ခင်ပွန်းများက တန်ဖိုးထားမြတ်နိုးသည့် ဇနီးကောင်းများ

0

ခင်ပွန်းတွေ လက်မလွှတ်နိုင်တဲ့ ဇနီးကောင်းဆိုတာ အိမ်ထောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တဲ့ ဇနီးကောင်းတွေပါ။ ပြောတာတော့ စာတကြောင်းတည်းမို့လွယ်ပါတယ်။ အိမ်ထောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို အသေအချာ သဘောပေါက် နားလည်ဖို့သာ ခက်တာပါ။

အမျိုးသမီးအများစုက ခင်ပွန်းတာဝန် ၊ သားသမီးတာဝန် ၊ အိမ်မှုကိစ္စတာဝန်တွေကျေရင် အိမ်ထောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တဲ့ ဇနီးကောင်းဖြစ်တယ်လို့ ယေဘူယျ သတ်မှတ်လိုက်တာ မှန်သင့်သလောက်မှန်ပေမယ့် အပြည့်အဝ မမှန်ပါဘူး။

အိမ်ထောင်တခု စတင်ထူထောင်တဲ့သူတွေဟာ ခင်ပွန်းနဲ့ဇနီးပေါ့။ ထူထောင်ပြီးသားအိမ်ထောင်ကြောင့် ဆက်နွယ်လာမယ့်သူတွေဟာ ဟိုဘက်မိသားစု ၊ ဒီဘက်မိသားစု ၊ ဟိုဘက်ဆွေမျိုး ၊ ဒီဘက်ဆွေမျိုး ၊ ဟိုဘက်မိတ်သင်္ဂဟ ၊ ဒီဘက်မိတ်သင်္ဂဟ အသိုင်းအဝန်းကျယ်ပြန့်လာပါတယ်။ နောက်ထပ်တိုးပွားလာမှာက ကိုယ့်သွေးကဖြစ်လာမယ့် ကိုယ့်သားသမီးတွေပါ။ ဒီလူတွေကို မျှမျှတတ တာဝန်ကျေနိုင်ပါမှ အိမ်ထောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

အစကပြန်ကောက်ရင် အိမ်ထောင်တခုကို စတင်တည်ထောင်ခဲ့သူတွေဖြစ်တဲ့ ခင်ပွန်းနဲ့ဇနီးဟာ တဦးတာဝန်ကို တဦးကျွေပွန်ရမှာဖြစ်သလို ကိုယ့်တာဝန်ကိုလည်း ကိုယ်ကျေပွန်ရပါမယ်။ ကိုယ့်ရဲ့ တကိုယ်ရည်သန့်ရှင်းစွာ (အထူးသဖြင့် ဖြစ်ကတတ်ဆန်းနေတာကိုရှောင်ပြီး) သတိထား နေထိုင်တတ်ဖို့ လိုပါတယ်။ အိမ်ထောင်ကျပြီးပြီဆိုပြီး ကိုယ်တိုင်က ဗြုပ်စဗြင်းတောင်းနေထိုင်ရင် အိမ်ထောင်ဘက်ဟာလည်း ဗြုပ်စဗြင်းတောင်းနေတတ်တဲ့ ကိုယ့်ကို လက်မထပ်ခင်ကလို မွေ့လျော်နိုင်ပါ့မလား။

လင်မယားအချင်းချင်း ဖုံးကွယ်စရာမရှိ အတိုင်းသား မြင်ပြီးသား ၊ သိပြီးသားဆိုပေမယ့်လည်း အိပ်ရာပေါ်မှာမဟုတ်ရင် မမြင်သင့်တဲ့နေရာတွေကို သိုသိုသိပ်သိပ် ၊ သပ်သပ်ရပ်ရပ် နေထိုင်တတ်ပါမှ ကိုယ့်အိမ်ထောင်ဘက်ဟာ ကိုယ့်ရဲ့အနေအထိုင် ပိရိသေသပ်မှုအပေါ်ကို ဖွင့်မပြောသည့်တိုင် မသိစိတ်က အထင်ကြီးမှာဖြစ်ပါတယ်။ အိမ်ထောင်သက်တလျောက် ထိန်းသိမ်းနေထိုင်သွားလေ ရပြီးပေမယ့် မပေါ့သွားတဲ့ ခံစားချက်ကို တမျိုးတဖုံ ပေးနေပါတယ်။

ကိုယ့်တကိုယ်ရည် ဂရုစိုက်သလို သူ့တကိုယ်ရည်ကိုလည်း ဂရုစိုက်တတ်အောင် ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ သူသုံးတတ်တဲ့ ရေမွှေး ၊ ကိုယ်လိမ်းပေါင်ဒါ ၊ အသုံးအဆောင်တွေကို ဂရုတစိုက်မှတ်သားပြီး အလိုက်တသိဖြည့်ဆည်းပေးတတ်တာ ၊ ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ့်မျက်စိထဲအရင်လို ကြည့်ကောင်းဆဲ ၊ ရင်ခုန်နေစေဆဲသူအဖြစ် ရံဖန်ရံခါ ချီးမွမ်းပြောဆိုပေးတာဟာလည်း ယခင်က ချစ်အငွေ့အသက်တွေကို ပြန်သတိရစေပါတယ်။

ဘယ်သူမဆို ကိုယ့်ကို ရှုပျော်ဖွယ်မရှိဘူး စသဖြင့် မကောင်းမြင်တဲ့ အပြောအဆိုတွေထက် မယူခင်က ပြောဆိုခဲ့ဖူးတဲ့ စကားလေးတွေနဲ့ နှုတ်ဆက်တာမျိုး ၊ ချီးမွမ်းတာမျိုးတွေဟာ အိမ်ထောင်ကျသွားပြီးနောက် ရိုးလာတဲ့ ဆက်ဆံရေးကို အရင်က ဘယ်လိုခံစားမှုတွေ ၊ ဘယ်လိုအပြောမျိုးတွေနဲ့ နှစ်ဦးတွယ်ငြိခဲ့ကြတယ်ဆိုတာ သတိပေးချီးမွမ်းလိုက်တာပါ။ ကိုယ့်အတွက် သူဟာ အရင်လို ခံစားနေရဆဲပဲလို့ သွယ်ဝိုက်သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

သူ့တကိုယ်ရည် ဂရုစိုက်ပြီးရင် သူ့အကြိုက် စားသောက်ဖွယ်ရာလေးတွေ လုပ်ကျွေးတာ ၊ သူဖတ်လေ့ရှိတဲ့ စာအုပ်စာပေလေးတွေ ဝယ်လာ ၊ ငှါးလာတာ ၊ သူကြိုက်တတ်တဲ့ ဇတ်လမ်းတွေငှါးရမ်း ကြည့်ရှုတာလေးတွေနဲ့ အိမ်ထဲမှာ ကိုယ်နဲ့အတူ သူနေရပျော်လာအောင် ညားခါစကတည်းက ကျင့်ယူခဲ့မယ်ဆိုရင် ဒီနေအိမ်ဟာ ၊ ဒီဇနီးဟာ မရိုးတဲ့ခံစားချက်တွေနဲ့ ခင်ပွန်းကို ဆွဲဆောင်နိုင်သူပါ။ ဒီလိုဆို အပြင်ဘက်ထွက်ပြီး ပျော်စရာရှာဖို့ မလိုတော့ဘူးလေ။ ဒါဟာ ချမ်းသာတဲ့သူမှ လုပ်နိုင်တာမဟုတ်ဘဲ အတူအိပ်ဖို့ အချိန်ရှိတဲ့လင်မယားတိုင်း တစ်ဦးကိုတစ်ဦး အချိန်ပေးခြင်းနဲ့ ဂရုစိုက်မှုဆိုတာကို မအိပ်ခင်အချိန်ကလေးမှာ ပေးနိုင်ပါတယ်။

လင်မယားနှစ်ဦး အတူနေချိန်မှာ ခြေဆုပ်လက်နယ်လေးလုပ်ပေး ၊ နှစ်ဦးအတူထိုင်လို့ လက်ကလေးတွဲထားတာ ၊ ပခုံးလေးမီထားတာ ၊ ပုခုံးလေးဖက်ထားတာတွေနဲ့ မယူခင်က ခံစားမှုမျိုးတွေကို ရိုးမသွားအောင် ပြန်ခံစားနိုင်ပါတယ်။ ဒါတွေဟာ ညားခါစလင်မယားတွေ (ကလေးမမွေးဖွားခင်အချိန်အထိ) လေ့ကျင့်ယူလာနိုင်တဲ့ နွေးထွေးမှုလေးတွေပါ။ ကလေးရပြီဆိုရင်တော့ ကလေးတာဝန်တွေနဲ့မို့ ဒီလိုဆက်ဆံရေးမျိုး တည်ဆောက်ရ ခက်နေပါလိမ့်မယ်။ နားလည်သိတတ်စပြုတဲ့ ကလေးတွေရှေ့မှာ ဒီလိုလည်း မနေထိုင်သင့်တော့ဘူးလေ။

အိမ်ထောင်သက် ငါးနှစ် ၊ ဆယ်နှစ်ရှိပါမှ အထာမကျခဲ့တဲ့ ယုယမှုတွေ ပြန်ခံစားချင်မယ်ဆို တဦးအပေါ်တဦး ရှက်ရွံ့တဲ့ ခံစားမှုတွေနဲ့ မပွင့်မလင်းဖြစ်နေနိုင်ပါတယ်။ အတွင်းသိ ၊ အစင်းသိ အကုန်သိနေတဲ့ လင်မယားချင်း ဆက်ဆံရေးနွေးထွေးမှုမှာ မပွင့်မလင်းနဲ့ မယူခင်ကလို ဆက်ဆံရေးမျိုး မရှိတော့ဘူးဆိုရင် ဒီလင်မယားကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးတွေ ပျက်ပြယ်လာတဲ့သဘောပါ။ ထိန်းသိမ်းဖို့နောက်ကျလေ အေးစက်တဲ့ဆက်ဆံရေး ဖြစ်လာလေပါပဲ။ အိမ်ထဲမှာ အေးစက်တဲ့ဆက်ဆံရေးရှိနေရင် ဖောက်ပြန်ချင်တဲ့စိတ်တွေကို တွန်းအားပေးနိုင်တာမို့ သတိထားဖို့လိုပါတယ်။

ကိုယ်တွေလင်မယားဆက်ဆံရေးဟာ အိမ်ထောင်မကျခင်ကနဲ့ အိမ်ထောင်ကျပြီး နှစ်တွေရလာသည့်တိုင်အောင် နွေးနွေးထွေးထွေးရှိနေဆဲဆိုရင် ကိုယ်ဟာ ဒီအိမ်ထောင်မှာ အိမ်ထောင်မှုဆက်ဆံရေးဆိုတာကို ကောင်းကောင်း ထိန်းသိမ်းနိုင်သူတယောက်ဖြစ်နေပါတယ်။ ဟိုဘက်မိသားစု ၊ ဒီဘက်မိသားစု ၊ ဟိုဘက်ဆွေမျိုး ၊ ဒီဘက်ဆွေမျိုး ၊ ဟိုဘက်မိတ်သင်္ဂဟ ၊ ဒီဘက်မိတ်သင်္ဂဟ အသိုင်းအဝန်း ဆက်ဆံရေးမှာလည်း မျှမျှတတဖြစ်အောင် ပေးကမ်းဆက်ဆံတတ်ဖို့ လိုပါတယ်။ ကိုယ့်ဆက်ဆံရေးနဲ့ အပြုအမူတွေကို သူတို့လေးစားချစ်ခင်လေ ကိုယ်တင်မက ကိုယ့်ကိုယူခဲ့တဲ့ ကိုယ့်အိမ်ထောင်ဘက်ဟာ ဂုဏ်တက်လေပါပဲ။

ကလေးကိုယ်ဝန်ဟာ မယူခင်ကတည်းက ပါလာတာမျိုးမဟုတ်ရင် ကလေးယူဖို့ဆိုတာကိုလည်း နှစ်ဦးရှိနေဆဲ ဆက်ဆံရေး ၊ အိမ်စီးပွားရေး ၊ ဖြစ်လာနိုင်မယ့် ကလေးအနာဂါတ်ရှေ့ရေး ၊ ကလေးအပေါ် လင်မယားနှစ်ဦး တာဝန်ခွဲဝေယူမှု ၊ ကလေးရပြီးနောက် ပြောင်းလဲဖြစ်ပေါ်လာနိုင်တဲ့ အိမ်ထောင်ရေးအခြေအနေနဲ့ နားလည်နိုင်မှုဆိုတာတွေကို အပြန်အလှန် အကျေအလည် ဆွေးနွေးပြီးပါမှ ကလေးယူသင့်တယ်လို့ အကြံပေးပါရစေ။

ဒီတော့မှ ခင်ပွန်းဟာ သူ့သွေးလွယ်ထားတဲ့ ကိုယ်ဝန်သည်ဇနီးအပေါ်ကို ပိုနားလည်သိတတ် ဖြည့်ဆည်းနိုင်မယ်။ ကလေးမွေးလာပြီး ကိုယ်တွေလင်မယားနှစ်ဦးကနေ ကလေးအပါအဝင် သုံးဦး ၊ လေးဦး စသဖြင့် တိုးပွားလာမယ့် မိသားစုဆက်ဆံရေး ၊ ပြောင်းလဲသွားမယ့် မိသားစု နေထိုင်မှုပုံစံ ၊ ပိုကုန်ကျမယ့်ငွေ ၊ ကိုယ့်အိပ်စက်ချိန် နဲ့ အနားယူချိန်တွေကို ကလေးမျှဝေပေးရမယ့်အချိန်တွေ စသဖြင့် ဖြစ်လာနိုင်ချေတွေ လေးလေးနက်နက် လက်ခံပြီး မိသားစုဘဝဆိုတာ ပိုနားလည်လာမယ်။

ကလေးရလာရင် ကလေးတာဝန်ကို ဇနီးကအများစုထမ်းရတယ်ဆိုပေမယ့် နှစ်ဦးနားလည်မှုနဲ့ယူထားတဲ့ သားသမီးဖြစ်တာမို့ ခင်ပွန်းကပါ မျှဝေထမ်းပေးတဲ့အခါ ဒီမိသားစုထဲက နွေးထွေးတဲ့ဆက်ဆံရေးဟာ ဇနီးမောင်နှံနှစ်ဦးထဲမှာတင်မက သားသမီးတွေဆီမှာပါ ကူးစက်လာခဲ့တယ်။ သံယောဇဉ်တွေ တိုးရစ်နှောင်တယ်ဆိုတာ ဒါကိုခေါ်တာပေါ့။

BurmeseHearts Blog

ကြိုတင်ညှိနှိုင်းနားလည်မှုမယူဘဲ ရလာတဲ့ကလေးဆိုရင် ရမှယူရုံပေါ့ဆိုတဲ့ ပေါ့တန်တန်စိတ်ထားက ကိုယ်ဝန်သည်ဇနီးကို နားမလည်နိုင်တာ ၊ သားသည်မိခင်ကို နားမလည်နိုင်တာ ၊ အိမ်မှုကိစ္စတာဝန် နဲ့ ကလေးတာဝန်မှာပိနေတဲ့ ဇနီးမယားကို နားမလည်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။ ကလေးအတွက် အပိုငွေကုန်ကျမှုတွေကိုလည်း ကြိုတင်မပြင်ဆင်ထားတဲ့အတွက် လိုက်မဖြည့်နိုင်တာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဒီတော့ လင်မယားဆက်ဆံရေး အဆင်မပြေဖြစ်တာတွေ များလာတာပေါ့။

ဒီလိုမပြေလည်မှုတွေဖြစ်လာတာ ဖောက်ပြန်ချင်တဲ့သူတွေအတွက် အခွင့်ကောင်းဖြစ်သွားပါတယ်။ မဖောက်ပြန်ချင်တဲ့ခင်ပွန်းတွေတောင် ဒီအိမ်ထောင်ထဲ နားလည်မှု တည်ဆောက်ထားတာမျိုးမရှိရင် အေးရာအေးကြောင်း အပြင်မှာနေတဲ့အချိန်တွေများတာ ၊ မိန်းမနဲ့ကလေးကို အိမ်မှာဖြစ်သလို ပစ်ပယ်ထားတတ်တာ ၊ အဆိုးဆုံးမှာ ဇနီးနဲ့သားသမီးကို အမြင်မကြည် အပြစ်တင်ပြောဆို ၊ ဆူပူမာန်မဲ ၊ ရိုက်နှက်နှိပ်စက်တာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။

ကလေးတာဝန်တွေနဲ့ မအားလပ်ဘူးဆိုပေမယ့် ယခင်ထမ်းဆောင်နေကျ ခင်ပွန်းတာဝန်တွေနဲ့ အိမ်ထောင့်တာဝန်တွေမှာ မလစ်ဟင်းဖို့လိုပါတယ်။ ကလေးအမေဆိုတာ အနည်းနဲ့အများတော့ မသိမသာကနေ သိသိသာသာ ရွဲသွားတာတွေရှိပါတယ်။ ဒါကို ကလေးအမေတွေကိုယ်တိုင်နဲ့ သူနဲ့အနီးစပ်ဆုံးခင်ပွန်းတွေက အသိဆုံးဖြစ်မှာပါ။

ကလေးလွယ်မွေးလိုက်လို့ ပျက်စီးသွားတဲ့အလှတွေကို နှမျောနေမယ့်အစား ဘယ်လို ထိန်းထိန်းသိမ်းသိမ်း ပြင်ပြင်ဆင်ဆင်နေထိုင်ရမယ်လို့ လေ့လာပြီး ယခင် ကလေးမရခင်ကနဲ့မခြား သပ်သပ်ရပ်ရပ်လေး နေထိုင်တတ်ပါမှ ခင်ပွန်းရဲ့ စိတ်အာရုံကို ဆက်လက်ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ကလေးအမေလိုမနေဘူးလို့ ဘယ်လိုပြောပါစေ။ ကိုယ်လှတာမနာလိုလို့ပြောတယ်လို့ သတ်မှတ်လိုက်ပါ။ အလွန်အမင်းပြင်ဆင်တာတွေကို ရှောင်ပြီး အရင်လို သပ်သပ်ရပ်ရပ်လေးတော့ ပြင်ဆင်နေထိုင်ရပါမယ်။

ကလေးမွေးပြီးလို့ အလှပျက်တယ်ဆိုတာ မိန်းမသားတွေအတွက် အနှုတ်လက္ခဏာဆောင်သွားတာပေါ့။ အနှုတ်လက္ခဏာကို အပေါင်းလက္ခဏာတွေ ပြန်တက်လာအောင် ခင်ပွန်းကို အရင်ကထက် ပိုသိတတ် ၊ ပိုပြုစုယုယတာတွေနဲ့ ကိုယ်တွေနှစ်ဦးဆက်ဆက်ရေးနွေးထွေးမှုကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ အိပ်ခန်းအပြင်မှာ အလိုက်တသိ ချက်ပြုတ်ကျွေးမွေး ၊ ပြုစုယုယမှုဟိုးလာရမှာဖြစ်သလို အိပ်ယာပေါ်မှာလည်း နွေးထွေးတဲ့ဆက်ဆံမှုတွေနဲ့ ပြုစုယုယမှုတွေကို ထိန်းသိမ်းထားနိုင်ရပါမယ်။ ကလေးတောင်ရပြီးမှ ဘာထပ်ရှက်စရာလိုသေးလဲ။ ကိုယ်လင်မယားချင်းပဲလေ။ လင်မယားနှစ်ဦးကြား အိမ်ထောင့်ကိစ္စတွေမှာ ပွင့်လင်းစွာဆက်ဆံမှု တိုးမြှင့်ခြင်းဟာ ကလေးမိခင်တွေ ခင်ပွန်းကို ကိုယ့်ဘက်မြဲနေအောင် ဆွဲဆောင်နိုင်ခြင်းတစ်မျိုးပါပဲ။

ကိုယ်ဟာ ဒီလင် ၊ ဒီသားအပေါ်မှာ ဘယ်လောက်ခင်တွယ် ချစ်မြတ်နိုးတယ်ဆိုတာ ရံဖန်ရံခါ ပြောပေးခြင်းဟာ ဒီအိမ်ထောင်အပေါ် ကိုယ်ဘယ်လောက် စိတ်နှစ်ထားပြီး သစ္စာရှိတယ်ဆိုတာ သူနားလည်ဖို့ ပြောပြခြင်းပါပဲ။ တနည်းအားဖြင့် သူကိုယ်တိုင်က ဒီမယားနဲ့ ဒီသားသမီးတွေရှိနေတဲ့ ဒီအိမ်ထောင်အပေါ်မှာ သစ္စာရှိရမယ်လို့ သွယ်ဝိုက်ပြောလိုက်တာပါ။

တကယ်ဆို နှစ်ဦးအကြားက ဆက်ဆံရေးနွေးထွေးခိုင်မြဲနေသမျှ ကြားလူပြောတဲ့စကားတွေဟာ ကြားစကားတွေဖြစ်ပြီး ဒီအိမ်ထောင်မှာပျော်နေတဲ့ခင်ပွန်းကို သကြားမင်းဆင်းဖျက်တာတောင် ဒီမယားနဲ့ဒီသားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့သံယောဇဉ်တွေ မပျက်ပြယ်နိုင်ပါဘူး။ နှစ်ဦးအကြားမှာထားရှိတဲ့ ဆက်ဆံရေးနွေးထွေးမှု ၊ ပွင့်လင်းမှု ၊ တဦးအပေါ်တဦး နားလည်ပေးနိုင်မှု ၊ သိတတ်မှုလေးတွေက ဒီအိမ်ထောင် ပျော်ရွှင်စွာခိုင်မြဲစေဖို့ အဓိကအကြောင်းရင်းတွေပါ။

ရတု (Burmesehearts.com)

You might also like