စင်္ကာပူပညာရေးစနစ်

စင်္ကာပူနိုင်ငံမှာလေ သူတို့နိုင်ငံသားကော ၊ နိုင်ငံခြားသားကော ၊ မိဘကော ၊ ဆရာကောက ကလေးကိုပထမဦးစားပေးရပါတယ်။ ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းအုပ်တွေ ၊ မိဘတွေ ကိုယ်တိုင်က ကလေးဟာ ဦးစားပေးရမယ့်သူတစ်ဦးအနေနဲ့ လက်ခံဖြည့်ဆည်းပေးသွားရတာပါ။ ကလေးဟာ လေးစားမှုဆိုတာကို လိုက်နာပြသရပေမယ့် မိဘ ၊ ဆရာတွေက ကလေးကို လုပ်ချင်သလိုလုပ်လို့ရတဲ့ Full Authority တွေ ဒီမှာမရှိကြပါဘူး။ ဒါကို မိဘနဲ့ဆရာတွေက အပြန်အလှန်ထိန်းသိမ်းကြတယ်။

သားသမီးကို မတရားရိုက်နှက်ဆုံးမတတ်တဲ့မိဘဟာ ကလေးပြန်ဖော်လိုက်တာနဲ့ ကလေးဘက်ကရပ်တည်တဲ့အဖွဲ့အစည်းတွေကြောင့် အဲဒီမိဘဟာ ထောင်ဒဏ် ၊ ငွေဒဏ် ၊ ကြိမ်ဒဏ်တွေ ထိုက်သင့်သလို ခံစားကြရတဲ့ဥပဒေ စင်္ကာပူနိုင်ငံမှာရှိလို့ မိဘတွေဟာ ကိုယ့်သားသမီးကို စိတ်နောက်ကိုယ်ပါ ကျိုးကျိုးကန်းကန်းလို့ ရိုက်နှက်ဆုံးမခွင့်မရှိပါဘူး။

ကျောင်းသား ၊ ကျောင်းသူတွေအပေါ် မဟုတ်တာလုပ်ထားတဲ့ဆရာ ၊ ဆရာမတွေနဲ့ ဘယ်သူကိုမဆို မိဘက အစဖော်နိုင်တာနဲ့ အဲဒီသူတွေဟာ ထောင်ဒဏ် ၊ ငွေဒဏ် ၊ ကြိမ်ဒဏ်တွေ ထိုက်သင့်သလိုခံစားရတဲ့အပြင် နာမည်လည်းပျက်ကြတာပါ။ဒီကဆရာ ၊ ဆရာမတွေဟာ ဆရာဂုဏ်ကို အကာအကွယ်ယူလို့ စေတနာနဲ့ စိတ်နောက်ကိုယ်ပါ ဆုံးမမိတာဆိုပြီး ကျောင်းအစည်းရုံးနဲ့ တရားရုံးတော်မှာချေပလို့ မရကြပါဘူး။

ဘယ်အခြေအနေမှာ ဘယ်လောက်အထိ ပြောဆိုဆုံးမခွင့်ရှိတယ် ၊ ဘယ်အခြေအနေဆို ဘယ်လိုတုန့်ပြန်ပြီး ဘယ်သူ့ကို ဆွေးနွေးတင်ပြရမယ်ဆိုတဲ့ အစီအစဉ်တွေ တိတိကျကျ သူတို့မှာရှိပါတယ်။  ဒါကြောင့် ဒီက ဆရာ ၊ ဆရာမတွေဟာ ကျောင်းသား ၊ ကျောင်းသူတွေကို စင်္ကာပူပညာရေးဘုတ်အဖွဲ့က ချထားပေးတဲ့ စနစ်အတိုင်းတလွဲမသွေ လိုက်နာကြရပါတယ်။

ဒီစင်္ကာပူနိုင်ငံက ပညာရေးစနစ်ဟာ ကလေးကို အဓိကဦးစားပေးပြီး ပညာရေး ၊ ကျန်းမာကြံ့ခိုင်ရေးနဲ့ ထူးချွန်တဲ့အနာဂါတ်လူငယ်တွေ ပေါ်ထွန်းလာဖို့အတွက် ဦးစားပေးသင်တာပါ။ ဒီလိုဦးစားပေးသင်ပေးတဲ့အထဲမှာ လိုက်နာသင့်တဲ့ စနစ်ဆိုတာနဲ့ အသားကျဖို့ ကလေးကို အိမ်မှာကော ကျောင်းမှာပါ လေ့ကျင့်သင်ပေးတာပါ။

သူတို့ဟာ ဘယ်လိုကားကောင်း ၊ ပစ္စည်းကောင်းတွေနဲ့ ကလေးကျောင်းကိုလာတယ်ဆိုတာ အလေးထားမကြည့်ကြပါဘူး။ ကလေးဟာ ကျောင်းနဲ့အိမ်ကနေ ကောင်းမွန်တဲ့စနစ်ဆိုတာကို အသားကျခြင်းရှိ ၊ မရှိဆိုတာကို ဦးစားပေးပါတယ်။ ကလေးဘာအသုံးအဆောင်နဲ့ ဘယ်လိုအစားအသောက်တွေစားနိုင်တယ်ဆိုတာ ဦးစားမပေးဘဲ ကလေးဟာ စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု ရှိ ၊ မရှိ ဆိုတာကို ဦးစားပေးကြပါတယ်။

ကလေးမိဘတွေအချင်းချင်း ဂုဏ်တွေ ၊ ငွေတွေ အပြိုင်အဆိုင် ကြွားဝါကြတာမျိုးရှားပြီး ကိုယ့်ကလေး ကျောင်းမှာ စာလိုက်နိုင်ဖို့ဆိုတာကို ပိုဦးစားပေးကြတယ်။ ဒီစင်္ကာပူမှာ ကျောင်းက စနစ်ကောင်းကို လေ့ကျင့်ပေးလိုက်တာမို့ အိမ်ကမိဘတွေဟာ ဒီစနစ် ကလေးမှာမြဲနေဖို့ လိုက်ပံ့ပိုးပေးလိုက်ရုံနဲ့ ကလေးဟာ နိုင်ငံကြီးသားတွေရဲ့ ပြုမူနေထိုင်ရမယ့် စနစ်အောက်မှာ အသားကျသွားပါတယ်။

ဒီက ကျောင်းသား ၊ ကျောင်းသူအချင်းချင်း ငါက ဘယ်မှာဆံပင်ညှပ်တယ် ၊ ဘယ်လိုနောက်ဆုံးပေါ်ပစ္စည်းတွေသုံးလို့ ကာတွန်းနဲ့ ရုပ်ရှင်ဆိုတာတွေကြည့်ပြီး ဘယ်လိုBrand တွေမှ သုံးစွဲတယ်ဆိုတာ တခုတ်တရမပြိုင်ဆိုင်ကြပါဘူး။ ကျောင်းနားချိန်တွေဆို ဘယ်လိုနေရာတွေမှာ ဘာတွေလုပ်ပြီး အပန်းဖြေတယ်ဆိုတာ အပြန်အလှန် ပြိုင်ဆိုင်ကြဖို့ စိတ်မဝင်စားကြတာဟာ ဒီကမိဘတွေ ၊ ဆရာတွေက မဟုတ်တဲ့ အချင်းချင်းပြိုင်ဆိုင်မှုတွေမှာ အားမပေးကြလို့ပါ။ သူတို့လည်း ပြည်ပခရီးတွေထွက်ကောင်းထွက်ပေမယ့် ဒါဟာ မိသားစုအပန်းဖြေကြဖို့သာဖြစ်ပြီး ကြွားဝါဖို့သွားလာကြတာ မဟုတ်ပါဘူး။

မဟုတ်တာမှာ ပြိုင်ဆိုင်ဖို့စိတ်မဝင်စားကြဘဲ တကယ်ပြိုင်ဆိုင်ရမယ့် ကျောင်းစာ ၊ အားကစား ၊ အနုပညာနဲ့ ဖန်တီးမှုတွေကို မိဘဆရာတွေက ဇောင်းပေး ၊ အလေးထားပြတော့ ကျောင်းသား ၊ ကျောင်းသူတွေဟာ ဒီဘက်မှာ အပြိုင်ကြိုးစားကြတယ်။ တိုးတက်နဲ့နိုင်ငံတွေမှာ ကျောင်းတက်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေဟာ မိဘတွေ ၊ ဆရာတွေက ထူးချွန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေဖြစ်လာဖို့ တအားအလေးထားလွန်းတော့ အတော်စိတ်ဖိစီးကြရတယ်။

ဒါကိုမိဘက လိုသလိုပဲ့ပြင်သွားလို့ရပါတယ်။ မိဘကိုယ်တိုင်က သားသမီးမလိုက်နိုင်တဲ့ ကျောင်းစာကို အမှတ်တွေတက်အောင် အတင်းဖိအားမပေးဘဲ သူဘယ်နေရာမှာ ထူးချွန်နေသလဲ မျက်ခြည်မပြတ် အကဲခတ်ပံ့ပိုးတတ်မယ်ဆို ကိုယ့်သားသမီးဟာ စာဘက်အထူးချွန်ကြီးမဟုတ်တောင် သူ့ပညာနဲ့သူ သူ့ခြေထောက်ပေါ်သူရပ်တည်သွားနိုင်အောင်အထိ ပံ့ပိုးပေးသွားနိုင်ပါတယ်။

ရတု (Burmesehearts.com)

You might also like

Comments are closed.