Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ့်ဘဝတသက်စာ ယုံကြည်စိတ်ချရသူလား – BurmeseHearts

ကိုယ့်ဘဝတသက်စာ ယုံကြည်စိတ်ချရသူလား

0

ဖောက်ပြန်တတ်သူဟာ ဖောက်ပြန်ရတာကိုမှ အရသာတွေ့သူပါ။
ဖောက်ပြန်တတ်သူဟာ ဖောက်ပြန်ရတာကိုမှ အရသာတွေ့သူပါ။

ဒီမေးခွန်းလေးကတော့ ဆီးစစ်ချက်အဖြေမှာ Positive လို့ သိလိုက်ရတဲ့ လက်မထပ်ရသေးသော မိန်းကလေးများအတွက် ဒုတိယမေးခွန်းဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးအဆင်မပြေတဲ့ အိမ်ထောင်ရှင်မများဟာလည်း ကလေးယူဖို့ကို ဒီအချက် အလေးအနက် စဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ်လူကြီးနှစ်ယောက် စိတ်အခန့်မသင့်လို့ ကွဲသွားရင် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရုံပေါ့။ ကလေးရပြီးမှဆို ကလေးမှာ မိဘတွေရဲ့ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် (ဒါမှမဟုတ်) အိမ်ထောင်ရေး မငြိမ်သက်မှုကြောင့် စိတ်ဒဏ်ရာအကြီးအကျယ် ရသွားနိုင်တယ်လေ။

ဘဝတသက်စာ ယုံကြည်စိတ်ချရသူဆိုတာ အပြောတိမ်သလောက် အဓိပ္ပါယ်နက်ရှိုင်းလှတယ်။ ဘာကိုယုံကြည်ရမလဲဆိုတာကနေ စရမှာပဲ။ ကလေးအဖေ ဖြစ်တော့မယ့်သူဟာ ကိုယ့်တစ်ယောက်ကိုပဲ သတ်သတ်မှတ်မှတ်တွဲသလား ၊ ကိုယ့်နောက်မှာ ဇတ်လမ်းလေးတွေရှိနေလားဆိုတာကနေ စရမယ်။ ကလေးမရခင် ပြင်ပြင်ဆင်ဆင်နေနိုင်တဲ့ကိုယ့်ကို ၊ သူ့ကိုလည်း ဂရုစိုက်ဖို့အချိန် အများအပြားပေးနိုင်တဲ့ ကိုယ့်နောက်ကွယ်မှာ ဇတ်လမ်းလေးတွေ မရှုပ်မရှင်း ရှိနေပြီဆိုရင်ဖြင့် ကိုယ်ဝန်ယူသင့် ၊ မယူသင့် ပိုစဉ်းစားရတော့မှာဖြစ်ပါတယ်။

ကိုယ်ဝန်လရင့်တဲ့အချိန်ကနေ ကလေးမွေးဖွားပြီးတဲ့ မိခင်အများစုဟာ အတော့်ကို ပြင်ပြင်ဆင်ဆင်နေနိုင်ပါမှ နဂိုအလှကိုမီနိုင်မှာဖြစ်ပါတယ်။ တသားမွေးတသွေးလှဆိုတဲ့ စကားရှိပေမယ့် ကလေးအမေဖြစ်သွားတဲ့ မိခင်တစ်ဦးရဲ့ ရင်သားအလှဟာ အပျိုတစ်ဦးလို လှနိုင်ပါတော့မလား။ ဒါ့အပြင် ခင်ပွန်းဂရုစိုက်ရမယ့်အချိန်တွေကို မဖြစ်မနေ ကလေးကိုဖဲ့ပေးရတော့မယ်။ သူ့တစ်ဦးတည်း ဂရုစိုက်မှု အပြည့်အဝပေးနိုင်တဲ့ လှပနေဆဲ ကိုယ့်နောက်ကွယ်မှာ ဇတ်လမ်းလေးတွေ လုပ်နေရင်ဖြင့် ကလေးတဖက်နဲ့ ဖိုသီဖတ်သီကိုယ့်ကို (သူ့ကိုလည်း အရင်လို အချိန်အပြည့်အဝ မပေးနိုင်တော့တဲ့ကိုယ့်ကို) ဘယ်လိုသဘောထားမှာပါလိမ့်။

BurmeseHearts Blog

သူခြေရှုပ်တဲ့ဒဏ်ကို ကိုယ်တင်မက ကိုယ့်ကလေးလဲ ခံရတော့မှာနော်။ ပတ်ဝန်းကျင်အလယ် ကိုယ်တင်မက ကိုယ့်ကလေးလဲ မျက်နှာငယ်ရတော့မယ်။ အရှက်ရတော့မယ်။ ဒါတွေကို ကြိုတွေးထားရမှာဖြစ်တယ်။ ကြိုတွေးလို့ လက်ခံနိုင်တယ်ဆိုရင်ဖြင့် သူ့အရှုပ်တွေကို ကိုယ်တင်မက ၊ ကိုယ့်ကလေးကိုလည်း မျှဝေခံစားဖို့ပြင်ဆင်ထားပေတော့။ ကလေးသံယောဇဉ်နဲ့ ဖခင်စိတ်ဝင်ပြီး ခြေငြိမ်သွားတဲ့သူတွေ ရှိနိုင်ပေမယ့် ရာခိုင်နှုန်းနည်းတယ်ဆိုတာလည်း သတိထားရမှာဖြစ်တယ်။

ဖောက်ပြန်တဲ့ အမျိုးသားအများစုဟာ မိန်းမတစ်ယောက်နဲ့ မတင်းတိမ်နိုင်သူတွေဖြစ်သလို အိမ်ထောင်အတွင်းမှာ ဇနီးဖြစ်သူရဲ့ တလေးတစားဂရုစိုက်ပြုစုမှု မခံရသူတွေလည်းဖြစ်တယ်။ မိန်းမတစ်ယောက်နဲ့ မတင်းတိမ်နိုင်တဲ့ အမျိုးသားတွေရဲ့ ဖောက်ပြန်မှုကို ကုစားစရာနည်းလမ်းမရှိပါဘူး။ အထူးသဖြင့် ကလေးလွယ်ထားတဲ့ မိမိကိုယ်တိုင်က နောက်ရည်းစားများစွာထဲက တစ်ယောက်လည်းဖြစ်မယ် (သို့မဟုတ်) အငယ်အနှောင်းတွေထဲက တစ်ယောက်လည်း ဖြစ်မယ်ဆိုရင် အခုနဲ့ နောင်မှာ ကိုယ့်နောက်က နံပါတ်စဉ်တွေကို မြင်ရတော့မှာဖြစ်ပါတယ်။

ကိုယ်က သိသိရက်နဲ့ ဇွတ်တိုးနိုင်ပေမယ့် ကိုယ့်ကလေးဟာ ဒီနံပါတ်စဉ်တွေအကြား မျက်နှာငယ်ငယ် မွေးဖွားလာခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်မှာမို့ သူ့ဘဝမှာ မိမိကိုယ်ကို ယုံကြည်မှု ၊ မိသားစုတွင်း ပျော်ရွှင်ကျေနပ်မှုဆိုတာတွေ ရှိပါ့မလား။ စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာတဲ့ကလေးဟာ မိသားစုတွင်းမှာ ၊ ပတ်ဝန်းကျင်မှာ ၊ ဘဝမှာ ကန့်လန့်တိုက်ချင်တဲ့စိတ်နဲ့ ကြီးပြင်းလာကြတာများတယ်။ မိမိကလေးအတွက် မတွေးခဲ့ရင်ဖြင့် ကိုယ်အိုမင်းမစွမ်းဖြစ်တဲ့အချိန်ကျမှ ကိုယ့်အတွက် မတွေးပေးတဲ့ သားသမီးနဲ့ကြုံရမှာဖြစ်ပါတယ်။

သူ့ရဲ့စာရိတ္တကို ယုံကြည်ရပါမှ ကိုယ့်အနာဂါတ်နဲ့ ကလေးအနာဂါတ်ကို အိမ်ထောင်ဦးစီးဆိုတဲ့ သူ့ဦးဆောင်မှုနောက်ကို စိတ်ချလက်ချ အပ်နှံလိုက်လို့ဖြစ်မှာပါ။ ကိုယ့်အနာဂါတ်က ကိုယ်တိုင်ထူထောင်လို့ရသေးတယ်။ ကလေးအနာဂါတ်ရော ၊ ကိုယ့်အနာဂါတ်ရော ကိုယ်တစ်ယောက်တည်း စိတ်ဒဏ်ရာတွေနဲ့ တပြိုင်နက်ထူထောင်ရမယ်ဆိုရင် တော်ရုံမိန်းမသားတွေအဖို့ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ရွေးချယ်ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံး ရွေးချယ်ရမှာဖြစ်သလို ၊ စဉ်းစားခွင့်ရနေတုန်း မိမိဘဝအတွက် အကောင်းဆုံးဖြစ်နိုင်တဲ့လမ်း စဉ်းစားရမှာဖြစ်ပါတယ်။

ကိုယ့်ဆုံးဖြတ်မှုနဲ့ လုပ်ဆောင်ချက်က ကိုယ့်အနာဂါတ်ကို ပုံဖော်ပေးမှာဖြစ်သလို ယုံကြည်မှုရှိတဲ့အနာဂါတ် နဲ့ ပိုမိုကောင်းမွန်တဲ့ဘဝဆိုတာကလည်း ကိုယ့်ဆုံးဖြတ်လုပ်ဆောင်ချက်နဲ့သာ သက်ဆိုင်ပါတယ်။ ဒီတော့ ကိုယ့်ဘဝတသက်စာ ယုံကြည်စိတ်ချရသူလားလို့ လေးလေးနက်နက် တွေးခေါ်စဉ်းစားပြီး ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like