Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးမီးမဖွားမီ စုဆောင်းထားသင့်သော ပစ္စည်းများ – BurmeseHearts

ကလေးမီးမဖွားမီ စုဆောင်းထားသင့်သော ပစ္စည်းများ

0

မလိုတာတွေ မဝယ်ဘဲ လိုတာတွေဝယ်မယ်။
မလိုတာတွေ မဝယ်ဘဲ လိုတာတွေဝယ်မယ်။

သားဦးမွေးမယ့် မိခင် ၊ ဖခင်များဟာ ကလေးမီးမဖွားမီ ကြိုစုဆောင်းထားသင့်တဲ့ အရာများလည်း သိထားသင့်ပါတယ်။ အခုခေတ်မှာလည်း ကလေးပစ္စည်း အမယ်စုံဆိုတော့ ဟိုဟာ ဝယ်ထားရကောင်းနိုး ၊ ဒီဟာ ဝယ်ထားရကောင်းနိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဒွိဟတွေအတွက် အခြေခံလူတန်းစားတွေအဖို့ ကလေးမမွေးမီ မဝယ်မဖြစ်ဝယ်ထားရမယ့် အရာများကို စာရင်းလုပ်ပေးလိုက်ပါတယ်။

၁။ ကလေးအနှီး
ယောက်ျားလေးဘဲ မွေးမွေး ၊ မိန်းကလေးဘဲ မွေးမွေး အနှီးကတော့ လိုပါတယ်။ အနှီးလေး သပ်ရပ်စွာ စည်းနှောင်ထားတဲ့ ကလေးဟာ သယ်ပိုးချီမရ လွယ်သလို ခဏ ၊ ခဏ ကလေးလန့်နိုးတတ်တာကလည်း ကင်းစေပါတယ်။ အရေးအကြီးဆုံးက အမိဝမ်းကကျွတ်စ ချက်မကြွေသေးတဲ့ ရက်သတ္တပတ် တစ်ပတ်အတွင်း ကလေးဗိုက်က ချက်ကြိုးဟာ ချီပိုးရင်း ပွတ်တိုက်ဒဏ်ရာရပြီး သွေးထွက်တာတွေ ၊ ပိုးဝင်တာတွေ မဖြစ်အောင် ချက်မကြွေခင် ကလေးကို အနှီးပတ်ထားသင့်ပါတယ်။
ကလေးအနှီးကို အနည်းဆုံး လေး ၊ ငါးထည် ကြိုဆောင်ထားသင့်ပါတယ်။ မိုးတွင်းလဲဖြစ် ကလေး ခါးတောင်းကျိုက် (Diaper) ဝတ်လေ့ ဝတ်ထမရှိရင်တော့ ကလေး အပေါ့ ၊ အလေးသွားရင် လဲရအောင် အနှီးကို ပိုပိုလိုလို အထည်များများ ကြိုစီစဉ်ထားသင့်ပါတယ်။

၂။ ချက်ကြိုးကို နေ့စဉ်ထည့်ပေးမည့် အရက်ပျံနှင့်ဂွမ်း
ကလေးမွေးပြီးရင် ချက်ကြွေသည်အထိ ရေချိုးပြီးတိုင်း ချက်ကြိုးကို အရက်ပျံဖြင့် ပိုးသေအောင် ဆွတ်ပေးရသဖြင့် အရက်ပျံကြိုဆောင်ထားဖို့ လိုပါတယ်။ အရက်ပျံနဲ့ ဂွမ်းကို တစ်ပတ်စာ လုံလောက်အောင် ဝယ်ထားသင့်ပါတယ်။ တချို့သော ဆေးပစ္စည်းကိရိယာ စုံလင်သော နေရာတွေမှာ ကလေးချက်ကြိုးအတွက် သီးသန့်ထည့်ဖို့ အရက်ပျံရှိပါတယ်။ အဲဒါကို အင်္ဂလိပ်လို (Cord Spirit)လို့ ရေးသားထားတတ်ပါတယ်။ အဲဒါသုံးနိုင်ရင်တော့ ကလေးအတွက် အကောင်းဆုံးပေါ့။ ချက်ကြိုးကို ခပ်မြန်မြန်ခြောက်သွားစေတယ်လေ။

၃။ ကေလးအက်ႌ
နောက်ကွဲသို့မဟုတ် ရှေ့ကွဲ မွေးကင်းစ ကလေးအင်္ကျီ နှစ်ထည်၊ သုံးထည်ခန့် အနည်းဆုံး ရှိထားသင့်ပါတယ်။ ထိုကလေးအင်္ကျီတွင် ကြယ်သီး နှင့် နှိပ်စေ့များ မပါဖို့ အထူးဂရုပြုပါ။ မွေးကင်းစ ကလေးရဲ့ အသားဟာ နူးညံ့လွန်းတဲ့အတွက် နှိပ်စေ့ နှင့် ကြယ်သီး စသဖြင့်တို့ ရှိနေရင် မတော်တဆ ကလေးအသားအရေ ပွန်းပဲ့ ထိခိုက်မှာ စိုးလို့ပါ။ မွေးကင်းစ ကလေးအင်္ကျီများကို အနှီးအောက်ခံမို့ ကြိုးချည်ရုံလေးပဲ သုံးရင် လုံလောက်ပါပြီ ။ သို့မှသာ ကလေးသေးစို၍ အနှီးလဲသည့်အခါ သို့မဟုတ်လည်း Diaper လဲသည့်အခါ ကလေးအအေးမပတ်ဖို့ အင်္ကျီက ကိုယ်အပူချိန် ထိန်းပေးထားမှာပါ။
မွေးကင်းစကလေးအတွက် အနှီးအောက်ခံ ဘောင်းဘီကို ချက်ကြွေတဲ့အချိန်အထိ ဖြစ်နိုင်ရင် မဝတ်စေချင်ပါဘူး ။  ဘောင်းဘီက ချက်တိုင်ကို ကလေးလှုပ်တုန်း ၊ လူကြီးသယ်ချီမတုန်း သွားတိုက်မှာစိုးလို့ပါ။

၎။ ကလေးသဘက်
ကလေးရေချိုးပေးပြီးတဲ့အခါ ကလေးကို ၎င်း၏သဘက်သီးသန့်နဲ့ တစ်မိနစ်လောက် အရင်ဆုံးပတ်ပြီး ကိုယ်အပူချိန်ပြန်နွေးအောင် လုပ်ပေးသင့်ပါတယ်။ ကလေးသဘက်လို့ ဆိုထားခြင်းမှာ လူကြီးသုံးတဲ့သဘက်အား နုနယ်လွန်းသည့် မွေးကင်းစကလေးကို မသုံးစေချင်၍ဖြစ်သည်။ လူကြီးဟာ ကိုယ်ခံအား ကောင်းပြီးသားမို့ လူကြီးသဘက်မှာ ကပ်နေတဲ့ မမြင်ရတဲ့ပိုးတွေကို လူကြီးက ခံနိုင်ရည်ရှိပေမယ့် အမိဝမ်းက ကျွတ်ခါစကလေးအတွက်တော့ ကလေးသဘက် သီးသန့်ထားခြင်းသာ အကောင်းဆုံးပါ။ ကလေးသဘက်ကို စေတနာပိုပြီး ခပ်ထူထူဝယ်မှ ၊ ခပ်ကြီးကြီးဝယ်မှ ကောင်းတယ်ထင်တာမျိုးလဲ မဖြစ်သင့်ပါဘူး ။ ကလေးအနှီးသာသာ ချည်ထည်သဘက် ခပ်ပါးပါး စိုလွယ်ခြောက်လွယ် သဘက်ကလေးသာ ဝယ်သုံးသင့်ပါတယ်။ အနည်းဆုံး ကလေးသဘက် တစ်ထည်မှ နှစ်ထည်တော့ ရှိထားသင့်ပါတယ်။

၅။ ကလေးဦးထုပ် ၊ လက်အိတ် နှင့် ခြေအိတ်
မိမိ၏ကလေး မွေးဖွားသော ရာသီအပေါ်နှင့် ထိုအချိန်တွင် ဖြစ်ပျက်နေသော ရာသီဥတုအပေါ် မှီတည်ပြီး ကလေးဦးထုပ် ၊ ကလေးလက်အိတ် နှင့် ခြေအိတ် နှစ်စုံ ၊ သုံးစုံလောက်ကိုလည်း ကြိုတင်စုဆောင်းထားသင့်ပါတယ်။ ကလေးဦးထုပ် ၊ လက်အိတ် နှင့် ခြေအိတ်များဟာ ချည်သားစစ်စစ်များဖြစ်ပါက ကလေးအတွက် ပိုမိုသင့်လျော်ပါတယ်။

၆။ Diaper သုံးတတ်သူများအတွက် မွေးကင်းစကလေး Diaper
ကလေးကို Diaper ပေးသုံးမည့်သူများကမူ မွေးကင်းစ (New born diaper) တွေကို ကြိုဝယ်စုထားသင့်ပါတယ်။ Diaper သုံးပြီဆိုမှတော့ အသားမလောင်အောင် လိမ်းရတဲ့ခရင်မ်ကိုလည်း လိုလိုပိုပို ကြိုဝယ်ထားနိုင်ပါတယ်။ ရေနဲ့ ကလေးကို သန့်စင်ပေးဖို့ အလုပ်ရှုပ်တယ်ထင်သူတွေက ကလေးအညစ်အကြေးသန့်စင်ဖို့ ကလေးသီးသန့်သုံး တစ်ရှူးစို (Wet Tissues) တွေကိုလည်း ကြိုစုထားရပါမယ်။

၇။ ကလေးခြင်ထောင်

ခြင်ပေါတဲ့ အရပ်ဒေသတွေမှာ ကလေး မွေးဖွားသူများဟာ မိမိရဲ့ ဒေသလိုအပ်ချက်အတိုင်း ကလေးခြင်ထောင်ကို ကြိုဆောင်ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် အတွင်းကို ဖောက်မြင်ရမယ့် ဇာခြင်ထောင်လိုမျိုး ဆောင်ထားသင့်ပါတယ်။ မိဘနဲ့ တခြင်ထောင်တည်း သိပ်လို့လည်း ရပါတယ်။ သတိချပ်သင့်တာက မွေးကင်းစကလေးများဟာ သေးငယ်လွန်းတဲ့အတွက် ဖိမိတာလိုမျိုး ၊ အိပ်ယာအတွင်းက ၎င်းအနီးဝန်းကျင်ရှိတဲ့ အရာတွေကြောင့် ကလေးအသက်ရှူ မမွန်းကျပ်ဖို့ပါ။

ဒါဟာ မရှိမဖြစ် ကလေးမမွေးမီ ကြိုစုဆောင်းထားသင့်တဲ့အရာတွေပါ။ အကျဉ်းချုပ် ပြန်ဖော်ပြရလျှင် ၁။ ကလေးအနှီး ၊ ၂။ အရက်ပျံနှင့်ဂွမ်း ၊ ၃။ ကေလးအက်ႌ ၊ ၄။ ကလေးသဘက် ၊ ၅။ ကလေးဦးထုပ် ၊ လက်အိတ် နှင့် ခြေအိတ် ၊ ၆။ Diaper နှင့် ၇။ ကလေးခြင်ထောင် တို့ဖြစ်ပါတယ်။

အထိုက်အလျောက် တတ်နိုင်သူများအတွက်
အပေါ်က ဖော်ပြပြီးဖြစ်သော ခုနှစ်မျိုးထက်ပိုပြီး ဝယ်နိုင် ၊ တတ်နိုင်တဲ့သူတွေအတွက် အောက်မှာ ထပ်ချဲ့ဝယ်လိုရပြီး တကယ်လည်း သုံးလျှင်လိုအပ်တဲ့ ပစ္စည်းလေးတွေပါ။

Baby 2 in one shampoo
ကလေးရေချိုးရင် ဆပ်ပြာရည်အဖြစ်ရော ၊ ခေါင်းလျှော်ရည်အဖြစ်ပါ သုံးလို့ရတဲ့ ကလေးသီးသန့်သုံး ဆပ်ပြာ ဝယ်ထားစေချင်ပါတယ်။ ကလေးရဲ့ အသားအရည်ဟာ မွေးကင်းစမှာ နူးညံ့လွန်းတဲ့အတွက် လူကြီးသုံးဆပ်ပြာတွေ မသုံးစေချင်ပါ။

Nursing Pad
Nursing Pad

မွေးကင်းစ ကလေးငယ်တွေရဲ့ အသားအရည်ဟာ နူးညံ့တဲ့အတွက် ဆပ်ပြာနဲ့ ကလေးကိုယ်ကို တိုက်ရိုက်မထိစေဘဲ ရေစိုနေသော Nursing Pad ပေါ် ဆပ်ပြာရည်ထည့် ၊ ဆပ်ပြာရည်ပျံ့သွားအောင် ပွတ်ချေချပြီးမှ ကလေးအသားအရေကို ပွတ်ပေးခြင်း ၊ ကလေးကိုယ်ကို ရေစိုစေတဲ့အခါမှာလည်း မှ ရေများကို ကလေးကိုယ်ပေါ် ညှစ်ချပေးခြင်းဖြင့် ကလေးဟာ နူးနူးညံ့ညံ့ ရေချိုးရတဲ့ အရသာကို ပျော်မွေ့လာပြီး ရေမကြောက်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးခေါင်းက ဆံပင်တွေကိုလည်း ပက်လက်အနေအထားနဲ့  Nursing Pad အသုံးပြုလို့ သန့်စင်ပေးနိုင်သဖြင့် ကလေးရေမွန်းတဲ့အဖြစ်က ကင်းဝေးနိုင်မှာပါ။

Nursing Pad ဘယ်မှာဝယ်ရမှန်းမသိရင် ချည်သားစစ်စစ်ပေါ်ကို မတ်ခွက်ဝိုင်းဝိုင်းမှောက် စက်ဝိုင်းပုံအတိုင်း လိုက်ဆွဲ ၊ ညှပ်လိုက်ပြီး အဲဒီချည်သားနှစ်ခုကြားမှာ ရေမြုပ်ပါးပါး၊ အရွယ်အစားတူ ဝိုင်းဝိုင်းလေး ထည့်ပြီး ဘေးပတ်လည်ကို ဓါးစက်လိုက် အသုံးပြုလိုက်ရုံပါပဲ။

ကလေးအတွက် အသုံးဝင်သလို မိခင်ရဲ့ ရင်ခံအဖြစ်လဲသုံးနိုင်တယ်။ နို့သက်တဲ့အခါ ဝတ်ထားတဲ့ အတွင်းခံကတဆင့် အင်္ကျီတွေမပေကျံတော့ ညစ်ပေစွန်းထင်းတာ ၊ အရှက်ကွဲတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။ မိခင်သီးသန့် ၊ ကလေးသီးသန့်ခွဲသုံးနိုင်ရင် အကောင်းဆုံးပါ။ ခွဲခြားသိသာနိုင်ဖို့ အရောင်ခွဲပြီး အသုံးပြုနိုင်ရင် ပိုကောင်းပါတယ်။ ကလေးအတွက်ကို အရောင်ရင့် မသုံးစေချင်ပါ။ ဆိုးဆေးအတွက် စိုးရိမ်လို့ဖြစ်ပါတယ်။

Cotton Bub

Cotton Bud

လူကြီးတွေ နားသန့်စင်တဲ့အခါသုံးတဲ့ ဂွမ်းနဲ့ပြုလုပ်ထားသော Cotton Bub များကိုလည်း ဆောင်ထားသင့်ပါတယ်။ မွေးကင်းစကလေးဟာ ဇက်မခိုင်သေးတဲ့အတွက် ၎င်းရဲ့ မေးစေ့အောက်မှာ ချေးငြော်တွေ ကပ်နေတာကို လက်နဲ့သွားလုပ်တဲ့အခါ ကလေးရဲ့ နူးညံ့တဲ့ အရည်ပြားတွေဟာ ရေနဲ့ ၊ ချွေးနဲ့ နူးပြီး ကွာကျလာတတ်လို့ ထိုနေရာကဲ့သို့သော ကြားကျသည့် နေရာများကို သန့်စင်ရာတွင် Cotton Bub ဖြင့်သာ ရေစွတ် သန့်စင်ပေးသင့်ပါတယ်။

Baby Oil

Baby Oil ရှာမရရင် အုန်းဆီစစ်စစ်ကို သုံးပါ။ ခုနကပြောထားသလို ကလေးရဲ့ ကြားနေရာများအား သန့်စင်ပြီးပါက Cotton Bub မှာ Baby Oil သို့မဟုတ် အုန်းဆီကိုဆွတ်ပြီး ခုနက သန့်စင်ထားခဲ့သော ကြားနေရာတွေကို ဖွဖွလေး ပြန်သုတ်ပေးသင့်ပါတယ်။

ဒီလိုလုပ်ပေးခြင်းဟာ ကလေးရဲ့ ကြားနေရာတွေက အသားအရည် ပွန်းရိခြင်းကို သက်သာစေပါတယ်။ သုံးလအောက် ကလေးငယ်များကို သနပ်ခါးလိမ်းပေးခြင်း ၊ ပေါင်ဒါဖို့ပေးခြင်းတွေ လုပ်ဖို့ကို ကျွန်မ အားမပေးပါဘူး ။ သေးငယ်သော ထိုအမှုန့်တွေဟာ ကလေးရဲ့ အသက်ရှူလမ်းကြောင်းကို ရောက်သွားစေတဲ့အတွက် အတွင်းအင်္ဂါအစိတ်အပိုင်းတွေ နုနယ်သေးသော မွေးကင်းစ ကလေးငယ်များအတွက် မသင့်တော်ပါဘူး။

အထက်ကမှာဖော်ပြခဲ့တာက ကလေးငယ်အတွက် တကယ်လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ချဲ့ရင်လဲ ချဲ့နိုင်သလောက် ထပ်ဝယ်ချဲ့လို့ ရပါသေးတယ်။ တတ်လဲတတ်နိုင်တယ် ။ ချဲ့လည်း ချဲ့ချင်သေးတယ်ဆို စိတ်ထဲရှိတဲ့အတိုင်း ဝယ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝယ်တဲ့ပစ္စည်းတွေဟာ ကလေးနေရထိုင်ရ ခက်စေမယ့် ပစ္စည်းမျိုး ၊ အိပ်နေရင်း အသက်ရှူ မွန်းကျပ်နိုင်တဲ့ ပစ္စည်းမျိုးတွေ မဖြစ်ဖို့တော့ လိုပါတယ်။

မိခင်လောင်းတိုင်း ကျန်းမာသန်စွမ်းပြီး သိတတ်လိမ္မာတဲ့ သားကောင်း ၊ သမီးကောင်းတွေ မွေးဖွားပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like