Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အပြစ်ဖြစ်ခဲ့ရသူများ – BurmeseHearts

အပြစ်ဖြစ်ခဲ့ရသူများ

0

အမှားလုပ်တဲ့သူက အပြစ်ဖြစ်တယ်။ အပြစ်ဖြစ်လို့ အပြစ်တင်ကြတယ်။ အပြစ်တင်ကြလို့ အမှားလုပ်သူက သူ့အမှားကို သိတာနဲ့ အပြစ်ရှိသလို ခံစားရတယ်။ တစ်ခါတစ်လေမှာ အမှား၊ အမှန်ကို သေချာမသိဘဲ အပြစ်တင်တဲ့သူများတာကြောင့် အပြစ်ရှိရှိ မရှိရှိ အပြစ်ရှိတယ်လို့ ခံစားနေရသူတွေလဲရှိတယ်။ အမှား အမှန်သိသိ မသိသိ၊ အပြစ်ရှိရှိ မရှိရှိ တာဝန်မသိတတ်သူကတော့ ဘယ်တော့မှ အပြစ်ရှိတယ်လို့ မခံစားရဘူး။ အဲဒါတွေထက် ပိုဆိုးတာက အမှား အမှန်ဆိုတာလဲမသိ၊ အပြစ်ရယ်လို့ လုံးဝမရှိပါဘဲ အပြစ်တင်ကြသူတွေကြောင့် အပြစ်ရှိသူရယ်လို့ ခံစားနေရသူတွေပါပဲ။ ဒီလိုလူမျိုးတွေကို ကလေးအရွယ်တွေမှာ အများဆုံးတွေ့ရပါတယ်။

ဘာသာမရွေး၊ လူမျိုးမရွေး၊ လူတန်းစားမရွေး လူ့ဘ၀ရယ်လို့ရဖို့ဆိုတာ လူတွေက ခေါ်သွင်းလာမှဖြစ်တာပါ။ ဓါတ်ခွဲခန်းကပဲဖြစ်ဖြစ်၊ သဘာဝအတိုင်း မွေးလာတာပဲဖြစ်ဖြစ် ဘယ်လိုပဲလူဖြစ်လာလာ လူတွေရဲ့ မျိုးစေ့ဆိုတာတော့ လိုကြတာပါပဲ။ လူတွေရဲ့မျိုးစေ့က ဒီလိုလူတွေဖန်တီးလို့ သန္ဓေသားဆိုတာ ဖြစ်လာခဲ့တာပါ။ ဒီသန္ဓေသားက လူတွေကို ဖန်တီးခွင့်၊ ရွေးချယ်ခွင့် မရှိတဲ့အချိန်မှာ လူတွေက သန္ဓေသားကို ဖန်တီးခဲ့၊ တနည်းနည်းနဲ့ ရွေးချယ်ခဲ့လို့ သန္ဓေသားဘ၀ ရောက်ခဲ့တာပါ။

သန္ဓေသားရယ်လို့ ဖြစ်လာပြန်တော့လဲ ခေတ်မီနည်းပညာတွေတိုးတက်နေတဲ့ ဒီခေတ်ကြီးထဲ ဒီသန္ဓေသားကို လူဖြစ်တဲ့ထိ မွေးမလား၊ လူမဖြစ်အောင် သုတ်သင်လိုက်မလားဆိုတာလဲ ဒီလူတွေက ရွေးချယ်ဆုံးဖြတ်ခွင့်ရှိခဲ့တာပါ။ သန္ဓေသားက ရွေးချယ်ခွင့်ဆိုတာ မရှိခဲ့ပါဘူး။ အကြောင်းကြောင်းကြောင့် ဒီသန္ဓေသားကို လူဖြစ်အောင်မွေးခဲ့ပြီးရင် လူတစ်လုံး၊ သူတစ်လုံး ဖြစ်အောင်၊ သူ့ဘ၀ကိုသူ ရွေးချယ်ရပ်တည်နိုင်တဲ့အထိ ကျွေးမွေးထောက်ပံ့ဖို့ သူ့ကို ဦးဆောင်ခေါ်လာတဲ့သူမှာ တာဝန်ရှိပါတယ်။

ဒီတာဝန်ကို မထမ်းနိုင်ရင် ထမ်းနိုင်တဲ့သူကို မွေးစားဖို့ဖြစ်ဖြစ်၊ တကယ်ကြည့်ရှု စောင့်ရှောက်မဲ့သူ တစ်ယောက်ယောက်ကိုဖြစ်ဖြစ် ပေးထားလိုက်ရင်လဲ ဖြစ်ပါတယ်။ ဒါတွေတစ်ခုမှမရွေးချယ်ခဲ့ဘဲ ကိုယ့်ရှေ့မှာ ကြီးပြင်းတဲ့အထိ ကျွေးမွေးစောင့်ရှောက်တဲ့ မိဘတွေက အရေအတွက်ပိုများပါတယ်။ ဒီလိုပံ့ပိုးဖို့ ရွေးချယ်ခဲ့ပြီးမှ နေ့တဓူဝ ကိုယ့်သားသမီးကိုယ် အပြစ်တင်နေတဲ့သူ၊ ကြိမ်းမောင်းဆူပူနေတတ်သူ၊ အပြစ်ရှာရိုက်နှက်တတ်သူ၊ ခိုင်းစားပြီးငွေရှာခိုင်းတတ်တဲ့ မိဘအရေအတွက် ဘယ်လောက်များ များနေပြီလဲ။

ကိုယ့်သားသမီးကိုယ် ဂြိုလ်ကောင်၊ ဂြိုလ်ကောင်မ၊ အကျိုးမပေးတဲ့ဟာ၊ မိဘကို ဒုက္ခပေးတဲ့ဟာစသဖြင့် မပြောဆိုဘူးတဲ့မိဘ အတော်ရှားပါတယ်။ သားသမီးက အတော်သိတတ်နားလည်တဲ့ အရွယ်ရောက်သည်အထိ တကယ်ဆိုးသွမ်းလို့၊ ပြောဆိုဆုံးမလို့မရလို့ ဒီလိုစကားမျိုးတွေနဲ့ အကြမ်းအချော့ လှည့်ဆုံးမတာ နားလည်လို့ရပေမယ့် ဘာမှသိပ်မသိတတ်သေးတဲ့ လူမမယ်ကလေးငယ်တွေကို ဒီလိုစကားတွေနဲ့ နှိပ်စက်နေတဲ့မိဘတွေလဲ ဒုနဲ့ဒေးပါပဲ။

အကောင်း အဆိုး၊ အမှား အမှန်ကို ခွဲခြားနားလည် သိတတ်တဲ့ အရွယ်မှာ မိဘက ဒီလိုကြမ်းကြမ်း ပြောဆိုဆုံးမရင်တောင် ဒီစကားကို ဘယ်သားသမီးမှ ကြားလို့နားဝင်ချိုတယ်ဆိုတာ မရှိပါဘူး။ ကြားပါများ ထွက်သွားလို့ရရင် ထထွက်သွားတတ်ကြပါတယ်။ အကောင်း အဆိုး၊ အမှား အမှန်ကို မသိသေးတဲ့ လူမမယ်ကလေးငယ်တွေကို ဘာရယ်မဟုတ်ဘဲ ဒီစကားပြောပါများလာပါက ကလေးငယ်၏ စိတ်ထဲတွင် တကယ်ပဲ ၎င်း၌ အပြစ်ရှိနေသလို ခံစားလာရတတ်ပါတယ်။ အမှားဆိုတာကိုမသိသေးဘဲ လူဖြစ်လာပြီး မိဘက ကိုယ့်ကိုအပြစ်တင်ဖန်များလာတော့ (မိဘပြောတာ ဘာမဆိုအဟုတ်ထင်တတ်တဲ့ ကလေးအရွယ်မို့) မိမိတကယ်မှားခဲ့သလို၊ အပြစ်ရှိသလို ခံစားလာရတတ်ပါတယ်။

မိဘက အပြစ်တင်ဖန်များလာတော့ ဒီကလေးက မိမိမှာ အပြစ်တွေများနေသလို၊ အမှားတွေများနေသလို ခံစားလာရတယ်။ အပြစ်တွေချည်းတင်နေပါက အပြစ်တွေချည်းလုပ်မိသလို၊ အမှားတွေချည်းလုပ်မိသလို ခံစားလာရပါတယ်။ အမှားတွေချည်း လုပ်မိသလို ခံစားလာရပါက ဘာလုပ်လုပ်မှားတော့မှာပဲလို့ ခံစားလာရတယ်။

ဒီလိုခံစားလာရတဲ့ကလေးမျိုးတွေက နှစ်မျိုးနှစ်စား ဆန့်ကျင်ဘက် ကွဲထွက်သွားတတ်ပါတယ်။ တစ်မျိုးက ဘာလုပ်လုပ်မှားမှာမို့ ဘာမှမလုပ်ရဲ၊ မလုပ်ချင်တော့တဲ့ ပေတေတေ၊ ပေကပ်ကပ် ကလေးတစ်ယောက် ဖြစ်လာတတ်ပါတယ်။

နောက်တစ်မျိုးက ဘာလုပ်လုပ်မှားမဲ့အတူတူ မထူးဘူး။ လုပ်ချင်တာ လုပ်ကိုလုပ်တတ်တဲ့ (မိဘစကားနားမထောင်၊ အမှားအမှန်မတွေးခေါ်ချင်တော့တဲ့) လက်ရဲဇက်ရဲ ကလေးတစ်ယောက်ဖြစ်လာတတ်ပါတယ်။

ဒီလို နှစ်မျိုးစလုံးထဲမပါဘဲ မိဘကလဲ အမြဲအပြစ်တင်တတ်တဲ့ ကလေးတွေက ကိုယ်ပိုင်ယုံကြည်ချက်မဲ့နေတတ်ပါတယ်။ မိဘကိုလဲကြောက်၊ မိဘဆွေမျိုးအသိုင်းအ၀န်းက အတင်းခိုင်းလို့လုပ်ရပေမယ့် မိမိလုပ်ခဲ့တဲ့အလုပ်အပေါ် ယုံကြည်ချက်မရှိပါဘူး။ ပြီးပြီးရော လုပ်တတ်တဲ့ အကျင့်ရလာတတ်ပါတယ်။

ဘာလုပ်လုပ်မှားမယ်လို့ခံစားပြီး ဘာမှမလုပ်ရဲတော့တဲ့ ကလေးအနာဂါတ်က ဘယ်လိုကောင်းနိုင်ပါတော့မလဲ။ မှားမဲ့အတူတူမထူးဘူး လုပ်ချင်တာလုပ်တတ်တဲ့ လက်ရဲဇက်ရဲ ကလေးရဲ့အနာဂါတ်မှာလဲ တရားမျှတမှုမဲ့နေတတ်ပါတယ်။ ကိုယ်ပိုင်ယုံကြည်ချက်ဆိုတာမရှိဘဲ သူများပြောလို့ ကြောက်ကြောက်နဲ့ လိုက်လုပ်ပြီးကြီးပြင်းလာတဲ့ ကလေးအနာဂါတ်ဟာလဲ မိမိဘာသာ ဘာလိုချင်မှန်းမသိ၊ ဘာကိုယုံကြည်ရမှန်းမသိ ဟိုလိုလို၊ ဒီလိုလို ရောယောင်ရင်း မိမိတကယ်ဖြစ်ချင်တဲ့ ဘ၀ရည်မှန်းချက်ဆိုတာ ပျောက်နေတတ်ပါတယ်။

ကလေးတိုင်းက ပင်ကိုယ်အရည်အသွေးတွေ ရှိကြပါတယ်။ ဒီအရည်အသွေးတွေကို မိဘကဂရုတစိုက်နဲ့ ထူးချွန်လာအောင် အားပေးတဲ့မိဘအရေအတွက် ဘယ်လောက်များရှိပါသလဲ။ အားပေးတယ်ဆိုတာ ငွေနဲ့အားပေးမှ အားပေးတယ်လို့ဆိုရာ မရောက်ပါဘူး။ ငွေမပေးနိုင်တဲ့မိဘက စကားနဲ့၊ စိတ်ဓါတ်နဲ့ အားပေးလို့ရပါတယ်။ ငွေဆိုတာလူကဖြစ်လာတာမို့ လူစွမ်းရင် ငွေဆိုတာ မခမ်းပါဘူး။ ဒီအခါ ငွေရှိတဲ့မိဘတွေက မိမိသားသမီးတွေကို ငွေလမ်းခင်းပေးထားရုံနဲ့ ကလေးတိုင်း အရည်အသွေးထူးချွန် အောင်မြင်ကြတာမဟုတ်ပါဘူး။ ကလေးတွေအဓိကလိုတာ စိတ်ဓါတ်ခွန်အားပါ။ မိဘရဲ့ တကယ်ယုံယုံကြည်ကြည် အားပေးတဲ့စကား၊ ရင်ထဲကလာတဲ့ စိတ်ဓါတ်ခွန်အားတွေက သားသမီးတွေအတွက် အကောင်းဆုံး အားဆေးပါ။

ဒီလိုမှမဟုတ်ဘဲ မိမိကိုယ်ဝန်လွယ်ထားရကတည်းက ဘယ်လိုပြဿနာစတာ၊ ဘယ်လိုဒုက္ခရောက်တာ၊ ဘယ်လို ဘယ်ဝါစသဖြင့် ဒီကလေးရခဲ့ခြင်းကပဲ ဂြိုလ်ဆိုးတစ်ခုလို လောကဒဏ်ခံရတိုင်း အပြစ်မဲ့ကလေးလို တဖွဖွအပြစ်တင်တတ်သော၊ အပြစ်ရှာရိုက်နှက်တတ်သော၊ နင်လဲတာဝန်ရှိတယ်လို့ အပြစ်တင်ခိုင်းစားတတ်သော မိဘများအား ဒီနေရာမှမေးလိုက်ပါရစေ။ လူ့လောကကို ဒီအချိန်မှာ ဒီပုံစံနဲ့ ဒီလူတွေရဲ့ သားသမီးဖြစ်လာဖို့ ဒီကလေးမှာ ရွေးချယ်ခွင့် ရှိခဲ့ရဲ့လားဆိုတာကိုပါ။

ဒီလိုလူဖြစ်လာခွင့်ဆိုတာ ရွေးချယ်ခွင့်မရှိတဲ့ကလေးတစ်ယောက်ဟာ သင်တို့မကြိုက်တဲ့ လောကဆင်းရဲဒဏ်အမျိုးမျိုးကို ကလေးကကော ကြိုက်ပ့ါမလား။ မကြိုက်တဲ့သူ အတူတူချင်း မိဘမို့လို့၊ ပြောခွင့်ရှိသူမို့လို့ နင့်ကြောင့်ဆိုပြီး မဲအပြစ်တင်နေတာတော့ တကယ်လွန်လွန်းပါတယ်။ အပြစ်မလုပ်ရပါဘဲ အပြစ်ဖြစ်နေရသော ကလေးများအရေအတွက် ဒီ့ထက်နည်းပါးသွားပါစေလို့ ဆန္ဒပြုရင်း ………

အမှုန် (Burmesehearts.com)

You might also like