Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
(၁၅)လအရွယ်ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

(၁၅)လအရွယ်ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

0

တချို့ကလေးတွေဟာ (၁၇)လ ၊ (၁၈)လအထိ လမ်းလျှောက်နောက်ကျတတ်ပေမယ့် ကလေးအများစုဟာ ဒီအရွယ်မှာ လမ်းလျှောက်တတ်နေပါပြီ။ သူတို့ဟာ လက်ကလေးပိုက်လို့ပဲဖြစ်ဖြစ် ၊ သူ့လက်မောင်းသူ ပြန်ကိုင်လို့ပဲဖြစ်ဖြစ် ကျကျနန ဟန်ချက်ညီညီ လမ်းလျှောက်တတ်ဖို့ ကြိုးစားရင်း လမ်းကောင်းကောင်းလျှောက်တတ်လာပါတယ်။ ပြီးတော့ ခပ်သွက်သွက် လျှောက်နိုင်အောင်လည်း သူတို့ ကြိုးစားနေပါပြီ။ ဒီလိုခပ်သွက်သွက် လျှောက်တတ်လာတဲ့နောက်တဆင့်မှာ ပြေးတော့မှာပေါ့။

သူခပ်သွက်သွက် လမ်းလျှောက်တတ်အောင် ကျင့်ပေးမယ်ဆိုရင် လဲကျရင်မနာတဲ့ပတ်ဝန်းကျင်မှာ သူ့နောက်လိုက်ဖမ်းတဲ့သူအဖြစ် ဟန်ဆောင်ကစားနိုင်ပါတယ်။ သူ့နောက်လိုက်ဆွဲတဲ့ သူနှစ်သက်ရာသတ္တဝါ (ခွေး ၊ ကြောင် အစရှိသဖြင့်) ဟန်ဆောင်ပြီး လိုက်ဖမ်းမယ်ဆို သူဟာ စိတ်လှုပ်ရှားစွာ ခြေလှမ်းတွေ ခပ်သွက်သွက် လှုပ်ရှားဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဒီကတဆင့် ခြေချောင်းတွေ ၊ ခြေဖဝါးတွေ ပိုမိုသန်မာလာပြီး ခပ်မြန်မြန်လှုပ်ရှားလာမယ် ၊ ပြေးလွှားကစားလာနိုင်မှာဖြစ်ပါတယ်။

ဒီအရွယ်မှာ အကြိုက်ဆုံးကစားစရာတွေဟာ တုတ်တပ်တွန်းကစားရတဲပစ္စည်းတွေ (ဥပမာ မီးပုံးလေးတွေ တွန်းလျှောက်တာမျိုး) နဲ့ ဆွဲကစားရတဲ့ပစ္စည်းလေးတွေ (ကြိုးတပ်ထားတဲ့ လှည်းကလေးတွေဆွဲကစားတာမျိုး)ကို အတော်နှစ်သက်သဘောကျနေမှာပါ။ ဒီအရွယ်ကလေးတွေဟာ ပစ္စည်းတွေကို ကောင်းမှန်း ၊ ဆိုးမှန်းနားမလည်ဘဲ ကြမ်းပေါ်ပစ်ချတတ်ပါတယ်။ ဒါဟာ ကမ္ဘာမြေရဲ့ဆွဲငင်အားကို စူးစမ်းနေတာပါ။ သူ့လက်ကလွှတ်ချလိုက်တဲ့ပစ္စည်းဟာ အောက်ကိုကျသွားပုံ ၊ လိမ့်တတ်တဲ့ပစ္စည်းတွေ လိမ့်သွားပုံ ၊ ကွဲတတ်တဲ့ပစ္စည်းတွေ ကွဲသွားပုံ စသဖြင့်ဟာ သူ့အတွက် စိတ်ဝင်စားစရာချည်းပါပဲ။

သူ့လက်က လွှတ်ချလိုက်တဲ့ပစ္စည်းဟာ ဘာလို့ အပေါ်တက်မသွားဘဲ အောက်ကျသွားတတ်တာလဲဆိုတာ သူတွေးနေနိုင်ပါတယ်။ အိမ်ထဲမှာရှိနေရင် ကြိုးရှည်ရှည်ဆွဲထားတဲ့မိုးပျံပူဖောင်းလေးတွေရယ် ၊ ဘောလုံးလေးတွေရယ်ကို သူ့အနီးဝန်းကျင် (ကိုယ့်မျက်စိအောက်) ထားပေးမယ်ဆိုရင် သူ့လက်ကလွှတ်လိုက်တဲ့ ပစ္စည်းချင်းအတူတူ တချို့က အောက်ကိုဆင်းလိမ့်သွားပြီး တချို့က အပေါ်တက်သွားရတဲ့ သဘောသဘာဝကို စိတ်ဝင်တစားလေ့လာရင်း ကစားနေမှာဖြစ်ပါတယ်။

ဒီအရွယ်မှာ အမေ့လက်ကိုင်အိတ်ထဲက ပစ္စည်းတွေ ၊ သော့တွေ ၊ အလှပြင်ပစ္စည်းကိရိယာတွေ ၊ တိုလီမုတ်စဆိုတဲ့ အိမ်မှာရှိတဲ့ ပစ္စည်းအရာမှန်သမျှကို လိုချင် ၊ ဆော့ချင် ၊ ကိုင်ချင်လာပြီဖြစ်တဲ့အတွက် သူ့ပစ္စည်းသီးသန့်အနေနဲ့ ဒီလိုအရာတွေကို စုပေးထားနိုင်ရင် ကိုယ်သုံးနေတဲ့ပစ္စည်းတွေ သူဖျက်စီးပစ်နိုင်တဲ့ရန်က ကာကွယ်နိုင်ပါတယ်။ ဥပမာ ကိုယ်မသုံးတဲ့ ပိုက်ဆံအိတ်ထဲ သူစိတ်ဝင်စားတဲ့ ပလပ်စတစ်သော့တွေ ၊ တိုလီမုတ်စပစ္စည်းလေးတွေ သူကစားဖို့ ထည့်ထားပေးမယ်ဆိုရင် ကစားစရာပုံးထဲက ယူကစားရတဲ့ ခံစားချက်နဲ့ ပိုက်ဆံအိတ်ထဲက သူစိတ်ဝင်စားရာ ပစ္စည်းလေးတွေ ထွက်လာတတ်တဲ့ခံစားမှု ကွာခြားပြီး စိတ်ဝင်စားစရာတမျိုး ဖြစ်နေနိုင်ပါတယ်။

ဒီအရွယ်မှာ သူဆိုလိုတာကို ကောင်းစွာမပြောပြနိုင်သေးတာမို့ သူ့လက်ညှိုးတစ်ချောင်းဟာ ဟိုထိုး ၊ ဒီထိုးနဲ့ သူလိုချင်တာ ၊ သူဆိုလိုတာတွေကို ပြသနေမှာပါ။ ဒါကြောင့် သူနားလည်တာကို ကောင်းကောင်း လက်ညှိုးထိုးပြနိုင်ပြီဖြစ်တဲ့ သူနဲ့အတူရှိနေချိန်မှာ သူ့ကို စာဖတ်ပြရင်းနဲ့ ကြောင်ကြီး ဘယ်မှာလဲ ၊ ငှက်ကလေးကိုတွေ့လား ၊ ဝုတ်ဝုတ်ကြီးကကော ဘယ်မှာလဲ စသဖြင့် ကလေးရဲ့ မျက်စိရှင်သိတတ်မှုဥာဏ်ကလေးကို သူ့လက်ညွှန်းနဲ့ ညွှန်ပြစေရင်း လေ့ကျင့်ပေးနိုင်ပါတယ်။

BurmeseHearts Blog

ဒီအရွယ်မှာ အစားအစာ စချေးများနိုင်ပါတယ်။ အစာရွေးစားတဲ့သဘောပေါ့။ သူကြိုက်တာတွေချည်း ကျွေးတာလိုမျိုးမဟုတ်ဘဲ အခြားစားသင့်တဲ့ ဟင်းသီးဟင်းရွက် ၊ အသီးအနှံဆိုတာတွေနဲ့ သူ့ကြိုက်တဲ့အစာတွေ ပန်းကန်ထဲထည့်ပြီး သူ့ကို ရက်သတ္တပတ် တပတ်တန်သည် နှစ်ပတ်တန်သည် မိတ်ဆက်ကျွေးပေးပါ။ မြင်တာ ၊ စားတာ အသားကျသွားရင် သူဟာ ဒီအစာတွေကို စားချင်စားလာမှာဖြစ်ပါတယ်။ အစာသစ်ကို မိတ်ဆက်တဲ့ကလေးတိုင်း ဒီလိုငြင်းဆိုတတ်ကြတာမို့ တခါ ၊ နှစ်ခါ ကျွေးရုံနဲ့ သူမစားဘူးလို့ လက်လျှော့ မသွားပါနဲ့။

လေ့လာစမ်းစစ်မှုတွေအရ သုံးနှစ်အောက်ကလေးငယ်တွေဟာ ဘယ်လိုပဲအစာချေးများပေမယ့် အမေတိုက်နေတဲ့ နို့ရယ် ၊ စားသောက်နေတဲ့ အစားအစာတွေရယ်ကနေပြီးတော့ သူတို့အတွက်လိုအပ်တဲ့ အစာအာဟာရကို ရရှိနေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် အာဟာရရှိတဲ့အစာတွေကို ပုံစံအမျိုးမျိုးပြောင်းပြီး ကျွေးနိုင်ပါတယ်။ ဒီလိုချက်ပြုတ်ကျွေးလို့မစားရင် အသွင်တမျိုးပြောင်းပြီး လုပ်ကျွေးကြည့်ပါ။ ဥပမာ – ထမင်းဖြူ အစားနည်းရင် ထမင်းကြော် ၊ ညှပ်ခေါက်ဆွဲကြော် ၊ မုန့်ဟင်းခါး ၊ ကြာဇံကြော်စသဖြင့် ဆန်နဲ့လုပ်တဲ့မုန့်နဲ့ အစားအစာတွေကို သူ့ကိုကျွေးမယ်ဆိုရင် ဆန်ကနေရတဲ့ အာဟာရဓါတ်ကို တနည်းတဖုံ သူရသွားမှာပါ။ စားဖြစ်ဖို့ပဲလိုတာလေ။

သုံးနှစ်အောက်အရွယ်တွေဟာ ပါးစပ်ထဲကို တွေ့ရာမြင်ရာတွေ ကောက်ထည့်တတ်တဲ့အကျင့်ရှိတာမို့ ပါးစပ်ထဲပစ္စည်းတွေစထည့်တဲ့ သွားပေါက်တတ်ခါစ ဝမ်းလျားမှောက်အရွယ်ကနေစပြီး သူ့ကို မျက်ခြေပြတ်လို့မရပါဘူး။ တစ်ရှူးအူတိုင် အခေါင်းပေါက်လေးထဲ ဝင်သမျှပစ္စည်းအရွယ်အစားတွေ သူ့ပတ်ဝန်းကျင်ကနေ ဖယ်ထားရမှာဖြစ်သလို သူ့လက်ထဲရောက်သွားသမျှအရာတွေကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး သူ့ပါးစပ်ထဲမထည့်ခင် အချိန်မီ ဖယ်ရှားနိုင်မှ ဖြစ်မှာပါ။

ကျွန်မ သမီးတုန်းက ဒီလိုမျက်လုံးဒေါက်ထောက် သတိထားတဲ့ကြားထဲက ကိုက်ဖဲ့နိုင်တဲ့ပစ္စည်းတွေကို ကိုက်ဖဲ့ပစ်ရင်း အလစ်မှာ ဝါးနေတာ ၊ နှာခေါင်းပေါက်ထဲ ထိုးထည့်တာတွေ လုပ်တတ်ပါသေးတယ်။ သူတို့ သွားအသစ်တွေ ပေါက်ချင်နေပြီဆို ဒီလိုကိုက်ဖဲ့ဝါးစားချင်စိတ်တွေ ထိန်းမနိုင် ၊ သိမ်းမရ ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ပစ္စည်းကြီးကြီးမားမားပဲလေ ကလေးအတွက် အန္တရာယ်မရှိလောက်ပါဘူးလို့ ကိုယ်ထင်ပေမယ့် သုံးနှစ်အောက်ကလေးကို သူ့အတိုင်းကစားလျက် လွှတ်မထားဘဲ သူဘာလုပ်နေတယ် ၊ ဘာကိုင်နေတယ်ဆိုတာ အမြဲလို မျက်လုံးဒေါက်ထောက်ကြည့်နိုင်ပါမှ ကလေးအန္တရာယ်ကင်းမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like