Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နမူနာ – BurmeseHearts

နမူနာ

0

တစ်ခုခုကိုမြင်ချင်ရင် မြင်အောင်ကြည့်ပါမှ ၊ မြင်သည့်တိုင်အောင် မြင်သည့်အတိုင်း သမန်ကာလျှံကာ မထားဘဲ ဒီမြင်တဲ့အာရုံက ဘာပညာရနိုင်မလဲလို့ တွေးတတ်ဦးပါမှ ၊ အဲဒီလိုတွေးတဲ့နေရာမှာလဲ ဖြစ်ပျက်အကြောင်းရင်းအမှန်ကို သိမြင်တဲ့အထိ တွေးခေါ်ဆင်ခြင်တတ်ပါမှ လောကကြီးက သင်ပေးနေတဲ့ နမူနာတွေကို သင်ယူရနိုင်ပါတယ်။

သစ်ပင်တွေက သင်ပေးကြတယ်။ ရွက်ဝါတွေခြွေချ ၊ ကြွေကျရင်း နေ့စဉ်လူ့ဘဝဆိုတာလဲ တဖြုတ်ဖြုတ်နဲ့ သေသူတွေရှိနေကြတယ်လို့ပါ။ ဒီရေတွေဟာ တက်လိုက် ၊ ကျလိုက်နဲ့ နေ့စဉ်လိုလို ဖြစ်ပျက်နေသလို လူတွေဟာလဲ စုန်ချည် ၊ ဆန်ချည် ဘဝထဲ နေ့ကောင်းတွေကြုံဖူးသလို နေ့ဆိုးတွေလဲ ကြုံရလို့ လူ့ဘဝတွေဟာ တက်လိုက် ၊ ကျလိုက် ဖြစ်နေဆဲပဲ။ လှိုင်းကြီးကြီးထန်တဲ့ရက်တွေရှိသလို လှိုင်းကြက်ခွပ်လေးတွေနဲ့ လှပတဲ့နေ့တွေလဲရှိတယ်။

ဒါကို နမူနာယူမိရင် တက်နေတဲ့အခါရောက်တိုင်း အကျရှိဦးမယ့်အလှည့် ကြိုဆင်ခြင်မိနိုင်သလို လောကဓံကြမ်းကြမ်းတွေ ခံရတိုင်း အဆင်ပြေတဲ့နေ့တွေ လာဦးမယ်လို့ မျှော်တွေးရင်ဆိုင်နိုင်တဲ့အားတွေ ရှိလာမှာပါပဲ။

တောင်ကြီးတွေဘယ်လောက်မြင့်မြင့် ထိပ်ဖျားထိ အရောက်တက်နိုင်သူရဲ့ ခြေဖဝါးအောက်မှာပါ။ အားသွန်ခွန်စိုက် မလျှော့တဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယနဲ့ အရောက်တက်နိုင်ဖို့ပဲ လိုပါတယ်။ တောင်ပေါ်တက်ခြင်းဟာ မြင့်ရင် မြင့်သလောက် အန္တရာယ်များတယ်။ အချိုးအကွေ့များတယ်။ ဒီလိုပဲ လူတွေရဲ့ ဘဝအခြေမြင့်ရင် မြင့်သလောက် အချိုးအကွေ့ ၊ အလှည့်အပြောင်းများတယ်။

ကျားခြင်္သေ့တွေကို ရန်မရှာတဲ့ ယုန်သူငယ်ဟာ အပြစ်ကင်းပေမယ့် ကျားခြင်္သေ့တွေရဲ့ စားခြင်းကို ခံကြရပါတယ်။ ကျားခြင်္သေ့တွေဟာ အကောင်ကြီးကြီးမားမား ရှာစားလို့မရတဲ့အခါ သူတို့လို မပြေးနိုင် ၊ ပြန်လဲမခုခံနိုင်တဲ့ ယုန်သူငယ်တွေကို စိတ်အာသာပြေစားလိုက်ကြတယ်။

ဒီအတိုင်းပဲ သူများ အကျိုးမလိုလားသူတွေ ၊ သူများကို စိတ်ဒုက္ခပေး နှောင့်ယှက်ရမှ ကျေနပ်တတ်ကြသူတွေဟာ သူတို့စိတ်အာသာဖြေဖို့ ၊ သူတို့အကျိုးရှိဖို့ဆို အပြစ်ကင်းကင်း ၊ အပြစ်ရှိရှိ အများသူငါကို ဒုက္ခပေးတတ်ကြပါတယ်။

အပြစ်ကင်းတဲ့ ကလေးသူငယ်တွေဟာ အပြစ်ယူရက်စရာမရှိအောင် ချစ်စရာကောင်းလှပေမယ့် ကျွန်မတို့ဟာ သူတို့လို အပြစ်ကင်းကင်း နေနိုင်သထက်နေနိုင်အောင် မကြိုးစားမိဘဲ ကိုယ့်အတ္တတွေနဲ့လုံးထွေးလျက်ရှိကြတယ်။ သိမ်မွေ့တဲ့ ချစ်ခြင်းခေါင်းစဉ်အောက်မှာ လောဘ ၊ ဒေါသ ၊ မောဟတွေ ရစ်ပတ်ပြီး လူနေမှုအထွေထွေကို စိတ်အထွေထွေနဲ့ ဖြတ်သန်းရင်း အပြစ်တွေ ဘာသိဘာသာ ကျူးလွန်ကြတယ်။

ကိုယ့်ကို စိတ်ဒုက္ခရောက်အောင် ၊ နိမ့်ကျဆုံးရှုံးအောင် မကောင်းမှုပြုသူတွေကို မုန်းတီးမိကြပေမယ့် သူတို့တွေလို စိတ်ယုတ်စိတ်ညစ်မျိုး ငါ့မှာမဝင်စေရဘူး။ ငါမလုပ်ဘူးရယ်လို့ မကောင်းတဲ့သူတို့စိတ်ကို နမူနာမယူမိဘဲ ကိုယ်စိတ်ညစ်တာကို ရှေ့တန်းတင် စိတ်ထိခိုက် ခံစားတတ်ကြတယ်။

ဒီလို အနှိမ်ခံပြီး စိတ်ဒုက္ခရောက်ခဲ့ရသူတွေဟာ ကိုယ်သာလာတဲ့ နောက်ပိုင်းမှာ နိမ့်ကျသူတွေကို အခွင့်သာရင်သာသလို တပြန် စိတ်ဒုက္ခပေးမိကြပြန်ရော။ ဒါနဲ့ပဲ စိတ်ညစ် ၊ စိတ်ဓါတ်ကျသူတွေဟာ လောကကြီးမှာ တိုးလို့လာရတော့တယ်။ ဒါဟာ မကောင်းတဲ့စိတ်ကို ပြုပြင်တဲ့ဘက်က နမူနာမယူမိလို့များလား။

လက်ချည်း ကိုယ်ဗလာမွေးလာတဲ့သူတွေ လက်ချည်းကိုယ်ဗလာ(ကျန်ရစ်သူတွေ အခေါင်းထဲထည့်ပေးလိုက်ပေမယ့် ကိုယ်ယူသွားလို့မရတဲ့ပစ္စည်းတွေ)နဲ့ လောကကြီးထဲက ထွက်သွားရသူတွေအဖြစ်ကို သိလျက် နမူနာယူ မဆင်ခြင်မိလို့ မသေခင် အတ္တတွေဖုံးပြီး ကိုယ်ချင်းစာစိတ်တွေ မဲ့နေကြတာလား။

လူ့တန်ဖိုး အစစ်အမှန်နဲ့ စိတ်တန်ဖိုး အစစ်အမှန်ဆိုတာကို တကယ်ပဲ သဘောပေါက်ပါရဲ့လားလို့ ကိုယ့်ဘာသာ ပြန်သုံးသပ် တွေးတောဆင်ခြင်မိရင်း …..

အမှုန် (Burmesehearts.com)

You might also like