Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တိုးတက် – အင်္ဂလန်သူ နတ်ဝင်သည် အဲနာတွစ် – BurmeseHearts

တိုးတက် – အင်္ဂလန်သူ နတ်ဝင်သည် အဲနာတွစ်

0

အဲနာတွစ် (Ena Twigg) သည် ၂၀ရာစု နှောင်းပိုင်းကာလတွင် နာမည်ကြီးခဲ့သော အင်္ဂလန်သူ နတ်ဝင်သည်တစ်ဦးဖြစ်သည်။

သူမသည် အမေရိကန်သမ္မတ ဂျွန်ကနေဒီ ၊ ဗြိတိန်နိုင်ငံ၏ လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေါဒင်း ၊ အမေရိကန် လူမည်းခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာကဲ့သို့သောလူတို့ တမလွန်မှ ဆက်သွယ်ပြောဆိုကြရာတွင် ကြားခံ နာမ်ဝိဥာဉ်အဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။

သူမ၏ တမလွန်နှင့် သက်ဆိုင်သော မြားမြောင်လှသည့် အတွေ့အကြုံတို့ကို မှတ်တမ်းတင်ထားခဲ့သည်။

သူမ၏ ကိုယ်ရေးအထ္ထုပ္ပတ္တိစာအုပ်ဖြစ်သော “Autobiography of a medium” စာအုပ်မှ စိတ်ဝင်စားဖွယ်ရာ အကြောင်းတစ်ရပ်ဖြစ်သော “OF GHOSTS AND HUNTINGS” ကို ဖော်ပြလိုက်ပါသည်။

……………………….. X …………………………..

မစ္စတာဘယ်ရီ( အဲနာတွစ်၏အမျိုးသား)၏ မိခင် ကွယ်လွန်သောအခါ အသုဘ အခမ်းအနားကို ကျွန်မပင် ဦးစီးကျင်းပခဲ့သည်။

ဤကဲ့သို့သော အသုဘများတွင် ကျွန်မသည် ကျန်ရစ်သူမိသားစုများအား ကွယ်လွန်သူကို ရှေ့ခရီးဆက်သွားသူအဖြစ် ရှုမြင်ကြပါရန် အကြံပေးလေ့ရှိခဲ့သည်။

ကွယ်လွန်သူ၏ ဆွေမျိုးသားချင်းတို့သည် ကွယ်လွန်သွားသူကို တန်းတန်းတတ သတိရကြမည်က အမှန်ဧကန်ပင်။

သူ့အပြော ၊ သူ့အဆို ၊ သူ့နေပုံထိုင်ပုံ ၊ သူ့ကိုကြည့်လေရာတွင် မြင်ယောင်မိကောင်း မြင်ယောင်မည်ဖြစ်သော်လည်း သူ့ကို ဆုံးရှုံးရလေခြင်းဟု ကိယ့်အတ္တနှင့်ကိုယ် မချင့်မရဲ ဖြစ်မည့်အစား ထိုအတွေးမျိုးကို ရပ်တန့်လိုက်လျှင် သွားလေသူအတွက် အကျိုးရှိမည်ဖြစ်သလို ကျန်နေသူတို့အတွက်လည်း အကျိုးရှိမည်က အမှန်ပင်။

မီးသင်္ဂြိုလ်လိုက်ခြင်း၏ ကောင်းကွက်တစ်ရပ်ကား အမှတ်တရပြစရာ သင်္ချိုင်းမြေပုံပြယုဂ် မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျန်ရစ်သွားသူများအနေဖြင့် လွမ်းလွမ်းဆွေးဆွေး သွားစရာ ၊ ကြည့်စရာ “ဒါ ငါအချစ်ဆုံးသူရဲ့ မြေပုံပဲ” ဟု ပြစရာမရှိတော့ခြင်းသည် နှစ်ဖက်စလုံးအတွက် ပို၍ ဖြေသိမ့်လွယ်စေသည်။

မီးသင်္ဂြိုလ် ဝတ်ပြုဆုတောင်းပွဲပြုချိန်၌ ကျွန်မတို့သည် ဘုရားရှိခိုးကျောင်း(သို့မဟုတ်) မီးသင်္ဂြိုလ်စက်၌ အလောင်းပြင်ဆင်ထားရာခန်းမတွင် လှပဝေဆာသောပန်းများ ဆင်ယင်ပေးလေ့ရှိကြသည်။

မွဲခြောက်ပြာနှမ်း မလှမပသောပန်းများ ဆင်ယင်လေ့မရှိချေ။ အ မင်္ဂလာမဟုတ် ၊ မင်္ဂလာရှိသော အမှုပြုသကဲ့သို့ အလှတန်ဆာ ဆင်ထားပါလျှင် သွားလေသူအား ကောင်းမြတ်သော လားရာသို့ ဆက်လက် ခရီးနှင်သည့်အနေမျိုး အမှန်တကယ် သရုပ်ပေါ်စေရန်ဖြစ်၏။ မပို့ဆောင်ဘဲ မိမိအတ္တ ၊ မိမိဆုံးရှုံးမှုကိုသာ ဖန်ဆင်း၍ ပူဆွေးသောကရောက်နေတတ်ကြသည်မှာ မလိုလားစရာပင်ဖြစ်သည်။

ကျွန်မတို့က သေလွန်ခြင်းဟုခေါ်သော ဖြစ်စဉ်သည် တကယ်တမ်းတွင် ဘဝအသစ်တစ်ခုထဲသို့ ကူးပြောင်းမွေးဖွား ဝင်ရောက်သွားခြင်းပင်ဖြစ်သည်။ သေခြင်းနှင့်ရှင်ခြင်းနှစ်ရပ်ကို ဂဃနဏ ဆန်းစစ်ကြည့်ပါလျှင် ထပ်တူနီးပါးအသွင်တူချက်များကို တွေ့နိုင်သည်။ မွေးခြင်းသည်လည်းကောင်း ၊ သေခြင်းသည်လည်းကောင်း အဝင်မသက်သာ ၊ အထွက်မသက်သာသော ကိစ္စဖြစ်သည်။

ကျွန်မကမူ သေလွန်သူတို့သည် ပိုမို၍ကောင်းသော လောကသို့ ကူးပြောင်းသွားကြသည်ဟု ယုံကြည်ပါသည်။ ထိုလောကတွင် သူတို့အတွက် အတိုင်းဆမဲ့ အခွင့်အလမ်းများ ရှိနေနိုင်သည်။ သူတို့၏ မိုးကုတ်စက်ဝိုင်းကို တိုးချဲ့ရန် အခွင့်အရေးများစွာ ရှိနေနိုင်သည်။ သူတို့သည် သူတို့ကို ပြုစုစောင့်ရှောက်မည့် ပုဂ္ဂိုလ်များထံမှ အသိပညာတို့ ထပ်ဆင့်တိုးမြှင့်ရရှိပေမည်။

သူတို့ချစ်မြတ်နိုးသူများက သူတို့ကို စောင့်ဆိုင်းနေပေမည်။ လိုအပ်ပါလျှင် သူတို့သည် ထိုတမလွန်၌ ထိုက်လျောက်စွာ အနားယူပြီးနောက် ရှေ့ခရီးဆက် ပြန်လည်ဝင်စားကြရလေ့ရှိသည်။

ဤရုပ်ခန္ဓာ ပျက်သုဉ်းသွားသော်လည်း နာမ်ဝိဥာဉ်အဖြစ် ခရီးဆက်နေ ၊ ရှင်သန်တည်ရှိနေသူတို့နှင့် ပတ်သက်၍ အများမြင်သည့်အမြင်ကို ကျွန်မဘဝင်မကျလှချေ။ ဤဝိညာဉ်တို့ကို တစ္ဆေ (သို့မဟုတ်) သရဲအဖြစ် နာမပြုခေါ်ဆိုခြင်းက နှိမ့်ချသော အပြုအမူပင်ဖြစ်သည်ဟု ကျွန်မယူဆပါသည်။

ဤသနားစဖွယ်ကောင်းသော သေလူများသည် သူတို့သေနေမှန်း မသိကြသူများပင်ဖြစ်သည်။ အစိမ်းသေဟု ခေါ်ဆိုသည်ကဲ့သို့ ရုတ်တရက် ကောက်ကာငင်ကာ ငုတ်တုတ်ဟု ဆိုလောက်သော အနေမျိုးဖြင့် ခန္ဓာကိုယ်ပျက်သုဉ်းသွားရသူများဖြစ်သည်ကများ၍ မသိကြခြင်းပင်ဖြစ်သည်။

သူတို့ ရှင်သန်နေသေးသည်အမှတ်ဖြင့် ဤလောကလူသားများ တနည်း သက်ဆိုင်သူတို့နှင့် ဆက်သွယ်မှုပြု (သို့မဟုတ်) ဆက်သွယ်ရန် ကြိုးစားခြင်းဟုပင် ဆိုရမည် (သို့မဟုတ်) လူအဖြစ်တည်ရှိစဉ်က ကိစ္စတစ်ရပ်ရပ် မပြီးပြတ်ခဲ့၍ ပြီးပြတ်စေရန် အပြင်းအထန် ကြိုးပမ်းနေသော ဝိညာဉ်များ ဖြစ်ကြသည်။

နတ်ဝင်သည်ကောင်းတစ်ယောက်သည် ဤသို့ ပူးဝင်သော ဝိညာဉ်နှင့် အာရုံချင်း ပလဲနံပသင့်အောင် ချိတ်ဆက် ဆက်ဆံမှုပြု၍ ထိုဝိဥာဉ်ကို ပို၍စိတ်ချမ်းမြေ့ဖွယ်ရာ အနေအထားသို့ လမ်းကြောင်းပေးနိုင်သည်။

ထိုဝိညာဉ်တို့ စိတ်ချမ်းမြေ့အောင် ဆောင်ရွက်သည်ဆိုရာမှာလည်း သူတို့ကို လောကနှင့် သံယောဇဉ်မဖြတ်နိုင်အောင် ဖြစ်နေသေးသော ကိစ္စရပ်များကို ဖြေရှင်းပေးခြင်း ၊ သူတို့က မတရားမှုဟု အမှန်အကန် (သို့မဟုတ်) မှားယွင်းစွာ ယူဆနေသော အချက်များ ပြေလည်သွားအောင် ဆောင်ရွက်ပေးခြင်းတို့ပင်ဖြစ်သည်။

ထိုအနာတို့ကို ဖြေပေးပြီးမှသာလျှင် သူတို့ကို ရှေ့ခရီးသို့ စိတ်ဖြောင့်ဖြောင့်နှင့် ဆက်သွားအောင် အကြံပြုနိုင်ပေမည်။

ကျွန်မသည် စိတ်ဝင်စားဖွယ်ရာ ကောင်းသော တစ္ဆေခြောက်မှုပေါင်းများစွာကို ကြုံတွေ့ခဲ့ရဖူးပါသည်။ ထိုအမှုများတွင် ဇတ်ရုံတစ်ရုံနျင့် ပတ်သက်ခဲ့သော ကိစ္စတစ်ခုကား အတော်ပင် ရယ်စရာကောင်းလှသည်။ ထိုသရဲခြောက်နေရာအရပ်သို့ ကျွန်မကို ခေါ်ဆောင်သွားနေမှန်း ကျွန်မအစက မသိခဲ့ချေ။

ကိစ္စက သာမန်ဧည့်ခံပွဲလေးတစ်ခုအဖြစ် အစပြုခဲ့သည်။ ထို့နောက်တွင် ကျွန်မကို တစ္ဆေခြောက်သည်ဟု သတင်းကြီးနေသော နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားခွင့်ပြုပါရန် စကားကမ်းလှမ်းလာသည်။ သို့သော် တစ္ဆေခြောက်နေသည့် နေရာမှန်ကို အသိမပေးခဲ့ကြ။

ကျွန်မကို မျက်လုံးအဝတ်ဖြင့် စည်းခဲ့၏။ ကျွန်မကို ထိုနေရာသို့ ကားဖြင့်ခေါ်ဆောင်သွားခဲ့ပါသော်လည်း ထိုနေရာသို့ ရောက်သောအခါတွင် စောနေသေးသည်ဟု ဆို၍ အချိန်ကုန်အောင် ကားလျှောက်မောင်းခဲ့ကြသည်။

နောက်ဆုံး ကားတန့်လိုက်သောအခါတွင် မျက်နှာကို အဝတ်ဖြင့်စည်းခံထားရသော ကျွန်မအား ကားပေါ်မှ တွဲချပေးခဲ့ကြသည်။ ထို့နောက် ကျွန်မ၏ လက်မောင်းကိုကိုင်လျက် တစ်နေရာသို့ ဦးဆောင်ခေါ်သွားသည်။ ကျွန်မ၏ မျက်နှာကို စည်းထားသော အဝတ်ကို ဖြုတ်လိုက်သောအခါတွင် ကျွန်မမှာ ဇတ်စင်တစ်ခုပေါ်ရောက်နေသည်ကို တွေ့ရပြီး ပတ်ပတ်လည်တွင် မပေါ့်တပေါ် ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်သိုက်ကို တွေ့ရသည်။ ကျွန်မတို့ ဇတ်ရုံတစ်ရုံထဲသို့ ရောက်နေခဲ့ကြခြင်းဖြစ်သည်။

ဇတ်ပွဲကပြီးပြီ ဖြစ်သော်လည်း ဇတ်သမများက စပ်စပ်စုစု စုဝေးကြည့်ရှုနေကြခြင်းဖြစ်သည်။ ကျွန်မ တွေးလိုက်မိသည်။

“ဘုရားရေ – ဒီတစ်ပိုင်းကိုယ်လုံးတီးမတွေနဲ့ ငါဒီမှာ ဘာလုပ်နေတာလဲ “ဟု

သူတို့ကလည်း “ဘာမှန်းလည်းမသိဘူး” ဟူသော သဘောမျိုး ယူဆပုံရခဲ့သည်။ နောက်ဆုံးတွင် ကောင်မလေးများထွက်ခွာသွားကြသည်။ ထိုအခါတွင် ကျွန်မသည် ပြဇတ်ရံနှင့် ပတ်သက်၍ ဆန်းစစ်ရမည့်ပြဿနာကို အစကောက်ရသည်။ ဇတ်စင်တွင် တစ်ခုခုဖြစ်နေသည်ဟု အားလုံးက ဆိုညွှန်းခဲ့ကြသော်လည်း ဘာဖြစ်နေမှန်း မသိခဲ့ကြချေ။

ကျွန်မကမူ ဇတ်စင်တွင် တစ်ခုခုဖြစ်နေသည်ဟု မခံစားမိခဲ့ချေ။ သို့သော် ဇတ်ရုံထဲတွင် တစ်ခုခုဖြစ်နေသည်ဟု ရုတ်တရက်ခံစားမိ၍ ဇတ်ရုံထဲ ဟိုဒီလျှောက်သွားကြည့်ရန် တောင်းဆိုလိုက်သောအခါတွင် ပြဿနာရင်းမြစ်ကို ချက်ချင်း တွေ့မြင်လိုက်သည်။

“ပြဿနာက ဒီမှာပဲ။ ဟိုမှာ လူတစ်ယောက် ထိုင်နေတယ်။ တွေ့လား။ သူ့ဟာသူ သေနေမှန်းမသိတဲ့လူပေါ့” ကျွန်မက လှမ်းပြောလိုက်သည်။

ထိုသူသည် ထိုဇတ်ရုံ ၊ ထိုထိုင်ခုံနေရာတွင်ထိုင်၍ ဇတ်ပွဲကြည့်နေရာမှ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခဲ့ရာ သူသေဆုံးမှန်းပင် သူမသိခဲ့ချေ။ ထို့ကြောင့် ဝိညာဉ်ကဆက်၍ ထိုင်မြဲထိုင်နေခဲ့ခြင်းကြောင့် ဇတ်ရုံဝန်ထမ်းအားလုံး ကြောက်လန့်စရာ တစ္ဆေခြောက်မှု ဖြစ်ကုန်သည်။

သို့ဖြင့် ကျွန်မ၏အလုပ်မှာ သူ့ကိုယ်သူသေဆုံးပြီဖြစ်သဖြင့် ရှေ့ဘဝသို့ ဆက်၍ခရီးနှင်သင့်ကြောင်း အကြံပေးရသည့်အလုပ်ဖြစ်ခဲ့ရသည်။

နောက်သရဲခြောက်မှုတစ်ခုသို့မူ ကျွန်မသည် စာနယ်ဇင်းအဖွဲ့တစ်ခုနှင့် အတူသွားခဲ့ရသည်။ ကျွန်မအိမ်မှ မိုင်ပေါင်းများစွာ ကွာဝေးသော ထိုနေရာသို့ ရောက်သောအခါတွင် ကျွန်မကို အိမ်ခန်းတစ်ခန်းအတွင်းသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ကျွန်မသည် ဆက်တီထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် လူတစ်ယောက်၏ အသွင်သဏ္ဍာန်ကို မြင်လိုက်သည်။ ထိုသူကပြောသည်။

“ကျွန်တော့ကို ဒီအိမ်ကနေ ပ ထုတ်လိုက်ကြတယ်။” ကျွန်မက ထိုအသွင်သဏ္ဍာန်ကိုမေးလိုက်သည်။

“ဘာတွေပြောနေတာလဲ”

“ကျွန်တော့်ကို ဒီအိမ်ဈေးနဲ့ပတ်သက်ပြီး လိမ်ခဲ့တယ်။” သူက ပြန်၍ဖြေကြားသည်။

“ရှင်က ဒီအိမ်မှမလိုတော့တာ အခု ရှင်တမလွန်ကို ရောက်နေပြီပဲ” ကျွန်မက သူ့ကို ထောက်ပြလိုက်သည်။

ထို့နောက်ကျွန်မသည် ကျွန်မ မည်သည့်အရာကို မြင်တွေ့ ၊ မည်သည့်စကားကိုကြား ၊ မည်သူနှင့် စကားပြောဆိုနေကြောင်း အခန်းထဲရှိ အခြားသူတို့ကို ရှင်းပြလိုက်သည်။ ကျွန်မသည် သဘောကောင်းပုံရသော ထိုတစ္ဆေအား သူ့အိမ်မှာ ဆက်လက်စွဲနေခြင်းကြောင့် အခြားသူတို့ အတော်စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ၊ သူ့ကြောင့် သူတို့ ဤအိမ်၌ နေမရဖြစ်နေကြောင်း ကျွန်မက ရှင်းပြလိုက်သည်။

ထိုအခါ ထိုဝိညာဉ်က အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော် ဒေါသအဖြစ်ဆုံးအချက်က ကျွန်တော်ကိုယ်တိုင် ကိုယ့်လက် ၊ ကိုယ့်ခြေနဲ့ ရိုက်ခဲ့တဲ့ ကျွန်းသစ် စာအုပ်စင်ကြီးကို သူတို့ကဖျက်ပြီး ခြံထဲပစ်ထားလိုက်တဲ့ကိစ္စပဲ”

ကျွန်မသည် ဤအိမ် ဤမိသားစုနှင့် အစိမ်းသက်သက်ဖြစ်နေခဲ့ပြီး အိမ်ကိုလည်းကောင်း ၊ မိသားစုကိုလည်းကောင်း ယခင်က တစ်ကြိမ်တစ်ခါမှပင် မမြင်ဘူးခဲ့ချေ။ ထို့ကြောင့် ထိုစာအုပ်စင်နှင့် ပတ်သက်၍ သူ့ပြောစကား မှန်ပါရဲ့လားဟု သူ့မိသားစုကို မေးမြန်းလိုက်မိသည်။ မှန်ပါသည်ဟု သူတို့က ပြန်ဖြေခဲ့ကြသည်။

ထို့ကြောင့် ကျွန်မသည် စိတ်မချမ်းမသာ ဖြစ်နေသော ဝိညာဉ်နှင် ညှိုနှိုင်းဆွေးနွေးမှု ပြုရသည်။

“ရှင်က ဘာဖြစ်လို့ ဒီစာအုပ်စင်လေးကိစ္စကို ပြဿနာလုပ်နေတာလဲ။ သူတို့က ဒီစာအုပ်စင်မလိုဘူး။ ရှင်ကလည်း မလိုနိုင်တော့ဘူး။ အဲဒါကို ဘာဒေါသထွက်နေရတာလဲ”

ငွေရေးကြေးရေးနှင့် ပတ်သက်မှုအကြောင်းမှာမူ လက်ရှိနေထိုင်သူများသည် အိမ်ရှင်များမဟုတ် ၊ အိမ်ငှါးများသာဖြစ်နေခဲ့သည်။ ထို့ပြင် ဝိညာဉ်သည် ဤလောကမှ ငွေကြေးကိုသောလည်းကောင်း ၊ အိုးအိမ်ကိုသော်လည်းကောင်း လိုအပ်တော့သူမဟုတ် ၊ လိုချင်သူမဖြစ်နိုင်ကြောင်း သူ့ကို ရှင်းပြလိုက်သည်။ ဤသို့ နားချလိုက်ပြီးခါမှ ထိုဝိညာဉ်က ထိုအိမ်မှ ထွက်ခွါသွားခဲ့တော့သည်။

ဤဖြစ်ရပ်နှင့် ပတ်သက်၍ဆိုဝါးခဲ့သော အကြောင်းကား ဝိညာဉ်သည် သူ၏ မကျေနပ်ချက်ကို အသိပေးလိုစိတ်ပြင်းနေပြီး သားဖြစ်သူကို ဝင်ပူး၍ လူ့ဘဝက မယားကို ရင်ဆိုင်အကြမ်းဖက် ပြဿနာရှာခဲ့ခြင်းပင်ဖြစ်သည်။ သရဲ(ဝိညာဉ်)ပူးနေသော သားမှာမူ မိခင်ကို ကိုယ်ထိလက်ရောက်စော်ကားပြုမူခဲ့အဖြစ် ဖမ်းချုပ်ခံရပြီး စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ခဲ့ရသည့်ဖြစ်စဉ် ရှိနေခဲ့သည်။

သူပြန်၍ နေထိုင်ကောင်းမွန်ရန် အတော်ကြာမြင့်ခဲ့သည်။ ကျွန်မတို့ ဝိညာဉ်နှင့် စကားပြောဆိုပြီးနောက်တွင် ထိုအိမ်၌ သရဲခြောက်မှုမဖြစ်တော့ချေ။

နောက်တစ်ကြိမ်၌ ကျွန်မသည် ကင့်လမ်းရှိ အိမ်တစ်အိမ်သို့ ပင့်ခံခဲ့ရသည်။ ရာသီဥတု အတော်ဆိုးဝါးသော ညတစ်ညဖြစ်ခဲ့၍ မိုးကလည်း သဲသဲမဲမဲ ရွာသွန်းနေပြီး အာကာတစ်ခွင်လုံး မှောင်မည်းနေခဲ့သည်။

ထိုအိမ်တွင် ဇနီးမောင်နှံတစ်စုံကိုတွေ့ရပြီး သူတို့ခမျာအလွန်ပင် တုန်လှုပ်ခြောက်ခြားနေခဲ့ကြသည်။ အမျိုးသားက ကြေးစားဓါတ်ပုံဆရာဖြစ်၏။ တစ်အိမ်လုံးအနှံ့ မီးများ ထထလောင်နေသည်ဟု သူတို့က ရှင်းပြသည်။ အိပ်ရာပေါ် ၊ ခုတင်များပေါ် ၊ ကုလားထိုင် ၊ ကော်ဇော စသည်တို့မှ ရုတ်တရက် မီးများက ထတောက်လောင်တတ်ခဲ့သည်။

“ကျွန်တော်တို့ အခန်းထဲမှာ ထိုင်နေတုန်း ဆက်တီခုံကနေ ဒါမှမဟုတ် ကုလားထိုင်ကနေ မီးတွေ ထလောင်တတ်တယ်။ ခုတင်တွေ ၊ ခန်းဆီးတွေကနေ မီးထ ထလောင်တယ်။ ဒါပေမယ့် အဲဒီမီးလောင်မှုကြောင့် ဘယ်သူမှတော့ မထိခိုက်သေးဘူး။ ဒီမှာလာကြည့်စမ်းပါဦး”

ကျွန်မ ဤသို့အဖြစ်မျိုးတစ်ကြိမ်တစ်ခါမှ မတွေ့ဘူး ၊ မမြင်ဘူးခဲ့ချေ။ စာနယ်ဇင်းတစ်ခုမှ လူများလည်း ရောက်ရှိနေခဲ့ပြီး သူတို့ကလည်း တအံ့တသြဖြစ်နေခဲ့ကြသည်။ ကလေးများ၏ အိပ်ခန်းမှ ပြတင်းပေါက်ပေါင်တွင် မီးသင့်လောင်ထားသည်။

သို့တိုင်အောင် မည်သူမျှ မီးလောင်ကျွမ်းခြင်း ၊သို့မဟုတ် ထိခိုက်ဒဏ်ရာ ရထားခြင်း မရှိသည်က ကံမခြင်းပင်။ မည်သူကမှ ရှို့ခြင်းမဟုတ်ဘဲ မီးများ ထ ထလောင်နေခြင်းက အတော် ကြောက်လန့်စရာကိစ္စပင်။

သို့ဖြင့် ကျွန်မတို့အားလုံး ဧည့်ခန်းထဲတွင် ထိုင်မိလိုက်ကြသောအခါ ကျွန်မ၏အာရုံတွင် လူငယ်တစ်ဦး၏အသံကို ပီပီပြင်ပြင်ကြားလိုက်ရသည်။

“ကျွန်တော့်နာမည် ဂျင်မီပဲ”

“မင်းက ဘယ်သူလဲ”

“ကျွန်တော်က သူ့မောင်ပဲ(အမျိုးသမီးငယ်ကို ရည်ညွှန်းလျက်ဆိုလိုက်သည်။) ကျွန်တော်အသက်(၃)နှစ်အရွယ်မှာ မီးလောင်ပြီး သေသွားခဲ့တယ်။”

“ဟုတ်ပါပြီ။ အခု ဒီအနှောင့်အယှက်တွေကို မင်းလုပ်နေတယ်ဆိုရင်ဘာလို့ ဒီလို နှောင့်ယှက်နေရတာလဲ၊ ပြောစမ်းပါဦး။”

“မိသားစုထဲမှာ ပြောလို့မကောင်းတာတွေ ဖြစ်ပျက်နေတာကို သူတို့တွေ သဘောပေါက်အောင် ဒီနည်းနဲ့ပဲ ဖော်ပြစရာရှိတယ်။”

တမလွတ်ရောက်နေသူကိုပင် စိတ်အနှောင့်အယှက်ဖြစ်စေအာင် မည်မျှဆိုးဝါးသည့်အဖြစ်များ ဖြစ်နေသနည်းဟု သူ့ကို မေးမြန်းလိုက်သောအခါ သူက ဇတ်စုံခင်းပြခဲ့ပါသည်။ သို့သော် သူ့စကားများက အတွင်းကျလွန်းသောကြောင့် ဤနေရာတွင် ကျွန်မ ပြောမပြသင့်ချေ။ မည်သို့ပင်ဆိုစေ မိသးစုဝင်အချင်းချင်း တစ်ဦးကိုတစ်ဦး မခေါ်နိုင် ၊ မပြောနိုင် ဖြစ်ကိန်းဆိုက်နေခဲ့သည်မှာ အမှန်ပင်။

“အဲဒီကိစ္စကို ဖြေရှင်းပြီး အေးအေးချမ်းချမ်း လက်တွဲနေထိုင်နိုင်ကြတဲ့ အနေအထားမရောက်မချင်း ကျွန်တော် ဒီလိုပဲ လုပ်နေမှာပဲ” သူက ဆက်လက် ခြိမ်းခြောက်လိုက်သည်။

“ဟုတ်ပါပြီ။ ဒီမိသားစုက မင်းအလိုကျ ပြုပြင်ပြီး ငြိမ်းချမ်းစွာ နေထိုင်ကြရင် မင်း သူတို့ကို အနှောင့်အယှက်မပေးတော့ပါဘူးလို့ ကတိပြုသလား” ကျွန်မက မေးလိုက်သည်။

“အားလုံးပြေလည်အောင် ညှိုနှိုင်းပြီး အေးအေးချမ်းချမ်းနေကြရင် ကျွန်တော် အနှော်င့အယှက်မပေးတော့ဘူး။”ဟု သူက ကတိပြုလိုက်သည်။

နောင်တွင် ထိုသို့ မီးထလောင်မှုမျိုးမဖြစ်တော့ချေ။

လွန်ခဲ့သော နှစ်နှစ်ခန့်က ခရစ္စမတ်ကာလတစ်ခုတွင် ကျွန်မထံ အမျိုးသမီးတစ်ဦးက ဖုန်းဆက်လာခဲ့သည်။

“ကျွန်မ ဂျော့ဂျီးယား ခေတ်လက်ရာအိမ်တစ်လုံးမှာ တိုက်ခန်းတစ်ခန်းဝယ်ထားပြီး အဲဒီမှာ နေမရ ဖြစ်နေပါတယ်။ ကျွန်မကို ကူညီပါဦး။”

ကျွန်မနှင့် ကျွန်မ၏ အမျိုးသား ဟယ်ရီသည် သူမ၏ လှပသော တိုက်ခန်းသို့ သွားရောက်ပြီး နတ်မေးရန် ထိုင်လိုက်ကြသည်။ အမျိုးသမီး ဝိညာဉ်တစ်ခုနှင့် ကျွန်မ အဆက်အသွယ်ရခဲ့သည်။

“မင်းဘာဖြစ်နေတာလဲ” ကျွန်မက မေးမြန်းလိုက်သည်။

“ကျွန်မယောက်ျားကို မုန်းတယ်။” သူမက ဆိုလိုက်သည်။

သူမသည် ထိုအဆောက်အအုံနှင့် သူမ ပတ်သက်ပုံ ၊ သူမ ထိုအဆောက်အအုံတွင် ခြောက်နေရသည့် အကြောင်းကို ပြောပြသည်။

“အခု ဒီအိမ်မှာနေတဲ့ အမျိုးသမီး နဲ့ ကလေးက မင်းကို ဘာမှ ထိခိုက်အောင်မှ မလုပ်ဘူးဘဲ။” ကျွန်မက သူ့ကို ပြောလိုက်သည်။

“ဒါပေမယ့် ဒီအိမ်မှာ ကျွန်မ ကြုံခဲ့ရတဲ့ အဖြစ်ပဲလေ။” ဝိညာဉ်က တုန့်ပြန်လိုက်သည်။

သူမ၏ အမျက် အာဃာတတို့က ဤအိမ်နှင့် ပတ်သက်၍ အတွေ့အကြုံပေါ် ကြီးထွားနေခဲ့သည်။

“ဒါပေမယ့် မင်း ဒီမှာ မရှိသင့်တော့ဘူးလေ။ မင်းဘဝကို မင်း ဆက်လျှောက်ရမယ့်အချိန် ရောက်နေပြီ။ ဒီလူတွေကို မနှောင့်ယှက်သင့်တော့ဘူး။ ဒါ အခု သူတို့အိမ်။ မင်းကတော့ မင်းရဲ့ ဘဝအသစ် ၊ လောက အသစ်ကိုသာ ကောင်းကောင်းမွန်မွန် သွားပြီး စိတ်ချမ်းသာမှုကို ရှာတော့။”

ကျွန်မ ကိုယ်တွေ့ တစ္ဆေ သရဲ ဝိညာဉ်နှင်နည်းကာ ဤသို့ပင် ဖြစ်ပါသည်။ မည်သည့်ဂါထာ မန္တန် ထုံးဓလေ့ကိုမျှ သုံးလေ့မရှိချေ။ သူတို့ကို မေတ္တာ ၊ စေတနာထား ၊ သူတို့ဖြစ်ရပ်အပေါ် စာနာထောက်ထား နားလည်စွာဖြင့် သူတို့ခံစားချက်ကို နားထောင်၍ လမ်းမှန်ပေါ် လမ်းညွှန်နားချပေးခြင်းသာဖြစ်သည်။

၂၀၁၁ ဒီဇင်ဘာလထုတ် သူရဇ္ဇ မဂ္ဂဇင်း(၁၁)နှစ်ပြည့်အထူးထုတ် (အတွဲ ၁၁ ၊ အမှတ် ၁၂) စာမျက်နှာ ၂၅၀-၂၅၂ မှ စာဖတ်သူတို့ ဗဟုသုတ ရရန်အလို့ငှါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ (မူရင်းစာမူမှ ချုံ့ဖော်ပြခြင်းဖြစ်သည်။)

ပုံရိပ်(burmesehearts.com)

You might also like