မွေးကင်းစကလေးသန့်စင် ၊ ရေချိုး ၊ ခေါင်းလျှော်နည်း

0

ခေါင်းလျှော်ပေးပုံ
ခေါင်းလျှော်ပေးပုံ

မနက်ပိုင်းမှာ ကလေးအိပ်ရာနိုးလာတာနဲ့ နို့တိုက်လိုက်မယ်။ ပြီးရင် ကလေးသန့်စင်ဖို့ လိုအပ်မယ့်

ဂွမ်း (Cotton ball) 

အရက်ပျံ (Cord Spirit)

ကလေးအင်္ကျီ နဲ့ အနှီး 

Diaper

ကလေးလက်အပြင်ထုတ်ထားပေးချင်ရင် ကလေးလက်အိတ်

ကလေးသဘက် နှစ်ထည်

ကလေးရေချိုးဆပ်ပြာ (2 in 1 Shampoo and liquid soap)

Nursing Pad နှစ်ခု

Cotton Bub 

Baby oil 

အပူအအေး လိုတိုးပိုလျှော့ ရောစပ်ဖို့ ရေနွေးဓါတ်ဗူး နဲ့ ရေဗူး

ရေထည့်ထားတဲ့ဇလုံခပ်လတ်လတ်တစ်ခု

ခွက်အလွတ်တစ်လုံး

ကလေးရေချိုးပေးမယ့်ဇလုံ စတာတွေကို အရင်ပြင်ဆင်ထားရပါမယ်။

ဒီလိုပြင်ဆင်ပြီးသွားတဲ့အခါမှာ ပထမဆုံး ဖွင့်ထားတဲ့ လေအေးပေးစက် ၊ ပြတင်းပေါက်တွေကို ပိတ်ထားလိုက်ပါ။ ကလေးရေချိုးပေးတဲ့အခါ အခန်းထဲကလေအေးတွေကို (၁၀))မိနစ်ကနေ (၁၅)မိနစ်ကြိုပြီး ပုံမှန်အခန်းအပူချိန်နဲ့ လေစိမ်းတွေမဝင်အောင် လေးအေးမရှိတဲ့ လေလုံတဲ့အခန်းအသွင်ကို အရင်ဖန်တီးပေးရပါမယ်။ ဒါမှကလေးဟာ အအေးပတ်တာတို့ ၊ ရေချိုးမှားတာတို့ဆိုတာတွေကို အထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်ပါမယ်။ လူကြီးက နေနေကျမို့ ခံနိုင်ရည်ရှိပေမယ့် မွေးကင်းစကလေးက နုနယ်တော့ မခံနိုင်သေးပါဘူး။ ကလေးအတွက် လေလုံပြီးသန့်စင်တဲ့ရေချိုးခန်းမရှိရင် မိမိနေအိမ်အခန်းထဲမှာ ကလေးထိုင်တတ်တဲ့အရွယ်အထိ ရေချိုးပေးဖို့ အကြံပေးချင်ပါတယ်။

ကလေးမျက်နှာအား သန့်စင်ပေးခြင်း

ရေနွေးကို ဇလုံထဲ စတင်ရောစပ်ပါ။ ကျိုချက်ပြီးသား ရေနွေးပူကို 37ံC မှ 38ံC ကြား ရောစပ်ရမှာပါ။ ဒီအပူချိန်ကမှ ကလေးရဲ့ နုနယ်ပါးလွှာတဲ့ အရေပြားအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ အပူချိန်တိုင်းကိရိယာမရှိသူတွေအတွက်ကတော့ ရေကို မိမိလက်နဲ့ အပူအအေးမစမ်းဘဲ မိမိတံတောင်ဖျားနဲ့ စမ်းကြည့်ရမှာဖြစ်ပါတယ်။ တံတောင်ဖျားကအရေပြားဟာ ပါးလွှာတဲ့အတွက် အပူအအေးကို ကလေးအတိုင်းအတာနဲ့ ခံစားနိုင်ပါတယ်။

ဂွမ်း(Cotton Ball) ကို ရောစပ်ပြီးတဲ့ ရေတို့ပြီး ရွှဲမနေအောင် မစိုမခြောက် ပြန်ညှစ်လိုက်ပါ။ ပထမဆုံး အနှီးပတ်ထားလျက်သား ပက်လက်အနေအထားနဲ့ ကလေးရဲ့ မျက်စိနှစ်လုံးကို နှာခေါင်းဘက် မျက်စပ်ဖျားကနေ နားရွက်ဘက်သို့ သန့်စင်ပေးရမှာဖြစ်ပါတယ်။ တစ်ကြိမ်သန့်စင်ပေးပြီးသား ဂွမ်းကို ပြန်မသုံးဘဲ ခွက်အလွတ်ထဲကို လွှင့်ပစ်ရမှာပါ။ နောက်ထပ်သန့်စင်မယ်ဆို နောက်ထပ် ဂွမ်းအသစ်ကို ရေဆွတ်ပြီး သန့်စင်ပေးရမှာဖြစ်ပါတယ်။ မျက်လုံးပြီးရင် နောက် နဖူးစပ်ကို နဖူးလယ်ကနေ နားရွက်ဖက်ကို ယခင်နည်းအတိုင်း ရေဆွတ်ဂွမ်းနဲ့ လက်နှစ်ဘက်သုံး သန့်စင်ပေးရမှာဖြစ်ပါတယ်။ သုံးပြီးသားဂွမ်းလွှင့်ပစ်ပါ။ ပြီးရင် ပါးနှစ်ဖက်နဲ့ မေးစေ့တွေကို အလယ်ကနေ မျက်နှာစွန်းနှစ်ဘက်ကို ဆွဲပြီး ဖွဖွညင်ညင်သာသာ သန့်စင်ပေးသွားရမှာ ဖြစ်ပါတယ်။

BurmeseHearts Blog

ကလေးခံတွင်း သန့်စင်နည်း

ကလေးပါးနှစ်ဖက်ကို ညင်ညင်သာသာဖျစ်ပြီး ကလေးပါးစပ်ကိုဟပါ။ လေလုံအောင်ပိတ်ထားတဲ့ ဗူး (သို့မဟုတ်) အိတ်ထဲက Cotton Bub  သန့်သန့်ကို လှည့် လှည့်ပြီး ကလေးရဲ့လျှာနှင့် ခံတွင်းတို့အား သန့်စင်ပေးနိုင်ပါတယ်။ လက်ကကိုင်ထားတဲ့ တဖက်ကို ကလေးခံတွင်းထဲမထည့်ဘဲ တစ်ကြိမ်သန့်စင်တိုင်း Cotton Bub  တစ်ခု အသုံးပြုရမှာဖြစ်ပါတယ်။ အစွပ်ကို လက်ချောင်းထည့်သုံးတဲ့ ကလေးခံတွင်းသန့်ရှင်းကိရိယာတွေကို ကျွန်မ အားမပေးပါဘူး။ သန့်စင်တာ ၊ ပြုတ်တာ ၊ သိမ်းတာ ၊ ထားသိုတာ မတော်ရင် အဲဒီကတဆင့် ကလေးခံတွင်းထဲကို ပိုးဝင်နိုင်လို့ ဖြစ်ပါတယ်။

ကလေးရေချိုးနည်း

မျက်နှာသန့်စင်ပြီးသွားတဲ့အခါမှာ ဇလုံထဲကရေ နည်းနည်းအေးသွားရင် ရေနွေးနည်းနည်းထပ်ရောပြီး ယခင်နည်းအတိုင်း ရေအပူချိန် စမ်းသပ်ပါ။ အဆင်သင့်ဖြစ်သွားတဲ့အခါမှာ ကလေးရဲ့ အင်္ကျီ Diaper တွေကို ချွတ်လိုက်နိုင်ပါတယ်။ အခန်းလေဟာ ကလေးအတွက် သင့်တော်မယ်ဆိုရင် ကလေးဟာ ကြောက်လန့်ပြီး ငိုမှာမဟုတ်ပါဘူး။

ရေချိုးဇလုံထဲ ကလေးကိုထည့်ထားပေမယ့် လက်တစ်ဖက်ကတော့ ဂျိုင်းအောက်ကမချီထားတဲ့ပုံစံနဲ့ ထိန်းပေးထားရမှာဖြစ်ပါတယ်။ တစ်ဦးက ကလေးကို ထိန်းထားပေးနိုင်ရင် ပိုကောင်းပါတယ်။ ကျွန်မတုန်းကတော့ လူခွဲမရှိတာမို့ တစ်ယောက်တည်း လုပ်ခဲ့တာပါ။ Nursing Pad တစ်ခုကို ရေဆွတ်ပြီး ကလေးရဲ့ ခြေဖျားကနေစ ညှစ်ချပြီး ကလေးကို ရေနဲ့ ထိတွေ့တော့မယ်ဆိုတဲ့ ခံစားမှုကိုပေးပါ။

ပြီးရင် Nursing Pad ကို ထပ်ခါ ထပ်ခါရေဆွတ်ပြီး တဖြည်းဖြည်းဒူးပေါ် ၊ ခါးအထက် တွေကို အရှေ့ အနောက် ရေညှစ်ချပေးရမှာဖြစ်ပါတယ်။ ချက်အနီးဝန်းကျင်နဲ့ ရင်ဘတ်အထက်ပိုင်းကို  Nursing Pad ရေဆွတ် အနေတော် ရေညှစ်ချပြီး ကိုယ်အထက်ပိုင်း ရေဘတ်တိုက်တဲ့ အနေအထားနဲ့ သန့်စင်ပေးနိုင်ပါတယ်။ တံတောင်ကနေ လက်ဖျားအထိ ရေညှစ်ချနိုင်ပေမယ့် လက်မောင်းက ကာကွယ်ဆေးထိုးထားတဲ့နေရာကို ရေထိပြီး ရင်းမလာအောင် ဂရုစိုက်ရပါတယ်။

ပြီးရင် ဆပ်ပြာရည်ကို Nursing Pad မှာ အနည်းငယ်ထည့်ပြီး ပျံ့သွားအောင် ချေလိုက်ပါ။ ပြီးရင် မကြွေသေးတဲ့ချက်နဲ့ လက်မောင်ဆေးထိုးနေရာကို ကွက်ပြီး ကျန်တဲ့နေရာတွေ သန့်စင်ပေးပါ။ ပြီးရင် ယခင်နည်းအတိုင်း ရေနဲ့ သန့်စင်ပေးနိုင်ပါတယ်။ အဓိက သန့်စင်ရမယ့်နေရာတွေဟာ ကလေးရဲ့ ဂျိုင်းအောက် နဲ့ လက်ချောင်းလေးတွေကြား ၊ ပြီးရင် လက်သီးဆုပ်ကိုဖြန့်ပြီး လက်ဖဝါးပေါ်က ချေးတွေဖြစ်ပါတယ်။ ဒါတွေပြီးသွားရင် ရေချိုးပြီးသွားပြီပေါ့။ သဘက်နဲ့ ပုခုံးကနေ ခြေဖဝါးလုံအောင် ပတ်ပေးလိုက်ပါ။

အနုစိတ် သန့်စင်ပေးရမယ့်နေရာတွေကို ရောက်လာပါပြီ။ အသားအရည်တွေ ရိနိုင်တဲ့ ကလေးရဲ့ မေးစေ့အောက် နဲ့ နားရွက်နောက် (နားသယ်စပ်) ၊ နားရွက် ကို Cotton Bub ကို ရေဆွတ်ပြီး ဖွဖွညင်ညင်သာသာ သန့်စင်ပေးပါ။ ယခင်နည်းအတိုင်း Cotton Bub တစ်ခုကို တဘက်ပဲ အသုံးပြုလို့ တစ်နေရာကိုပဲ သန့်စင်ပေးရမှာပါ။ သန့်စင်ပြီးရင် Cotton Bub ထိပ်ကို Baby oil  သုံးလို့ သန့်စင်ပြီးသားနေရာတွေ ပြန်တို့သုတ်ပေးပါ။

ကလေး ခေါင်းလျှော်နည်း

မိမိနေထိုင်ရာဒေသ ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး ကလေးကို ခေါင်းလျှော်ပေးနိုင်ပါတယ်။ ခေါင်းလျှော်မယ်ဆိုရင် ကလေးကိုယ်က မိမိကိုယ်ပေါ်မှာ လက်တဖက်က ကလေးရဲ့ဦးခေါင်းကို ရေချိုးဇလုံစွန်းအထက်နားမှာ မထိအောင် ကိုင်ထားတဲ့ပုံစံဆို အကောင်းဆုံးဖြစ်ပါတယ်။ ရေဇလုံထဲကရေ အေးသွားရင် ရေနွေးထပ်ရောပါ။ ပြီးရင် ယခင်နည်းအတိုင်း ရေအပူချိန်စမ်းသပ်ပါ။ ကလေးအသားမလောင်အောင် (ကလေးရေမကြောက်သွားအောင်) ထပ်ခါထပ်ခါ သတိပေးတာပါ။

ခုနက သုံးထားတဲ့ စိုလက်စ Nursing Pad ကို ရေဆွတ်ပြီး ကလေးရဲ့ နဖူးစပ်ကနေ ဦးထိပ်ကို ဖြည်းဖြည်းညှစ်ချသွားပါ။ နဖူးစပ်ညှစ်ချချိန်မှာ ရေတွေကလေးမျက်နျာကို ပန်းမစင်အောင်နဲ့ မျက်နှာပေါ် စီးမကျအောင် သတိထားပါ။ (စီးကျလို့ ကလေးရေမွန်းပြီးလန့်သွားရင် ကလေးဟာ နောက်ပိုင်း ခေါင်းလျှော်မယ်ဆိုရင် ကြောက်ပြီး ငိုမှာပါ။) ခေါင်းကိုကောင်းကောင်း ရေညှစ်ချပြီးတဲ့အခါမှာ အဲဒီ စိုလက်စ Nursing Pad မှာ ဆပ်ပြာရည်နည်းနည်းထည့်ပြီး ပျံ့သွားအောင် ချေပြီးတဲ့အခါ ကလေးခေါင်းကို စက်ဝိုင်းပုံဖော်သလို တခေါင်းလုံး ညင်ညင်သာသာ ပွတ်ပေးပါ။ နောက်စေ့ပိုင်းကိုလည်း ပွတ်ပေးပါ။ ဒါဟာ ကလေးကို ဦးခေါင်း Message (နှိပ်နယ်ပေးခြင်း) တစ်မျိုးဖြစ်တဲ့အတွက် ကလေးဟာ ခေါင်းလျှော်ခံရတဲ့ အရသာကို ခုံမင်လာပါတယ်။

ပြီးရင် လုံးဝမသုံးရသေးတဲ့ ခြောက်နေသော Nursing Pad ကို ရေဆွတ်ပြီး ကလေးခေါင်းကို ယခင်နည်းအတိုင်း အဖန်ဖန် အခါခါ ရေညှစ်ချပေးပါ။ (စိုလက်ခ Nursing Pad နဲ့ ရေညှစ်ချတဲ့အခါ ဆပ်ပြာရည်တွေဟာ ထပ်ခါထပ်ခါ ထွက်နေတာမို့ ဆပ်ပြာတော်ရုံနဲ့ မစင်နိုင်ဘဲ ဦးရေပြားကတဆင့် ကလေးအအေးပတ်နိုင်ပါတယ်။) ရေညှစ်ရုံသာညှစ်ပြီး ကလေးဦးခေါင်းနဲ့ Nursing Pad မထိအောင် ဂရုစိုက်ပါ။ ဆပ်ပြာရည်တွေ ထပ်ကပ်ပါလာပြီး ဆပ်ပြာစင်အောင်  ရေညှစ်ချိန် ကြာသွားမှာစိုးလို့ပါ။ ဦးခေါင်းနောက်စေ့ရော ၊ ဦးထိပ်ရော ဆပ်ပြာလုံးဝစင်အောင်သွားရင် ခပ်ပြင်းပြင်လေးရေညှစ်လိုက်တဲ့ သုံးလက်စ (ဆပ်ပြာမထိသော) Nursing Pad နဲ့ ကလေးခေါင်းက ရေတွေ တို့သုတ်စုပ်ယူလိုက်ပါ။ ပြီးရင် ခေါင်းကို နောက်ထပ် အသင့်ဖြစ်နေတဲ့ သဘက်တစ်ခုနဲ့ ရေစင်အောင် သုတ်ပေးပါ။

အဝတ်လဲပေးချိန်

Baby Oil ယူလာပြီး ခုတင်ပေါ်မှာဖြစ်ဖြစ် အဝတ်လဲတဲ့နေရာမှာဖြစ်ဖြစ် ကလေးကိုယ်ကတဘက်ကို ဖြည်လိုက်ပါ။ လက်မှာ Baby Oil တစက်နှစ်စက်ထည့် နှံ့သွားအောင် ပွတ်ပြီး ကလေးကိုယ် ရှေ့ပိုင်းကို ပွတ်စရာမလိုဘဲ ခပ်ဖွဖွ ခန္ဓာအနှံ့ ဖွဖွဆုပ်နယ်ပေးရုံနဲ့ ကလေးကို ကိုယ် Message လုပ်သလိုဖြစ်ပြီး ဆီနှံ့သွားမှာဖြစ်ပါတယ်။ ခန္ဓာအနောက်ပိုင်းကိုလည်း ဒီနည်းအတိုင်းလုပ်ပေးပါ။ ချက်ကို Cord Spirit ထည့်ပေးပါ။ (Cord Spirt ကို ဗူးလေးအသာညှစ်လိုက်ရင် ထိပ်ဘက်က ချက်ခြောက်စေတဲ့ အရက်ပျံထွက်လာတဲ့ ဗူးပုံစံမျိုးရရင်ပိုကောင်းပါတယ် လက်နဲ့ထိစရာမလိုတော့ ပိုးဝင်မှာမပူရပါ။) ပြီးရင် အင်္ကျီဝတ်ပေးပြီး အနှီးပတ် ၊ လက်အိတ်စွပ်ပေးလိုက်ရုံပါ။ နောက်နို့တိုက်ရင်းနဲ့ ကလေးခေါင်းက ဆံပင်တွေ လုံးဝခြောက်သွားအောင် ပွတ်သပ်ပေးပါ။ ဒါဟာ ကလေးခေါင်းကို Message လုပ်ပေးနေသလို ကလေးက ခံစားရပြီး လက်အပူချိန်ကြောင့် ကလေးဆံပင်ဟာ ခပ်မြန်မြန်ခြောက်လာပါတယ်။

ချက်ကြွေပြီးသားကလေးကို ရာသီဥတုပူတဲ့ဒေသတွေမှာ မနက် နေမပြင်းခင်တစ်ကြိမ် ၊ ညနေ နေမဝင်ခင်တစ်ကြိမ် နှစ်ကြိမ်ရေချိုးပေးနိုင်ပါတယ်။ ဒါဆိုရင် ကလေးဟာမျက်ရည်တစက်မကျ ၊ ငိုသံတချက်မကြားရဘဲ ဇိမ်ကျကျ ရေချိုး ၊ ခေါင်းလျှော်ရတဲ့အရသာကို ကြိုက်နှစ်သက်သွားတော့မှာပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like