Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဖက်ပေါ်ဆူးကျကျ ဆူးပေါ်ဖက်ကျကျ မိန်းမသားဘဝ – BurmeseHearts

ဖက်ပေါ်ဆူးကျကျ ဆူးပေါ်ဖက်ကျကျ မိန်းမသားဘဝ

0

သန္ဓေတားနည်းအထွေထွေ ၊ ရက်ရှောင်နည်းအထွေထွေစတဲ့ လိင်ပညာပေး သင်ခန်းစာတွေကို မျှဝေပေးနေတဲ့ စေတနာကို မသင်ချင်သော သင်ခန်းစာ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကိုက ကိုယ်တိုင်မိန်းမသားမို့ မိန်းမသားဘဝကို ကိုယ်ချင်းစာနာလို့ ဖြစ်ပါတယ်။ တကယ်လို့များ မလိုချင်တဲ့ကိုယ်ဝန်ရခဲ့ရင် ၊ ဒီကိုယ်ဝန်ရဲ့တာဝန်ယူဖို့ အစစအရာရာ အဆင်သင့်မဖြစ်သေးရင် မွေးလာမယ့်ရင်သွေး နောင်ရေးနဲ့  ထိုအိမ်ထောင်စု နောင်ကြုံတွေ့ရမယ့် ဘဝအခက်အခဲကို စာနာလို့ မျှဝေခြင်းဖြစ်ပါတယ်။

မိန်းမသားဘဝ

၁။ မလိုချင်တဲ့ရင်သွေးကို ဖျက်ချမယ်ဆိုရင် အမျိုးသမီးကပဲ ဖျက်ချရတာပါ။ လွယ်မွေးရမယ်ဆိုလည်း အမျိုးသမီးက လွယ်မွေးရတာပါ။

၂။ တားဆေးတွေကို အမျိုးသမီးတွေကပဲ သုံးကြရတယ်။ အဲဒီတားဆေးအထွေထွေရဲ့ Side Effect တွေကိုလည်း အမျိုးသမီးတွေပဲ ခံကြရတယ်။

၃။ မွေးလာတဲ့သားသမီးတွေကို နို့ချိုတိုက်ကျွေး ၊ ပြုစုထိန်းသိမ်းသွားဖို့ဆိုတာလည်း  အမျိုးသမီးတွေဖြစ်တဲ့ မိခင်တွေက အဓိကကျတဲ့နေရာမှာ ရှိနေတယ်။

၎။ တားဆေးနဲ့မတည့်လို့ အသားအရေ မွဲခြောက်ပြီး ပိန်လာတာ ၊ အဆီတိုးပြီး ဝလာတာ ၊ တခြား ကျန်းမာရေးချို့ယွင်းလာတာတွေကိုလည်း အမျိုးသမီးတွေပဲ ခံစားကြရတယ်။

၅။ ဒါတွေမသုံးခင်ကလို လှတပတလေးမဟုတ်တော့လို့ ကိုယ့်လက်တွဲဖော်က ပစ်သွားတာ ၊ ဖောက်ပြန်တာတွေကိုလည်း အမျိုးသမီးတွေကပဲ ခံကြရတယ်။

ဒါတွေကိုခံစားရလို့ အမျိုးသားတွေကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ဖက်ပေါ်ဆူးကျကျ ဆူးပေါ်ဖက်ကျကျ မိန်းမသားဘဝပေပဲမို့ သဘာဝဟာ သဘာဝပါ။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ နောင်လာမယ့်အပူတွေ ၊ ဒုက္ခတွေ ၊ ဝေဒနာတွေ သက်သာပါစေတော့ရယ်လို့ ရည်ရွယ်ပြီး လိင်ပညာပေးနဲ့ အခြားသိမှတ်ဖွယ်ရာ စာတွေ မျှဝေရေးသား ဖော်ပြနေတာကတော့ ကျွန်မရဲ့စေတနာပါ။

BurmeseHearts Blog

ရက်ရှောင်၍ အတူနေနည်း အပိုင်း(၂) မှာ ဖော်ပြထားတဲ့ဇယားဟာ ဒေါက်တာမောင်မောင်ညို M.B.B.S (Ygn) PHD(London) M.A(Mich.) ဆေးပညာပါရဂူဘွဲ့ FOMERAD(USA) ရေးသားထားခဲ့တဲ့ သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝစာအုပ်မှာ လက်ရေးနဲ့ရေးဆွဲဖော်ပြထားခဲ့သော ရက်ရှောင်နေထိုင်နည်းဇယားအား ပိုမြင်သာအောင် ကွန်ပျူတာနှင့် အရောင်ခွဲဖော်ပြထားခဲ့ခြင်းသာဖြစ်ပါတယ်။ လိုတိုးပိုလျှော့လုပ်ပြီး ရေးသားဖော်ပြထားတာမရှိပါဘူး။

pic12

ထိုဇယားကို ရေးသားထားသည့်အတိုင်း လိုက်နာကျင့်သုံးပြီး ရက်ရှောင်နေထိုင်နိုင်တယ်လို့ ဆရာကြီးက ရေးသားထားပါတယ်။ ဒါပေမယ့် ဇယားမှာရေးဆွဲထားတာ သတိထားမိရင် ပုံမှန်ရာသီပေါ်လေ့ရှိတဲ့ အမျိုးသမီးတွေအတွက်ဖြစ်ပါတယ်။

ရာသီမှန်မှန် မပေါ်တဲ့အမျိုးသမီးတွေဟာ ထိုဇယားအတိုင်းလိုက်နာဖို့ ခက်မှာဖြစ်ပြီး ကလေးရဖို့ Risk ရှိနေနိုင်ပါတယ်။ ရာသီရက်စောတာ ၊ နောက်ကျတာတွေ ဖြစ်တတ်တဲ့ အမျိုးသမီးတွေဟာလည်း ဇယားကြီးအတိုင်း အသုံးပြုလို့မရဘူးဆိုတာ သင်ခန်းစာထဲမှာ ရှင်းလင်းပြထားပါတယ်။

ကလေးမွေးပြီးစ အမျိုးသမီးတွေအတွက်တော့ ထိုဇယားဟာ အသုံးဝင်မှာမဟုတ်ပါဘူး။ ကလေးမွေးပြီးစ နို့တိုက်မိခင်ဟာ (၄၅)ရက်အတွင်းသာ သွေးဆင်းပြီး အဲဒီနောက်ပိုင်းမှာ မမျိုးဥမကြွေလို့ ရာသီသွေးရပ်သွားခဲ့တာ လေး ၊ ငါးလ ကြာပြီးမှ ရာသီပေါ်ပါတယ်။ ကျွန်မဆို ကိုးလကြာမှ ရာသီပြန်ပေါ်ပါတယ်။ ရာသီပေါ်တယ်ဆိုတာ မမျိုးဥကြွေပြီး သန္ဓေမတည်လို့ပါ။ အဲဒါကိုလည်း မိန်းကလေးများ၏ ဓမ္မတာ သဘာဝ မှာ ဖော်ပြပြီးဖြစ်ပါတယ်။

ရာသီမှန်မှန်မပေါ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးမွေးပြီးတဲ့ အမျိုးသမီးတွေဟာ  ကလေးမလိုချင်ရင် သန္ဓေတားနည်းတွေထဲက ကိုယ်နဲ့သင့်တော်ရာကို အသုံးပြုရမှာဖြစ်ပါတယ်။

ဆရာကြီးရဲ့စာအုပ်ဟာ ရေးသားမှုပွင့်လင်းလှပြီး အသုံးဝင်တဲ့အတွက်ကြောင့် ဒီအပိုင်းမှာ အခက်အခဲရှိနေကြတဲ့ ကျွန်မ မိတ်ဆွေတွေ အသုံးပြုခဲ့တာတင် (၁၀)နှစ်ကျော် ကြာခဲ့ပြီ။ ကျွန်မကိုယ်တိုင်လည်း လက်တွေ့အသုံးပြု  ကျင့်သုံးနေသူဖြစ်တယ်။ အိမ်ထောင်သက်(၈)နှစ်ကျော်မှာ လွဲမှားမှု တစုံတရာ မတွေ့ခဲ့ဖူးပါဘူး။ ကိုယ်တိုင်အသုံးပြုပြီး အဆိပ်အတောက်မရှိတာ သေချာမှ ဝေမျှပေးခြင်းပါ။

ဒီလောက်နှစ်ကြာကြာ အသုံးဝင်ခဲ့တဲ့စာအုပ်က နည်းလမ်းကို ခေတ်ကာလ သားသမီးတွေ တနည်းတဖုံသိလာအောင် ပြန်ဝေမျှပေးခြင်း သက်သက်ဖြစ်ပါတယ်။ ဆရာကြီးရဲ့စာအုပ်ရှိနေတာ နှစ်များစွာကြာခဲ့ပြီ။ ဒီကာလအတွင်းနဲ့ မျက်မှောက်မှာ မြန်မာနိုင်ငံက ဖျက်ချခံခဲ့ရတဲ့ ကိုယ်ဝန်တွေ ၊ မလိုချင်ဘဲ မွေးဖွားလာခဲ့တဲ့ ကိုယ်ဝန်တွေဟာလည်း ဒုနဲ့ဒေးပါပဲ။ ကျွန်မတဆင့် မျှဝေပေးပြီးသည့်တိုင်အောင်လည်း ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

ကျွန်မတဆင့် မျှဝေပေးလိုက်တာဟာ “ဒီနည်းအတိုင်း လုပ်ကြဟေ့ ၊ ဖြစ်လာရင်ခံကြဟေ့” လို့ မြှောက်ပင့်စေ့ဆော် ရေးသားထားတာ မဟုတ်ပါဘူး။ အတူမနေခဲ့ဘူးတဲ့ စုံတွဲတွေကို ဒီနည်းအတိုင်း အတူနေကြပါ ၊ နေလို့ရပါပြီလို့ မရေးသားထားပါဘူး။ အခြားသန္ဓေတားနည်းတွေကိုလည်း သန္ဓေတားခြင်း (အပိုင်း-၁) နဲ့ သန္ဓေတားခြင်း (အပိုင်း-၂) မှာ လေ့လာနိုင်ပါတယ်။

ဖက်ပေါ်ဆူးကျကျ ဆူးပေါ်ဖက်ကျကျ မိန်းမသားဘဝမှာ အပြစ်အနာအဆာ ကင်းသထက် ကင်းနိုင်အောင် ၊ အဆင်သင့်မဖြစ်ခင် ဓါးစာခံအဖြစ် မွေးဖွားလာရမယ့် ကလေးတွေ ၊ ကိုယ်ဝန်တွေ နည်းသထက်နည်းအောင် တထောင့်တနေရာက ဝေမျှအသိပေးလိုက်တာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like