ရှေ့သို့မဆက်ခင် အနောက်သို့ မျှော်တွေးပါ

2

သမီးရည်းစားအဆင့်မှာတောင် မပျော်ရွှင်ရရင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို သူနဲ့ထူထောင်နိုင်ပါ့မလား။
သမီးရည်းစားအဆင့်မှာတောင် မပျော်ရွှင်ရရင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို သူနဲ့ထူထောင်နိုင်ပါ့မလား။

အိမ်ထောင်ရေးဆိုတာ ခြေလှမ်းကျွံသွားရင် “တခုလပ်”ဆိုတဲ့ နာမည်ပျက်နဲ့ ပြန်ထွက်ရတာမျိုးပါ။ နှစ်အိမ်ထောင်ပျက်ရင် နှစ်ခုလပ်ဖြစ်ပြီး အခါခါပျက်ရင်တော့ အခါခါလပ်သူ ၊ အိမ်ထောင်ဆက်များသူ ဖြစ်သွားတော့တာပဲ။

သာယာတဲ့အိမ်ထောင်ရေးကိုမှ ထူထောင်ချင်တယ်ဆိုရင် တသက်စာ လက်ထပ်ပေါင်းသင်းတော့မယ့်သူကို အပြန်ပြန်အလှန်လှန် သုံးသပ်ရမှာဖြစ်ပါတယ်။ မိဘက ဇွတ်အတင်းစီမံလို့ သုံးသပ်ချိန်တောင်မရဘဲ လက်ထပ်ပေါင်းသင်းလိုက်ရသူတွေကတော့ ချွင်းချက်ပေါ့လေ။ ဒါပေမယ့် မိဘစီမံတာဟာ ကိုယ့်အနာဂါတ်ဖြစ်နေတယ်ဆိုတာတော့ ကိုယ်တိုင်သိနားလည်ထားရမှာဖြစ်ပါတယ်။ ကိုယ့်အနာဂါတ် ကိုယ်ဖန်တီးခွင့်မရှိတဲ့ မိသားစု ဖွဲ့စည်းပုံနဲ့ အုပ်ထိန်းပုံကို ယနေ့ခေတ်ကာလအချိန်အထိ ချုပ်ကိုင်ထိန်းသိမ်းထားတုန်းဆိုရင်တော့ စောဒကတက်လို့ မရဘူးပေါ့။ ပေဖြစ်တုန်းတော့ ခံရလိမ့်ဦးမှာ မဟုတ်လား။

ချစ်လို့တွဲတဲ့ ချစ်သူစုံတွဲတွေ ချစ်တာပဲသိတယ်။ အတူနေရပြီးရော ။ ပျော်စရာအနာဂါတ်ကို အတူဖန်တီးမယ်ဆိုပြီး လက်ထပ်လိုက်တယ်။ အချစ်မျက်မှန်တပ်ထားလို့ အချစ်တွေဖုံးနေတုန်း မမြင်ခဲ့တဲ့ သူ့ရဲ့အကျင့် ၊ စိတ်ထား ၊ ခံယူချက် ၊ လုပ်ကိုင်ဆောင်ရွက်ပုံ အထွေထွေကို အိမ်ထောင်ရေးဆိုတဲ့ မျက်မှန်တပ်လို့ ကြာလာမှ သိလိုက်ရတယ်။ အရင်နဲ့တခြားစီလို့ မြင်လာတယ်။ ပြောင်းလဲလာတယ်လို့ ထင်လာတယ်။ မျှော်မှန်းထားတာက သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေး နဲ့ အချစ်တွေလွှမ်းတဲ့အနာဂါတ် တကယ်ဖြစ်လာတာက မပျော်နိုင်တဲ့နေ့ရက်တွေ နဲ့ စကားများရတဲ့နေ့ရက်တွေ ဖြစ်လာတယ်။

ဒါဟာ ဘာကြောင့်ဖြစ်လာသလဲ ။ ကိုယ်က သူ့ကို ထဲထဲဝင်ဝင် မလေ့လာခဲ့လို့ ဖြစ်နိုင်တယ်။ သူ့မျက်နှာဖုံး ကွာကျခဲ့လို့ဖြစ်နိုင်တယ် ။ ကိုယ့်ရဲ့ အချစ်မျက်မှန်ဟာ ပါဝါလျော့လာလို့လည်း ဖြစ်နိုင်တယ်။ တမင်ဟန်ဆောင်ခဲ့သူတွေရဲ့ ကြောက်စရာကောင်းပုံကိုတော့ ဟန်ဆောင်မှုဟာ ကြောက်စရာကောင်းတယ် မှာ ဖော်ပြပြီးဖြစ်ပါတယ်။

မြန်မာယဉ်ကျေးမှုထဲမှာ မိန်းကလေးရှင်တွေက သမီးရည်းစားသနာရှိရင် လက်ထပ်တော့မယ်ဆိုတော့မှ လူကြီးစုံရာနဲ့လာတောင်း အိမ်ကို ခေါ်မလာနဲ့ ။ ပတ်ဝန်းကျင်မှာ ဟိုလူမေး ၊ ဒီလူမေး ရှက်တယ်။ သူတို့တွေအယူက တစ်ယောက်နဲ့ပဲ ပတ်ဝန်းကျင်ကသိပြီး အဲဒီတစ်ယောက်နဲ့ပဲ ယူစေချင်တယ်။ အဲဒီတစ်ယောက် မကောင်းရင်ကော။ တကယ်ဆို သမီးတွဲတဲ့ အမျိုးသားလေးဟာ သမီးရည်ရွယ်ထားတဲ့ အနာဂါတ်တချို့တဝက် ဖြစ်နေတာမဟုတ်လား။

အိမ်ထောင် အတွေ့အကြုံမရှိသေးတဲ့ သမီးမိန်းကလေးကို ကိုယ်တွေ အိမ်ထောင်သက်နဲ့ ရလာခဲ့တဲ့ အတွေ့အကြုံတွေ ၊ လူကဲခတ်ပညာတွေနဲ့ သမီးကို ကောင်းရာမွန်ရာ အကြံပေးရဦးမှာ မဟုတ်လား။ ဒီတော့ မြန်မာအသိုင်းအဝန်းအနေနဲ့ ခေါ်တွေ့လို့ကောင်းတဲ့ အခြေအနေမျိုးကို မိဘတွေက ဖန်တီးပေးသင့်တယ်။ ဥပမာ ဝါဆို သင်္ကန်းကပ်တာ ၊ ကထိန်သင်္ကန်းကပ်တာအပြင် မွေးနေ့အလှူ  ၊ ဘာအလှူ စသဖြင့်ပေါ့ ။ သမီးတစ်ယောက်တည်း ခေါင်းနဲ့စဉ်းစားတွေးခေါ်တာထက် သမီးအိမ်ထောင်ရေး ပျော်ရွှင်မှုရစေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မိဘတွေက တပိုင်းတစတော့ အသိအမှတ်ပြုမှု ပေးသင့်တယ်။ ဒီလူနဲ့ ညှိမရလို့ သမီးရည်းစားကွဲတယ် ။ သမီးစိတ်မညစ်ဖို့ အားပေးရမှာဖြစ်တယ်။ ရည်းစားကွဲတာ အိမ်ထောင်ကွဲတာထက် ပိုသာတယ် ၊ စိတ်ဓါတ်ကျစရာမရှိဘူးလို့လည်း အားပေးနှစ်သိမ့်ရမှာဖြစ်တယ်။ ဒီလိုမျိုး အလေ့အကျင့် မြန်မာအသိုင်းအဝန်းမှာ တွေ့ရခဲတယ်။

ပွင့်လင်းတဲ့ မိသားစုတွေ ၊ တိုးတက်တဲ့နိုင်ငံတွေမှာတော့ ကိုယ့်သားသမီးနဲ့ တွဲနေတဲ့သူကို မိဘတွေက အိမ်မှာအလည်ခေါ်ပြီး တွေ့ဆုံခွင့်ပေးတယ်။ ဘာအလှူမှ မရှိတဲ့အဲဒီနေ့မှာ နေ့လည်စာ ၊ ညစာတို့တောင် တည်ခင်း ကျွေးမွေးတတ်သေးတယ်။ အနည်းဆုံးတော့  ဘယ်သူနဲ့တွဲနေတယ်ဆိုတာကို လွတ်လပ်ခွင့်ပေးပြီး မျက်ခြည်မပြတ်ထားပါတယ်။ တစ်ဦးနဲ့ပြတ်လို့ နောက်တစ်ဦးကိုတွဲလည်း ဝင်မစွက်ဘူး။ ဒီလိုပဲ ဟိုလူနဲ့ယူ ၊ ဒီလူနဲ့မယူရလို့လည်း အများစုက အတင်းအကျပ် လုပ်လေ့မရှိပါဘူး။ ကိုယ့်အနာဂါတ် ကိုယ်သာဖန်တီးခွင့်ရှိတယ်လို့ ယုံကြည်ထားကြလို့ဖြစ်ပါတယ်။ ဒါဟာ ကောင်းတဲ့အမူအကျင့်ဖြစ်ပေမယ့် မြန်မာအသိုင်းအဝန်းမှာတော့ အများအားဖြင့် ဒီလိုမျိုးထုံးစံ မရှိကြပါဘူး။ ဟိုးအရင် တောရွာတွေမှာ လူပျိုလှည့်တာ ၊ ဘာညာရှိသေးတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့တော့ နည်းနည်းဆင်သား။

တကယ်ဆိုရင် လက်မထပ်ခင်ကတည်းက ကိုယ်လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ အမျိုးသားအိမ်ကို အလည်အပတ် ရောက်ထားသင့်တယ် ။ သူ့မိသားစု ဆက်ဆံရေး ၊ သူ့မောင်နှမဆက်ဆံရေးတွေအပြင် သူတို့တွေရဲ့ အကျင့်ဇရိုက်တွေ ၊ အပြောအဆိုတွေ ၊ လုပ်ကိုင်နေထိုင်ပုံတွေဟာ ကိုယ်နဲ့ကိုက်ညီမှု ရှိ ၊ မရှိ အတတ်နိုင်ဆုံး လေ့လာသင့်ပါတယ်။ အခုကတည်းက ကိုယ်နဲ့ မကိုက်ညီတဲ့ ၊ ကိုယ်ကညှိနှိုင်း နားလည်မှု မပေးနိုင်တဲ့ ၊ ကိုယ့်ကို မလိုလားတဲ့ အသိုင်းအဝန်းဆိုရင် နောင်လက်ထပ်ပြီးရင် ဘာတွေကြုံတွေ့လာရနိုင်တယ်ဆိုတာ တီးမိ ၊ ခေါက်မိ ၊ ကြိုခံစားမိမှာပါ။ ဒါဆိုရင် နောင်မှတက်လာမယ့် ယောက္ခမပြဿနာ ၊ အိမ်ထောင်ဖက်ရဲ့ မောင်နှမသားချင်းတွေနဲ့ ဖြစ်ပျက်ကြုံတွေ့ရတဲ့ ပြဿနာတွေကို အနည်းနဲ့အများ ရှောင်နိုင်လာမှာပါ။

ကိုယ်နဲ့ကိုက်ညီမှုမရှိဘူး ၊ ဒီလိုအသိုင်းအဝန်း မိသားစုမျိုးနဲ့ ရှေ့ဆက်ရင် သာယာပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုရဖို့ မသေချာဘူးဆိုရင် ခြေလှမ်းဆက်မကျွံခင် နောက်ဆုတ်တာပိုကောင်းပါတယ်။ လက်ထပ်ပြီးမှ ဗြုန်းခနဲသိလိုက်လို့ လွန်သွားပြီ ၊ နောက်ဆုတ်ဖို့လဲမဖြစ် ရှေ့လဲမဆက်ချင်ဆိုတဲ့ အနေအထားတွေကိုလည်း ရှောင်လွှဲနိုင်တယ်လေ။ သူ့မိသားစုက လက်မထပ်ခင်ကသာ သူ့မိသားစုချည်းသက်သက်လို ဖြစ်နေပေမယ့် လက်ထပ်ပြီးနောက်မှာ ကိုယ်နဲ့ ပတ်သက်သွားပြီ။ အမျိုးတော်စပ်သွားပြီး သူ့မိဘမောင်နှမကို ခင်ပွန်းမျက်နှာနဲ့ ထောက်ထားဆက်ဆံရတော့မယ်။ မထောက်ထားမဆက်ဆံရင် ခင်ပွန်းနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်မယ်။ ဒါကြောင့် လက်ထပ်မယ်လို့ ရည်ရွယ်လိုက်ကတည်းက သူတင်မက သူ့မိသားစုရဲ့ စရိုက်နဲ့ စာရိတ္တအထွေထွေကိုလည်း လေ့လာရတော့မှာပါ။

သူနဲ့လက်ထပ်ဖို့ မဆုံးဖြတ်ခင် ရည်းစားသက်တမ်းတလျောက် သဘောထားကွဲလွဲမှုတွေဟာ တစ်လ ဘယ်နှစ်ကြိမ်ဖြစ်တတ်သလဲ ၊ ရက်သတ္တပတ်တိုင်းမှာလို ဖြစ်တတ်သလား ၊ ချိန်းတွေ့တိုင်းမှာလို ဖြစ်တတ်သလား။ ဒါကို ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။ ခဏခဏ စိတ်အခန့်မသင့်ဖြစ်တယ်ဆိုရင် လက်ထပ်ပေါင်းသင်းဖို့ကို အပြန်ပြန်အလှန်လှန် စဉ်းစားပါဦး။ (၂၄)နာရီလုံး အတူမနေရသေးဘဲ တွေ့နေချိန်လေးတွေမှာတောင် ဒီလို ခဏ ခဏ ဖြစ်နေရင် လက်ထပ်ပေါင်းသင်းပြီးကြာလို့ ရိုးလာရင် ဘယ်လိုဖြစ်မလဲ။ ခုကတည်းက နားလည်မှု တည်ဆောက်မထားနိုင်ရင် လက်ထပ်ပြီးတဲ့အခါမှ နားလည်မှု တည်ဆောက်ကြရအောင်ဆို နောက်ကျကောင်း နောက်ကျနေပါလိမ့်မယ်။ လုံးဝမပြောင်းလဲချင်တဲ့လူဆိုရင် ပိုဆိုးမယ်နော်။ ဒါတွေကို လက်မထပ်ခင်ကတည်းက ကြိုတွေးထားရမှာဖြစ်ပါတယ်။

ဒီလိုမတွေးထားခဲ့ဘဲ ချစ်တယ် ၊ အတူနေချင်တယ် ဒါမှမဟုတ်လဲ အကြောင်းတခုခုကို အရင်းပြုလို့ အတူလက်ထပ် ပေါင်းသင်းရပြီးရောဆိုသူတွေကတော့ နောင်ကျမှ နောင်တမရကြေးလေ။

သူများအိမ်ထောင်ရှင်မတွေ ပြုံးပျော်ရယ်မောနေနိုင်ချိန်မှာ ကိုယ်က စိတ်ဆင်းရဲမှုတွေကို ခါးစည်းခံနေရကောင်း နေရနိုင်တယ် ၊ သူများတွေ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို ရရှိနေချိန်မှာ ကိုယ်က နေ့စဉ် မျက်ရည်နဲ့ဒူး သုတ်ရကောင်း သုတ်ရနိုင်တယ်။ သူများတွေ ခင်ပွန်းရဲ့ ပြုစုယုယမှု ၊ နားလည်ပေးမှုတွေ ရရှိနေချိန်မှာ ကိုယ်က ဒါတွေ မခံစားရသူ ဖြစ်နေနိုင်တယ်။ ဒါကြောင့် လက်ထပ်ဖို့ မစဉ်းစားမီ အပြန်ပြန်အလှန်လှန် လေ့လာပါ။ သုံးသပ်ပါ။ ပြီးမှ ဆုံးဖြတ်ပါ။ ရှေ့ဆက်မတိုးမီ နောက်သို့ ပြန်မျှော်ကြည့်ပြီး တိုးသင့်မတိုးသင့် ချင့်ချိန်စဉ်းစားလို့ ဆုံးဖြတ်ကြပါလို့ အမျိုးသမီးတွေရဲ့ ရေရှည်ပျော်ရွှင်သာယာမှုအတွက် အကြံပေးလိုက်ပါတယ်။

ရတု (Burmesehearts.com)

BurmeseApp on Google Play

You might also like
2 Comments
  1. susulwin says

    good

    1. Alex Robu says

      You are welcome and hope you can take another course like http://www.burmesehearts.com/courses-overview/

Leave A Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.