Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တနေ့တော့ နားလည်မှာပါ – BurmeseHearts

တနေ့တော့ နားလည်မှာပါ

0

ရပ်ဝေးမှာအလုပ်သွားလုပ်မှ မိသားစုစားဝတ်နေရေး အဆင်ပြေမယ့် မိဘတွေ ၊ မူရင်းအလုပ်ကိုက မိသားစုနဲ့ခွဲခွါပြီး အဝေးတနေရာမှာ ကာလရှည်ကြာ အလုပ်သွားလုပ်ရတဲ့ လုပ်ငန်းသဘာဝရှိသော မိဘတွေအတွက် သူတို့ရဲ့ဆန္ဒက ဘယ်လောက်ပဲ မိသားစုအနားမှာနေချင်ပါစေ၊ မိသားစုရဲ့အဝေးမှာ နေထိုင်လုပ်ကိုင်ရတဲ့ဘဝကို နားလည်မှုပေးကြရအောင်လား။

ဥပမာအားဖြင့် တာဝန်ကျရာနေရာမှာ သွားရောက်လုပ်ကိုင်ရတဲ့ ဝန်ထမ်းအဖုံဖုံ ၊ သင်္ဘောသား ၊ စစ်သား ၊ တမြေခြားမှာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေ စသဖြင့် ဒီလိုသူတွေကို သူတို့သားသမီးတွေက အနေဝေးလို့ စိမ်းနေတာကို တိတ်တဆိတ်နားလည်ခံစားရပြီး သားသမီးရဲ့ စိမ်းသက်မှုကို လက်မခံချင်ဘဲ လက်ခံနေရတဲ့ သူတို့အနေအထားကို ဘယ်သူတွေက နားလည်ကိုယ်ချင်းစာပေးနိုင်ပါ့မလဲ။

ကျွန်မမိတ်ဆွေတွေထဲက တယောက်သော သူငယ်ချင်းက သူ့သမီးမသိတတ်ခင်ကတည်းက တမြေခြားမှာ မိသားစုစားဝတ်နေရေးအတွက် ဆယ်နှစ်နီးပါးလောက် အလုပ်သွားလုပ်ခဲ့တာ နှစ်စဉ် ခွင့်ပြန်ချိန် နှစ်ပတ် ၊ သုံးပတ်လောက်လေးနဲ့ မိသားစုတွင်းက နွေးထွေးမှုတည်ဆောက်ဖို့ မလုံလောက်လေသောအခါ ငွေစုမိလို့ အပြီးပြန်လာတော့ သူ့သမီးလေးက သူ့ကို အနေစိမ်းနေခဲ့ပြီလေ။ နိုင်ငံခြားမှာနေတုန်းက သူဟာ ရက်ခြားဆိုသလို မိသားစုကို ဖုန်းခေါ်တတ်ပြီး လူမှုရေး အရှုပ်အရှင်း လုံးဝကင်းသူတစ်ယောက်ပါ။

မြန်မာပြည် ပြန်အခြေချတဲ့သူက ကျွန်မကိုပြောတယ်။ သမီးအနေစိမ်းတာကိုငါသိပါတယ်။ သူက အဖေ့ကိုချစ်လားမေးရင် ချစ်တယ်ပြန်ပြောတဲ့ သမီးလေးရဲ့စကားဟာ ရင်ထဲကမပါမှန်း သူသိပေမယ့် မသိချင်ယောင်ဆောင်ပြီး လက်ခံထားပါတယ်တဲ့။ သေချာတာကတော့ မိသားစုအနားမှာ သူမရှိနေနိုင်တဲ့ ဒီနှစ်တွေအတွက် သူ့သမီးနဲ့ သူ့အကြားက မိသားစုသံယောဇဉ်တွေကို အိမ်ပြန်လာပြီး သုံးနှစ်ကျော် တည်ဆောက်နေသည့်တိုင် အနေစိမ်းမှုတွေ ကာရံထားဆဲဆိုတာ သူလက်မခံချင်ဘဲ လက်ခံထားရတယ်လို့ ပြောဖူးတယ်။

သူတင်မဟုတ်ပါဘူး။ ကလေးမသိတတ်ခင်မှာ ကလေးရဲ့အဝေးမှာ အခြေချနေထိုင်ပြီး နှစ်ရှည် အလုပ်လုပ်ကိုင်နေရတဲ့ မိဘတွေ ကလေးအနားပြန်ရောက်လာရင် ရက်ပိုင်း ၊ လဝက်လောက်သာ ကလေးရဲ့ဖော်ရွေမှု ၊ လိုလားမှုတွေကို ဝမ်းပန်းတသာခံစားနိုင်ပေမယ့် ဒါတွေဟာ ကလေးက သူ့အတွက်ယူလာမယ့် လက်ဆောင်တွေကြောင့် ၊ ငွေကြေးတွေကြောင့် ၊ တမြေခြားကပြန်လာရင် အစားကောင်းတွေစားရမယ် ၊ အဝတ်ကောင်းတွေရမယ် ၊ မိသားစုတွေလျှောက်လည်ပတ်စားသောက်ရမယ်ဆိုတာတွေကြောင့် ဆိုတာကို မြန်မာပြည် ပြန်အခြေချပြီးလအနည်းငယ်အတွင်းမှာ သူတို့သိလာတယ်။

အချိန်ကြာကြာ အိမ်မှာနေလေလေ အမြင်မတော်တာတွေ ဝင်ပြောဆိုဆုံးမတဲ့ ဒီမိဘရဲ့ ဆုံးမစကားတွေကို နားထောင်ရကောင်းမှန်းမသိတာတွေ ၊ နားမထောင်တာ ၊ အရွဲ့တိုက်တာ ၊ အနေစိမ်းတာ ၊ မနွေးထွေးတာ ၊ ကလေးတွေရဲ့အချစ် ကိုယ့်ထံသက်ရောက်မှုမရှိတာ ၊ ဖြစ်သင့်တာထက် အားနည်းနေတာကို ခံစားလိုက်ရတဲ့အခါ လက်မခံနိုင်တဲ့မိဘတွေက အရင်ကထက် သားသမီးကို ပိုပြောဆိုဆုံးမရင်း ဖြစ်သင့်တဲ့ မိဘနဲ့သားသမီးဆက်ဆံရေးကို ပုံသွင်းတဲ့အခါ ခေါက်ရိုးကျိုးနေတဲ့ အေးစက်စက်ဆက်ဆံရေးကို ပြင်မရနိုင်တော့ သားအမိ ၊ သားအဖကြားက ဆက်ဆံရေးကွာဟမှု ပိုသထက်ပိုလာတယ်။

တချို့ကတော့ အေးစက်စက်ဆက်ဆံရေးကို မသိယောင်ဆောင် လက်ခံထားပြီး နွေးထွေးတဲ့ဆက်ဆံရေးကို တဖြည်းဖြည်း စိတ်ရှည်ရှည်တည်ဆောက်ကြတယ်။ ဒီလိုမိဘတွေကို အနေဝေးလို့ အေးစက်စက်စက်ဖြစ်ခဲ့တဲ့ သားသမီးတွေက အနေနီးတဲ့မိဘလောက် မတွယ်တာပေမယ့် သူတို့အကြားက ဆက်ဆံရေးဟာ မိဘနဲ့သားသမီးဆိုတဲ့အသိနဲ့ အဆင်ပြေအောင် ရှေ့ဆက်ကြတယ်။ အနေဝေးခဲ့တဲ့မိဘက ရင်ထဲမှာ မျှော်လင့်ချက်တခုပဲရှိတယ်။ သူတို့ဘာကြောင့် သားသမီးရဲ့အဝေးမှာ နေထိုင်ခဲ့ရတယ်ဆိုတာကို တနေ့တော့ သူတို့သားသမီးတွေ သိနားလည်လာမယ်ဆိုတဲ့ မျှော်လင့်ချက်လေးပါပဲ။

တကယ်လို့များ ကလေးအနားမှာရှိတဲ့ လူကြီးမိဘတွေက ကလေးကို သူ့မိဘဟာ ဘာကြောင့် ကလေးကိုချစ်လျက်နဲ့ ကေ လးရဲ့အဝေးမှာ နေထိုင်လုပ်ကိုင်ပြီး ကလေးအနား ရှိမနေနိုင်တာကို ကလေးနားလည်အောင် ထပ်ခါထပ်ခါ ရှင်းလင်းပြောပြလေ့မရှိဘူးဆိုရင် ကလေးတွေဟာ ဘာအကြောင်းကြောင့် သူတို့မိဘတွေ သူတို့အနား မနေနိုင်ခဲ့တာလဲဆိုတာကို ကာလအတိုင်းအတာတခုအထိ ၊ ဘဝအတွေ့အကြုံရင့်ကျက်တဲ့အထိ မသိ ၊ နားမလည်နိုင်ကြပါဘူး။

အနေဝေးတဲ့မိဘကို ကလေးအနေစိမ်းတယ်ဆိုတာ ကလေးအနားရှိနေတဲ့ လူကြီးမိဘတွေရဲ့ ဆုံးမသွန်သင်မှု ပျက်ကွက်လို့ပါပဲ။ ကိုယ်တိုင်ကလည်း ကလေးအနားရှိနေနိုင်ချိန်လေးတွေမှာနဲ့ မအားတဲ့ကြားက အားလပ်ချိန်တွေ ရှာကြံပြီး သားသမီးကို အချိန်ပေး ဖုန်းခေါ်တာ ၊ အင်တာနက်ကပြောတာစသဖြင့် အဆင်ပြေရာတွေကိုလည်း ကလေးနဲ့ အနေလုံးဝစိမ်းသက်မနေဖို့ သတိထားလုပ်ဆောင်ပေးနေရမှာပေါ့။

တကယ်လို့များသာ ကလေးအနားရှိနေတဲ့ လူကြီးမိဘက အကြောင်းကြောင်းကြောင့် ကလေးအနားရှိမနေနိုင်တဲ့ (အဝေးရောက်နေတဲ့) ကလေးမိဘဟာ ကလေးကို ဘယ်လိုဂရုစိုက်ခဲ့ဖူးတာ ၊ ဘယ်လိုချစ်တာလို့ တဖွဖွပြောပြလေ့ရှိမယ်ဆိုရင် ကလေးရင်ထဲက စိမ်းသက်မှုတွေကို အတိုင်းအတာတခုအထိ ချေဖျက်ပေးပြီး အနေဝေးတဲ့မိဘနဲ့ကလေးအကြား မမြင်ရတဲ့နွေးထွေးမှုလေးကို ဖြစ်ပေါ်စေပါတယ်။

မိဘနှစ်ဦးအကြားက ဆက်ဆံရေးအဆင်မပြေလို့သော်လည်းကောင်း ၊ အိမ်ထောင်ရေးဖောက်ပြန်လို့သော်လည်းကောင်း ၊ အိမ်ထောင်ရေးပြတ်စဲလို့သော်လည်းကောင်း ဒီလိုမိသားစုထဲက ကလေးဟာ သူ့ကိုအုပ်ထိန်းတဲ့ မိဘလူကြီးတွေရဲ့ ပြောဆိုမှုတွေကြောင့် တဖက်မိဘကို မုန်းတီးနေတာ ၊ ပြောဆိုဆက်ဆံရမှာ မသတီတော့တာ ၊ မပတ်သက်ချင်တော့တာ ၊ ဒီ့ထက်ဆိုးရင်တော့ ဒီလိုလိင်တွေဟာ ဒီလိုအကျင့်မျိုးရှိတယ်ဆိုပြီး ဒီလိုလိင်တွေကို အသားလွတ်မုန်းတီးစိတ်ဝင်နေတာတွေ ဖြစ်လာတာပါပဲ။ ဒါဟာမကောင်းပါဘူး။

ဘယ်သူမဆို မကောင်းရင် မကောင်းသူနဲ့ ၊ မကောင်းတဲ့အရာကို ခွဲခြားမြင်တတ်ရမှာပါ။ ဒီလိုခွဲခြားမမြင်ဘဲ သိမ်းကြုံးထင်မြင်ယူဆပြီး ယုံကြည်လိုက်တယ်ဆိုတာ အမြင်လွဲမှားနေလို့ပါပဲ။ ဒါဟာဆုံးရှုံးမှုတခုလည်းဖြစ်ပါတယ်။ လူကောင်းတွေကို သူကောင်းနိုင်တယ်လို့ မမြင်နိုင်တာ ဆုံးရှုံးတာပါပဲ။ ဒီလိင်မျိုးတူတိုင်း ဒီလိုအကျင့်တွေချည်းမဟုတ်ဘူးဆိုတာကို ကလေးငယ်စဉ်ကတည်းက ကွဲကွဲပြားပြား သိရှိအောင် ဆုံးမပြောဆိုရှင်းပြတတ်ဖို့လိုတယ်။

ကိုယ့်အိမ်ထောင်ရေးကံမကောင်းတာကို မကောင်းတဲ့အိမ်ထောင်ရေးကြောင့်လို့လက်မခံဘဲ အိမ်ထောင်ပြုတာမကောင်းဘူး ၊ ယောကျာ်းတွေဟာမကောင်းဘူး ၊ မိန်းမတွေဟာမကောင်းဘူး ၊ ဒီလိုအကျင့်တွေရှိတယ် ၊ မပေါင်းသင်းထိုက်ဘူးဆိုတာတွေ ၊ မယုံကြည်သင့်ဘူးဆိုတာတွေ ကလေးကိုပြောဆိုမိပြိဆိုရင် ကိုယ်ဟာ ကလေးကို Brain Wash လုပ်လိုက်တာပါပဲ။ ဒီလိုဆို လူကြီးဖြစ်လာမယ့် ဒီကလေးဟာ ဒီလိင်ဟာအဆိုးဆိုတဲ့အမြင် လွှမ်းမိုးနေသမျှ ကောင်းမွန်တဲ့သူနဲ့ ပေါင်းသင်းခွင့်လွဲနေနိုင်တယ်။ သူယုံကြည်နေတာ အဆိုးဖြစ်နေလို့ပါ။

ဖြစ်သင့်တာက အနီးမှာ ကလေးအဖေ ၊ အမေ ရှိမနေလည်း သူ့ရဲ့ကောင်းကြောင်းတွေ မကြာမကြာ ကလေးကိုပြောပြပါ။ ဘယ်လိုကလေးကို ဂရုစိုက်ခဲ့ဖူးတယ် ၊ ဘယ်လိုချစ်ခဲ့တာ ၊ အခုမဖြစ်လွန်းလို့ခွဲနေရတာဆိုတာတွေကို ပြောဆိုရင်း ကလေးရဲ့ လွမ်းဆွတ်မှု ၊ တစိမ်းဆန်လာမှုတွေကို ချေဖျက်ပေးရမှာပါ။ တဖက်လူက ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ဖြေရာဖြေကြောင်းတွေ ပြောဆိုခြင်းဟာ ကလေးအတွက် အကောင်းမြင်မှုကို ခံစားစေတယ်။ တဖက်လူကို မကောင်းပြောတာ ကလေးကြားရလေ့ရှိရင် ကလေးပါ မကောင်းတွေးစိတ် ၊ မကောင်းမြင်စိတ်တွေ ကိန်းအောင်းလာတတ်တယ်။

တကယ်လို့များသာ အနေဝေးခဲ့တဲ့မိဘက သည်းခံစောင့်စားနိုင်တယ်ဆိုရင် ကလေးအတိုင်းပဲ အရွယ်တန့်နေမှာမဟုတ်တဲ့ကလေးဟာ တနေ့တော့ မိဘမေတ္တာနဲ့ မိဘစေတနာတွေကို နားလည်လာမှာပါ။ ဘာကြောင့် သူ့အနားမှာ အချိန်ပေးမနေနိုင်ခဲ့သလဲဆိုတာရယ် ၊ ဘာကြောင့် မေတ္တာပေးဖို့ ပျက်ကွက်ခဲ့ရသလဲဆိုတာကို ကလေးနားလည်လာတဲ့တနေ့ အဆတိုးပြီး ကြင်နာချစ်ခင်လာပါလိမ့်မယ်။ သူအထင်မှားခဲ့တာတွေအတွက် ပိုပေးဆပ်ရင်း သူအေးစက်ခဲ့တာတွေအတွက် ပိုနွေးထွေးလာပါလိမ့်မယ်။ အဲဒီတနေ့ကစပြီး နွေးထွေးတဲ့ သားသမီးရဲ့မေတ္တာတရားတွေကို ခံစားရပြီပေါ့။ သေချာပါတယ်။ တနေ့တော့ သူနားလည်လာမှာပါ။

ရတု (Burmesehearts.com)

You might also like