Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကျောင်းနေအရွယ် ကလေးရဲ့မိဘများ – BurmeseHearts

ကျောင်းနေအရွယ် ကလေးရဲ့မိဘများ

0

ကလေးကို မူကြိုထားရာကနေ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း စသဖြင့် ပညာအဆင့်ဆင့် ဆက်လက်သင်ကြားစေတဲ့ ကျောင်းသားမိဘတွေဟာ ဘယ်လိုစိတ်ထား ၊ ဘယ်လိုပံ့ပိုးမှုတွေနဲ့ မိမိသားသမီးကို ပံ့ပိုးပေးသင့်သလဲ။ မိဘတိုင်းလိုလိုရဲ့ဆန္ဒဟာ မိမိသားသမီးကို အောင်မြင်ဖြစ်ထွန်းပြီး လိမ်မာတဲ့ သားကောင်း ၊ သမီးကောင်းတွေ ဖြစ်စေချင်ကြတာပါ။

သားသမီးကို အောင်မြင်ဖြစ်ထွန်းပြီး လိမ်မာတဲ့ သားကောင်း ၊ သမီးကောင်းတွေ ဖြစ်စေချင်တဲ့အတွက် သူတို့ ယုံကြည်ရာ ၊ ကောင်းမယ်ထင်ရာ ၊ အဆင်ပြေရာလေးတွေနဲ့ သားသမီးကို ပဲ့ပြင်ပုံသွင်းကြတာပါ။ ကလေးတွေရဲ့အရည်အသွေးတွေဟာ မိဘရဲ့မျိုးရိုးဗီဇ ၊ ဆုံးမသွန်သင်လမ်းပြမှု ၊ ဆရာတွေရဲ့ သင်ပြပဲ့ပြင်မှုတွေနဲ့ တစ်ဦးချင်းစီ အရည်အသွေး ကွာခြားသွားကြပါတယ်။ ဆိုလိုတာက ဘူးပင်က ဖရုံမသီးဘူးလေ။ ကလေးတွေဟာ မျိုးရိုးဗီဇတွေကို အဓိကထားပြီး ကွာခြားသွားကြရာကနေ သွန်သင်ဆုံးမပဲ့ပြင်မှုတွေက သူတို့ကို ကျောက်ကောင်းတပွင့် ဖြစ်လာ ၊ မလာဆိုတာ ကွာခြားသွားကြတာပါ။

တချို့မိဘတွေက ကျောင်းကောင်းထားရင် ဒီကျောင်းကထွက်တဲ့ ကိုယ့်သားသမီးဟာ တော်မော်ထူးချွန်မယ်လို့ ယုံကြည်မျှော်လင့်ကြတယ်။ ကျောင်းရဲ့စနစ်ကတော့မှန်ပါရဲ့ အိမ်နဲ့မိဘတွေရဲ့ စနစ်ဟာ မှားယွင်းနေရင် ဒီကလေးဟာ ကျောင်းကောင်းမှာနေပေမယ့် ထူးချွန်သင့်သလောက် မထူးချွန်လာပါဘူး။ ဒီကျောင်းကထွက်တဲ့ကျောင်းသားတိုင်း ထူးချွန်နေတာမျိုးမဟုတ်သလို ထူးချွန်တဲ့ကျောင်းသားတိုင်းဟာလည်း ဒီလို ကျောင်းကြီး ၊ ကျောင်းကောင်းတွေက ထွက်လာတာမျိုးမဟုတ်ပါဘူး။

ဒီမှာ ကျွန်မက အရည်အသွေးလို့ခေါ်တဲ့ (Quality) ဆိုတာကို ချပြလိုပါတယ်။ မိဘတွေနဲ့ ဆရာသမားတွေဟာ ကလေးတွေရဲ့ အရည်အသွေးကို ဘာနဲ့အကဲဖြတ်ပါသလဲ။ စာထူးချွန်မှုနဲ့လား ၊ လူရည်ချွန်ဆုတံဆိပ်နဲ့လား ၊ စိတ်ဓါတ်အမူကျင့်ကောင်းတွေ ရှိမှုနဲ့လား။ အများစုကတော့ အရှေ့ကနှစ်ခုကို ရွေးချယ်ကြပါတယ်။ ဒါတွေရှေ့တန်းရောက်နေသမျှ စိတ်ဓါတ်အမူအကျင့်ကောင်းဆိုတာတွေ နောက်ရောက်နေမှာပါ။ တကယ်တော့ စိတ်ဓါတ်အမူအကျင့်ကောင်းဆိုတာ ရှေ့ဆုံးမှာရှိနေသင့်တာပါ။ ပြီးတော့မှ ကလေးဝါသနာပါတဲ့ဘက်မှာ ထူးချွန်အောင်ပံ့ပိုးပေးသင့်တာပါ။ ဒီတာဝန်က ကလေးရဲ့ လူကြီးမိဘတွေမှာရော၊ ဆရာသမားတွေမှာပါ ရှိနေသင့်တာပါ။

ငွေနဲ့ဂုဏ်ဆိုတာ ရှေ့ရောက်နေသမျှ စာရိတ္တဟာ နောက်ရောက်နေဦးမှာပဲ။ ဒီတော့ မိဘဆရာတွေဟာ ဘာကိုရှေ့တန်းတင်လို့ ကလေးငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးသလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ဘာမှမသိတတ်သေးတဲ့ကလေးဟာ သူ့အနားရှိသူတွေ တန်ဖိုးထားတဲ့အရာကို အရွယ်ရလာလေလေ တန်ဖိုးထားလာလေလေ ဖြစ်နေတတ်ပါတယ်။ ဂုဏ်မောက်တဲ့မိဘနဲ့ အနေနီးရင် ဂုဏ်မောက်တဲ့သားသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့။ တလွဲဆံပင်ကောင်းတဲ့မိဘတွေကြောင့် လမ်းလွဲသွားတဲ့ကလေးတွေလည်း မနည်းမနောရှိနေပါတယ်။

ကျောင်းကြီး ၊ ကျောင်းကောင်းတိုင်း ထူးချွန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေချည်း ထွက်လာကြတာမဟုတ်သလို အောင်မြင်တဲ့သူတိုင်းဟာ အောင်မြင်တဲ့မိဘတွေက ပေါက်ဖွားလာကြတာမဟုတ်ပါဘူး။ ဆင်းရဲတဲ့မိဘကလည်း အောင်မြင်တဲ့သားသမီး မွေးထုတ်ပေးနိုင်သလို ကျောင်းသေး ၊ ဆရာ ဆရာမငယ်လေးတွေကနေ စာရိတ္တကောင်းပြီးထူးချွန်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေ ထွက်လာတတ်ပါတယ်။ အဓိကဟာ လေ့ကျင့်သင်ကြားပေးတဲ့ စနစ်ဖြစ်ပါတယ်။

တခါတလေ မိဘကကျောင်းကို အထူးအားကိုးကြတယ်။ ဆိုလိုတာက ကျောင်းကနေ အစစအရာရာ ကိုယ့်သားသမီးကို ဟပ်ချလောင်းလို့ စရိုက်တွေအခွံချွတ်ပြောင်းလဲပြီး ဒီကျောင်းထားတာနဲ့ ကျောင်းစာတော် ၊ ထူးချွန်လို့ လိမ္မာတဲ့ကလေးတွေ ဖြစ်လာမယ်လို့ စိတ်ကူးနဲ့သာယာနေတတ်ကြတယ်။ ဒီလိုဆို ကလေးကိုမျက်ခြည်မပြတ်ရှိပြီး လိုသလိုဆုံးမပဲ့ပြင်ပေးရမယ့် မိဘတာဝန်ဆိုတာ ဘယ်သွားထားမလဲ။

ကျောင်းကသွန်သင်ဆုံးမတာတွေမကောင်းရင် ၊ အကျင့်ဆိုးတွေကျောင်းကပါလာရင် ကျောင်းကမကောင်းလို့ဆိုပြီး အပြစ်တင်နေရုံနဲ့ ကိုယ့်သားသမီးရဲ့ အကျင့်စာရိတ္တတွေဟာ ပြန်ပြောင်းကောင်းလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းက ဘာအကျင့်တွေ ကလေးဆီမှာပါလာသလဲ ၊ ကျူရှင်က ဘာအကျင့်တွေ ကလေးဆီမှာရှိနေသလဲဆိုတာကို မိဘက အမြဲမျက်ခြည်မပြတ် အကဲခတ်နေရမှာပါ။ ကျောင်းကိုချည်းလုံးဝ ဝကွက်ထားလို့မရပါဘူး။

ကိုယ်ပြုပြင်ဆုံးမတာကောင်းမှ ကိုယ့်သားသမီးဟာ ကောင်းလာမှာပါ။ အတန်းအလိုက် ကျောင်းတွေ ၊ အတန်းတွေ ၊ ဆရာ ၊ ဆရာမတွေ ပြောင်းသွားမှာဖြစ်ပေမယ့် သူ့ကို မွေးကတည်းကနေ လူတလုံး ၊ သူတလုံးဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ နည်းမှန်လမ်းမှန် အမြဲသွန်သင်ဆုံးမသွားရမှာ လူကြီးမိဘတွေရဲ့တာဝန်ပါ။

ဒီလို ကလေးအတွက် ဆုံးမပဲ့ပြင်ပေးသွားဖို့ တာဝန်အရှိဆုံးဆိုတဲ့ လူကြီးမိဘတွေကိုယ်တိုင်က တလွဲဆံပင်ကောင်းနေတာမျိုးဆိုရင် လမ်းလွဲသွားတဲ့ကလေးဟာ အမှားလုပ်တာမဟုတ်ဘူးလေ။ ကျွန်မငယ်စဉ်ကနေ လက်ရှိအချိန်အထိ မပြောင်းမလဲ မြင်နေရသေးတာကို ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို မြန်မာနိုင်ငံက ကလေးမိဘတွေနဲ့ ဆရာသမားအများစုဟာ ကလေးကို အချင်းထက် အဆင်းမှာ ဦးစားပေးနေကြပါတယ်။ ထပ်ရှင်းအောင်ပြောရပါရင် ကလေးကို စိတ်ဓါတ်ကောင်း ၊ စာရိတ္တကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့ထက် မိဘနဲ့ ဆရာသမားအများစုက ဂုဏ်တွေ ၊ ရာထူးတွေကို အသားပေးနေကြတယ်။

ကိုယ်တိုင်က ဂုဏ်နဲ့ငွေတွေအပေါ် အားသာနေတော့ ကိုယ့်သားသမီးကို ကိုယ့်ဘာပံ့ပိုးနိုင်တယ်ဆိုတဲ့အရာပေါ်လွင်အောင် တလွဲပံ့ပိုးပေးကြရာကနေ စမယ်ထင်တယ်။ ကလေးမိဘအချင်းချင်း သူ့ထက်ငါအပြိုင်အဆိုင် ကလေးကို ပံ့ပိုးပေးရာက ဒီမိဘတွေရဲ့ကလေးဟာ သူတို့မိဘတွေပြိုင်နေတဲ့ ဂုဏ်နဲ့ငွေတွေကို စာရိတ္တတွေ ၊ ပညာရေးတွေဆိုတာထက် ပိုအလေးပေးလာကြတယ်။

မြန်မာအစားအစာတွေကို တအားမက်မောလွန်းတဲ့ကျွန်မ မြန်မာနိုင်ငံမှာ မြန်မာစကားပြောပြီး ကျွန်မသမီးလေးကို မြန်မာကျောင်းတွေမှာ ငွေကုန်ကြေးကျ သက်သက်သာသာလေး ပညာသင်ယူစေချင်တာပေါ့။ ကိုယ့်မွေးရပ်မဟုတ်တဲ့ စင်္ကာပူလိုနိုင်ငံမှာ ကိုယ့်ကလေးကို ကိုယ့်ဘာသာစကားမဟုတ်တာတွေပြော ၊ ကိုယ့်လူမျိုးအစားအစာမဟုတ်တာတွေကို စားပြီး ကိုယ့်ဓလေ့မဟုတ်တာတွေနဲ့ ဘယ်ကြီးပြင်းစေချင်ပါ့မလဲ။ ဒါပေမယ့် ကျွန်မအခု ကျွန်မသမီးလေးကို စင်္ကာပူနိုင်ငံမှာပဲ ကျောင်းထားနေရတာဟာ ကျောင်းကမဟုတ်တဲ့ ဂုဏ်တုဂုဏ်ပြိုင်စိတ်ဓါတ်တွေ ကလေးဆီ ကူးမလာအောင်လို့ဖြစ်ပါတယ်။ ဂုဏ်နဲ့ငွေတွေကို အရမ်းအသားပေးနေတဲ့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေရဲ့ တလွဲပြိုင်ဆိုင်ပွဲမှာ ကျွန်မသမီးလေးကို ဝင်မနွှဲစေချင်လို့ပါ။

စင်္ကာပူနိုင်ငံမှာလေ သူတို့နိုင်ငံသားကော ၊ နိုင်ငံခြားသားကော ၊ မိဘကော ၊ ဆရာကောက ကလေးကိုပထမဦးစားပေးပါတယ်။ ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းအုပ်တွေ ၊ မိဘတွေ ကိုယ်တိုင်က ကလေးဟာ ဦးစားပေးရမယ့်သူတစ်ဦးအနေနဲ့ လက်ခံဖြည့်ဆည်းပေးသွားရတာပါ။ ကလေးဟာ လေးစားမှုဆိုတာကို လိုက်နာပြသရပေမယ့် မိဘ ၊ ဆရာတွေက ကလေးကို လုပ်ချင်သလိုလုပ်လို့ရတဲ့ Full Authority တွေ ဒီမှာမရှိကြပါဘူး။ ဒါကို မိဘနဲ့ဆရာတွေက အပြန်အလှန်ထိန်းသိမ်းကြတယ်။

သားသမီးကို မတရားရိုက်နှက်ဆုံးမတတ်တဲ့မိဘဟာ ကလေးပြန်ဖော်လိုက်တာနဲ့ ကလေးဘက်ကရပ်တည်တဲ့အဖွဲ့အစည်းတွေကြောင့် အဲဒီမိဘဟာ ထောင်ဒဏ် ၊ ငွေဒဏ် ၊ ကြိမ်ဒဏ်တွေ ထိုက်သင့်သလို ခံစားကြရတဲ့ဥပဒေ စင်္ကာပူနိုင်ငံမှာရှိလို့ မိဘတွေဟာ ကိုယ့်သားသမီးကို စိတ်နောက်ကိုယ်ပါ ကျိုးကျိုးကန်းကန်းလို့ ရိုက်နှက်ဆုံးမခွင့်မရှိပါဘူး။ ကိုယ်စိတ်တိုင်းမကျရင် စိတ်တိုင်းမကျသလို ပစ်ပယ်ဒဏ်ပေးထားခွင့် မရှိကြပါဘူး။

ကျောင်းသား ၊ ကျောင်းသူတွေအပေါ် မဟုတ်တာလုပ်ထားတဲ့ဆရာ ၊ ဆရာမတွေနဲ့ ဘယ်သူကိုမဆို မိဘက အစဖော်နိုင်တာနဲ့ အဲဒီသူတွေဟာ ထောင်ဒဏ် ၊ ငွေဒဏ် ၊ ကြိမ်ဒဏ်တွေ ထိုက်သင့်သလိုခံစားရတဲ့အပြင် နာမည်လည်းပျက် ဖြစ်ကြတာပါ။ ဒါကြောင့် ဒီက ဆရာ ၊ ဆရာမတွေက ကျောင်းသား ၊ ကျောင်းသူတွေကို စင်္ကာပူပညာရေးဘုတ်အဖွဲ့က ချထားပေးတဲ့ စနစ်အတိုင်းတလွဲမသွေ လိုက်နာကြရပါတယ်။ ဒီကဆရာ ၊ ဆရာမတွေဟာ ဆရာဂုဏ်ကို အကာအကွယ်ယူလို့ စေတနာနဲ့ဆုံးမတာဆိုပြီး ကျောင်းအစည်းရုံးနဲ့ တရားရုံးတော်မှာချေပလို့ မရကြပါဘူး။

ဒီစင်္ကာပူနိုင်ငံက ပညာရေးစနစ်ဟာ ကလေးကို အဓိကဦးစားပေးပြီး ပညာရေး ၊ ကျန်းမာကြံ့ခိုင်ရေးနဲ့ ထူးချွန်တဲ့အနာဂါတ်လူငယ်တွေ ပေါ်ထွန်းလာဖို့အတွက် ဦးစားပေးသင်တာပါ။ ဒီလိုဦးစားပေးသင်ပေးတဲ့အထဲမှာ လိုက်နာသင့်တဲ့ စနစ်ဆိုတာနဲ့ အသားကျဖို့ ကလေးကို အိမ်မှာကော ကျောင်းမှာပါ လေ့ကျင့်သင်ပေးတာပါ။ သူတို့ဟာ ဘယ်လိုကားကောင်း ၊ ပစ္စည်းကောင်းတွေနဲ့ ကလေးကျောင်းကိုလာတယ်ဆိုတာ အလေးထားမကြည့်ကြပါဘူး။ ကလေးဟာ ကျောင်းနဲ့အိမ်ကနေ ကောင်းမွန်တဲ့စနစ်ဆိုတာကို အသားကျခြင်းရှိ ၊ မရှိဆိုတာကို ဦးစားပေးပါတယ်။ ကလေးဘာအသုံးအဆောင်နဲ့ ဘယ်လိုအစားအသောက်တွေစားနိုင်တယ်ဆိုတာ ဦးစားမပေးဘဲ ကလေးဟာ စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု ရှိ ၊ မရှိ ဆိုတာကို ဦးစားပေးကြပါတယ်။

ကလေးမိဘတွေအချင်းချင်း ဂုဏ်တွေ ၊ ငွေတွေ အပြိုင်အဆိုင် ကြွားဝါကြတာမျိုးရှားပြီး ကိုယ့်ကလေး ကျောင်းမှာ စာလိုက်နိုင်ဖို့ဆိုတာကို ပိုဦးစားပေးကြတယ်။ ဒီစင်္ကာပူမှာ ကျောင်းက စနစ်ကောင်းကို လေ့ကျင့်ပေးလိုက်တာမို့ အိမ်ကမိဘတွေဟာ ဒီစနစ် ကလေးမှာမြဲနေဖို့ လိုက်ပံ့ပိုးပေးလိုက်ရုံနဲ့ ကလေးဟာ နိုင်ငံကြီးသားတွေရဲ့ ပြုမူနေထိုင်ရမယ့် စနစ်အောက်မှာ အသားကျသွားပါတယ်။

ဒီက ကျောင်းသား ၊ ကျောင်းသူအချင်းချင်း ငါက ဘယ်မှာဆံပင်ညှပ်တယ် ၊ ဘယ်လိုနောက်ဆုံးပေါ်ပစ္စည်းတွေသုံးလို့ ကာတွန်းနဲ့ ရုပ်ရှင်ဆိုတာတွေကြည့်ပြီး ဘယ်လိုBrand တွေမှ သုံးစွဲတယ်ဆိုတာ တခုတ်တရမပြိုင်ဆိုင်ကြပါဘူး။ ကျောင်းနားချိန်တွေဆို ဘယ်လိုနေရာတွေမှာ ဘာတွေလုပ်ပြီး အပန်းဖြေတယ်ဆိုတာ အပြန်အလှန် ပြိုင်ဆိုင်ကြဖို့ စိတ်မဝင်စားကြတာဟာ ဒီကမိဘတွေ ၊ ဆရာတွေက မဟုတ်တဲ့ အချင်းချင်းပြိုင်ဆိုင်မှုတွေမှာ အားမပေးကြလို့ပါ။ သူတို့လည်း ပြည်ပခရီးတွေထွက်ကောင်းထွက်ပေမယ့် ဒါဟာ မိသားစုအပန်းဖြေကြဖို့သာဖြစ်ပြီး ကြွားဝါဖို့သွားလာကြတာ မဟုတ်ပါဘူး။

မဟုတ်တာမှာ ပြိုင်ဆိုင်ဖို့စိတ်မဝင်စားကြဘဲ တကယ်ပြိုင်ဆိုင်ရမယ့် ကျောင်းစာ ၊ အားကစား ၊ အနုပညာနဲ့ ဖန်တီးမှုတွေကို မိဘဆရာတွေက ဇောင်းပေး ၊ အလေးထားပြတော့ ကျောင်းသား ၊ ကျောင်းသူတွေဟာ ဒီဘက်မှာပြိုင်ဆိုင်ကြတယ်။ တိုးတက်နဲ့နိုင်ငံတွေမှာ ကျောင်းတက်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေဟာ မိဘတွေ ၊ ဆရာတွေက ထူးချွန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေဖြစ်လာဖို့ တအားအလေးထားလွန်းတော့ အတော်စိတ်ဖိစီးကြရတယ်။ ဒါကိုမိဘက လိုသလိုပဲ့ပြင်သွားလို့ရပါတယ်။ မိဘကိုယ်တိုင်က သားသမီးမလိုက်နိုင်တဲ့ ကျောင်းစာကို အမှတ်တွေတက်အောင် အတင်းဖိအားမပေးဘဲ သူဘယ်နေရာမှာ ထူးချွန်နေသလဲ မျက်ခြည်မပြတ် အကဲခတ်ပံ့ပိုးတတ်မယ်ဆို ကိုယ့်သားသမီးဟာ စာဘက်အထူးချွန်ကြီးမဟုတ်တောင် သူ့ပညာနဲ့သူ သူ့ခြေထောက်ပေါ်သူရပ်တည်သွားနိုင်အောင်အထိ ပံ့ပိုးပေးသွားနိုင်ပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံသူ /သား တွေဟာ တကယ်ထူးချွန်ရင် အာရှတင်မက နိုင်ငံတကာကပါ အသိအမှတ်ပြုခြင်းခံကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ၊ ဦးသန့်လို ၊ ဒေါ်အောင်ဆန်းစုကြည်လို စိတ်ဓါတ်ကော ပညာပါ ထူးချွန်သူလို့ နိုင်ငံတကာက ထောက်ခံထားကြသူတွေ ကျွန်မတို့မြန်မာနိုင်ငံမှာ ရှိပါတယ်။ သူတို့လိုလူမျိုးတွေ ပေါ်ထွန်းသထက်ပေါ်ထွန်းအောင် သူတို့မိဘတွေ သူတို့ကို ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ပျိုးထောင်ခဲ့သလဲဆိုတာကို ကျွန်မတို့က နမူနာယူကြရမှာဖြစ်ပါတယ်။ သေချာတာကတော့ သူတို့မိဘတွေဟာ ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ ကိုယ့်သားသမီးကို မနှစ်ခဲ့ကြပါဘူး။ သူတို့ရဲ့ရှိရင်းစွဲအရည်အချင်းတွေကို ဘေးကလိုသလို ပံ့ပိုးရင်း သူတို့ယုံကြည်ရာလုပ်ကိုင်ခွင့် ပြုခဲ့ကြပါတယ်။ ကျွန်မတို့လည်း ကိုယ့်သားသမီးကို ဒီလိုစိတ်ဓါတ်မျိုးနဲ့ ကိုယ့်သားသမီးကို စနစ်တကျ ပြုစုပျိုးထောင်ပေးသွားကြမယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ ထူးချွန်တဲ့သူတွေ ပေါသထက်ပေါလာမှာဖြစ်ပါတယ်။

အလှူအတန်းအရက်ရောဆုံးနိုင်ငံ (ပရဟိတစိတ်အမြင့်မားဆုံးနိုင်ငံ)အဖြစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကမ္ဘာမှာ နှစ်နှစ်ဆက်တိုက် ပထမနေရာရပ်တည်နေနိုင်ခဲ့တာဟာ ကျွန်မတို့မြန်မာတွေရဲ့ နဂိုအရင်းခံစိတ်ဟာ အားနည်းသူကို ကူညီတတ်တယ် ၊ လိုရင်လိုသလို ဖေးမတတ်တယ်ဆိုတာ သက်သေပြနေပါတယ်။ ကျွန်မတို့ရဲ့မျိုးဆက်တွေကို ဒီလိုစိတ်ဓါတ်အမွေတွေ ကိုယ်စီလက်ဆင့်ကမ်းပေးပြီး စနစ်နဲ့စာရိတ္တကို ဦးစားပေးသင်ပေးလို့ သူဝါသနာပါနေတဲ့ဘက်မှာ အားပေးမြှင့်တင်ပေးကြရအောင်လား။ ဂုဏ်တုဂုဏ်ပြိုင်တွေမလုပ်ပဲနဲ့လေ။

ရတု (Burmesehearts.com)

You might also like