အဖော်စစ်နှင့် ခင်ပွန်းကောင်း ရွေးချယ်ကြမယ်

0

သားသမီးဆိုတာ မိဘနှစ်ဦးကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။
သားသမီးဆိုတာ မိဘနှစ်ဦးကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။

ဇနီးကိုယ်ဝန်ဆောင်နေစဉ် အလိုအပ်ဆုံးအရာ ဆိုတဲ့ ပို့စ်ကို ကျွန်မတင်ခဲ့တုန်းက အောက်က ကွန်မန့်မှာ အများဆုံးတွေ့ရတာက ခင်ပွန်းက ဇနီးသည်ကိုယ်ဝန်လွယ်တဲ့အချိန်မှာတောင် ဂရုမစိုက်တာတို့ ၊ ဒီလိုခင်ပွန်း ဒီခေတ်ထဲရှိပါ့မလားလို့ ဆိုတာတွေများနေပြီး ဒီလိုဂရုစိုက်တဲ့ခင်ပွန်းတွေ့ရလို့ ကျေးဇူးတင်တယ်ဆိုတာတွေ ၊ ဒီလိုဂရုစိုက်တဲ့ခင်ပွန်းရှိတယ်ဆိုတာတွေကိုလည်း မြင်ရပါတယ်။

အိမ်ထောင်တစ်ခု ထိမ်းမြားလက်ထပ်လိုက်ပြီဆိုရင် ဇနီးမောင်နှံ (လင်မယား)ဖြစ်လာပြီပေါ့။ လက်မထပ်ခင်က သူတို့နှစ်ဦးဟာ သွေးသားမတော်စပ်သူတွေဖြစ်တယ်။ လက်ထပ်ပြီး သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ရင် သူတို့နှစ်ဦးဟာ သူစိမ်း ပြန်ဖြစ်သွားမှာပါ။ စာချုပ်တစ်ခု (အသိအမှတ်ပြုမှတစ်ခု) ကြောင့် လင်မယားရယ်လို့ သူစိမ်းနှစ်ဦးက ပေါင်းစပ်နေကြတာဖြစ်ပါတယ်။ အဲဒီသူစိမ်းနှစ်ဦးပေါင်းလို့ရလာတဲ့ သားသမီးကျတော့ နှစ်ဦးစလုံးအတွက် သွေးသားတော်စပ်သွားပြီ။ မိဘနှစ်ဦးလမ်းခွဲလိုက်ရင် အနာကျင်ရဆုံး နဲ့ မျက်နှာအငယ်ရဆုံးက ဘာမှမသိ ၊ နားမလည်သေးတဲ့ (ဓါးစာခံ) သားသမီး ဖြစ်ပါတယ်။

သားသမီးကိုယ်ဝန်လွယ်ပြီး မီးဖွားဖို့တာဝန်ဟာ အမျိုးသမီးတွေ ထမ်းဆောင်ရတာပါ။ အမျိုးသမီးထုကို အကြံပေးလိုတာက သားသမီးယူမယ်လို့ မဆုံးဖြတ်ခင် မိမိခင်ပွန်းနဲ့ အပြည့်အဝ နားလည်မှုဖလှယ်ပြီးပြီလား ၊ သားသမီးအတွက် တာဝန်တွေ ခွဲခြမ်းယူကြဖို့ သဘောတူပြီးပြီလား ၊ သားသမီးကို ဘယ်လိုပြုစုပျိုးထောင်သွားမယ်လို့ ညှိနှိုင်းပြီးပြီလား အရင်ဆန်းစစ်ရမှာဖြစ်ပါတယ်။

ခုခေတ်မှာ သမီးရည်းစားတွေ လက်မထပ်ခင် အတူနေကြတယ်လို့ အတိုင်းသားကြားနေရတယ်။ ခေတ်ကာလရွေ့လျားပြောင်းလဲလာတယ်လို့လည်း ဆိုကြတယ်။ ခေတ်ဆိုတာ လူတွေကဖန်တီးပြောင်းလဲလိုက်တာမို့ သူတို့ကိုယ်နဲ့ သူတို့ဆန္ဒ ကိုယ်ကလိုက်တားလို့မှ မရဘဲလေ။ မိုးရွာနိုင်တယ်လို့ထင်ရင် ကျွန်မဂရုစိုက်မိတဲ့သူ မိုးမမိဖို့ ထီးယူသွားပါလို့ ကျွန်မသတိပေးမယ်။ ယူသွားတာ ၊ မယူသွားတာက သူ့ဆုံးဖြတ်ချက်လေ။

ဒီလိုနေထိုင်ရင် ဒါတွေကြုံရနိုင်တယ်လို့ ကျွန်မ သတိပေးပြီး မိသားစုဦးရေ ကန့်သတ်ခြင်းသည် ကလေးဖျက်ချခိုင်းခြင်းမဟုတ် ၊ ရင်သွေးအတွက် အစီအစဉ်ဆွဲခြင်းသန္ဓေတားခြင်း (အပိုင်း-၁)  ၊ သန္ဓေတားခြင်း (အပိုင်း-၂)  ၊ ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁)  ၊ ရက်ရှောင်၍ အတူနေနည်း အပိုင်း(၂)  စတဲ့ အရင်ပို့စ်တွေမှာ ကျွန်မရေးသားသားခဲ့ပြီးဖြစ်တယ်။ မိုးရေကိုကြိုက်နှစ်သက်သူဟာ မိုးစိုတာကို စိတ်အနှောင့်အယှက်တစ်ခုလို့ ခံစားချင်မှ ခံစားမှာပေါ့။ ဒီအတိုင်းပဲ ဘယ်သူက ဘယ်လိုသတိပေးပေး ကိုယ်လုပ်ချင်တာလုပ်တတ်သူက သူလုပ်ချင်ရာလုပ်မှာပဲ။ ဒုက္ခရောက်ကာမှ ရောက်ရောလေ။

အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ ဆိုစကား ကြားဖူးကြသလား ။ အိမ်ထောင်တစ်ခု ပျော်ပျော်ရွှင်ရွှင်နဲ့ ရေရှည် တည်တံ့ခိုင်မြဲဖို့ဆိုတာ အချင်းချင်း ညှိနှိုင်းပြီး နားလည်မှုယူသွားနိုင်မှ ဖြစ်ပါမယ်။ ချစ်လို့ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ ပြိုကွဲဖို့ရည်ရွယ်ချက်နဲ့ ဘယ်သူမှတည်ထောင်ခဲ့မှာ မဟုတ်ပါဘူး။ စေ့စပ်ညှိနှိုင်း နားလည်ခွင့်လွှတ်ပေးလို့ မရလွန်းတော့မှသာ ပြိုကွဲသွားရတာပါ။ ကျွန်မ အိမ်ထောင်ပြုကြောင်း အသိတစ်ယောက်ကို ပြောပြခဲ့ချိန်က သူကပြန်မေးတယ် ခင်ပွန်းက ဥစ္စာပြည့်စုံရဲ့လား ၊ ဗဟုသုတပြည့်စုံ နှံ့စပ်ရဲ့လားတဲ့။ အိမ်ထောင်တစ်ခုမှာ ဒါအရေးကြီးဆုံးလို့ ပြောလာတယ်။

မဆိုင်းမတွ ကျွန်မပြန်ပြောဖြစ်တာက အိမ်ထောင်တစ်ခုမှာ တစ်ဦးနဲ့တစ်ဦး ရိုးသားဖို့ ၊ နားလည်မှုရှိဖို့က အခြေခံအကျဆုံးပါလို့ ။ ဥစ္စာငွေကြေး ဂုဏ်ဒြပ်တွေဆိုတာ အချိန်နဲ့အမျှ ကြိုးစားလုပ်ယူသွားလို့ရတယ်။ ဗဟုသုတဆိုတာလည်း ဆန္ဒရှိသမျှ ရှာမှီးတည်ဆောက်သွားလို့ရတယ်။ နှစ်ဦးသဘောတူ တည်ထောင်ထားတဲ့ အိမ်ထောင်တစ်ခုမှာ တစ်ဦးကတစ်ဦးအပေါ် မရိုးသားဘူးဆိုရင် ၊ နားလည်မှုအပြန်အလှန် မပေးနိုင်ရင် ဘာတွေ ဘယ်လောက်ပြည့်စုံနေပါစေ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုတော့ ဖြစ်လာမှာမဟုတ်ပါဘူး။

BurmeseHearts Blog

အိမ်ထောင်တစ်ခုမှာ ငွေကြေးဆိုတာ အတိုင်းအတာတစ်ခုအထိ အရေးပါတဲ့နေရာက ရပ်တည်နေပေမယ့် ငွေကြေးပြည့်စုံသူတိုင်းဟာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ရရှိထားကြတာ မဟုတ်ပါဘူး။ ငွေတွေ ၊ ဂုဏ်တွေပြည့်စုံရင်ပြီးရောဆိုလို့တွေးရင် ညှိနှိုင်းသဘောတူမှုယူမယ်ဆိုတာတွေ နောက်ရောက်သွားမှာပဲ။ နောင်မှ ခင်ပွန်းကဂရုမစိုက်တာ ၊ ဖောက်ပြန်တာကို အပြစ်မပြောကြေးလေ။

အိမ်ထောင်ဘက်ကို မတောင့်မတထားနိုင်ရင် အိမ်ထောင့်တာဝန်ကျေပြီလို့ ယူဆရင်မှားမှာပေါ့။ ငွေကြေးပြည့်စုံရင် အရာရာပြည့်စုံပြီဆိုပြီး ငွေရှိတဲ့သူကိုမှ လက်ထပ်နိုင်ခွင့်ရဖို့ ကြိုးစားရင် တချိန် ငွေပုံပေါ်ထိုင်ပြီး စိတ်ဆင်းရဲရတဲ့ဘဝကို ပိုင်ဆိုင်ရမှာပါ။

သမီးရည်းစားအဆင့်ကတည်းက ညှိနှိုင်းတတ်ကျင့် ၊ ဆွေးနွေးဖလှယ်တတ်ကျင့် ၊ တခုခုဆုံးဖြတ် လုပ်ကိုင်တော့မယ်ဆို နှစ်ဦးသဘောတူမှ လုပ်ကိုင်တဲ့အကျင့် ၊ ကိုယ့်ခံစားမှုကို ပွင့်ပွင့်လင်းလင်း ပြောဆိုကျင့် ၊ သူစွဲစွဲမြဲမြဲ ကြိုက်နှစ်သက်တဲ့အရာတွေကို လက်ခံပေးဖို့ကြိုးစားကျင့် ၊ လက်မခံနိုင်ရင် ဘယ်လိုဆိုးကျိုးကြောင့် လက်မခံနိုင်တာပါဆိုပြီး ပြောင်းလဲယူနိုင်ဖို့ ကြိုပြီး ကြိုးစားကျင့် စသဖြင့်ကို လေ့ကျင့်သွားရမှာဖြစ်ပါတယ်။

လုံဝမပြောင်းလဲနိုင်တဲ့ သူ့အကျင့်ကို စိတ်ဆိုး ၊ စိတ်ကောက် ၊ ရန်ဖြစ် ၊ စကားများ ၊ ခဏတာပြတ်စဲလိုက် ၊ ပြန်ချော့ ပြန်ပြေလိုက် ၊ ပြန်တည့်ပြီး အဆင်ပြေသွားလိုက် ၊ ပြန်ချစ်ကြ ပြန်တွဲကြ …. ဒါတွေဟာ ချစ်သူဘဝမှာ ရင်ခုန်စရာ ၊ စိတ်လှုပ်ရှားစရာ ၊ ခံစားချက်အသစ်အဆန်းတစ်မျိုးလို ရန်ဖြစ်ပြီးပြန်တည့်ချိန်မှာ ပိုဂရုစိုက်လာတော့ တကယ်စိတ်မဆိုးလဲ စိတ်ကောက်ပြ ၊ စိတ်ဆိုးပြ ဟုတ်နေတာပေါ့။

လက်ထပ်လို့ အိမ်ထောင်တစ်ခု ထူထောင်လိုက်တယ်ဆိုတာကတော့ တကယ့်လက်တွေ့ဘဝကို နှစ်ယောက်အတူလက်တွဲပြီး သွားလိုက်တာပါ။ သမီးရည်းစားတုန်းကလို ကောက်လိုက် ၊ ချော့လိုက် သာယာကြည်နူးနေနိုင်လှ အများဆုံး သုံးနှစ်ပေါ့။ အိမ်ထောင်သက်ရင့်လာတာနဲ့ ဘဝလိုအပ်ချက်တွေက ရှိလာပြီ။ ငွေကြေးလိုအပ်ချက် ၊ နားလည်မှုလိုအပ်ချက် ၊ ပျော်ရွှင်မှုလိုအပ်ချက် ၊ ချစ်ခင်မှုလိုအပ်ချက် ဒါတွေက သမီးရည်းစားဘဝထက် ဒီဂရီမြင့်လာပြီ။

မြင်ပါများရိုးတယ်ဆိုတဲ့ စကားကို ကြားဖူးသလား ။ မျက်လုံးနှစ်လုံးပွင့်ရင် မြင်ရတဲ့ရုပ်ကဒီရုပ် ၊ အလုပ်ကပြန်လို့ အိမ်ရောက်ပြီဆိုကတည်းက ဒီရုပ်ပဲမြင်ရတာ အိပ်ယာတဲ့ဝင်တဲ့အထိ သုံးနှစ်တိုင်ခဲ့ပြီ။ အမြင်ရိုးလာပြီ။ ဒါ သဘာဝပဲ။ မရိုးသွားနဲ့လို့ သွားပြောလို့မရဘူး။ ပြင်ပြင်ဆင်ဆင်ဖြစ်နေတဲ့အလှကိုမက်လို့ ယူခဲ့တဲ့ယောက်ျားဟာ အိပ်ယာထဲမှာ မပြင်မဆင် အိပ်မောကျနေတဲ့ (ဟောက်လဲဟောက်နေနိုင်တဲ့) ဇနီးကို သုံးနှစ်ကြာပေါင်းပြီးနောက် ဘယ်လို သဘောထားနိုင်သလဲ။ ကလေးတဖက်နဲ့ ဖိုသီဖတ်သီ ၊ ပုံပျက်ပန်းပျက် ဖြစ်သွားရင် ပိုဆိုးတာပေါ့။

ဗျစ်တောက် ဗျစ်တောက် ပြောတတ်တဲ့ ဇနီးကိုပေါင်းသင်းမိတဲ့ နားအေးပါးအေးနေချင်တဲ့ ခင်ပွန်းက ဘယ်လိုခံစားချက်မျိုး ဖြစ်နိုင်သလဲ။ ဝေးလေနားအေးလေ ၊ မမြင်ရလေ စိတ်ချမ်းသာလေဆိုတဲ့ ခံစားချက်တွေဟာ ဒီကစတာပဲ။ အစကတည်းက မစစ်မှန်တဲ့မေတ္တာနဲ့ ရိုးအီလာတဲ့ အိမ်ထောင်သက် ပေါင်းလိုက်တဲ့အခါ “ရှင်အရင်ကလို မဟုတ်တော့ဘူး” ဖြစ်လာတယ်။ သမီးရည်းစားတုန်းကလို မဟုတ်တော့ဘဲ ပြောင်းလဲလာတဲ့ ခင်ပွန်းကို မကျေနပ်ချက်တွေ ပိုလာတယ်။ ဒါဟာ တစ်ဦးအပေါ်တစ်ဦး လေးလေးနက်နက် မလေ့လာမိလို့ ဖြစ်လာတာပဲ။

နဂိုကတည်းက ကွမ်း ၊ အရက် ၊ လောင်းကစား ၊ ဘိန်း ၊ မိန်းမအရှုပ်အဂျင်း ကိစ္စတွေမှာ စွဲစွဲမြဲမြဲလုပ်နေသူတွေကို ချစ်ကြိုက်မိတဲ့သူဟာ သူကြိုက်တဲ့အရာကို လက်ခံပေးနိုင်ဖို့ နားလည်ပေးနိုင်ဖို့ ကြိုးစားရတော့မှာပဲ။ ပြောင်းလဲကြည့်မယ်လို့ စိတ်ကူးရင်တော့ ကြိုးစားကြည့်ပါ။ အဲဒီအရာတွေထက် ကိုယ့်ကိုပိုလိုအပ်တယ်ဆို ပြောင်းလဲသွားမှာဖြစ်ပေမယ့် အဲဒီအရာတွေကို ဖြတ်မရအောင် စွဲနေပြီဆိုရင်ဖြင့် ကိုယ်နဲ့ပြတ်ရင်ပြတ် ၊ မပြတ်ရင် ကိုယ့်ရှေ့ခဏတာ ဒီအရာတွေကို ပြတ်သွားသယောင် ဟန်ဆောင်မှာပါ။

တကယ်ပဲ သူဟာခံယူချက်ပြောင်းပြီး ဒါတွေ စွန့်လွှတ်လိုက်သလားဆိုတာ ထဲထဲဝင်ဝင် လေ့လာတတ်ရမယ်။ ကိုယ်နဲ့တွဲတုန်း တခဏတာ ကိုယ့်ရှေ့မလုပ်ဘဲ ဖြတ်ထားတာကို တဘဝတာ ပြတ်သွားတယ်လို့ထင်ပြီး ပေါင်းသင်းမိရင်ဖြင့် နောင်မှာ စိတ်ဆင်းရဲရမှာပါ။ သူကိုယ်တိုင် ယုံကြည်လက်ခံပြီး ဖြတ်ချင်စိတ်မရှိသရွေ့ ၊ ပြတ်အောင်ဖြတ်မယ်လို့ စိတ်မခိုင်သရွေ့ သူဟာစွဲစွဲမြဲမြဲ ဆက်လုပ်နေဦးမှာဖြစ်တယ်။ ဒါကို ကြိုသိထားဖို့ ၊ ကြိုလက်ခံထားနိုင်ဖို့လိုတယ်။ လက်ခံနိုင်တယ်ဆိုရင် ရှေ့ဆက် ၊ လက်မခံနိုင်ရင် မယူခင်ကတည်းက နောက်ဆုတ် လမ်းခွဲပေါ့။ ယူပြီးမှ သုံးစွဲတတ်လာတာတော့ သူ့အကြောင်းနဲ့ ကိုယ့်ကံတရားပေါ့။

မိမိထက် အလုပ် ၊ စီးပွားရေး ပိုအချိန်ပေးတတ်သူ …. ဒီလိုလူမျိုးကျတော့ ကိုယ့်မိသားစုအရေး လုပ်နေ ၊ ကြိုးစားနေသလိုပဲ။ ဒါပေမယ့် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဆိုတာ သူမပါဘဲတော့ မဖြစ်ဘူးလေ။ သမီးရည်းစားတုန်းကတောင် မိမိထက် စီးပွားရေး ၊ အလုပ်ဆိုတာကို ဇောင်းပေးထက်သန်နေသူကို ညားပြီးမိမိအနား အချိန်ပိုပေးမှာပါလို့ထင်နေရင် မှားမယ်။ ပေးနိုင်ရင်လဲ ခဏပေါ့။  အိမ်ထောင်သက်ကြာလို့ ရိုးအီလာတဲ့အချိန်မှာ ဘယ်လိုရှိမလဲ။ ပြေးကြည့်စရာမလိုဘူး ၊ တွေးကြည့်ရုံနဲ့ သိနိုင်တယ်။

တူနှစ်ကိုယ် အိမ်ထောင်ရေးအတွက် နက်နက်နဲနဲ စဉ်းစားတွေးမယ်ဆို ခံစားချက်ကို သပ်သပ်ဖယ်ထားမယ်။ ငါဟာ ဘယ်လိုအိမ်ထောင်ရေးမျိုးကို ထူထောင်လိုသလဲဆိုတာ ကိုယ့်ကိုယ်ကို ပိုသိအောင် အရင်လုပ်ရမယ်။ ရည်းစားဘဝမှာ ကိုယ်လိုချင်တဲ့ အိမ်ထောင်ရေးပုံစံကို သူ့ဆီက မရနိုင်ဘူးလို့ထင်နေရင် အချိန်ကုန်မခံနဲ့ ။ ယူပြီးမှ သားတွဲလဲ ၊ သမီးတွဲလဲနဲ့ စိတ်အဆင်းရဲခံပြီးပေါင်းရတာ ၊ အိမ်ထောင်ပြိုကွဲရတာ ၊ အိမ်ထောင်ဆက်များရတာထက်စာရင် မယူခင် သဘောထားချင်းမတိုက်ဆိုင်လို့ လက်တွဲဖြုတ်တာက ပိုကောင်းတယ်။

လက်ထပ်ပြီးသွားပေမယ့် ဘယ်သူဘာပြောပြော ကလေးချက်ချင်းမယူနဲ့ဦး ။ သားသမီးမယူခင်  နှစ်ဦးအပြန်အလှန် နားလည်မှု ၊ ယုံကြည်မှုဆိုတာတွေကို အများကြီး တည်ဆောက်ရဦးမယ်။ မယူခင်တုန်းက အတူပေါင်းသင်းနေထိုင်ချင်လို့ လိုက်လျောလုပ်ပြတဲ့အကျင့်တွေ ၊ ယူပြီးမှသိလာနိုင်တဲ့ သူ့အကျင့် ကိုယ့်အကျင့်တွေကို အပြန်အလှန် နားလည်မှုပေးဖို့ ၊ သမီးရည်းစားတုန်းက တစ်ဦးနဲ့တစ်ဦး ပိုမြတ်နိုးဖို့ ၊ ချစ်ဖို့ ၊ ပိုဂရုစိုက်ပြဖို့ကို တွေ့ချိန်ခဏလေး လုပ်ပြနိုင်ပေမယ့် တကယ်ပေါင်းသင်းလို့ နှစ်ကြာလာတဲ့အခါ ပြောင်းလဲသွားတဲ့ အမူအကျင့်ကိုယ်စီကို အပြန်အလှန် နားလည်မှု ပေးနိုင်ဖို့ ၊ လက်ခံနိုင်ဖို့ဆိုတာလည်း ကြိုးစားရဦးမယ်။

ဒီနေရာမှာ ခင်ပွန်းဘက်ကချည်း ပြောင်းလဲတယ်လို့ထင်ရင် မှားမှာပေါ့။ မိမိကိုယ်တိုင် သတိမထားမိလိုက်ဘဲ ဇနီးဘက်က ပြောင်းလဲသွားတာမျိုးလည်း ရှိပါတယ်။ အမြဲတမ်းချိုချိုအေးအေးဆိုတတ်တဲ့ ချစ်စဖွယ် တီတီတာတာချွဲနွဲ့တတ်တဲ့ ဇနီးဟာ ဗျစ်တောက် ဗျစ်တောက် ပြောတတ်တဲ့ အိမ်သူသက်ထားအဖြစ် ပြောင်းသွားနိုင်ပါတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ လက်မထပ်ဘဲ နှစ်ရှည်အတူတွဲပေါင်းသင်းလာတဲ့ စုံတွဲတွေတောင် လက်ထပ်ပြီး ၊ သားသမီးရပြီး ပြောင်းလဲသွားတဲ့ အကျင့်တွေကြောင့် အိမ်ထောင်ကွဲကြတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်မကြိုက်တဲ့ (သူကိုယ်တိုင်လဲ ပြောင်းလဲဖို့ခက်တဲ့) သူ့အကျင့်တွေကို လက်ခံနိုင်ပြီလား ၊ ကိုယ့်အကျင့်တွေကိုရော သူလက်ခံပေးနိုင်ပြီလား ဆိုတာကို အရင်သိအောင်လုပ်ရပါမယ်။

လက်ထပ်ပြီးနောက် ပျော်ရွှ့င်ရတဲ့အချိန်တွေနဲ့ ရန်ဖြစ်စကားများ ဝမ်းနည်းရတဲ့အချိန်တွေကို နှိုင်းယှဉ်ပါ။ ဝမ်းနည်းရတဲ့အချိန် ၊ အလိုမကျတဲ့အချိန်တွေ များနေပြီဆိုရင်ဖြင့် အဲဒီဇနီးမောင်နှံဟာ ကလေးယူဖို့ (သားသမီးတာဝန်ထမ်းဖို့) အဆင်သင့်မဖြစ်သေးပါဘူး။ သားသမီးယူပြီးရင် သူ့ဝန် ၊ ကိုယ့်ဝန်အပြင် သားသမီးတာဝန်ပါ ပါလာပြီ။ နှစ်ယောက်တည်း နေတုန်းကတောင် တာဝန်မျှဝေခွဲယူမှု ၊ နားလည်ပေးမှု ၊ ပွင့်လင်းမှု ၊ ဂရုစိုက်မှုဆိုတာမျိုးတွေ ရှားနေရင် သားသမီးယူပြီးတဲ့အခါ ပြောင်းလဲသွားမှာပါလို့ ဇွတ်မှိတ်ယုံပြီး ကလေးယူလိုက်ရင် ပြောင်းလဲမလာခဲ့တော့ ကိုယ်သာလျှင် ပိုစိတ်ဆင်းရဲရပါလိမ့်မယ်။

ဒါ့အပြင် ငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက် – ဇနီးမောင်နှံ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် အလုပ်ထွက်လုပ်နိုင်ချိန်မှာတောင် အိမ်လခ ၊ အခွန် ၊ စားသောက်နေထိုင် ဝတ်စားစရိတ် ၊ ဗာဟီရစရိတ်တွေနဲ့ ဖတ်သပ်ဖတ်သပ်ဖြစ်နေပြီး စုဆောင်းငွေဆိုတာ လုံလုံလောက်လောက် မရှိသေးရင်လည်း သားသမီးယူဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ မိဘတာဝန်ကျေဖို့ကို အရင်ပို့စ်တွေဖြစ်တဲ့ ဇနီးကိုယ်ဝန်ဆောင်နေစဉ် အလိုအပ်ဆုံးအရာ မွေးဖွားပေးလိုက်ရုံနှင့် မပြီးသည့် မိဘတာဝန် ဖြည့်စွက်သင့်သည့် မိဘဝတ် ၊ တာဝန်ကျေနိုင်ပါ့မလား ၊ အပြစ်ဖြစ်ခဲ့ရသူများ မှာ ကြိုဖတ်မှတ်ထားနိုင်ပါတယ်။

ကလေးမယူခင်ကတည်းက ကြိုတင်စီစဉ်နားလည်မှု မရယူထားဘဲ အကြောင်းကြောင်းကြောင့် သားသမီးရပြီးမှ တစ်ကပြန်စရအောင်ဆိုရင် နောက်ကျနေပါပြီ။ ကိုယ်လဲစိတ်ဆင်းရဲရမှာဖြစ်သလို သားသမီးလည်း စိတ်ဒဏ်ရာနဲ့ ကြီးပြင်းရတော့မှာပါ။ ဒီအခါ ဘယ်သူ့ကိုအပြစ်တင်မလဲ။ အပြစ်တင်နေရုံနဲ့လဲ ပြန်အဆင်ပြေသွားမယ့်ဘဝမဟုတ်တော့ ကလေးပိုက် ၊ ဒုက္ခပိုက် ၊ စိတ်ဆင်းရဲမှုပိုက်ပြီး နောင်တပါ ပိုက်ရလေဦးမှာပေါ့။ အိမ်ထောင်တိုင်းသာယာပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ရင် ဘယ်လောက်ကောင်းမလဲနော်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like