အိမ်ရှင်မများအား နားလည်နိုင်ဖို့

0

“အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ ၊ မိစ္ဆာကျဉ်ရှောင် ၊ လျော်အောင်ဖြန့်ချီ ၊ ပျင်းရိမမူ ဝတ်ငါးဆူ” ဆိုတဲ့ မယားဝတ္တရား(၅)ပါးကျေရင် အိမ်ရှင်မကောင်းလို့ မြန်မာလူမှုဝန်းကျင်မှာ ယေဘူယျ သတ်မှတ်ပါတယ်။

အိမ်တွင်းမှုလုပ်ဆိုတာက အိမ်တွင်း ၊ ခြံတွင်း ၊ နေအိမ်ပရဝုဏ်အတွင်းက အမျိုးသမီးလုပ်ဆောင်ရမယ့် သန့်ရှင်းရေးဝန်တာ ၊ ချက်ပြုတ်ရေးဝန်တာ ၊ လျှော်ဖွပ်မီးပူတိုက် ၊ ဈေးဝယ်ကအစ ခင်ပွန်းရှေ့ပန်းကန်အရောက် အဆင်သင့်ကျွေး အားလုံးပြီးဆေးကြောပြီးလို့ ညအိပ်ရာဝင်တဲ့အထိ အိပ်ယာကိုခင်းကျင်းတာကအစ အိမ်တွင်းမှုအလုပ်လို့ခေါ်ပါတယ်။ ရှေးခေတ်က အမျိုးသမီးတွေဟာ ယက်ကန်းရက်တတ် ၊ စက်ချုပ်တတ် ၊ သိုးမွှေးထိုးတတ်သူတွေများတယ်။ ဒီခေတ် ဒီလိုမိန်းကလေးမျိုးတွေ ရှားသွားပြီလို့ အမျိုးသားတွေ အပြစ်တင်မစောပါနဲ့။ ဟိုခေတ်က အမျိုးသမီးတွေဟာ အိမ်တွင်းအောင်းရတာများပြီး ဒီဘက်ခေတ်အမျိုးသမီးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်ကြရတာပါ။

အလုပ်ထွက်လုပ်သူချင်းအတူတူ အိမ်မှာ ထမင်းဟင်းစားဖို့ အလျင်မီအောင် အလုပ်ကအပြန် ဈေးဝင်ဝယ် ၊ ကိုယ်တိုင်ရေမချိုးနိုင်အားဘဲ လွယ်လာတဲ့အိတ်ကိုချ ၊ အိမ်နေဝတ်ဖြစ်သလိုလဲပြီး မီးဖိုချောင်ပြေးဝင်လို့ မိသားစုညစာ အမီကျက်အောင် အပြေးအလွှားချက်ပြုတ်ရတာ အိမ်ရှင်မပါ။ အိမ်စီးပွားလည်းထွက်ရှာ အိမ်တွင်းအမှုလည်းလုပ် တာဝန်အားလုံးကျေရအောင် သူမဟာ စက်ရုပ်မဟုတ်ပါဘူး။ သူလည်းလူပေမို့ တခါတလေ မချက်ချင်တာ ၊ မဆေးချင်တာ ၊ မလျှော်ချင်တာ စတဲ့ စိတ်မပါတဲ့ အခြေအနေမျိုးတွေရှိနိုင်ပါတယ်။

အမျိုးသမီးအများစုဟာ ရာသီပေါ်ခါနီးနဲ့ ပေါ်နေချိန်တွေမှာ ကိုယ် ၊ စိတ်မကြည်သာတာ ဖြစ်နိုင်သလို နေထိုင်မကောင်းတာမျိုး ၊ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ရက်သုံးဆယ်မှာ သူမက ဘယ်နှစ်ရက်ပျက်ကွက်မှုတွေရှိနေပါသလဲ။ ရက်သတ္တပတ်လေးပတ်ရှိတဲ့ တစ်လလုံးမှာ (၇)ရက်နီးပါးလောက် ဟိုတရက်ဒီတရက် နေ့တဓူဝလုပ်ငန်းဆောင်တာလေး မပြီးခဲ့တာတွေရှိရင် နားလည်ပေးရမှာပေါ့။ သူမ မလုပ်ဘူး ပြောနေလို့ ဒီအလုပ်ကပြီးသွားမှာမဟုတ်ဘဲ သူမကိုစာနာတဲ့အနေနဲ့ ကိုယ်နိုင်တာလေး ဝင်လုပ်လိုက်မယ်ဆို သူမကို ကူညီရာရောက်တယ်။ မိန်းမကူညီလို့ ငရဲမကျပါဘူး။ မိန်းမရဲ့ အချစ်နဲ့ အားကိုးယုံကြည်မှုတွေတောင် တိုးပြီးရနိုင်သေးတယ်။

သိမ်းထုပ်သေချာဆိုတာက မိသားစုဝင်ငွေဖြစ်တဲ့ ပစ္စည်းဥစ္စာတွေကို ဇနီးက စုမိဆောင်းမိဖြစ်အောင် ထိန်းသိမ်းရမှာ ၊ ဒီ့ထက်ပိုပြီး အရည်အချင်းရှိရင် တိုးပွားလာအောင် လုပ်သင့်တာ ၊ အနည်းဆုံး အလေအလွင့် နည်းနိုင်သမျှနည်းအောင် စိစစ်သင့်တာပါ။ ဒီမှာ တချို့ခင်ပွန်းတွေက ကိုယ်ရတဲ့ဝင်ငွေနဲ့ အိမ်ရဲ့ထွက်ငွေကို မတိုင်းထွာတတ်ဘူး။ ရတာက တပဲနဲ့ တမူးလောက် သုံးချင်လို့မဖြစ်ဘူးလေ။

ကိုယ်ရှာလာတာက မဖြစ်စလောက်နဲ့ ဟင်းဆိုရင် ကော့ပျံအောင် စားချင်တာနဲ့ ၊ ဟင်းကောင်းထမင်းကောင်း ထမင်းချိုင့်ထည့်ချင်တာနဲ့ ၊ အဝတ်အစားနဲ့ အသုံးအဆောင်တွေဆိုလည်း ခပ်ထည်ထည်လေးမှ သုံးစွဲချင်တာနဲ့ အများအလယ် တင့်တယ်အောင်ဆိုပြီး ဟန်လုပ်ချင်တာနဲ့ တခါတလေ ဒီလိုယောကျာ်းမျိုးရထားတဲ့ ဇနီးဟာ သူ့ဆန္ဒတွေဖြည့်ဖို့ ကြိုးစားရိုးရိုးနဲ့ ကိုယ်တိုင်မှာ လူလူသူသူ မစားနိုင် ၊ မသောက်နိုင် ၊ မသုံးနိုင် မျက်နှာငယ်ကြရတယ်။ ခင်ပွန်းနဲ့ မိသားစုကို ပံ့ပိုးရင်း ဒီလိုမျက်နှာမွဲ ဝတ်စားနေထိုင်တဲ့ ဇနီးမယားတွေကို ပုံမလာ ၊ ပန်းမလာတော့လို့ဆိုပြီး အလန်းလေးတွေနဲ့ တွဲလာတာတွေလည်း တွေ့ကြရတယ်။

တကယ်ဆို အိမ်ရဲ့ ဝင်ငွေ ၊ ထွက်ငွေဆိုတာ ဇနီး သို့မဟုတ် ခင်ပွန်း တစ်ဦးတည်းနဲ့ပဲ သက်ဆိုင်တာမျိုး မဟုတ်ဘူး။ နှစ်ဦးစလုံးနဲ့သက်ဆိုင်တာပါ။ လကုန်ရက်လခထုတ်ချိန်မှာ တို့နှစ်ဦးဝင်ငွေက ဘယ်လောက် ၊ အိမ်အသုံးစရိတ်ကဘယ်လောက် ၊ ကလေးကျောင်းစရိတ်က ဘယ်လောက် ၊ ဗာဟီရစရိတ်က ဘယ်လောက် ဒါတွေပျမ်းမျှတွက်ချက်ပြီး တလစာဖယ်ထားပါမှ တလစာ လုံလောက်စွာ စားသောက်နိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ငွေလေးကိုတော့ တို့တွေရဲ့ အသုံးအဆောင်အသစ်တွေ ဝယ်ဖို့ဘယ်လောက်တော့သုံးမယ် ၊ အိမ်အသုံးအဆောင်ဖြည့်စရာလိုရင် ဘယ်လောက်တော့သုံးမယ် ၊ ကျန်းမာရေးအတွက် ဘယ်လောက်တော့ အရံသင့်ချန်ထားမယ် ၊ စုဆောင်းငွေကို ဒီလမှာ ဒီလောက်တော့ စုမိအောင် စုကြမယ် စသဖြင့် ဝင်ငွေ ၊ ထွက်ငွေအချိုးချရမှာပါ။ ဒီကြားထဲမှာ သာရေး ၊ နာရေး အတွက် အသုံးစရိတ်ဆိုတာ ပေါ်လာနိုင်သေးတယ်။

ဝင်ငွေ ၊ ထွက်ငွေ မျှတအောင် သုံးစွဲဖို့ဆိုတာမှာ ဇနီးမယားက အခရာကျပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုပါတယ်။ ဒီလအသုံးစရိတ်တွေ များသွားပြီဆို နှစ်ဦးအတူ ခြိုးခြံချွေတာဖို့လိုလာပြီ။ စုဆောင်းမိတဲ့ငွေတွေကို တိုးပွားအောင် ရင်းနှီးမယ်ဆိုရင်လည်း (မယားအလုပ်လုပ်သည်ဖြစ်စေ ၊ မလုပ်သည်ဖြစ်စေ) ဒီငွေဟာ ဒီအိမ်ထောင်မှာရှိတဲ့ နှစ်ဦးပိုင်ငွေဖြစ်တဲ့အတွက် နှစ်ဦးသဘောတူညီမှ ရင်းနှီးမြှုပ်နှံမှုတွေလုပ်သင့်ပါတယ်။

စုဆောင်းငွေတွေနဲ့ ရင်းနှီးမြှုပ်ကိုင်မှုမှာ ခင်ပွန်းက ငါရှာတာပဲဆိုပြီး တစ်ဦးတည်း ဆုံးဖြတ်မလုပ်သင့်ဘူး။ မြတ်လာရင် တမိသားစုလုံးအတွက် ကောင်းကျိုးဖြစ်လာနိုင်ပေမယ့် ရှုံးလာရင်တော့ တမိသားစုလုံး ဒုက္ခရောက်နိုင်တယ်မဟုတ်လား။ အနာဂါတ်ဟာ ကြိုမမြင်ရတာမို့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တိုင်းကို ဇနီးမောင်နှံနှစ်ဦးစလုံး သဘောတူမှ ရှေ့တိုးလုပ်ဆောင်သင့်ပါတယ်။ရလာတဲ့ရလဒ်အပေါ် နှစ်ဦးစလုံးက လက်တွဲညီညီ စံစား ၊ ခံစားသင့်တယ်။ ကောင်းရင်လည်း အတူမျှဝေစံကြမယ် ၊ မကောင်းရင်လည်း အတူမျှဝေခံသင့်တယ်။ နှစ်ဦးသဘောတူ ဆုံးဖြတ်လုပ်ကိုင်ခဲ့တဲ့ကိစ္စမို့ တစ်ဦးအပေါ်တစ်ဦး လက်ညှိုးထိုး အပြစ်တင်နေစရာ မလိုတော့ဘူး။

မိစ္ဆာကျဉ်ရှောင်ဆိုတာဟာ ခင်ပွန်းအပေါ်ကို သစ္စာရှိဖို့ ၊ မဖောက်ပြန်ဖို့ ဆိုလိုရင်းဖြစ်ပါတယ်။ တကယ်တော့ ခင်ပွန်းကော ၊ ဇနီးပါ သစ္စာရှိဖို့လိုပါတယ်။ ဇနီးကတော့ မဖောက်ပြန်ရဘူး။ ခင်ပွန်းကတော့ အပျော်လေးတွဲကြည့်တာဆိုရင် ခွင့်လွှတ်စရာလားနော်။ အပျော်ပဲတွဲတွဲ ၊ အမြည်းပဲစားစား အိမ်ကဇနီးရဲ့ ခံစားချက်ကို ငဲ့ညှာသင့်တယ်။

အပျိုမဟုတ်တော့လို့ ၊ ပုံပျက်သွားလို့ ၊ ကလေးအမေမို့ သူမရဲ့ အပြင်ပုံပန်းဟာ ဘယ်လိုပြောင်းလဲပါစေ ကိုယ်နဲ့ သေတပန်သက်တဆုံး ပေါင်းသင်းပါ့မယ်ဆိုတဲ့ကတိနဲ့ လက်ထပ်ယူထားခဲ့သူပါ။ အခု မလှတော့တဲ့သူ့ရုပ်သွင်ကို သဘောမကျရင် ကိုယ်သဘောကျခဲ့တဲ့ သူ့ငယ်ရုပ်သွင်ကို ပြန်မြင်ယောင်လိုက်ပါ။ ကိုယ်တွေနှစ်ဦး ကြည်နူးခဲ့တဲ့ကာလကို ပြန်တွေးလိုက်ပါ။ ဓါတ်ပုံတွေရှိသေးရင် အတိတ်တုန်းက နုပျိုတဲ့သူ့အလှနဲ့ ကိုယ်တွေနှစ်ဦးရဲ့ ချစ်မေတ္တာကို ပြန်ခံစားကြည့်လိုက်ပါ။

မိန်းမသဘာဝနဲ့ အရွယ်အရ အိမ်ထောင်သက်ကြာလေ စကားတွေ ဟောင်ဖွာ ဟောင်ဖွာဖြစ်လာတဲ့ သူမရဲ့ရင်ထဲမှာ အရင်ကလိုဘဲ ကိုယ့်အပေါ် မေတ္တာရှိဆဲပါ။ ဒါတွေကို သူမပြင်ဆင်ပေးတဲ့ ဟင်းလျာတွေ ၊ အဆင်သင့်ဝတ်ရုံ ပြင်ဆင်ထားတဲ့ အဝတ်တွေ ၊ သားသမီးတွေရဲ့ တာဝန်နဲ့ အိမ်ထောင့်တာဝန်တွေ ကျေအောင် ဆောင်ရွက်နေတဲ့သူမက သက်သေပြနေပါတယ်။

BurmeseHearts Blog

လူတိုင်းဟာ စိတ်ဖိစီးမှုကို သူ့နည်းသူ့ဟန်နဲ့ လျှော့ချကြပေမယ့် အားလပ်ချိန်နည်းပါးလွန်းတဲ့ အိမ်ရှင်မတွေအများစုဟာ သူတို့ရဲ့ စိတ်ဖိစီးမှုကို (သူတို့ကိုယ်တိုင်တောင် သတိမထားမိဘဲ) အစားများများစားပြီး လျှော့ချလေ့ရှိကြပါတယ်။ ဒီအကျင့်က သူတို့ကို အရင်ကလို ပိန်သွယ်သွယ်ခန္ဓာမဟုတ်ဘဲ ဝလာစေတဲ့ အဓိကအကြောင်းရင်းဖြစ်နိုင်ပါတယ်။ သူတို့သုံးနေတဲ့ သန္ဓေတားဆေးတွေဟာလည်း ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီး သူတို့ခန္ဓာကို မဲပြီး ပိန်းချုံးလာစေတာ ၊ ဝလာစေတာတွေ ဖြစ်စေပါတယ်။

စိတ်ဖိစီးမှုတွေဟာ ကိုယ်တွင်းမှာ ကယ်လိုရီမြင့်မားလာစေပါတယ်။ ကယ်လိုရီတွေ မြင့်နေတော့ လူလည်း ဝလာတာပေါ့။ အိမ်မှုကိစ္စအလျင်မီအောင် ပြေးလွှားလုပ်ကိုင်ရတာတွေကိုက သူတို့မှာ စိတ်ဖိစီးမှု အနည်းနဲ့အများရှိနေပါပြီ။ ဒီကြားထဲကမှ ကလေးဖျားနာတာမျိုး ၊ ခင်ပွန်းအပါအဝင် နှစ်ဖက်မိဘ မောင်နှမတွေ ဖျားနာတာမျိုး ၊ ကိုယ်တိုင်ဖျားနာတာမျိုးအပြင် အလုပ်ခွင်ထဲမှာ ၊ လူမှုဆက်ဆံရေးမှာ ၊ အိမ်ထောင်ရေးမှာ ၊ သားသမီးပညာရေးမှာ ၊ စီးပွားရေးမှာ အဆင်မပြေတာတွေရှိနေရင် အပူကြီးတတ်တဲ့ အိမ်ရှင်မတွေက ပိုပြီး စိတ်ဖိစီးမှု ခံစားကြရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု လျှော့ချတာတွေ ၊ ကိုယ်လက်လေ့ကျင့်ခန်း အချိန်ယူမလုပ်နိုင်တဲ့ အိမ်ရှင်မအများစုဟာ ဝလာပါတယ်။

အပျိုတုန်းက အလုပ်သွား ၊ ကျောင်းသွား ၊ ချိန်းတွေ့ချိန်တိုင်းမှာ လှလှပပပြင်ဖို့ အချိန်ပိုရှိတဲ့သူတို့ဟာ အိမ်ရှင်မရာထူးရတာနဲ့ အလုပ်နဲ့အိမ် ၊ အိမ်နဲ့မီးဖိုချောင်ကနေ အလုပ်ပေါင်းစုံက သူတို့ကို ဝတ္တရားများမြောင်စေတာမို့ အလှပြင်ချိန်နည်းလာပါတယ်။ သူတို့ဟာ အလှပြင်ချိန်ထက် အနားယူချိန်ကို ပိုလိုလားကြတဲ့အတွက် အားရင် နားနားနေနေ အိပ်စက်လိုက်မယ်ဆိုတာကလည်း သူတို့ကို ပုံပျက်သွားစေဖို့ တွန်းအားဖြစ်နေတာပါ။ ဒီလိုဆိုရင် သူတို့ဘာကြောင့် ဝပြီးပုံပျက်လာရတယ်ဆိုတာ သိလာပြီပေါ့။ ဒီအိမ်ထောင်ကြောင့် ၊ ဒီမိသားစုကြောင့် ၊ ဒီအပူတွေကြောင့် ဒီလိုပုံဖြစ်လာတာကို နားလည်ပေးလိုက်ပါ။

လူဆိုတာ လွန်ခဲ့တဲ့ ငါးနှစ်ကရုပ်သွင်နဲ့ ယခုရုပ်သွင် မတူနိုင်တော့ဘူး။ အနည်းနဲ့အများတော့ ရင့်လာကြတာပဲ။ အသက်ကြီးလာလေ ရုပ်ရင့်လာတာ ပိုသိသာလေပေါ့။ စိတ်ဖိစီးမှုများလေ အိုစာလာလေပါပဲ။ လူတိုင်းအိုရမယ့်သဘာဝကို အရင်လို ဆွဲဆောင်မှုမရှိ ပုံပျက်လာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇနီးအပေါ် မနူးညံ့နိုင်တော့တာ ၊ မချစ်နိုင်တော့တာ ၊ နောက်ဆုံး မမြင်ရလေ စိတ်ချမ်းသာလေ ဖြစ်လာတာ ကိုယ့်ဘက်ကအမှား လုံးဝမရှိဘူးလား။

“အိမ်ထောင်မကျခင်က ငါ့ချစ်သူအချော ၊ အလှဆုံးဆိုတဲ့စကားကနေ အိမ်ထောင်ကျပြီးနောက်မှာ ငါ့မယားကလွဲ အကုန်ချောတယ်” လို့ ပြောင်းလဲလာတာဟာ အိမ်ရှင်မတွေအတွက် ရင်အနာဆုံး စကားပါပဲ။ ပျော်စေ ၊ ပျက်စေပြောတာတောင် မကြားလိုပါဘူး။ ကျွန်မတို့အိမ်ရှင်မတွေက အိမ်ထောင်ကျပြီးရင် ကိုယ့်ယောကျာ်းမှ ကိုယ့်ယောကျာ်း ၊ ကိုယ့်သားသမီးမှ ကိုယ့်သားသမီး သံယောဇဉ်ရေချိန်တက်နေချိန်မှာ အမျိုးသားတွေဘက်က ဒီလိုပြောင်းလဲလာတာကို လက်မခံလိုပါဘူး။ ဒီလောက်ထိ ဆန့်ကျင့်ဘက်ကြီး မပြောင်းလဲသင့်ဘူးလေ။

လျော်အောင်ဖြန့်ချီဆိုတာဟာ သူ့ဘက်မိဘ မောင်နှမကို ဒီလောက်ထောက်ပံ့ရင် ကိုယ့်ဘက်မိဘမောင်နှမကိုလည်း ဒီလောက်ထောက်ပံ့မယ်လို့ မျှတအောင် စီစဉ်တာဖြစ်သလို ၊ ကုသိုလ်ရေးအတွက် ဘယ်လောက်လှူ တန်းမယ် ၊ ကိုယ်တွေမိသားစု ပျော်ရွှင်မှုအတွက် ဒီလောက်တော့ သုံးမယ်စသဖြင့် ဝင်ငွေနဲ့ သင့်လျော်မျှတအောင် သုံးစွဲစီမံတာဖြစ်ပါတယ်။ ဒါကိုလည်း အိမ်ရှင်မအများစုက စီမံရတာပါ။

အိမ်ရှင်မအများစုက ကိုယ့်မိဘဆွေမျိုးဘက်ကို ပိုပေးပြီး သူ့မိဘဆွေမျိုးဘက်ကို ပေးကမ်းရမှာ တွန့်တိုတာဟာ မှားပါတယ်။ ဒီကနေ ဟိုဘက် ၊ ဒီဘက် မတည့်ဖြစ်လာနိုင်ပါတယ်။ သူ့မိဘက ကိုယ့်ကိုအမြင်မကြည်ရင် မိဘနဲ့မကင်းနိုင်တဲ့ ခင်ပွန်းကလည်း ကိုယ့်ကို အမြင်ကြည်မှာမဟုတ်ပါဘူး။ ကိုယ်ကသာ သူ့မိဘအပေါ် ချွေးမကောင်းတယောက်ဖြစ်ခဲ့ရင် တချိန် သူဖောက်ပြန်လာတဲ့အခါ သူ့မိသားစုက ကိုယ့်ဘက်ရပ်တည်ပြီး သူ့ကိုလမ်းမှန်ဆွဲခေါ်လာပါတယ်။

ခင်ပွန်းမိသားစုနဲ့ အဆင်မပြေရင်တော့ ဘယ်ချွေးမနဲ့ပေါင်းပေါင်း ချွေးမက ချွေးမပဲဆိုတဲ့စိတ် တဘက်မိဘမှာ ဖြစ်သွားပါတယ်။ ဘယ်ချွေးမကမွေးမွေး ကိုယ့်မြေးပါပဲဆိုတဲ့ စိတ်ထားလည်း ပေါ်လာနိုင်ပါတယ်။ ဒီအခါ ကိုယ့်ဘက်ကရပ်တည်ပေးမယ့်သူဟာ ကိုယ့်မိသားစုပဲ ရှိမှာပေါ့။ ဒီအခါ လင်မယားစေ့စပ်ဖြန်ဖြေမှုအားနည်းပြီး ကွဲပြဲတဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ခင်ပွန်းကိုချစ်ရင် ၊ သူနဲ့သေတပန်သက်တဆုံး ပေါင်းလိုရင် သူ့မိသားစုကိုလည်း ချစ်နိုင်အောင် ကြိုးစားပါ။ မတူညီတဲ့ မိသားစုနဲ့ ဆက်ဆံပေါင်းသင်းတဲ့အခါ ရေရှည်ကိုကြည့်ပါ။

စိတ်ထဲမတွေ့တိုင်း မပြောပါနဲ့ ၊ မသဒ္ဒါတိုင်း မပေးဘဲ မနေပါနဲ့။ တဘက်က မကောင်းလည်း ကိုယ့်ယောကျာ်းနဲ့ မပြတ်နိုင်သရွေ့ ကိုယ့်ယောကျာ်းမိဘဆွေမျိုးဟာ ကိုယ့်မိဘဆွေမျိုးလို့ သဘောထားပြီး ဆက်ဆံနိုင်လေ နှစ်ဖက်မိသားစုဆက်ဆံရေး မျှတလေဖြစ်မှာပါ။ ဒါဆိုရင် ကိုယ်ဟာ ချွေးမကောင်းတယောက်မို့ ဒီလင် ၊ ဒီမယား ၊ ဒီသားသမီးရဲ့ သာယာတဲ့မိသားစုလေး မပြိုကွဲစေချင်တဲ့ဆန္ဒ တဖက်မိသားစုမှာ ဖြစ်လာပါတယ်။ ကိုယ်က ကျိုးနွံသိတတ်ပါမှ တဘက်ကလည်း ကိုယ့်စေတနာကို (အခုမသိတတ်ရင်တောင်) တချိန်မှာ သိတတ်လာမှာပါ။ တစိမ်းတွေပေါင်းသင်းတဲ့ဆက်ဆံရေးမို့ သည်းခံဖို့တော့လိုပါတယ်။

ပျင်းရိမမူဆိုတာ အိမ်မှုကိစ္စတွေလုပ်ဖို့ မပျင်းပါနဲ့ ၊ သာရေးနာရေးတွေမှာ အိမ်ရှင်မပီပီ စီမံခန့်ခွဲဖို့ မပျင်းပါနဲ့ ၊ ခင်ပွန်းဝတ္တရားနဲ့ သားသမီးဝတ္တရားတွေ ကျေပွန်ဖို့ မပျင်းပါနဲ့ ၊ နောက်ဆုံးမှာ ခင်ပွန်းရဲ့ဆန္ဒကို အလိုက်သိဖြည့်ဆည်းပေးဖို့လည်း မပျင်းပါနဲ့။

အိမ်ရှင်မဆိုတာ အိမ်ထောင်စုတခုလုံးမှာ ဆုံးဖြတ်ချက်တွေခပ်များများကို ဦးဆောင်နေရတဲ့ ဘုရင်မတစ်ပါးဖြစ်ပါတယ်။ အိမ်တွင်းစီမံခန့်ခွဲမှု ၊ ခင်ပွန်းအတွက် ၊ သားသမီးအတွက် ၊ သာရေးနာရေးအတွက် ဒီအိမ်ထောင်ရဲ့ ဆုံးဖြတ်ချက်အများစုကို ကိုယ်ကဆုံးဖြတ်နေရတာမဟုတ်လား။ ဒါကြောင့် အိမ်ရှင်မဟာ ဒီအိမ်ထောင်ရဲ့ ဘုရင်မတစ်ပါးပါ။

အိမ်ရှင်မဆိုတာ အဲဒီအိမ်ထောင်ရဲ့ ကျွန်တစ်ယောက်လည်းဖြစ်ပါတယ်။ နေမထွက်ခင်ကထ ၊ မိုးစုန်းစုန်းချုပ်မှ အိပ်စက်ရတဲ့ အပင်ပန်းလှဆုံး ကျွန်တစ်ဦးလို အမျိုးအမည်တပ်ရခက်တဲ့ အိမ်တွင်းအလုပ်တွေကို တကုပ်ကုပ်နဲ့လုပ်ကိုင်ရင်း ၊ တချို့အိမ်ရှင်မတွေဆို အပြင်စီးပွားရေးအလုပ်လည်း လုပ်ရတယ်။ ကလေးမရှိသေးရင် အိမ်ရှင်မတွေရဲ့အလုပ်ဟာ ဒီလောက် မများဘူးလို့ဆိုနိုင်ပေမယ့် မွေးကင်းစကလေးကနေ ဆယ်ကျော်သက်အရွယ်အထိ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ၊ ပညာရေးအတွက် အချိန်ပေးနေရတာနဲ့ ကိုယ်ပိုင်အနားယူချိန်ဆိုတာတောင် ရှားပါးလာပါပြီ။ မိသားစုနဲ့ အိမ်အကူရှိတဲ့သူတွေအတွက် သက်သာပေမယ့် အများစုကတော့ အခြေခံလူတန်းစာတွေမို့ ကိုယ်တိုင်ပဲ လုပ်ကိုင်ကြရတာပါ။

အိမ်ရှင်မတွေ အိမ်မှာဘာလုပ်နေရလို့ ဒီလောက်ပင်ပန်းတာလဲသိချင်ရင် သူတို့ကို အဲဒီအိမ်ကနေ နှစ်ပတ်ကနေ တလလောက် ခရီးထွက်ခွင့်ပေးလိုက်ပြီး ကိုယ်တိုင် ကိုယ့်သားသမီးတွေနဲ့ အဆင်ပြေအောင် နေကြည့်လိုက်ပါ။ ဗိုက်ဆာတဲ့အချိန် အပြင်ထွက်ဝယ်စားလို့ရပါတယ်။ အိမ်ဖော်ရှိနေရင် အဝတ်လျှော် ၊ မီးပူတိုက် နဲ့ အိမ်ရှင်မအလုပ်အချို့ကို သူတို့က လုပ်ကူလို့ အဆင်ပြေနေမှာပါ။

အိမ်အကူတွေမရှိရင်တော့ အိမ်ကြီးဟာ ဖုန်တွေတက် ၊ ပွရှုပ်ပြီး ကိုယ့်ဘာသာ အဆင်ပြေသလို သိမ်းဆည်းလျှော်ဖွပ်ရင်တောင် အိမ်ရှင်မတွေလုပ်သလောက် မသပ်ရပ်တာ သိလာပါလိမ့်မယ်။ ဘာအနံ့မှန်းမသိတဲ့ ညှင်းသိုးသိုးအနံ့တွေကို အိပ်ခန်းထဲမှာ ၊ အိပ်ခန်းပြင်မှာနဲ့ သားသမီးတွေအနီးအနားမှာလည်း ရနေနိုင်ပါတယ်။  “ရေချိုးချိန်ဟဲ့ ၊ အနားယူချိန်ဟဲ့ ၊ အိပ်ယာခင်းနဲ့ကန့်လန်ကာတွေ လဲချိန်ဟဲ့” လို့ သူ့အချိန်နဲ့သူ တွန်းတွန်းတိုက်တိုက်လုပ်ဖြစ်အောင် နားပူနားဆာ မလုပ်မချင်းပြောနေမယ့် အိမ်ရှင်မ မရှိလို့ အိမ်နဲ့ အိမ်သားတွေဟာ ဖြစ်သလို ဗြုပ်စဗြင်းတောင်း ဖြစ်နေတာပါ။

ကလေးတွေဟာ သူ့အမေလောက် အိမ်ဖော်တွေကို မကြောက်တဲ့အတွက် စာလုပ်ချင်မှလုပ်မှာပါ။ ဒီတော့ သူတို့ပညာရေးဟာ ရေရှည်မှာ စိုးရိမ်စရာ ဖြစ်လာပါမယ်။ ကိုယ်ကတော့ သူမရှိရင် သူ့နေရာမှာ သူ့လိုလုပ်ပေးမယ့် အမျိုးသမီးတစ်ယောက်ကို ကောက်ယူလိုက်လို့ရပေမယ့် ကိုယ့်သားသမီးတွေရဲ့ ခံစားချက်ဟာ အမေရင်းနဲ့ မိထွေးအပေါ် အချစ်ချင်းတူနိုင်ပါ့မလား။ မိထွေးကကော သူ့သားသမီးအရင်းတွေလို့ သဘောထားချစ်ပါ့မလား။ သေချာတာကတော့ စိတ်ထဲကအဖုအထစ်တွေ ဒီမိသားစုထဲမှာ ကြီးထွားလာရင်း ကလေးတွေဟာ (Broken Family) ဆိုတဲ့ ခံစားချက်တွေနဲ့ စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။

အမျိုးသားနဲ့အမျိုးသမီးက လင်နဲ့မယားရယ်လို့ စတင်ထူထောင်လာခဲ့တဲ့ ဒီအိမ်ထောင်ရေးမှာ ဒီမိသားစုအတွက် ၊ ဒီသားသမီးတွေအတွက် အိမ်ထောင်ဦးစီးဟာ ဦးဆောင်မှုနေရာမှာရှိသလို အိမ်ရှင်မဟာလည်း ပဲ့ကိုင်သူနေရာမှာ ရှိနေသူပါ။ သူတို့နှစ်ဦးမှာ တဦးဦးက ဘက်ပဲ့သွားပြီဆိုရင် သားသမီးတွေရဲ့ ခံစားချက်ဟာလည်း ဘက်ပဲ့သွားမှာဖြစ်ပါတယ်။

ဆိုးရွားတဲ့အိမ်ထောင်ဦးစီးကို အိမ်ရှင်မတွေက မလိုလားသလို အလိုက်မသိတဲ့ အိမ်ရှင်မကိုလည်း အိမ်ထောင်ဦးစီးတွေက မလိုလားပါဘူး။ ဘာတွေဆိုးရွားလို့ ဘာတွေအလိုက်မသိလဲဆိုတာတွေကို ဒီအိမ်ထောင်က ဒီလူတွေပဲ အသိဆုံးမို့ ညှိယူကြရမှာပါ။ မညှိနိုင်လို့ သည်းမခံနိုင်တဲ့တနေ့မှာ လမ်းခွဲရုံရှိမှာပေါ့။ အိမ်ထောင်တခုမှာ နားလည်မှုဟာအဓိကဖြစ်သလို ပွင့်လင်းမှုနဲ့ သစ္စာရှိမှု ၊ ညှိနှိုင်းပြီးပြေလည်လိုစိတ်ရှိမှုတွေဟာ ဒီအိမ်ထောင် ပျော်ရွှင်စွာတည်မြဲဖို့ အခရာဖြစ်နေပါတယ်။ တည်ထောင်ပြီးသားအိမ်ထောင်တိုင်း တည်မြဲပါစေ။

ရတု (Burmesehearts.com)

 

You might also like