ငယ်ထွေး၏ ပြကွက်

0

ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀တုန်းက မှတ်မှတ်ရရဖြစ်မိတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပေါ့ဗျာ။ သူမနာမည်က ငယ်ထွေး။ သူမ၏ပုံစံက အသားလတ်လတ်၊ ဆံပင်ဂုတ်ဝဲ၊ အရပ်မနိမ့်မမြင့်၊ မပိန်မ၀ခန္ဓာဖြင့် ဘာမှထူးထူးထွေထွေ ပြောပြစရာမရှိ။ ကျွန်တော်တို့အတန်းတွင် အပတ်စဉ်သန့်ရှင်းရေးလုပ်ဖို့ ကျန်စစ်သား၊ ဘုရင့်နောင်စသည်ဖြင့် အသင်းခွဲထားသည်။ ငယ်ထွေးက ကျန်စစ်သားအသင်းခေါင်းဆောင်ဖြစ်ပြီး သွက်လက်ဖော်ရွေသူဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းပြီး ကူညီတတ်သည်။ ဆရာ၊ ဆရာမချစ်အောင် နေတတ်သည်။ ငယ်ထွေးက အားလုံးနှင့် အလိုက်သင့်နေတတ်သည်။ ကျွန်တော်တို့ယောက်ျားလေးတွေ အတန်းချိန်လစ်လို့ မမှီလိုက်သမျှစာတွေလဲ သူမကဒိုင်ခံကူးပေးတတ်သည်မို့ ကျွန်တော်တို့ကလဲ ငယ်ထွေးဆိုချစ်ကြသည်။

ငယ်ထွေး၏ မကောင်းသည့်အကျင့်မှာ မဏ္ဍပ်တိုင်တက်ပြတတ်ခြင်းပင်။ သူကောင်းတာလုပ်သမျှကို သူလုပ်ကြောင်းလိုက်ပြောပြပြီး အမြဲပဏ္ဍာယူတတ်သည်။ ချဉ်စရာဒီတစ်ခုကလွဲလျှင် ငယ်ထွေးက အရမ်းကောင်းပါသည်။

ဆရာ၊ ဆရာမ စားပွဲခုံဆိုလဲ ဆရာ၊ ဆရာမလာတော့မှ သူမရှင်းထားကြောင်းအထာနှင့် ပြေးရှင်းပေးတတ်သည်။ အခန်းထဲမှဘုရားစင်ကိုလဲ သူမကျောင်းလာကတည်းက ရှင်းထားတတ်ပေမယ့် ပန်းလဲရမည့်နေ့ရောက်လျှင်ဖြင့် သူမ၀ယ်လာသည့် ဘုရားပန်းကို သူမ၀ယ်လာမှန်းသိအောင် အတန်းထဲတွင် လူစုံမှပြေးထိုးတတ်သည်။ သူမက အခန်းထဲမှ ဘုရားပန်းအမြဲလှူနေကျဆိုတာ အတန်းထဲတွင်အကုန်သိပေမယ့် သူမကတော့ မရိုးနိုင်အောင် ဒီလိုပဏ္ဍာယူလိုက်ရမှ ကျေနပ်သည်။ ဒါက သူမအကျင့်။

ကျွန်တော်တို့ အတန်းသားတွေ မှတ်မှတ်ရရဖြစ်သွားစေတာကလဲ ငယ်ထွေး၏ထိုအကျင့်နှင့် ဘုရားပန်းထိုးခြင်းကိစ္စပင်။ အခန်းထဲ် ဘုရားပန်းလဲသည့်နေ့တစ်နေ့တွင် ငယ်ထွေးက ထုံးစံအတိုင်း ဒုတိယကျောင်းတက်ခေါင်းလောင်းထိုး၍ လူစုံပြီဆိုမှ သူမစားပွဲထဲက ဘုရားပန်းကို ထုတ်ပြီးဘုရားပန်းအိုးထိုးရန်ပြင်သည်။ ကျွန်တော်တို့စာသင်ခန်းထဲမှ ဘုရားစင်မှာ စာသင်ခန်းရှေ့ ကျောက်သင်ပုန်း၏အပေါ်နံရံ၌ သစ်သားဖြင့်ရိုက်ထားသည့် နံရံကပ်ဘုရားစင်လေးဖြစ်သည်။ ပန်းကပ်၊ ဆွမ်းကပ်၊ ရေကပ်ပါက ထိုင်ခုံပေါ်တက်မှ ဘုရားစင်မှီသည်။

ငယ်ထွေးက ရှေ့ဆုံးစားပွဲထိုင်သူမို့ သူမ၏ထုင်ခုံကို ရှေ့ထုတ်၍ခုံပေါ်တက်ပြီး ဘုရားအိုးထိုးနေကျ။ ထိုနေ့ကလဲ သူမကခါတိုင်းလိုပင် ပဏ္ဍာယူချင်ဇောဖြင့် လူစုံမှ ကပျာကယာ ခုံပေါ်တက်ပြီး လက်တစ်ဖက်က ဘုရားအိုး ရေမမှောက်အောင်ကိုင် နောက်တစ်ဖက်က ဘုရားပန်းလှမ်းထိုးရာ ဘယ်အချိန်က မခိုင်တယ် မသိတဲ့ သူမ၏ကျောင်းစိမ်းလုံချည်မှာ သူမ၏ခါးပေါ်မှတဆင့် မတ်တပ်ရပ်နေသော ခုံပေါ်၊ ခုံပေါ်မှတဆင့် ကြမ်းပေါ်မကျတကျ တွဲလောင်းကြီး ဖြစ်နေတော့သည်။ သူမ၀တ်ထားသည့် ထမိန်က ပျော့အိအိအသားမို့လားမသိ သူမခြေထောက်နှင့် ခံနေ၍သာ ကြမ်းပေါ်လုံးဝကျမသွားခြင်းပင်။

အဖြူလား၊ အ၀ါလား ဝေခွဲရခက်သော မဟောင်းတဟောင်း မိန်းမ၀တ် အောက်ခံဘောင်းဘီပါးပါး၊ ရင်ဖုံးမပွတပွနှင့် ဘုရားပန်းထိုးလျက်တန်းလန်း၊ ထမိန်ကြမ်းပေါ်တန်းလန်း ငယ်ထွေး၏ပြကွက်ကြောင့် ခဏတော့ကျွန်တော်တို့ အတန်းသားတွေမင်သက် ဖျတ်ခနဲတိတ်ဆိတ်သွား၏။

နောက်သတိဝင်လာကြတော့ တ၀ါးဝါးနှင့်အူတက်မတက် ရယ်လိုက်ကြတာ…. အခုတွေးရင်းတောင်ရယ်မိတယ်။ အဲဒီနေ့ကစပြီး ငယ်ထွေးဘယ်တော့မှ ဘုရားပန်းတက်မလဲတော့ဘူး။ ငယ်ထွေးမှမဟုတ် အတန်းထဲက မည်သည့်မိန်းကလေးမှ ဘုရားပန်းတက်မလဲတော့ပါ။ ဘုရားပန်းလဲသည့်တာဝန် ကျွန်တော်တို့ယောကျာ်းလေးတွေ ယူလိုက်ရတာပေါ့။

ငယ်ထွေးအဲဒီအနေအထားကနေ ဘယ်လိုထမိန်ပြန်ဝတ်တယ်ဆိုတာတော့ မပြောပြဘဲ ဒီအတိုင်းထားလိုက်တော့မယ်။ ကိုယ့်အတွေးနဲ့ကိုယ်သာ စိတ်ကြိုက်ပုံဖော် ၀တ်ပေးကြတော့ဗျို့။ အဲဒါမှ ကိုယ်လိုသလိုတွေးလို့ရမှာ။ ဒီလို တွေးပြီးရယ်ရလို့လဲ ခုထက်ထိ ငယ်ထွေးဆိုတဲ့ကောင်မလေးကို ကျွန်တော်မမေ့သေးတာ။ ဘ၀အမောတွေကြားထဲမှာ တစ်မိနစ်လောက်ရယ်ရလဲ တစ်နှစ်လောက် အသက်ရှည်သွားသလိုပဲဗျာ။ အမြဲတမ်းပျော်ရွှင်နိုင်ပါစေ။

D ၀သုန် (Burmesehearts.com)

You might also like