Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘနှင့် သားသမီးကြားက အကွာအဝေး – BurmeseHearts

မိဘနှင့် သားသမီးကြားက အကွာအဝေး

0

အရွယ်ရောက်စ လူငယ်တွေ အိမ်မှာမပျော်ရတဲ့ အဓိကအကြောင်းရင်းက အိမ်မှာ နားပူလို့၊ အိမ်မှာ မနေချင်လို့၊ အိမ်မှာ မပျော်လို့ဆိုတဲ့ လူငယ်တွေ ပိုများပါတယ်။

အပြင်မှာ စပျော်နေပြီဆိုရင် ဒီကလေးအပြင်မှာပျော်ရင်း လမ်းမှားမရောက်သွားအောင် မိဘက အလိမ္မာရှိရှိ၊ သတိကြီးကြီးနဲ့ စတင်ပဲ့ပြင်ပေးရတော့မှာပါ။ လိုက်ဆုံးမလို့ရတဲ့အရွယ်၊ ရိုက်နှက်လို့ ငြိမ်သွား၊ ပြင်သွားမယ့်အရွယ်လဲမဟုတ်တော့ ပိုသတိထား ကိုင်တွယ်ရပါလိမ့်မယ်။

ဒီလို အရွယ်ရောက်စလေးတွေဟာ ပိုပြီးလမ်းမှားတတ်ကြတာမို့ မိဘက လမ်းမှားကို စကားတွေ၊ အပြုအမူတွေ၊ ဆန္ဒတွေနဲ့ တွန်းမပို့တတ်ဖို့ ပိုအရေးကြီးပါတယ်။

မိဘတိုင်း ကိုယ့်သားသမီးဘ၀ ကောင်းစားတာ မြင်ချင်ကြပါတယ်။ ကောင်းစားတယ်ဆိုကတည်းက သူ့တို့ဘ၀သူတို့ တင့်တောင့်တင့်တယ် အိနြေ္ဒသိက္ခာရှိရှိ ရပ်တည်သွားနိုင်တာကို ဆိုလိုပါတယ်။ ပတ်ဝန်းကျင်အလယ် ခိုးဆိုးလုယက်၊ မကောင်းတာလုပ်ပြီး ကြီးပွားလာတာမျိုးမဟုတ်ဘဲ ဘယ်လိုသမာအာဇီဝ အလုပ်မျိုးကိုမဆိုလုပ်ရင်း သူ့ဘ၀သူကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်လေး ရပ်တည်နိုင်ရင်ကော မိဘတစ်ယောက်အနေနဲ့ မကျေနပ်နိုင်ဘူးလား။

သားသမီးတွေကို ငယ်ငယ်က ကိုယ်ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပြီး သူတို့နဲ့ အဆင်မပြေတဲ့မိဘတွေဟာ တချိန်မှာ အထီးကျန်အိုမင်းမှုနေ့ရက်တွေကို ကြုံတွေ့ရဖို့ များပါတယ်။ အဲဒီအချိန်မှာ ကိုယ်က ကျတဲ့အရွယ်ရောက်နေပြီမို့ သူတို့ထောက်ပံ့တာ မှီခို၊ ဒါမှမဟုတ်လဲ သူတို့လာမှ သူတို့ကို မြင်ရမယ့် အနေအထားပြန်ရောက်ပါတော့မယ်။

သူတို့တောင် ကိုယ့်ကို မကျေနပ်တဲ့ စိတ်အခံရှိပြီး ကိုယ်နဲ့ အဆင်မပြေဆက်ဆံရေး နှစ်ရှည်ကြာရှိခဲ့ရင် သူတို့ကမွေးလာတဲ့ ကိုယ့်မြေး၊ မြစ်တွေဟာလဲ ကိုယ့်ကို ခင်တွယ်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒီအခါ အထီးကျန်တဲ့ နေ့ရက်တွေကို မိမိအရွယ်ကျတဲ့အချိန်၊ အိုမင်းမစွမ်းဖြစ်ချိန်မှာ ဖြတ်သန်းရပါတော့မယ်။

အခုအချိန်မှာ ကိုယ်ကသခင်ဖြစ်ပေမယ့် ကိုယ့်ကိုမှီခိုနေရတဲ့သားသမီးတွေကို တစ်နေ့မှာ ကိုယ်ကမှီခိုရတဲ့အခြေအနေ၊ သူတို့ဂရုစိုက်မှဖြစ်မယ့် အခြေအနေမျိုး မကြုံတွေ့ရတော့ဘူးလား။ မကြုံတွေ့ရတော့မှာ သေချာလား။ အသက်ကြီးလို့ ကိုယ်နာမကျန်းဖြစ်တဲ့အချိန်မှာ ကိုယ့်မိသားစုဝင်တွေဖြစ်တဲ့ သူတို့ထက် ပိုယုံကြည်စိတ်ချရသူတွေက ကိုယ့်ကိုမေတ္တာရင်းခံနဲ့ စောင့်ရှောက်ကြည့်ရှုမှာ သေချာပါရဲ့လား။

သားသမီးတွေက သူတို့ခြေထောက်ပေါ်ရပ်နိုင်လာတာနဲ့ မိဘဆီကို ခြေဦးမလှည့်ချင်တော့တာ မပေးကမ်းချင်တာ တစ်ခုတည်းအတွက်လို့ထင်ရင် မှားပါလိမ့်မယ်။ သူတို့တွေ ကြီးပြင်းလာတာနဲ့အမျှ သူတို့ ငယ်စဉ်ကလေးတုန်းကလို မိမိက ခွင့်လွှတ်နားလည်မှု၊ သဘောထားကြီးမှု၊ ကြင်နာမှု၊ မေတ္တာတရားတွေ၊ ဒါတွေ လျော့လာပြီး အပြစ်ချည်းမြင်နေတယ်လို့ သူတို့ခံစားရလေလေ မိဘနဲ့ သားသမီးရဲ့ကြားက အကွာဝေးများလာလေလေ၊ နားလည်မှု ဝေးလာလေလေ သားသမီးက မိဘနားမကပ်ချင်လေလေ ဖြစ်လာပါလိမ့်မယ်။

ဒါဟာ သူတို့ပိုချစ်ရမယ့်သူတွေ့လို့ ဆိုရင်လဲ မှားပါလိမ့်မယ်။ မိဘကျေးဇူးဆိုတာ ကြားဖူးနားဝရှိတဲ့သူတိုင်း မိဘကျေးဇူးသိတတ်ကြပါတယ်။ သားသမီးရတဲ့ မိဘတိုင်း မိဘမေတ္တာကို ခံစားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုမိဘမေတ္တာနဲ့ ကျေးဇူးကိုသိရက် သားသမီးနဲ့မိဘ အနေဝေးနေကြတာ၊ မေတ္တာအပြန်အလှန်ပေးဖို့ မေ့နေကြတာက တချိန်တုန်းက သူတို့တွေရဲ့ ဆန္ဒကို ကိုယ်လစ်လျူရှုခဲ့လို့ဆိုတာ ပြန်သတိရကောင်း ရနိုင်ပါလိမ့်မယ်။

မိဘကလဲ သားသမီးကို အပြစ်မမြင်၊ ကိုယ်ဖြစ်ချင်ရာ ဇွတ်မလုပ်ခိုင်းဘဲ သားသမီးတွေရဲ့ ဆန္ဒကို နားလည်မှုပေးရင်၊ သားသမီးတွေ ၀ါသနာပါရာ ဖြစ်ထွန်းအောင်မြင်အောင် မြေတောင်မြှောက်ပေးရင်း သားသမီးနဲ့ မိဘကြားက မေတ္တာ၊ နားလည်မှုတွေ ဆထက်တပိုး တိုးပွားလာရင် အနီးဆုံးသွေးသားတွေဖြစ်တဲ့ သားသမီးနဲ့ မိဘအကြားက စိတ်အကွာအဝေးတွေလဲ နည်းသထက်နည်းလာမှာပါ။

မိဘနဲ့သားသမီးတိုင်း တစ်ဦးနဲ့တစ်ဦး နားလည်ချစ်ကြည်ကာ ဘယ်သူ့အပေါ်ဘယ်သူမှ အပြစ်မမြင်ကြဘဲ အထီးကျန်မှုတွေ နည်းသထက်နည်းစေဖို့ ဆုတောင်းပေးရင်း ……

အမှုန် (Burmesehearts.com)

You might also like