။ ဒါဟာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like