Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိ – BurmeseHearts

အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိ

0

အကောင်းလည်းမြင်ပါ။ အဆိုးလည်းမြင်ပါ။ အရှိကို အရှိအတိုင်း မြင်ပါ။
အကောင်းလည်းမြင်ပါ။ အဆိုးလည်းမြင်ပါ။ အရှိကို အရှိအတိုင်း မြင်ပါ။

အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိ စကားပုံက အရွယ်ရောက် ဆန့်ကျင်ဘက် လိင်နှစ်ဦး အမြဲပူးပူးကပ်ကပ်ရှိနေတဲ့အခါ တစ်ဦးနဲ့တစ်ဦး ငြိတွယ်လာတတ်ကြတဲ့သဘောကို ဆိုလိုပါတယ်။ မြင်ပါများတော့ သံယောဇဉ်ဖြစ် ၊ သံယောဇဉ်ဖြစ်ပြီး တွယ်တာလာ ၊ ရမက်တွေကပ်လာရင် ဖြစ်သင့်တာတွေ ၊ မဖြစ်သင့်တာတွေကိုတောင် မစဉ်းစားနိုင်လောက်တဲ့အထိ သာယာမှုနောက်ကို လိုက်သွားကြပါတယ်။

ဒီတော့ မိဘတွေအနေနဲ့ သားသမီးအိမ်ထောင်ရေး အရွေးမမှားစေချင်ဘူးဆိုရင် သူ့ပတ်ဝန်းကျင် ၊ သူကျင်လည်ရာ ၊ သူ့လုပ်ဆောင်မှုတွေကို မျက်ခြည်မပြတ် ရှိသင့်ပါတယ်။ ဒါဟာ သတိထားကြည့်ခိုင်းတာသာဖြစ်ပြီး ချုပ်ခြယ်ခိုင်းတာ မဟုတ်ပါဘူး။ ဖိလွန်းရင် ကြွတက်တတ်တယ်ဆိုတဲ့ သဘောအရ ချုပ်ခြယ်လွန်းရင် ခိုးလုပ်လာတဲ့ သားသမီးသဘာဝကြောင့် မိမိနောက်ကွယ်မှာ ခိုးလုပ်တတ်တဲ့ သားသမီးကို မျက်ခြည်ပြတ်သွားနိုင်ပါတယ်။ ဒီအခါ လွန်မှသိ ၊ ပျက်မှပြင် ဆိုတာတွေ ဖြစ်လာပါတော့မယ်။ မလုပ်နဲ့လို့ အတင်းတားရင် အဲဒီဆွဲအားဟာ တွန်းအား ဖြစ်သွားတတ်ပါတယ်။ ဒီတော့ ဘာကြောင့် မလုပ်သင့်တယ် ၊ မသင့်လော်ျဘူးဆိုတာကို သူနားလည်လက်ခံသွားတဲ့အထိ ငယ်စဉ်ကတည်းက ကောင်းမွန်ချိုသာစွာ ဆုံးမပဲ့ပြင်ပြောပြလို့ နားလည်မှု ယူလာခဲ့ရမှာဖြစ်ပါတယ်။

အရွယ်ရောက်သူနှစ်ဦး အိမ်ထောင်ပြုတဲ့အဆင့်အထိ ဖြစ်လာဖို့ဆိုရင် ယေဘူယျအားဖြင့် အဆင့်သုံးဆင့် ရှိနေပါတယ်။ ဒါဟာ ၁။ အနေနီးမယ် ၂။ ငြိတွယ်မယ် ၃။ ပေါင်းသင်းမယ် ဆိုတဲ့ အချက်သုံးချက်ပါ။ ဒီအချက်သုံးချက်ကို ကျွန်မက အတွေး ၊ အိမ်မက် ၊ ဘဝ အဖြစ် တင်စားထားပါတယ်။ အတွေးတွေက ကိုယ်ကြိုက်ရာ ရွေးချယ်တွေးလို့ရတယ် ၊ တွေးချင်တာလည်း တွေးနေနိုင်တယ်။ မတွေးချင်တာလည်း တွေးနေနိုင်တယ်။ အိမ်မက်ကကျတော့ ကိုယ့်သိစိတ် ၊ မသိစိတ်က ဖြစ်ပေါ်လွှမ်းမိုးမှုတွေကို ကိုယ်စားပြုပြီး ဖြစ်လာတာများတယ်။ သူကကျတော့ တမင်ရည်ရွယ် လုပ်ယူဖို့မလွယ်ကူလှပေမယ့် စိတ်စွဲလမ်းနေတာတွေကိုတော့ အိမ်မက် မက်လေ့ရှိတယ်။ ဘဝကတော့ တသက်တာပါပဲ။ တခါတလေ ဆန္ဒနဲ့လည်း တလွဲစီဖြစ်လာနိုင်တယ်။ ရည်ရွယ်ချက်နဲ့လည်း တလွဲစီဖြစ်လာနိုင်တယ်။ အစီအစဉ်တကျ လုပ်ထားပေမယ့်လည်း ချွတ်ချော်လွဲမှားနိုင်တယ်။ လူမှုဝန်းကျင်မှာ ဘဝဆိုတာနဲ့ပဲ လူတစ်ဦးချင်းစီရဲ့ အရည်အချင်း ၊ အနိမ့်အမြင့်ဆိုတာကို ခွဲခြားကြတယ်။

ဒီတော့ မိမိဟာ ဘယ်လိုဘဝမျိုးကို လိုချင်သလဲ ၊ ဘယ်လိုအိမ်ထောင်ဘက်မျိုးကို လိုချင်သလဲဆိုတာကို အချက်တွေ ရေးချထားရမှာဖြစ်ပါတယ်။ ဥပမာ ဆေးလိပ်မသောက်သူ ၊ အရက်မသောက်သူ ၊ မိန်းမနဲ့ လောင်းကစား မလိုက်စားသူ ၊ မူးယစ်ဆေးဝါးမသုံးသူကနေ ဘယ်လိုစိတ်ထားမျိုး ၊ ဘယ်လိုအပြုအမူမျိုး ရှိတဲ့သူကို လိုချင်တယ် ဘယ်လိုလူမျိုးကို မကြိုက်ဘူးဆိုတဲ့ မိမိပင်ကိုယ်စိတ်ထဲက မိမိအဖော်အတွက် လိုလားချက် ၊ မလိုလားချက်တွေကို နံပါတ်စဉ်တပ်လို့ သီးသန့်ခွဲခြား ရေးထားရပါမယ်။ ဒါဟာ မိမိစိတ်ကို မိမိကိုယ်တိုင် ပိုနားလည်သိမြင်လာစေတယ်လေ။ မိမိကြုံဆုံရတဲ့ မိမိပတ်ဝန်းကျင်က ၊ ကြားဖူးတဲ့အကြောင်းအရာတွေထဲက မကြိုက်တဲ့အမျိုးသားတွေရဲ့ အမူအကျင့်တွေကို မလိုလားချက်တွေဘက်မှာရေးပြီး ကြိုက်တဲ့အမူအကျင့်တွေကို လိုလားချက်ထဲမှာ ထည့်ရေးထား ၊ ထည့်ဖြည့်ထားရမှာ ဖြစ်ပါတယ်။

ဒီလိုရေးထားကျင့်ရှိတဲ့ မိန်းကလေးဟာ သူဘယ်လိုအိမ်ထောင်ဘက်မျိုးလိုချင်တယ် ၊ ဘယ်လိုအိမ်ထောင်ဘက်မျိုး မလိုချင်ဘူးဆိုတာကို ဒီစာရွက်ကိုကြည့်လို့ ကောင်းကောင်း နားလည်သဘောပေါက် သိမြင်လာပါတယ်။ ကိုယ်ငြိတွယ် စွဲလမ်းတဲ့သူရှိလာရင် သူ့မှာ ကိုယ်ကြိုက်တဲ့အချက်တွေထဲက ဘယ်နှစ်ချက်ပြည့်စုံတယ် ၊ ကိုယ်မကြိုက်တဲ့အချက်တွေထဲက ဘယ်နှစ်ချက် ရှိနေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်လာတယ်။ ကိုယ်ရေးချထားတဲ့အချက်တွေဟာ စိတ်ကူးယဉ်ဆန်ဆန်လိုလို ဖြစ်နေနိုင်ပေမယ့် တကယ်တော့ ကိုယ့်ဘဝဖော် ရွေးချယ်မှုကို အထောက်အကူအပြုဆုံးအရာပါ။

ကိုယ်ရည်ရွယ်ထားတဲ့လူမှာ ကိုယ်ကြိုက်တဲ့အချက်များနေရင် သူနဲ့လက်တွဲတဲ့အခါ အဆင်ပြေပြေ ၊ သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ များနေပြီး မကြိုက်တဲ့အချက်များနေရင်တော့ အဆင်မပြေတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ များနေပြီပေါ့။ ဘာဖြစ်လို့လည်းဆို မိမိနဲ့ရည်ရွယ်ထားသူဟာ အကြိုက်ချင်းတူ ၊ ဘက်ချင်းတူ ၊ အမူအကျင့်ချင်းတူနေဖို့ ရာခိုင်နှုန်းများလို့သာ ကိုယ်ကြိုက်နှစ်သက်တဲ့ အချက်များများ သူ့ဆီမှာရှိနေတာမဟုတ်လား။ မနှစ်သက်တဲ့အချက်နည်းလေ ဆက်ဆံရေး အဆင်မပြေမှုနည်းလေ ၊ နောင်အိမ်ထောင်ပြုတဲ့အခါ အဆင်ပြေသာယာတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့များလေပေါ့။ ကိုယ့်စိတ်ကြိုက်ရေးချထားတဲ့ ကိုယ့်လိုလားချက် ၊ မလိုလားချက်တွေဟာ စာရွက်ပေါ်မှာ ရှင်းရှင်းလင်းလင်းရှိနေတာမို့ ကိုယ်ရည်ရွယ်ထားသူဟာ ကိုယ်လိုချင်တဲ့ အနာဂါတ်ထဲကလူ ဟုတ်မဟုတ်ဆိုတာကို တမင်အပြစ်ရှာနေစရာမလိုဘဲ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တယ်။

BurmeseHearts Blog

အချစ် သို့မဟုတ် သာယာမှုဆိုတာကို မဆင်ခြင်နိုင်မှု ဖုံးသွားရင်တော့ နောင်မှ နောင်တမရကြေးလေ။ သူများတကာတွေ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေး ၊ မိသားစုလေးနဲ့ ပျော်ရွှင်နေချိန်မှာ ကိုယ်ကတော့ မျက်ရည်နဲ့ဒူးသုတ်နေရတော့မှာပေါ့။ ခင်ပွန်းဆိုးတယ် ၊ လင်ဆိုးတယ်ဆိုတာထက် တကယ်ဆိုမိမိကိုယ်တိုင်က အိမ်ထောင်ရေး ရွေးချယ်မှု မှားယွင်းခဲ့တာမဟုတ်လား။

မိမိဟာ ဘယ်လိုဘဝဖော်မျိုးလိုချင်တယ် ၊ ဘယ်လိုဘဝဖော်မျိုး မလိုချင်ဘူးဆိုတာကို ချရေးထားတဲ့အဆင့်ဟာ အတွေးအဆင့်ဖြစ်ပြီး ဒီအတွေးအဆင့်မှာ ကိုယ်ကြိုက်ရာ ၊ မကြိုက်ရာ တွေးနိုင်သလို ကိုယ်ကြိုက်တဲ့လူရဲ့ အရည်အချင်းကိုလည်း ရွေးချယ်ရှာဖွေနိုင်ပါတယ်။ ကိုယ့်အနားရှိတဲ့သူတွေထဲက ကိုယ်မကြိုက်တဲ့အချက်တွေ များနေသူနဲ့ ခပ်ဝေးဝေးနေနိုင်လေ နီးစပ်မှုကြောင့် စိတ်သာယာမှုဖြစ်ပေါ်လာတာ ၊ မဖြစ်သင့်တာ ဖြစ်သွားတာတွေကို ရှောင်နိုင်လာမှာပါ။ သိစိတ် ၊ မသိစိတ် ငြိတွယ်မှုကဖြစ်လာတဲ့ အိမ်မက်ဟာ လက်တွေ့ဘဝမှာ သမီးရည်းစားအဆင့်နဲ့ အလားသဏ္ဍာန်တူနေတယ်။ ဘာရယ်မဟုတ် တွဲမိတဲ့သူတွေရှိသလို ၊ နီးစပ်လို့တွဲမိတာ ၊ သာယာလို့တွဲမိတာ ၊ တကယ်ချစ်လို့ တွဲမိတာ အစစရှိနိုင်ပါတယ်။ ဒီကတဆင့်တက်ရင်တော့ ဘဝဆိုတဲ့ တကယ့်လက်တွေ့ကို ကြုံတွေ့ရင်ဆိုင်လို့ အိမ်ထောင်ရေးနွံမှာ တိုးဝင်လိုက်တာပါ။

အိမ်ထောင်ရေးကို နွံနဲ့ခိုင်းနှိုင်းတာကတော့ ရုန်းထွက်ဖို့ခက်လို့ပါ။ လှုပ်လေ ၊ မြုပ်လေ ဒီနွံထဲမှာ မိသားစုဆိုတာရယ် ၊ အသိုင်းအဝန်းဆိုတာရယ် ၊ ပတ်ဝန်းကျင်ဆိုတာရယ် ၊ ငဲ့ညှာထောက်ထားစရာတွေဆိုတာနဲ့ ရောသမမွှေလိုက်တဲ့အခါမှာ တသက်တာလည်း ရုန်းထွက်နိုင်ဖို့ ခက်ခဲသွားနိုင်တယ်လေ။ ဒီလိုနဲ့ ဘဝကို မျှောချပြီးဆုံးလိုက်သူတွေလည်း ရှိတယ်။ ဒီလိုနွံထဲမနစ်ချင်တဲ့သူတွေက ခြေစုန်ပစ်ဝင်တဲ့အကျင့်ကို ရှောင်ရမယ်။

အမျိုးသားတွေကို အမူအကျင့် ကောင်းကောင်း မကောင်းကောင်း စိတ်ရောကိုယ်ပါ ပေါင်းတတ်တဲ့ အကျင့်ကိုရှောင်ရမယ် ။ အချစ်နွံထဲ သာယာမှုကို ရှေ့တန်းတင်လို့ ခြေစုန်ပစ် ဝင်လိုက်တာမျိုး ရှောင်ရမယ်။ မခွဲချင်တဲ့စိတ်ကို အချစ်လို့ ခေါင်းစဉ်တပ်ပြီး အိမ်ထောင်ရေးနွံထဲ ခြေစုန်ပစ်ဝင်လိုက်တာမျိုးကို ရှောင်ရမယ်။ ခံစားမှုနောက်ကို ကောက်ကောက်ပါအောင်လိုက်ပြီး နှလုံးသားဆန္ဒထဲ ခြေစုန်ပစ်ဝင်လိုက်တာမျိုးကို ရှောင်ရမယ်။ ခြေစုန်ပစ်မဝင်ဘဲ တိုးသာ ၊ ဆုတ်သာ နောက်တလှမ်းကို သတိနဲ့ ချန်ထားရင်တော့ အချိန်မီ တိုးသာ ၊ ဆုတ်သာ ရှိနေနိုင်တယ် မဟုတ်လား။ သတိဆိုတာ ဦးနှောက်ကပဲလာတယ် ၊ နှလုံးသားက ထွက်လာတာမျိုး မဟုတ်ဘူးနော်။

ဒီလိုပြောလို့ ကျွန်မကို ဦးနှောက်ပဲသုံးတတ်သူ ၊ နှလုံးသားမရှိသူလို့ထင်ရင် မှားကောင်း မှားနေမှာပေါ့။ တစ်ယောက်တည်းချစ် ၊ တစ်ယောက်ပဲတွဲ ၊ ဒီတစ်ယောက်နဲ့ပဲ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးရရှိထားတယ်ဆိုတဲ့သူဟာ တကယ်ကို ရှာမှာရှား မဟုတ်လား။ ကိုယ်ချစ်တဲ့သူကို ဆယ်နှစ်လောက် ဘာအပြစ်မှမမြင်ဘဲ ခွင့်လွှတ်ချစ်ခဲ့ဖူးတယ်။ လုံးဝရှေ့ဆက်မဖြစ်နိုင်တဲ့ အခြေအနေမှာ အခြားသူတွေထဲက ကိုယ့်အပေါ် ကောင်းနိုးရာရာ အမျိုးသားတွေကိုလည်း အိမ်ထောင်ဘက်အဖြစ် စဉ်းစားကြည့်ခဲ့ဖူးတယ်။ ကိုယ်လိုချင်တဲ့ အနာဂါတ်ခင်ပွန်းကောင်းဆိုတာကို အချက်အလက်တွေနဲ့ ကောင်းကောင်း သိလာနိုင်တဲ့အခါ အိမ်ထောင်ဘက်ကိုပဲ ရွေးချယ်စဉ်းစားတော့တယ်။ ကိုယ့်တကယ်ချစ်သူနဲ့ ကိုယ်က သံယောဇဉ်တွယ် ချစ်နိုင်တဲ့သူ အပြန်အလှန် အချိန်ယူညှိလိုက်တဲ့အခါ အချစ်ရယ် ၊ သံယောဇဉ်ရယ် ၊ နားလည်ညှိနှိုင်းမှုရယ် ပေါင်းစပ်ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အိမ်ထောင်ရေးကို အကောင်အထည် ပေါ်လာစေတယ်။ သာယာတဲ့အိမ်ထောင်ရေး ခိုင်မာလာပြီဆိုမှ သားသမီးယူတယ်။ ဒီတော့ သာယာတဲ့အိမ်ထောင်စုထဲမှာ ဖြစ်တည်လာတဲ့ကလေးဟာ ပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ် သူ့ကိုယ်သူ ယုံကြည်မှုရှိရှိ ကြီးပြင်းလာနိုင်ပါတယ်။

ရင့်ကျက်မှုဆိုတာက နုနယ်မှု ၊ အချိန် ၊ အတွေ့အကြုံ နဲ့ သင်ခန်းစာတွေ ပေါင်းစပ်ပြီးမှ ဖြစ်ပေါ်လာတာပါ။ နုနယ်တဲ့ခံစားမှုတွေဟာ အချိန်ရွေ့လျားလာတာနဲ့အမျှ အတွေ့အကြုံအဖြစ် ပြောင်းလဲသွားပြီး ဒီအတွေ့အကြုံတွေအပေါ်မှာ သင်ခန်းစာယူနိုင်ပါမှ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာတာပါ။ နောက်ဆုံးအဆင့်ဖြစ်တဲ့ အတွေ့အကြုံတွေအပေါ် သင်ခန်းစာမယူနိုင်ရင် ဘယ်လောက်ပဲ အတွေ့အကြုံများများ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာဖို့တော့ ခက်တယ်လေ။ ရင့်ကျက်တဲ့သူဆိုတာ အတွေ့အကြုံတွေ ၊ အမှားတွေထဲက သင်ခန်းစာယူနိုင်ပြီး နောင်မမှားအောင် ရှောင်နိုင်သူတွေ ၊ အမှန်ကို ရွေးချယ်လုပ်ကိုင်လာနိုင်သူတွေ ဖြစ်ပါတယ်။ မရင့်ကျက်တဲ့သူကတော့ အမှားတွေ ထပ်ခါထပ်ခါလုပ်တတ်ပြီး အမှားသံသယာမှာ လည်နေတတ်ပါတယ်။ အတွေ့အကြုံများတိုင်း ရင့်ကျက်သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like