Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘစီမံတဲ့အိမ်ထောင်ရေး(၁) – BurmeseHearts

မိဘစီမံတဲ့အိမ်ထောင်ရေး(၁)

0

လက်ထပ်ထိမ်းမြားခြင်း

ထွန်းထွန်း(တကယ့်အမည်အရင်းမဟုတ်)ဆိုတဲ့ ကျွန်မသူငယ်ချင်းဟာ အစ်မတစ်ယောက် ၊ အစ်ကိုနှစ်ယောက်ရှိပြီး သူကတော့ အထွေးဆုံးပေါ့။ လူလတ်တန်းစားမိသားစု အခြေအနေရှိတဲ့ သူတို့မိသားစုမှာ အိမ်ထောင်ကိုယ်စီကျသွားခဲ့တော့ အစ်မက သပ်သပ်ခွဲနေပေမယ့် အဆင်မပြေလှတဲ့ အရက်ချိုး အစ်ကိုနှစ်ယောက်ကို အမေက ချွေးမတွေနဲ့အတူ အိမ်ပေါ်တင်ကျွေးထားရတယ်။ ထွန်းထွန်းကတော့ လူပျိုတစ်ဦးဖြစ်တယ်။

ထွန်းထွန်းကို သူ့အမေက ငွေစိုက် ၊ သင်္ဘောတက်ခိုင်းလိုက်တော့ ထွန်းထွန်းက သူ့အမေကို သူ့အသုံးစရိတ်ကလွဲရင် ငွေအကုန်ပြန်ပို့တယ်။ သားလိမ္မာလေးလို့ဆိုနိုင်တဲ့ ထွန်းထွန်းဟာ မိန်းကလေးတွေနဲ့ ဟိုရှုပ် ၊ ဒီရှုပ် ဇတ်လမ်းလေးတွေရှိတာကြောင့် သားကို မိန်းမလည်နဲ့တွေ့သွားမှာ ရင်ပူနေတဲ့ သူ့အမေက တောဇနပ်ပုပ် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးရဲ့ဆိုဆုံးမမှုနဲ့ နေခဲ့ရတဲ့ မိဘမဲ့ ဘွဲ့ရမိန်းကလေးတစ်ယောက်နဲ့ ပေးစားလိုက်ပါလေရော။

ထွန်းထွန်းက မိဘစီမံတာ မငြင်းပါဘူး။ သူရတဲ့ဇနီးက ဖြူဖြူသွယ်သွယ် ၊ ဘွဲ့ရပညာတတ် ချောချောလေးလေ။ ဘုန်းကြီးရဲ့ အဆုံးအမနဲ့ နေထိုင်ခဲ့ရတော့ လင်ယောက်ျားကို ညအိပ်ရာဝင်တိုင်း ကန်တော့တဲ့ ဇနီးလိမ္မာလေး (ဒီခေတ်ထဲ ရှားသွားပြီနော်။) အဲဒီတော့ ဒီလိုဇနီးချော လိမ္မာလေးကို ရှာပေးတဲ့အမေ့ကို ကျေးဇူးပိုတင်ပြီး ပိုပံ့ပိုးတာပေါ့။ အိမ်ထောင်ကျပြီး ခင်ပွန်းသည်မိသားစုနဲ့ အတူလိုက်နေခဲ့တဲ့ ထွန်းထွန်းရဲ့ဇနီးဟာ ယောက္ခမခိုင်းသမျှ အိမ်မှုတာဝန်တွေကို ယောက်ျားသင်္ဘောထွက်ချိန်မှာ အကုန်လုပ်ပေးရတယ်။ ထွန်းထွန်းရဲ့ အရက်ချိုး အစ်ကိုနှစ်ယောက်က အိမ်ထောင်ကွဲတွေ ဖြစ်သွားပြီလေ။ အဲဒီနှစ်ယောက်ထဲမှာ တစ်ယောက်က အရက်အပြင် မိန်းမလဲလိုက်စား ၊ ရပ်ကွက်ထဲမှာလည်း လူမိုက်တစ်ယောက် ဖြစ်နေတယ်။

သူတို့နဲ့ အတူနေထိုင်နေရတဲ့ ထွန်းထွန်းရဲ့ဇနီးဟာ အိမ်ခွဲနေချင်လာတဲ့အတွက် ထွန်းထွန်းကို ပြောကြည့်ပေမယ့် ထွန်းထွန်းအမေက လက်မခံခဲ့ဘူး။ ဆင်ခြေကတော့ ထွန်းထွန်းခရီးထွက်ရင် တစ်ယောက်တည်းကျန်ခဲ့တဲ့ ဇနီးကို စိတ်မချဘူးတဲ့။ ငယ်ငယ်ချောချောလေးဆိုတော့ ဖောက်ပြန်နိုင်တယ်တဲ့လေ။ အမေပြောတာကလည်းမှန် ၊ အမေ့ကိုလည်း မလွန်ဆန်ရဲတဲ့ ထွန်းထွန်းဟာ ရှာသမျှ အမေ့ကို ပို့ပြီးစုဆောင်းခိုင်းတာပေါ့။ ဒီလိုနဲ့ ထွန်းထွန်းရဲ့ဇနီး ကိုယ်ဝန်ရလာတယ်။

မွေးလာတဲ့ကလေးဟာ အသားညိုလှတဲ့ ထွန်းထွန်းတို့ မိသားစုကနေကွဲထွက်ပြီး ဖြူဖြူဖွေးဖွေး အမေတူသားကလေးဆိုတော့ ထွန်းထွန်းရဲ့အသက်ပေါ့။ ထွန်းထွန်းအတွက်ဆိုပြီး ကားဝယ်ထားပေးတဲ့ သူ့အမေဟာ ထွန်းထွန်းသင်္ဘောတက်ချိန်မှာ အဲဒီကားကို အငှါးတက္ကစီဆွဲခိုင်းပြီး ရတဲ့ငွေသူယူတယ်။ ထွန်းထွန်းစုခိုင်းတဲ့ ငွေတွေဟာလည်း အိမ်စရိတ် ၊ အစ်ကိုနှစ်ယောက်ကို ထောက်ပံ့တဲ့စရိတ်တွေနဲ့ လုံးပါး ပါးနေတာကို ထွန်းထွန်းသိလာတဲ့အခါ အမေကို ငွေနည်းနည်းပဲ လစဉ်ပို့ပြီး ဇနီးအတွက် ၊ သားအတွက် ငွေစုတော့တယ်။ ဒီတော့ ထွန်းထွန်းအမေက သူ့ဇနီးကို ပိုမျက်မုန်းကျိုးပြီး ပိုဖိတော့တာပေါ့။ ရလဒ်ကတော့ ထွန်းထွန်းသင်္ဘောက ပြန်ဆင်းလာချိန်မှာ တိုက်ခန်းဝယ်ပြီး အမေ့အိမ်ကခွဲနေလိုက်တော့တယ်။

အဲဒီနောက်ပိုင်းမှာ ထွန်းထွန်းက သင်္ဘောတက်တိုင်း သူ့ဇနီးကို အမေ့ထက် ပို့ငွေတွေပိုလာတဲ့အခါ သားဆိုးနှစ်ယောက်နဲ့ ထွန်းထွန်းကိုပဲ မှီခိုခဲ့တဲ့အမေဟာ ဒုက္ခတွေ့ပါတော့တယ်။ ထွန်းထွန်းအမေက ကျွန်မကိုပြောတယ်။ ငါမွေးတဲ့မြောက် ငါ့ပြန်ခြောက်တာတဲ့။ ငါပေးစားခဲ့တဲ့ တောချုံအုံကြားမှာ ကြီးခဲ့တဲ့မိန်းမက ငါ့ပြန်တော်လှန်သတဲ့လေ။

ကျွန်မ ထွန်းထွန်းအမေကို မပြောဖြစ်ခဲ့တဲ့စကားက ဒါ သဘာဝပါလို့။ လူဆိုတာ ဘယ်လိုဘဝအခြေအနေမျိုးကပဲလာလာ အဖိနှိပ်ခံဘဝမှာ အမြဲတစေ မနေချင်ကြပါဘူး။ ကိုယ်ကြိုးကိုင်လို့ရမယ်လို့ ယုံကြည်တဲ့သူနဲ့ အိမ်ထောင်ချပေးခဲ့သည့်တိုင် (ခင်ပွန်းအတွက် ၊ ဇနီးအတွက် ၊ သားအတွက် ၊ သမီးအတွက်) ဆိုတာနဲ့ မိဘအတွက်ဆိုတာ လွန်ဆွဲလာတဲ့အခါ မေတ္တာအခြေခံမကောင်းတဲ့မိဘဟာ ကျရှုံးရတော့တာပါပဲ။ ဒါဟာ ကျွန်မသူငယ်ချင်းရဲ့ တကယ့်ဘဝ ဖြစ်ရပ်မှန်ပါပဲ။

ဘယ်သူမပြု ၊ မိမိမှုပါ ။ ကိုယ်စီမံပေးလိုက်တဲ့ အိမ်ထောင်ရေးတိုင်းကို ဝင်စွက်ဖက်လို့မရပါဘူး။ မရတာကို အတင်းစွက်ဖက်ရင် သားသမီးနဲ့ကိုယ်နဲ့ ဝေးသထက် ဝေးသွားတာပဲ အဖတ်တင်ပါမယ်။ ဒီတော့ ကိုယ်ပဲ အထီးကျန်ခဲ့ရမှာပါ။ ဒါဟာ သားသမီး မသိတတ်လို့ဆိုတာထက် ကိုယ်က မသိတတ်ခဲ့လို့ဆိုရင် မှားမလားနော်။

ရတု (Burmesehearts.com)

You might also like