Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အတုမြင်အတတ်သင် – BurmeseHearts

အတုမြင်အတတ်သင်

0

အတုမြင်အတတ်သင်ဆိုရင် လူကြီးမိဘတွေရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို ကလေးတွေက လိုက်တုပပြီး ပြောဆိုလုပ်ကိုင်တာပေါ့။ ယေဘူယျမှန်ပါတယ်။ ဒါပေမယ့် လူကြီးမိဘတွေရဲ့ မကောင်းတဲ့အမူအကျင့်ကိုချည်းပဲ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေက လိုက်တုပ ပြောဆိုလုပ်ကိုင်တတ်တာမဟုတ်ဘဲ လူကြီးမိဘတွေရဲ့ ကောင်းတဲ့အမူအကျင့်တွေကိုလည်း သူတို့တွေက လိုက်တုပ ပြောဆိုလုပ်ကိုင်တတ်ပါတယ်။

ခပ်ရှင်းရှင်းလေး ပြောရမယ်ဆို မိဘကောင်းတွေရဲ့အမူအကျင့်ဟာ  ကလေးတွေကို ကောင်းတဲ့အလေ့အကျင့်တွေ လေ့ကျင့်ပေးပြီး မကောင်းတဲ့အလေ့အကျင့်တွေကို မလုပ်ဖြစ်အောင် ဆွဲဆောင်သိမ်းသွင်းနိုင်တာပါ။

ကလေးငယ်အရွယ်ရောက်ကြီးပြင်းတဲ့အထိ ကောင်းတဲ့အလေ့အကျင့် သူတို့မှာအမြစ်တွယ်သွားမယ်ဆိုရင် သူတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်မှာဖြစ်ပြီး ပျော်ရွှင်မှုကိုလည်း ရရှိစေမှာပါ။ မကောင်းတဲ့အလေ့အကျင့်တွေ သူတို့မှာအမြစ်တွယ်သွားမယ်ဆိုရင်တော့ သူတို့အတွက်မကောင်းသလို သူတို့မျိုးဆက်အတွက်သော်လည်းကောင်း ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းအတွက်သော်လည်းကောင်း ၊ နောက်ဆုံးမှာ လူ့အသိုင်းအဝန်းတခုလုံးအတွက် မကောင်းမှုဆီ ဦးဆောင်သွားနိုင်ပါတယ်။

ကောင်းတဲ့အကျင့်ပဲဖြစ်ဖြစ် ၊ မကောင်းတဲ့အကျင့်ပဲဖြစ်ဖြစ် ကလေးသူငယ်တွေကို လေ့ကျင့်ပေးတာ ၊ ဖျောက်ဖျက်ပေးတာဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို နားလည်ခံစားသိတတ်မှ လွယ်မှာပါ။ ဒီလို လေ့ကျင့်ပေးတာ ၊ ဖျောက်ဖျက်ပေးတာတွေကိုလည်း ကလေးငယ်ငယ်လေးကတည်းက သူ့တဘဝစာ အကျင့်ပါသွားအောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။

ဒီအလေ့အကျင့်တွေကို ပြုမူဆောင်ရွက်ရင်းကနေ ကလေးတွေဟာ နေ့တဓူဝလုပ်ငန်းဆောင်တာတွေထဲမှာ အသားကျသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့အလေ့အကျင့်အသစ်တွေနဲ့ သူအသားမကျခင် ဒါဟာ မကောင်းတဲ့အလေ့အကျင့် ၊ မပြုသင့် ၊ မပြောအပ်ဘူးဆိုတာကို လူကြီးမိဘတွေက သတိထားစောင့်ကြည့်ပြီး ကလေးကို ပြုပြင်ပေးရမှာဖြစ်သလို ကောင်းတဲ့အလေ့အကျင့်တွေနဲ့ အသားကျသွားအောင်လည်း ကိုယ်တိုင်က ပြောဆို ၊ ပြုမူ ၊ လုပ်ကိုင်ပြရမှာဖြစ်ပါတယ်။

အထူးသဖြင့် ကလေးကို အဓိကထိန်းကျောင်းနေတဲ့ လူကြီးမိဘဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ကောင်းကောင်းနားလည်မယ်ဆိုရင် သူ့စိတ်ခံစားချက်အပေါ် လိုတိုးပိုလျှော့ ဆက်ဆံရင်း ပြုပြင်ထိန်းသိမ်းပေးတဲ့အခါ ဒီကလေးကို ကောင်းတဲ့အလေ့အကျင့်တွေ အောင်မြင်စွာ ထည့်သွင်းပေးနိုင်ပြီး မကောင်းတဲ့အလေ့အကျင့်တွေကိုလည်း အောင်မြင်စွာ ဖျောက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။

ကလေးတွေဟာ နေ့တဓူဝ သူတို့ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ အလေ့အကျင့်သစ်တွေ ဖြစ်ပေါ်လာတာပါ။ ပုံမှန်အားဖြင့် အော်ဟစ်ငိုယိုခြင်းကနေစတာပေါ့။ အဲဒီနောက် အရွယ်ရလာရင်ရလာသလို သူတွေ့မြင်တတ်သိလာတဲ့ အလေ့အကျင့်သစ်တွေကို သူစိတ်ဖိစီးတိုင်း ထုတ်သုံးပါတော့တယ်။ ဒီအလေ့အကျင့်သစ်တွေနဲ့ အသားကျသွားရင် သူတို့ဟာ အကျင့်ပါသွားတော့မှာပေါ့။

BurmeseHearts Blog

အလေ့အကျင့်တွေကူးတယ်ဆိုတာကို အင်္ဂလိပ်လို (Mirror Neurons)လို့ခေါ်ပါတယ်။ ဒါဟာ ကလေးသူငယ်တွေမှ ဖြစ်တတ်တာမဟုတ်ဘဲ အရွယ်ရောက်နဲ့ အရွယ်လွန် စတဲ့ အရွယ်မျိုးစုံက လူတွေဖြစ်တတ်တာပါ။ ပိုပြီးရှင်းအောင် ဥပမာပေးရမယ်ဆို တစ်ယောက်သန်းဝေလို့ နောက်တစ်ယောက်ပါ လိုက်သန်းဝေတာမျိုးဖြစ်ပါတယ်။ သိတတ်လာတဲ့ကလေးကို အမေက “တူတူရေဝါး” လုပ်ပြရင် ကလေးဟာ “တူတူရေဝါး” ပြန်လုပ်ပြမှာဖြစ်ပါတယ်။

Mirror Neurons ဟာ ဦးနှောက်တခုလုံးမှာ နာ့ဗ်ကြောတွေအနေနဲ့ရှိနေပြီး က်ျွနုပ်တို့ နေ့စဉ်တွေ့မြင်သိရှိ ကြားနေတာတွေ စတဲ့ အာရုံခြောက်ပါးက အသိတွေအကုန်လုံးကို သတင်းပို့လွှတ်နေတာပါ။ နေ့စဉ်ကြုံနေရတဲ့ အဖြစ်အပျက် အရာမှန်သမျှကို Mirror Neurons က လက်ခံနေတာပါ။ တခုခု ကြားသိခံစားသိမြင်ရတဲ့အရာကို Mirror Neurons  က သတင်းအချက်အလက်အဖြစ် ဦးနှောက်တနေရာဆီ ပို့လွှတ်လိုက်ပြီးတဲ့နောက်မှာ ဒီဦးနှောက်ထဲက အခြားအပိုင်းတွေကိုလည်း နှိုးဆော်မှုပေးလိုက်ပြီးတဲ့အခါမှာ အခုသိရှိမြင်တွေ့လိုက်တဲ့ ဒီအချက်အလက်ဟာ သင်ပြန်ပြုမူလုပ်ကိုင်ပြောဆိုရမယ့် အရာတစ်ခုအဖြစ် ပြုမူလုပ်ကိုင်စေလိုက်တာပါ။ ဒါက Mirror Neurons ရဲ့ လုပ်ငန်းဆောင်တာလေ။

ဒါကြောင့် အသံတိတ်ကလေး အတုမြင်အတတ်သင်လုပ်နေတဲ့ မွေးကင်းစကနေ သုံးနှစ်အောက် ကလေးငယ်တွေရှေ့  ပြုမူပြောဆိုလုပ်ကိုင်နေတာတွေကို သတိထားကြဖို့ လိုပါတယ်။ ဒီအရွယ်ကလေးတွေဟာ သူတွေ့မြင်ကြားသိခံစားနေရသမျှကို အသံတိတ်သင်ယူနေပြီး ဒါတွေကို ပြန်ပြုမူလုပ်ကိုင်ပြောဆိုဖို့ မှတ်သားနေပါတယ်။

သူတို့နေ့စဉ်သင်ယူလာခဲ့တဲ့ ဒီအလေ့အကျင့်တွေနဲ့ အထာကျပါမှ ဒါမလုပ်ရဘူး ၊ ဒီလိုမပြောရဘူးဆိုရင် ကိုယ်တိုင်က ဒါတွေ လုပ်ကိုင်ပြောဆိုနေမိလို့ ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ဒီလိုလုပ်ကိုင်ပြောဆိုတတ်သူတွေဟာ သူ့ပတ်ဝန်းကျင်မှာ ၊ သူကြည့်နေတဲ့ ကာတွန်းတွေမှာ ရှိနေလို့ဖြစ်ပါတယ်။ ဒီအရွယ်ကလေးတွေဟာ သူလက်လှမ်းမီရာကနေသာ သင်ယူနေနိုင်တာပါ။ သူ မသိနိုင် ၊ မမြင်နိုင် ၊ မကြားနိုင် ၊ မခံစားနိုင်တဲ့ ဟိုးတဘက်က အရာတွေကို ထွက်မသင်ယူနိုင်သေးဘူးလေ။

ကလေးမှာ မကောင်းတဲ့အလေ့အကျင့်ရှိနေပြီဆိုရင် ကလေးအနားရှိနေသူတွေနဲ့ ကလေးတွေ့ထိခံစားသိရှိနိုင်တဲ့ အရာတွေအပေါ် ပြန်သုံးသပ်ပါ။ ဒါတွေနဲ့ ခပ်ဝေးဝေးထားပြီးမှ ဒါဟာမကောင်းတဲ့အကျင့်မို့ ကိုယ်ဟာမလုပ်ဘူး ၊ ကလေးကိုလည်း ဒီလိုမကောင်းတဲ့အကျင့် မလုပ်စေချင်ဘူးလို့ အကြိမ်ကြိမ်အဖန်ဖန် ကလေးနားလည်အောင် ပြောဆိုဆုံးမတတ်ရပါမယ်။

ဆိုဆုံးမတဲ့သူက ငါပြောသလိုလုပ် ၊ ငါလုပ်သလိုမလုပ်နဲ့ အတင်းသွားလုပ်ရင်ဖြင့် ကလေးဟာ ရေရှည်မှာ ကိုယ်လုပ်သလိုပဲ လိုက်လုပ်မှာဖြစ်ပြီး ကိုယ်ပြောသလို လိုက်လုပ်ဖို့ဆိုရင် ပြောတဲ့သူကိုယ်တိုင်က ကိုယ်ပြောတဲ့အတိုင်း ကျင့်ကြံနိုင်အောင် အရင်ကြိုးစားရမှာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်တိုတောင်းလွယ်ပြီး ဆူလွယ် ၊ ရိုက်လွယ်ရှိတဲ့မိဘတွေရဲ့ သားသမီးဟာ ပိုပြီးရိုင်းစိုင်းကြမ်းတမ်းတတ်ကြပါတယ်။

ကိုယ့်စကားနားမထောင်ဘဲ သူထင်ရာလုပ်နေတဲ့ကလေးကို တွေ့ရာနဲ့ကောက်ပေါက် ကိုယ်ရောလက်ပါ ဆူပူဆုံးမတတ်တဲ့ မိဘတွေရဲ့သားသမီးဟာ သူ့ကိုစိတ်ဆိုးအောင်လုပ်တဲ့သူတွေကိုလည်း ဒီအတိုင်းပြန်လုပ်ဖို့ကြိုးစားမှာပါ။ စစချင်း ငယ်တဲ့သူဖြစ်ဖြစ် ၊ အားနည်းတဲ့သူဖြစ်ဖြစ်ကို လုပ်မှာဖြစ်ပြီး နောင်အကျင့်ပါသွားရင်တော့ ရွယ်တူတွေကိုကော ၊ ကြီးသူတွေကိုကော ဒီလိုပြုမူဆက်ဆံမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ မိဘဆွေမျိုးတွေကိုလည်း ဒီလိုပြုမူဆက်ဆံလာနိုင်ပါတယ်။ ဒီအကျင့်ကြီးစွဲသွားရင် ဖျောက်ရခက်ပြီပေါ့။ ကလေးကို မကောင်းတဲ့အကျင့်မစွဲစေချင်ရင် ကိုယ်တိုင်ကလည်း မကောင်းတဲ့အကျင့်တွေကို မလုပ်ဖြစ်အောင် ရှောင်ပါ။ မကောင်းတဲ့အကျင့် လုပ်နေသူတွေနဲ့ ကလေးကို ဝေးနိုင်သမျှ ဝေးဝေးထားပါ။

မိဘဟာ သားသမီးတွေရဲ့ အကောင်းဆုံးသော သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေပါ။ သွေးသားရင်းဖြစ်တဲ့ မိဘဆိုတဲ့ ခံစားချက်ကော ၊ အနီးကပ်ဆုံးဆိုတဲ့ အသိနဲ့ကော ပေါင်းစပ်ပြီး ကလေးတွေဟာ သူ့အနီးဆုံးမှာရှိနေတဲ့ မိဘတွေရဲ့ အကျင့်ကို အများဆုံးကူးယူတတ်ကြပါတယ်။ သူများအကျင့်ကူးယူသည့်တိုင် မိဘတွေက  ဒီအကျင့်မကောင်းလို့ တို့ကဒီလိုအကျင့်မလုပ်ဘူးလို့ ပြန်ပြုပြင်ပေးလိုက်ရင် ဒီအကျင့်ပျောက်သွားတတ်ပါတယ်။

“လက်ဦးဆရာ မိနဲ့ဘ” ဆိုတဲ့စကားက မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာဖြစ်တယ်လို့ သက်သေခံနေပါတယ်။ ကလေးတွေဟာ သူတို့မိဘတွေကို စံအဖြစ်ထားကြတာဖြစ်တဲ့အတွက် မိဘပြုမူလုပ်ကိုင်ပြောဆိုတာတွေ လိုက်သင်ယူလေ့ရှိတာမို့ ကလေးတွေကို ကောင်းမွန်တဲ့အတတ်ကိုပဲ လက်ဆင့်ကမ်း သင်ပေးကြဖို့လိုပါတယ်။

ကလေးသူငယ်တွေဟာ ပြောသူရဲ့အသံအနိမ့်အမြင့် ၊ ပြောဆိုဟန်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို သူတို့မြင်သမျှ ၊ ကြားသမျှ ၊ ခံစားရသမျှကနေ သင်ယူနေကြတဲ့အတွက် မိမိကလေးကို ဘယ်လိုကလေးမျိုးဖြစ်စေချင်သလဲဆိုတာ ကလေးအနား အနီးကပ်ဆုံးရှိနေကြတဲ့ လူကြီးမိဘတွေက ပြုမူလုပ်ကိုင်ပြောဆိုနေတဲ့ အရာအားလုံးကနေ သင်ပေးရမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like