Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
စောစော စာသင်ပေးလို့ တဘဝလုံးစာ တော်သွားခြင်းမဟုတ် – BurmeseHearts

စောစော စာသင်ပေးလို့ တဘဝလုံးစာ တော်သွားခြင်းမဟုတ်

0

မြန်မာနိုင်ငံက ကလေးမိဘတွေအများစုဟာ ကလေးခပ်စောစောဖွံ့ဖြိုးရင် ကလေးရဲ့ ဥာဏ်ရည်မြင့်မားမယ် ၊ ကလေးဥာဏ်ရည်မြင့်မားတယ်ဆိုပြီး ကလေးကို ခပ်စောစော စာဘက်ကို အာရုံဆွဲဆောင်ပြီး ၁ ၊ ၂ ၊ ၃ ၊ a b c ၊ က ၊ ခ စသဖြင့် နှုတ်တိုက်ရွတ်နိုင်ဖို့ သင်ပေးပါတော့တယ်။ ဒါတွေ စောစောသိရင် ကလေးဟာ အတန်းထဲမှာ အခြားကလေးတွေကို ကျောမယ် ၊ အမြဲတမ်း အဆင့်နံပါတ်(၁)ဖြစ်ပြီး အောင်မြင်တဲ့ဘဝကို ရရှိမယ်လို့ ထင်နေကြတယ်။ ဒါဟာ စိတ်ကူးယဉ်မှု သက်သက်ပါလို့ ကျွန်မဆိုရင် ဆွေ့ဆွေ့ခုန် နာကြရော့မယ်နော်။

ကလေးစိတ်ပညာရှင်တွေ အများစု တညီတညွတ်တည်း လက်ခံထားတာက ကလေးဟာ စောစောဖွံ့ဖြိုးလို့ဆိုပြီး ကလေးရဲ့ဥာဏ်ရည်ကောင်းတာမျိုး သတ်မှတ်လို့ မရသလို ရွယ်တူတွေကြား ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ကလေးဟာ ဥာဏ်ရည်နိမ့်ပါးမယ်လို့ သတ်မှတ်လို့မရပါဘူး။ ကလေးရဲ့ ဥာဏ်ရည်ဟာ မိဘမျိုးရိုးဗီဇ ၊ ၎င်းရဲ့ ပင်ကိုယ်ဗီဇနဲ့တကွ ကလေးရဲ့ ကျန်းမာရေးတို့အပေါ် မူတည်ပြီး ကလေးတွေဟာ ဥာဏ်ရည်ကွာသွားတာပါ။

ဥာဏ်ရည်ကောင်းတိုင်း စာဘက်ထူးချွန်မယ်လို့ တထစ်ချ မှတ်ယူလို့မရပါဘူး။ ကလေးရဲ့ စိတ်ပါဝင်စားတဲ့ ဝါသနာ ၊ မိဘရဲ့  ပံ့ပိုးမှု စတာတွေအပါအဝင် ကလေးရဲ့ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လိုစိတ်တွေအပေါ် မူတည်ပြီး ကလေးဟာ ဘယ်လမ်းကြောင်းမှာ ထူးချွန်မယ်လို့ ခန့်မှန်းနိုင်တာပါ။

မိဘက စာဘက်အတင်းတွန်းတိုက်နေပေမယ့် စာဘက်စိတ်မပါဘဲ အားကစားဘက်သော်လည်းကောင်း ၊ အနုပညာဘက်သော်လည်းကောင်း ၊ တီထွင်စမ်းသစ်မှုဘက်ကိုသော်လည်းကောင်း စိတ်ပါနေမယ်ဆိုရင် အိပဲ့အိပဲ့နဲ့ အတန်းတွေသာအောင်သွားမယ် ၊ သူတကယ် ထူးချွန်သင့်တဲ့နေရာမှာ ထူးချွန်ခွင့်မရတော့ဘဲ သူ့အရည်အသွေးတွေဟာ တိမ်မြုပ်သွားတတ်ပါတယ်။

ငယ်ငယ်လေးနဲ့ ၁ ၊ ၂ ၊ ၃ ၊ a b c ၊ က ၊ ခ စသဖြင့် နှုတ်တိုက်ရွတ်နိုင်တဲ့ ကလေးတိုင်းဟာ သူတို့အတန်းထဲမှာ အဆင့်တစ်နေရာတွေ ဗိုလ်စွဲနေတာ မဟုတ်သလို အဆင့်တစ်နေရာတွေ ဗိုလ်စွဲနေသူတွေဟာ သူတို့ငယ်ငယ်တုန်းက ၁ ၊ ၂ ၊ ၃ ၊ a b c ၊ က ၊ ခ စသဖြင့်ကို ရွယ်တူတွေထက်သာအောင် ခပ်စောစော နှုတ်တိုက်ရခဲ့တာ ဟုတ်ချင်မှ ဟုတ်မှာပါ။

နေရာတစ်ခုမှာ ရေရှည်မြဲမြံပြီး အောင်မြင်နေဖို့ဆိုတာ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ချင်စိတ်နဲ့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ ဒီလို ကြိုးစားအားထုတ်ချင်သူကို ကြိုးစားအားထုတ်နိုင်အောင် ပံ့ပိုးချီးမြှောက်မှု အားကောင်းတဲ့ လူကြီးမိဘတွေလည်း လိုအပ်ပါတယ်။ စိတ်အား ၊ လူအား ၊ ငွေအားနဲ့ ပံ့ပိုးနိုင်တဲ့ မိဘတွေရဲ့ သားသမီးဟာ အောင်မြင်ဖို့ ကြိုးစားချင်စိတ်ရှိတယ်ဆို အောင်မြင်မှုဟာ လက်တကမ်းမှာ ရှိနေတာပါ။ ကြိုးစားပြီး ဆွတ်ယူတတ်ဖို့ပဲလိုပါတယ်။

အောင်မြင်မှုဆိုတာ ဘာကို ခေါ်တာလဲ။ အတန်းထဲဗိုလ်စွဲနေမှ အောင်မြင်တာလား ၊ အကောင်းဆုံးအမှတ်ရတာဟာ အောင်မြင်တာလား ၊ အကောင်းဆုံး သက်မွေးကျောင်းမှု ပညာရေးလိုင်း တက်ရောက်ခွင့်ရတာဟာ အောင်မြင်မှုလား ၊ ငွေကြေးများများရှာနိုင်တာ အောင်မြင်မှုလား ၊ ရာထူးကြီးကြီးနေရာမှာ လူတလုံးသူတလုံးဖြစ်နေတာ အောင်မြင်မှုလား ၊ သြဇာအာဏာကြီးမားမှုဟာ အောင်မြင်မှုလား။ ဒါတွေဟာ လူတစ်ဦးချင်းစီက အောင်မြင်မှုဆိုတာ ဘာလို့ ခံယူထားတဲ့အပေါ် မူတည်နေပါတယ်။

ထားပါတော့။ အတန်းထဲအမြဲဗိုလ်စွဲခဲ့ပြီး အကောင်းဆုံးအမှတ်နဲ့ အကောင်းဆုံးပညာရေးကို လေ့လာခွင့်ရခဲ့ပြီး ရာထူးကြီးကြီးနေရာမှာ လုပ်ကိုင်လို့ ငွေတွေအများကြီးရှာနိုင်ပြီး သြဇာကြီးနေသူတိုင်းဟာ အောင်မြင်မှုကိုပိုက်ပြီး အပျော်ရွှင်ဆုံးလူတွေ ဖြစ်နေမယ်လို့ ယုံတယ်ပေါ့။ ဒီနေရာကို ရောက်ရှိနေတဲ့ ဒီလူတွေရဲ့ အတွင်းသိတွေကို မေးကြည့်လိုက်ပါ။ သူတို့ဟာ တကယ်ပဲ သူတို့ဘဝကို ကျေနပ်ပျော်ရွှင်ပါရဲ့လားလို့။ လူချင်းကွဲပြားနေတာမို့ အဖြေတွေဟာလည်း ကွဲပြားနေမှာပါ။ အများစုသော အောင်မြင်သူတို့ဟာ တခုခု လိုအပ်နေသလို ၊ တခုခု ပျောက်ဆုံးနေသလို ခံစားနေကြရပါတယ်။

သူတို့ဘာပျောက်ဆုံးနေပါသလဲ။ (Inner Peace)လို့ခေါ်တဲ့ စိတ်ငြိမ်းချမ်းမှု ပျောက်ဆုံးနေကြတာပါ။ တခုလိုချင် တခုပေးဆပ်ရတယ်ဆိုပေမယ့် အောင်မြင်မှုကိုရဖို့ အချိန်တွေ ၊ ပျော်ရွှင်မှုတွေ ၊ စိတ်ခံစားမှုတွေ ၊ ကြိုးစားမှုနဲ့ ငွေကြေး နှစ်ရှည်ရင်းနှီးထားခဲ့ရတော့ ကိုယ်လုပ်နေကျ ၊ ပြုနေကျ နိစ္စဓူဝလုပ်ငန်းစဉ်တွေမှာ စဉ်ဆက်မပြတ်လည်ပတ်ရင်း တခုခုလိုအပ်နေသလို ခံစားနေရတယ်ဆိုရင် ဒီလူဟာ စိတ်ငြိမ်းချမ်းမှု ပျောက်ဆုံးနေခဲ့တာပါ။

အများတကာရဲ့ ထိပ်ဆုံးကိုရောက်ပြီး အောင်မြင်နေဖို့ ၊ ဒီနေရာမှာ ကျားကုပ်ကျားခဲ မြဲနေဖို့ ၊ ကိုယ့်ထက်သာအောင် ကြိုးစာားနေသူတွေကို ယှဉ်ပြိုင်နိုင်ဖို့ ၊ ကိုယ့်ထက်သာသူ ပေါ်မလာအောင် စဉ်ဆက်မပြတ် လေ့လာနေဖို့ဆိုတာ တော်ရုံရင်းနှီးမှုမျိုးနဲ့ မရနိုင်ပါဘူး။ စဉ်းစားလည်း ဒါ ၊ လေ့လာလည်း ဒါ ၊ လုပ်ကိုင်လည်း ဒါ ၊ ဖြန့်ဖြူးလည်း ဒါ ဖြစ်နေပါမှ ဒီနေရာမှာ မြဲမြံနေနိုင်တာပါ။ ဒီလိုအမြဲ လုပ်ကိုင်နေတဲ့သူမှာ အချိန်အတော်ရှားပါးသွားတယ်။ မိသားစုကိုပေးဖို့အချိန် ရှားပါးလာသလို ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်ဖျော်ဖြေဖို့ဆိုတဲ့အချိန်လည်း ရှားပါးသွားတယ်။ ဒါချည်း ဒါ လုပ်နေရတော့ တချိန်မှာ ငြီးငွေ့လာပြီး အတ္တနဲ့ဆန္ဒ ဒွိဟဖြစ်လာပါတယ်။

ဒီနေရာမှာ အောင်မြင်မှု မြဲမြံနေလိုတာဟာ မိမိအတ္တဖြစ်ပြီး ကိုယ်တခုခု လိုအပ်နေတယ်ထင်တာကို အချိန်ပေးရှာဖွေလိုတာဟာ ဆန္ဒဖြစ်လာပါတယ်။ ဘာကို ဦးစားပေးရမလဲကို ဒွိဟဖြစ်နေရင် ဘာကို ဦးစားပေးသလဲအပေါ် မူတည်ပြီး ရလဒ်ထွက်လာပါတယ်။ အောင်မြင်မှုလား ၊ စိတ်ငြိမ်းချမ်းမှုလား။ နှစ်ခုစလုံးရနေရင် ပိုမကောင်းဘူးလားနော်။

ကျွန်မအသိုင်းအဝန်းမှာ အမျိုးသမီးအသိတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ ငယ်ငယ်ကတည်းက စာမှစာ ကြိုးစားတဲ့သူတစ်ယောက်ပါ။ မိသားစုကလည်း သူ့ကို စာပဲအာရုံထားပြီး ကြိုးစားဖို့ အားပေးခဲ့သလို သူမကိုယ်တိုင်ကလည်း စာကိုပဲအာရုံထားတယ်။ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ၊ တက္ကသိုလ် စသဖြင့်မှာ စာမှစာ ကြိုးစားခဲ့တော့ အချစ်ရေးဆိုတာ ဘာမှန်မသိခဲ့ဘဲ Master ပြီးခဲ့တယ်။ ပါရဂူဘွဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံခြားမှာ ထွက်လေ့လာခဲ့တယ်။ အသက်နှစ်ဆယ့်ငါးဝန်းကျင်မှာ ဒေါက်တာဘွဲ့ရဖို့ လက်တကမ်းအလိုဖြစ်တဲ့ နောက်တပတ်စာမေးပွဲရှိချိန်မှာ အိပ်ယာထဲလဲသွားခဲ့တယ်။

စမ်းသပ်ကြည့်တော့ စာမေးပွဲဝင်ဖြေခွင့် ဆရာဝန်တွေက မပေးနိုင်တော့တဲ့အထိ ကျန်းမာရေးဆိုးရွားတဲ့အခြေအနေ ဖြစ်နေခဲ့တယ်။ တဘဝလုံးစာ ကြိုးစားခဲ့တဲ့သူမကို စာမေးပွဲဖြေဆိုခွင့်ပေးဖို့ သူမက အသည်းအသန်ငိုပြီး ဆရာဝန်ကြီးတွေကို တောင်းပန်ခဲ့ပေမယ့် သူမဟာ အနည်းဆုံးတစ်လ အများဆုံး သုံးလအတွင်း သေဆုံးရတော့မယ့်သူအဖြစ် သိခဲ့ရတယ်။

တကယ်လည်း သူမဟာ ရုတ်တရက်လဲသွာတဲ့နေ့ကနေ နှစ်လမတိုင်ခင်ကာလအတွင်း လူ့လောကကနေ စွန့်ခွါခဲ့ရတယ်။ တဘဝလုံးမြှုပ်နှံပြီး ကြိုးစားခဲ့တဲ့ရလဒ် သူမ မခံစားခဲ့ရဘူး။ ဘဝမှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ စာကြိုးစားခြင်း ၊ အောင်မြင်မှုဆိုတာ အကောင်းဆုံး နေရာတစ်ခုမှာ ရပ်တည်ဖို့ဆိုတဲ့အတွေးဟာ အမြဲမှန်ပါ့မလား။ သူမရဲ့ အဖြစ်ကနေ ကျွန်မများစွာ သံဝေဂရခဲ့တယ်။ ပုံပြင်မဟုတ်ပါဘူး။ တကယ့်အဖြစ်အပျက်ပါ။

ကျွန်မနဲ့ရွယ်တူနီးပါးဖြစ်တဲ့ သူမ သေဆုံးမှုဟာ သံဝေဂများစွာရစေခဲ့တယ်။ အဲဒီကတည်းက ကျွန်မဆုံးဖြတ်ချက်တခုချခဲ့တယ်။ ကျွန်မရဲ့ မျိုးဆက်သာရှိခဲ့ရင် အောင်မြင်သူတစ်ဦးဖြစ်အောင် ကြိုးစားဖို့ထက် လူပီသစွာ တွေးခေါ်နေထိုင်ပြီး အကောင်းမြင်စိတ်နဲ့ လူထဲကလူအဖြစ် နေထိုင်တတ်အောင် လေ့ကျင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။

အခု ကျွန်မမှာ သမီးကလေးရှိလာတော့ သူ့စိတ်ထဲကအသံကို သူကိုယ်တိုင်နားထောင်တတ်ဖို့ ၊ ဖြစ်ချင်တာရယ် ၊ ဖြစ်သင့်တာရယ် ၊ လုပ်ချင်တာရယ် ၊ လုပ်သင့်တာရယ်ကို ခွဲခြားသိတတ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီအရွယ်မှာ ဒါတတ်ရမယ်ဆိုတဲ့ ဘောင်ခတ်မှုမျိုး ကျွန်မ မထားပါဘူး။ ဒီလိုတွေးပါလို့ သူ့ကို ကန့်သတ်မထားဘဲ လူပီသချင်ရင် ဘယ်လိုတွေးခေါ် လုပ်ကိုင်သင့်တယ်လို့ ကိုယ်ချင်းစာစိတ်အခြေခံပြီး (မေတ္တာတရား အခြေခံပြီး) သင်ပေးထားတယ်။

ကျောင်းမှာ သင်ပေးမယ့်အရာတွေကို ကျောင်းနေရင် သိကို သိလာရမှာပါ။ မသိသေးတဲ့ကလေးကို သင်ပေးဖို့အတွက် ကျောင်းထားတာလေ။ ကျောင်းမှာသင်ပေးမယ့်အရာတွေကို ကျောင်းမနေသေးတဲ့ အရွယ်မှာ ဇွတ်သင်ပေးနေရင် ကလေးကို ဖိအားပေးသင်နေသလို ဖြစ်မနေဘူးလား။

ကျောင်းမနေသေးတဲ့အရွယ်ဆိုတာ လူ့လောကမှာ အလွတ်လပ်ဆုံးအရွယ်လို့ ဆိုနိုင်ပါတယ်။ စာတွေရဲ့ အနှောင်အဖွဲ့ကင်းကင်းနဲ့ မိဘရင်ခွင်မှာ လွတ်လပ်ပျော်ရွှင်စွာ စားမယ် ၊ အိပ်မယ် ၊ ကစားမယ်ပေါ့။ ဒီအရွယ်တွေဟာ ဘဝမှာအရေးအကြီးဆုံးဖြစ်တဲ့ လူတစ်ယောက်ရဲ့ တွေးခေါ်မှု ၊ ယုံကြည်မှုတည်ဆောက်ပုံ ၊ ကိုယ်ချင်းစာနာမှု ၊ နားလည်ပေးမှု ၊ မျှဝေမှု ၊ မေတ္တာပေးမှု ဆိုတာတွေကို သင်ယူနေတဲ့အရွယ်ပါ။ ဒါဟာ လူ့ဘဝတလျောက်လုံးမှာ လူပီသစွာ နေထိုင်သွားဖို့ အကောင်းဆုံးသော သင်ယူလေ့လာခြင်းတွေကို လုပ်နေတဲ့အရွယ်ပါ။ စာစောစောသင်ပေးတိုင်း အောင်မြင်သူကြီးတစ်ယောက်ဖြစ်လာတာ မဟုတ်ပါဘူး။

အောင်မြင်တဲ့သူတိုင်း ကိုယ်ချင်းစာနာမှုရှိတာ မဟုတ်ဘူး ။ အောင်မြင်တဲ့သူတိုင်း လွတ်လပ်စွာ တွေးခေါ်နေတာ မဟုတ်ဘူး။ အောင်မြင်တဲ့သူတိုင်း သူများကို နားလည်မှုပေးနိုင်ကြတာမဟုတ်ဘူး။ အောင်မြင်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်တောင် အားလပ်ချိန် ၊ အနားယူချိန် လုနေရသူတွေမို့ တပါးသူကို မေတ္တာမျှဝေပေးဖို့ သတိမရသူတွေရှိပါတယ်။ အောင်မြင်တဲ့သူတွေဟာ သူရနေတဲ့ အရာတွေကြောင့် ယုံကြည်မှုအား တိုးလာတာဆိုရင် ဒါတွေမရှိတော့တဲ့အခါ သူ့ကိုယ်သူ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ပါဦးမလား ။

တခုလိုချင်ရင် တခုပေးရမယ်ဆိုပေမယ့် တခုမက တဘဝလုံးပေးဆပ်ပြီး အောင်မြင်မှုကို ရေရှည်ဖက်တွယ်ထားနိုင်ဖို့ ၊ အချိန်တိုင်း အားသွန်ခွန်စိုက် ကြိုးစားလုပ်ဖို့ချည်း မိဘက တွန်းအားပေးနေမယ်ဆိုရင် ဒီကလေး (တချိန်လူကြီးဖြစ်လာသူ)ဟာ အောင်မြင်ကောင်းအောင်မြင်နိုင်ပါတယ်။ လူပီသစွာနေထိုင်ခြင်းနဲ့ စိတ်ငြိမ်းချမ်းမှုဆိုတာ ဘယ်လိုရှာဖွေရတယ် ၊ ကိုယ်ချင်းစာနာတတ်ဖို့ ၊ တပါးသူကို နားလည်မှုပေးဖို့ ၊ ကိုယ်ရှိထားတာ ကိုယ်သိထားတာတွေ မျှဝေပေးမှ လူ့အဖွဲ့အစည်းဟာ တိုးတက်သထက် တိုးတက်လာမယ်ဆိုတာ မသင်ပေးခဲ့ရင် အောင်မြင်နေသူဟာလည်း တဘို့တည်းကြည့်တဲ့ အတ္တကြီးသူတစ်ယောက် ဖြစ်နေနိုင်ပါတယ်။ အဆောင်အယောင်တွေကြား တကယ့်ပျော်ရွှင်မှုဆိုတာတွေ ပျောက်နေနိုင်ပါတယ်။ လူပီသစွာနေထိုင်ခြင်းဆိုတာ အောင်မြင်မှုသရဖူဆောင်းခြင်း တခုတည်းမှ မဟုတ်ပဲလေ။

ရတု (Burmesehearts.com)

You might also like