
ကလေးသူငယ်တွေဟာ ဘယ်အချိန်မှာ သိမ်ငယ်စိတ် ဝင်လာတတ်သလဲ?
ယေဘူယျအားဖြင့် ကလေးသူငယ်တွေဟာ မိစုံဖစုံမရှိတဲ့ အခြေအနေမျိုးမှာ ၊ မိဘမဲ့ဖြစ်ရတဲ့ အခြေအနေမျိုးမှာ ၊ အတန်းဖော် အရွယ်တူတွေလို ဝတ်စားနေထိုင် ပညာသင်ကြားခွင့်မရတဲ့ အခြေအနေမျိုးတွေမှာ သိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်။
ဒီလိုဆို မိစုံဖစုံရှိပြီး အရာရာပြည့်စုံစွာ ထားနိုင် ၊ နေနိုင်တဲ့ ကလေးတွေမှာ သိမ်ငယ်စိတ်မဝင်တတ်ဘူးလို့ ထင်စရာရှိပါတယ်။ မိစုံဖစုံရှိပေမယ့် မိဘက မိမိခံစားချက်တွေ ၊ ဆန္ဒတွေ လျစ်လျူရှုထားတယ်လို့ ခံစားရတဲ့အခြေအနေတွေမှာ သိမ်ငယ်စိတ် ဝင်လာတတ်ပါတယ်။ မိသားစုတွင်း နွေးထွေးတဲ့ ဆက်ဆံရေးမရှိတဲ့ အခြေအနေမှာ နွေးနွေးထွေးထွေးဖြစ်နေတဲ့ သူများမိသားစုတွေရဲ့ ဆက်ဆံရေးကိုအားကျပြီးတော့လည်း သိမ်ငယ်စိတ်ဝင်လာပါတယ်။
ဆင်းရဲချို့တဲ့သော ကလေးငယ်တွေရဲ့ သိမ်ငယ်စိတ်ဟာ တန်းတူဝတ်စားနေထိုင် ပညာသင်ကြားခွင့်မရရှိလို့ ဖြစ်လာတဲ့ သိမ်ငယ်စိတ်ဖြစ်ပြီး မိသားစုတွင်း နွေးထွေးမှုကို မရရှိလို့ အလိုလို သိမ်ငယ်စိတ် ဖြစ်နေတဲ့ ကလေးငယ်တွေလည်း ရှိပါတယ်။