ရင်သွေးငယ်တို့ အာဟာရချို့တဲ့ခြင်းမှ ရှောင်ရှားနိုင်ရန်

0

(၁)     ကိုယ်ဝန်ဆောင်ကာလမှာ အာဟာရပြည့်ဝအောင် မျှမျှတတ စားပေးရပါမယ်။ အစားမရှောင်ရပါဘူး။ ကလေးထွားမှာစိုးလို့ (မွေးရခက်မှာစိုးလို့) အာဟာရလျှော့စားတာဟာ မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ၊ မီးနေသည်တွေနဲ့ ကလေးတွေရဲ့ အစာအာဟာရနဲ့ပတ်သက်လို့ အောက်က ပို့စ်(၃)ခုမှာ ရေးသားပြီး ဖြစ်ပါတယ်။ မဖတ်ရှုရသေးဘူးဆိုရင် လင့်ခ်တွေပေးထားတာမို့ အဲဒီမှာ ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင်နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၁)

ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၂)

ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၃)

 

(၂)     အင်အားကိုအသုံးပြုပြီး လုပ်ကိုင်တတ်တဲ့ အလုပ်သဘာဝမျိုးရှိတဲ့မိခင်တွေဟာ ဘာကြောင့်ပဲ အင်အားကုန်သွားပါစေ ကုန်သွားတဲ့အင်အား (မိမိအသုံးပြုလိုက်တဲ့ အင်အား)ကို ပြန်ဖြည့်တင်းဖို့ အာဟာရကို ပိုမှီဝဲရမှာဖြစ်ပါတယ်။ အိမ်အလုပ်ပဲလုပ်လုပ် ၊ အိမ်စီးပွားရေးပဲလုပ်လုပ် ၊ အပြင်မှာပဲ အလုပ်ထွက်လုပ်လုပ် ကိုယ်ဝန်ဆောင်သည်ရဲ့ အင်အားတွေဟာ ကုန်သွားတဲ့အတွက် စားရမယ့် အစာအာဟာရအချိုးအစားထက်ပိုပြီး ပိုမိုစားသုံးရမှာဖြစ်ပါတယ်။ ဒါမှလည်း ကုန်သွားတဲ့အင်အားအတွက် ဖြည့်တင်းတဲ့ အစာအာဟာရအပြင် နောက်ထပ်တိုးရရှိသင့်တဲ့ အစာအာဟာရကိုပါ ရရှိမှာဖြစ်ပါတယ်။

(၃)     မီးဖွားတဲ့အခါ သွေးသွန်းတာတွေ ၊ အချဉ်းကပ်တာတွေ ဖြစ်ခဲ့တဲ့ မိခင်ဟာ ကုန်ဆုံးသွားတဲ့ သွေးသားတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အစာအာဟာရနဲ့ ပိုမိုဖြည့်တင်းပေးရမှာဖြစ်သလို ဆေးဝါးသောက်သုံးဖို့ လိုအပ်ရင်လည်း သံဓါတ်ပါတဲ့ ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မှန်မှန်သောက်သုံးပေးရမှာပါ။ ဒါမှ မိခင်မှာ သံဓါတ်ပြန်ပြည့်ဝမှာဖြစ်သလို မိခင်နို့သောက်စို့တဲ့ ကလေးငယ်ဟာလည်း မိခင်နို့ရည်ကတဆင့် လိုအပ်တဲ့ သံဓါတ်ပမာဏကို ရရှိမှာဖြစ်ပါတယ်။

(၄)     ဝမ်းကောင်း ၊ ဆီးကောင်း ၊ ကျန်းမာစေဖို့ မွေးကင်းစကနေ ခြောက်လ (လုံးဝမတတ်နိုင်ရင် မွေးကင်းစမှ သုံးလ)အထိ မိခင်နို့ရည် တမျိုးတည်းကိုသာ ရေမကူဘဲ တိုက်ကျွေးရမှာဖြစ်ပါတယ်။ ရေအပါအဝင် ဂလူးကို့စ်နဲ့ ကလေးအတွက် အားဖြစ်မယ်ထင်ရာ အခြားအာဟာရတွေ မတိုက်ကျွေးဖို့ လိုပါတယ်။ အကယ်၍ နို့ဗူးတိုက်ကျွေးရသူတွေဟာလည်း ကလေးကို နို့ဗူးတမျိုးတည်း (နို့ဗူးမှာညွှန်ကြားထားတဲ့ အချိုးအစားအတိုင်း) တိုက်ကျွေးရမှာဖြစ်ပါတယ်။ စေတနာပိုပြီး ပျစ်ပျစ်ကလေးဖျော်တိုက်ရင် ကလေးချွဲထတာ ၊ ချောင်းဆိုးတာတွေအပြင် အခြားမလိုလားအပ်တာတွေ ဖြစ်နိုင်သလို ခြိုးခြံပြီး ကြဲကြဲတိုက်တဲ့အခါမှာ ကလေးဟာ သူရသင့်တဲ့ အာဟာရဓါတ်ပြည့်ပြည့်ဝဝ မရရှိနိုင်တော့ပါဘူး။ ကလေးဟာ ဒီနို့ရည်တခုတည်း အားပြု သောက်စို့နေရတာပါ။

(၅)     ကျန်းမာပြီး အစာသစ်ကို စားဖို့တပြင်ပြင်ဖြစ်နေတဲ့ သုံးလကျော် (သို့မဟုတ်) ခြောက်လကျော် ကလေးကို ဖြည့်စွက်စာ စတင်ကျွေးနိုင်ပါပြီ။ စကျွေးတဲ့အခါ နို့ရည်နှင့် အလားသဏ္ဍာန်တူသော မပျစ်မကျဲ ထမင်းရည်ကို စားပွဲတင်ဇွန်းတဇွန်းစာ (ဆားမပါ ၊ ဆီမပါ) စတင်ကျွေးနိုင်ပါတယ်။ တနေ့ တကြိမ်မှသည် နှစ်ရက်ဆက်တိုက် ကျွေးပြီး ကလေးအသားကျသွားလျှင် အကြိမ်ရေ တိုးကျွေးနိုင်ပါတယ်။ နောက်ပိုင်းမှာ ထမင်းရည် နည်းနည်းပျစ်လာနိုင်သလို ပမာဏ တိုးကျွေးတာမျိုး လုပ်နိုင်ပါတယ်။ ထမင်းရည်နဲ့ အထာကျသွားတဲ့ကလေးကို ဆီမပါတဲ့ အားလူးပြုတ်ရည် ၊ ကြက်သားပြုတ်ရည် ၊ မုန်လာဥနီပြုတ်ရည် စသဖြင့်ကျွေးနိုင်ပါပြီ။ အစာသစ်မိတ်ဆက်တဲ့ကလေးကို တခါအစာသစ်မိတ်ဆက်တိုင်း အဲဒီအစာသစ်နဲ့ အထာကျသွားအောင် နှစ်ရက်ဆက်တိုက် ကျွေးမွေးပါ။ အရည်ကျဲကျဲမှသည် မပျစ်တပျစ် ၊ ထို့နောက် ချေထားတဲ့အစာ ၊ ထို့နောက် မကျေတကျေအစာ ၊ ထို့နောက် တကိုက်စာ စသဖြင့် အာဟာရရှိတဲ့အစာတွေကို မိတ်ဆက်ကျွေးနိုင်ပါပြီ။ အစာသစ်မိတ်ဆက်တာကို ပိုသိနိုင်ဖို့ အောက်ကပို့စ်မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။

အစာသစ်မိတ်ဆက်တဲ့ ကလေးငယ်တစ်ဦး၏ တနေ့တာ

(၆)     အလုပ်လုပ်တဲ့မိခင်တွေဟာ အလုပ်ခွင့်မစေ့မီ ကလေးအသားကျအောင်ဆိုပြီး မိခင်နို့ကို ကြိုဖြတ်တာမျိုး မလုပ်သင့်ပါဘူး။ အလုပ်ခွင်ဝင်ရမယ့်နေ့မှ နို့ဖြတ်ပါ။ အခြေအနေပေးရင် အလုပ်ခွင်မှာ နို့သက်ချိန်တိုင်း ညှစ်ထုတ်ထားတဲ့နို့ရည်ကို သန့်ရှင်းစွာ ရေခဲ့သေတ္တာထဲထားသိုပြီး အိမ်မှာကျန်ခဲ့တဲ့ မိမိရင်သွေးငယ်ကို မိမိအလုပ်သွားချိန်မှာ မိမိနို့ရည်သောက်စို့ခွင့်ရနိုင်အောင် ဖန်တီးပေးလို့ရပါတယ်။ အလုပ်ထဲမှာ ရေခဲသေတ္တာထားရှိပြီး ညှစ်ထားတဲ့ နို့ရည်ထားသိုဖို့ အဆင်ပြေတဲ့မိခင်တွေဟာ အောက်က ပို့စ်တွေမှာ ကလစ်နှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

ကလေးမီးဖွားပြီးနောက် အလုပ်ပြန်ဝင်ရသော မိခင်များအတွက်

နို့ရည်ညှစ်ထုတ်နည်းများ

နို့ရည်ထားသိုနည်း ၊ တာရှည်ခံချိန် ၊ နွေးပုံနှင့် သယ်ယူပုံ

အလုပ်လုပ်နေရလို့ ကလေးအနားမှာ မရှိဘဲ ကလေးကို နို့မတိုက်နိုင်ဘူးဆိုပြီး လုံးဝ ကလေးနို့ဖြတ်လိုက်တာမျိုး မလုပ်သင့်ဘဲ အလုပ်ကပြန်လာပြီဆိုတာနဲ့ ကလေးအနားရှိနေနိုင်ချိန်တိုင်းမှာ ကလေးကို မိမိနို့ချိုတိုက်ကျွေးသင့်ပါတယ်။ မိခင်နို့ရည်လောက် တုပလုပ်ထားတဲ့ နို့မှုန့်ဗူးတွေက အစွမ်းထက်တာမဟုတ်ဘဲ ကလေးအတွက် ဘေးအကင်းဆုံးနဲ့ အာဟာရအဖြစ်ဆုံးဟာ မိခင်နို့ရည်ဖြစ်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အတည်ပြုထားပါတယ်။

(၇)     မိခင်နို့ကို အနည်းဆုံး ကလေးတနှစ်ကျော်သည်အထိ တိုက်ကျွေးသင့်ပြီး အဆင်ပြေပါက ကလေးသုံးနှစ်အရွယ်အထိ မိခင်နို့ကို အခြားအစာအာဟာရများ ကျွေးချိန်မှာလည်း ဆက်တိုက်ကျွေးနိုင်ပါတယ်။

(၈)     ကလေးကို နို့ဗူးတိုက်ကျွေးပါက ကလေးနို့ဗူးနှင့် နို့ဖျော်ရာတွင်သုံးသည့် ကိရိယာတန်ဆာပလာများအား ပိုးမွှားအန္တရာယ်မှ ကင်းစင်အောင် ထားသိုရပါမယ်။ ကလေးနို့စို့ပြီးပြီးချင်း နို့ဗူးကို စင်ကြယ်စွာ ဆေးရမှာဖြစ်သလို အနည်းဆုံး တနေ့တကြိမ် ကလေးနို့ဗူး ၊ နို့သီးခေါင်းနှင့် နို့ဖျော်ရမှာသုံးတဲ့ ကိရိယာတန်ဆာပလာတွေကို ပြုတ်တာ ၊ ပေါင်းတာမျိုး လုပ်ပေးရပါမယ်။

(၉)     ဖြည့်စွက်စာ စစားတဲ့ ကလေးမှသည် အစာစားတတ်တဲ့ ကလေးတိုင်းကို တနေ့ သုံးနပ်မှန်မှန် ကျွေးရမှာပါ။ ကျောင်းသွားအရွယ်မှာ ထမင်းဗူးဖြစ်ဖြစ် ၊ အာဟာရဖြစ်စေတဲ့ သွားရည်စာဖြစ်ဖြစ် ထည့်ပေးလိုက်ရမှာပါ။ ထမင်းကျွေးတယ်ဆိုပြီး အခြားအာဟာရဓါတ်တွေပေးတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တို့ကိုလည်း ကလေးစားဖြစ်အောင် ထည့်သွင်းကျွေးပါမှ ကလေးဟာ အာဟာရပြည့်ပြည့်ဝဝ ရရှိမှာဖြစ်ပါတယ်။

BurmeseHearts Blog

(၁၀)   မိခင်ဟာ နောက်တသား ကိုယ်ဝန်ဆောင် မွေးဖွားလို့ အငယ်ကို နို့ချိုတိုက်ကျွေးပြီး မအားလပ်တဲ့တိုင်အောင် နို့ညှာကလေးကိုလည်း အာဟာရပြည့်ဝစွာ စားဖြစ်အောင် စီစဉ်ကျွေးမွေးပါမှ နို့ညှာကလေးဟာ သူရရှိသင့်တဲ့ အစာအာဟာရကို စားသုံးခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အငယ်ကလေးနည်းတူ နို့ညှာကလေးကိုလည်း ဂရုတစိုက် စောင့်ရှောက်ကျွေးမွေးရမှာပါ။

(၁၁)   ပတ်ဝန်းကျင်က ပိုးမွှားတွေကြောင့် ဝမ်းပျက် ၊ ဝမ်းလျှောကဲ့သို့သော ဝမ်းရောဂါကို ကလေးခံစားရရင် ကလေးဟာ အာဟာရချို့တဲ့နိုင်တဲ့အတွက် ယင်နားစာတွေကို ရှောင်ပြီးကျွေးပါ။ ကလေးအစာမစားခင် ကလေးရဲ့လက်နဲ့ အသုံးပြုတဲ့ ပန်းကန်ခွက်ယောက်တွေကို ကောင်မွန်စင်ကြယ်စွာ ဆေးကြောရမှာဖြစ်ပါတယ်။

(၁၂)   သန်လုံးကောင်ရောဂါသည်ကလေးဟာ အာဟာရချို့တဲ့နိုင်တဲ့အတွက် သန်ရှီတဲ့ကလေးတွေကို တနှစ်တခါသန်ချရမှာပါ။ လက်သည်းမှန်မှန်ညှပ်ပေးရမှာဖြစ်ပါတယ်။ သန်လုံးကောင်ရောဂါဟာ သန်ဥကြောင့် ဖြစ်လာတာပါ။ သား ၊ ငါး ကျွေးလို့ ကလေးသန်ထတာမဟုတ်တဲ့အတွက် သန်ထတဲ့ကလေးကို သား ၊ ငါး ကျွေးတာရပ်ပစ်လိုက်မယ်ဆိုရင် ကလေးဟာ အသားဓါတ်လျော့နည်းလာနိုင်ပါတယ်။ ဒါကြောင့် သန်လုံးကောင်ရောဂါရှိတဲ့ ကလေးငယ်တွေကို အသား ၊ ငါးတွေနဲ့ အခြား အာဟာရပြည့်ဝတဲ့ အစာတွေကိုလည်း မှန်မှန်ကျွေးပေးရမှာပါ။

(၁၃)   တီဘီ ၊ နမိုးနီးယား ၊ ဝက်သက် ၊ ကြက်ညှာချောင်းဆိုး စတဲ့ အဆုတ်ရောင်ရောဂါတွေဖြစ်လာရင်လည်း ကလေးအာဟာရချို့တဲ့လာတဲ့အတွက် ဒီရောဂါတွေမဝင်အောင် ကလေးကို ပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။

(၁၄)   သက်ဆိုင်ရာက ညွှန်ကြားထားတဲ့ ကာကွယ်ဆေးမှန်မှန်ထိုးခြင်းဟာ ကလေးငယ်တွေကို အာဟာရဓါတ်ချို့တဲ့စေတဲ့ ရောဂါတွေမဖြစ်ပွားအောင် ကာကွယ်ရာရောက်တဲ့အတွက် ကလေးကို သူ့အရွယ်အလိုက်ထိုးသင့်တဲ့ ကာကွယ်ဆေးတွေကို ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားတဲ့အတိုင်း ထိုးဖြစ်အောင် ထိုးပါ။

(၁၅)   အဆုတ်ရောင်ရောဂါဟာ ကူးစက်တတ်တဲ့ရောဂါဖြစ်တဲ့အတွက် ဒီရောဂါတွေ မကူးစက်ရအောင် ကလေးကို ရောဂါပိုးရှိနေတတ်တဲ့နေရာတွေ ၊ လူသူထူထပ်တဲ့နေရာတွေနဲ့ ညလုံးပေါက် ပွဲခင်းပြုလုပ်ရာနေရာတွေကို ခေါ်သွားတာမျိုး မလုပ်သင့်ပါဘူး။

(၁၆)   ကလေးဖျားတာပဲဖြစ်ဖြစ် ၊ ဝေဒနာတခုခု စွဲကပ်ခံစားရတာပဲဖြစ်ဖြစ် ကလေးကို အမြန်သက်သာအောင်ဆိုပြီး အစာငတ်ထားတာမျိုး မလုပ်သင့်ပါဘူး။ နေမကောင်းတဲ့ကလေးကို မြန်မြန် နလန်ထူနိုင်အောင် အစာအာဟာရပြည့်ပြည့်ဝဝ ကျွေးရမှာဖြစ်ပါတယ်။ အစာဖြတ်ဖို့လိုပါက သက်ဆိုင်ရာဆရာဝန်က ညွှန်ကြားမှာဖြစ်ပြီး ဆရာဝန်က အစာဖြတ်ပါလို့ ညွှန်ကြားချက် မရရှိမချင်း ကလေးကို အာဟာရဓါတ်ပြည့်ဝတဲ့ အစာမှန်သမျှကျွေးရမှာပါ။

ရတု (Burmesehearts.com)

ကိုးကား  – ကလေးအထူးကု သမားတော်ကြီး ဦးတင်ဦး (ကလေးနှင့်အာဟာရ)

 

You might also like