Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်ရင်ငွေ့ – BurmeseHearts

မိခင်ရင်ငွေ့

0

ကျွန်မတို့လူသားတွေဟာ ကာလအတိုင်းအတာ တခုအထိ မိခင်ရဲ့ ရင်ငွေ့ခိုလှုံဖို့ မလိုအပ်ဘူးလား။ အသေအချာ လိုအပ်တာပေါ့။ ဒါကြောင့် မွေးကင်းစကလေးကို အနည်းဆုံးခြောက်လအထိ မိခင်နို့တိုက်ကျွေးသင့်တယ်လို့ ကျွမ်းကျင်သူပညာရှင်တွေက အချက်အလက်အကိုးအကားတွေနဲ့ တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတယ်ဆိုကတည်းက ကလေးဟာ မိခင်ရင်ခွင်ထဲမှာရှိတာမို့ မိခင်ရင်ငွေ့ကို ခိုလှုံခွင့်ရတာပေါ့။

မိခင်နို့အနည်းဆုံး ခြောက်လ နို့တိုက်ကျွေးရမယ်ဆိုရင် ခြောက်လတိုက်ကျွေးပြီးရင် လုံလောက်သွားပြီလားဆိုတော့ မဟုတ်ပါဘူး။ လုံးဝ အဆင်မပြေရင်တောင် ခြောက်လအထိ တိုက်ကျွေးပါလို့ ဆိုလိုတာဖြစ်သလို လုံးဝအဆင်မပြေဘူးဆိုရင်တောင် မွေးကင်းစကလေးဟာ မိခင်ရင်ငွေ့ကို ခြောက်လအထိ ခိုလှုံနေသင့်တယ်လို့ ဆိုလိုတာပါ။

ကလေးသုံးနှစ်အရွယ်အထိ မိခင်နို့တိုက်ကျွေးနေသမျှ ကလေးရောမိခင်ပါ ကောင်းကျိုးတွေ ခံစားနေရပါတယ်။ ဘယ်လိုကောင်းကျိုးတွေ ခံစားရသလဲဆိုတာကို မိခင်နို့၏ ဂုဏ်သတ္တိ ဆိုတဲ့ပို့စ်မှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ ဒီပို့စ် မဖတ်ရသေးဘူးဆိုရင် အရောင်ကွဲနေတဲ့ စာသားရဲ့အပေါ်မှာ ကလစ်နှိပ်လိုက်ရုံပါပဲ။ အဲဒါလင့်ခ်ပေးထားတာပါ။ ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

မိခင်ရင်ငွေ့ ခိုလှုံခွင့်ရပြီး မိခင်ရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာကြတဲ့ ကလေးတွေဟာ ဒီလိုကြီးပြင်းခွင့်မရတဲ့ ကလေးတွေထက် အားသာချက်အများကြီး ရှိနေပါတယ်။ ကလေးဟာ မိခင်ရင်ငွေ့ ခိုလှုံခွင့်ရခဲ့ပြီး မိခင်ရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့တဲ့အတွက် အဲဒီမိခင်နဲ့ အဲဒီရင်သွေးဟာ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံရေးကို ရရှိပါတယ်။ ဒီတော့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ နွေးထွေးတယ်လေ။

ကလေးဟာ မိခင်ရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့တဲ့အပြင် မိခင်က နည်းမှန်လမ်းမှန် ဆိုဆုံးမပြီး သားသမီးကို မေတ္တာနဲ့ ကြီးပြင်းစေခဲ့မယ်ဆိုရင် ဒီသားသမီးဟာ မိခင်ကို အလွန်ခင်တွယ်မှာဖြစ်ပါတယ်။ မိခင်က သူ့ကို ချစ်တယ် ၊ နားလည်မှုပေးတယ်လို့ ယုံကြည်တဲ့အတွက် မိခင်က သွန်သင်ဆုံးမတာတွေကို နာခံလေ့ရှိတယ်။ ဒီရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးကတော့ မိဘကို ကလန်ကဆန်လုပ်တတ်တဲ့ကလေး ၊ မိဘစကား မနာခံတဲ့ကလေး မဖြစ်လာနိုင်တော့ဘူးပေါ့။

မိခင်နဲ့ အနေများပြီး မိခင်ကို ခင်တွယ်တဲ့သားသမီးဖြစ်တာမို့ မိခင်ကိုအထင်ကြီးတယ်။ မိခင်က အားကိုးလေးစားတဲ့ ဖခင်ကို အားကိုးလေးစားမှာဖြစ်ပြီး မိခင်နဲ့ ဖခင် ဆက်ဆံရေးအဆင်မပြေရင် ဖခင်ကို တဘက်သတ် မုန်းတီးနေသူလေးလည်း ဖြစ်လာနိုင်ပါတယ်။ အကယ်၍များ ဖခင်က သူ့အပေါ် နွေးနွေးထွေးထွေးမရှိခဲ့ရင် ဖခင်က မှန်ကန်တဲ့ဘက်မှာ ရပ်တည်နေသည့်တိုင် သူ့ခံစားချက်က မိခင်အပေါ် အားသာနေပါတယ်။ ဒါကြောင့် ဖခင်တွေဟာ မိမိသွေးသားကို ချစ်တယ်ဆိုရင် မိမိသွေးသားနဲ့ လက်ပွန်းတတီး အချိန်ပေး နေထိုင်ဖို့လည်း လိုပါတယ်။ မေတ္တာပေးမှ မေတ္တာရတာပါ။

ဖခင်နဲ့ မိခင်ပေါင်းမှ သန္ဓေတည်ပြီး လူဖြစ်ခွင့်ရတယ်ဆိုပေမယ့် သူ့ကို ကိုးလလွယ် ဆယ်လဖွားခဲ့တဲ့ မိခင်ကို သားသမီးတွေက ပိုခင်မင်တွယ်တာ သဘာဝဖြစ်ပါတယ်။ သူ့အနွံအတာကို အခံနိုင်ဆုံးလူဟာ မိခင်ဖြစ်တယ်လို့ သူ့ ကိုးလတိုင်တိုင် လွယ်ပိုးထားခဲ့တဲ့ မိခင်ကို သူ့ရဲ့မသိစိတ်ထဲကနေ ယုံကြည်နေတာပါ။ ဒါဟာ သားသမီးအပေါ်ကို မိခင်ရဲ့လွှမ်းမိုးမှု အားသာနေတဲ့အချက်ပဲလေ။ မွေးလာခဲ့ပြီဆိုရင်လည်း မိခင်ရဲ့ နို့ရည်သောက်စို့ပြီး ကြီးပြင်းခွင့်ရတယ်ဆို မိခင်ဟာ သူ့အတွက် အချစ်ခင်ဆုံးလူပါ။

နို့ဖြတ်လိုက်ပြီဆိုတာနဲ့ ဒီအနေအထားကနေ တဖြည်းဖြည်း ပြောင်းလဲလာနိုင်ပါတယ်။ အကယ်၍များ မိခင်ဟာ ကလေးကို အချိန်မပေးခဲ့ရင် ၊ နီးနီးကပ်ကပ် ဆက်ဆံမှုမျိုး မရှိရင် ၊ နည်းမှန်လမ်းမှန် ဆုံးမသွန်သင်မှုမရှိခဲ့ရင် ကလေးကို မိခင်က အနေစိမ်းသလို အချိန်တွေကြာလာတာနဲ့အမျှ ကလေးကလည်း မိခင်အပေါ် အနေစိမ်းလာမှာ ဖြစ်ပါတယ်။

BurmeseHearts Blog

မိခင်နို့ကို ကာလအတော်ကြာ သောက်စို့ခွင့်ရပြီး မိခင်ရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာကြတဲ့ ကလေးတွေဟာ နုနယ်ငယ်ရွယ်တဲ့အရွယ်လေးဖြစ်သည့်တိုင် နာဖျားခဲပါတယ်။ နို့မှုန့်သောက်သုံးတဲ့ ကလေးတွေ ကျန်းမာရေးချို့တဲ့ တဲ့ အရေအတွက်နဲ့ မိခင်နို့သောက်စို့တဲ့ ကလေးတွေ ကျန်းမာရေးချို့တဲ့ တဲ့ အကြိမ်အရေအတွက်ကို သုတေသနပြုပြီးမှ မိခင်နို့ဟာ ကလေးတွေအတွက် အကောင်းဆုံးဖြစ်တယ်လို့ သုတေသနပြုခဲ့တဲ့ပညာရှင်တွေက ဆိုခဲ့တာပါ။

အခုလို မိခင်နို့ချိုစို့ခွင်ရတဲ့ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတင်မက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေဟာလည်း တန်ဖိုးကြီးမားလှပါတယ်။ မိခင်ရင်ခွင်ထဲမှာ မိခင်ရင်ငွေ့ခိုလှုံပြီး မိခင်နို့သောက်စို့ခွင့်ရလို့ မိခင်မေတ္တာ ခံယူခွင့်ရတာမို့ သူတို့ကိုယ်သူတို့ ကျေနပ်မှုရှိတယ်။ အဲဒီကျေနပ်မှုနဲ့ အသားကျ ကြီးပြင်းလာခဲ့တော့ တခုခု စိတ်ပျက်စရာတွေ့သည့်တိုင် အကောင်းဘက်က လှည့်ကြည့်ဖို့ စိတ်ကူးရှိတယ်။

မိခင်နို့ချိုစို့ မိခင်ရင်ငွေ့ ခိုလှုံခွင့်ကာလရှည်ရခဲ့ပြီး မိခင်ရဲ့ နားလည်မှုနဲ့ နည်းမှန်လမ်းမှန် ဆိုဆုံးမခြင်း ခံရတဲ့ကလေးဟာ ဒီလောကမှာ လူဖြစ်ခွင့်ရခြင်းအပေါ် စိတ်ကျေနပ်မှု အပြည့်ရှိပါတယ်။ ဆင်းရဲနေဦးတော့ သူတို့တွေဟာ လောကဓံကို ရင်ဆိုင်နိုင်တဲ့ စိတ်ခွန်အား အပြည့်ရှိလာပါတယ်။ ဒါဟာ အမေ့မေတ္တာကြောင့် ရရှိလာခဲ့တဲ့ စိတ်ခွန်အားတွေပါ။

အမေ့မေတ္တာခံစားရတော့ ယခု ဆင်းရဲ ၊ ကျရှုံးနေသည့်တိုင် တနေ့ ချမ်းသာ ၊ အောင်မြင်နိုင်တယ်ဆိုတဲ့ အကောင်းမြင်စိတ်ရှိတယ်။ ဒီယုံကြည်ချက်မျိုးနဲ့ ကြိုးစားတဲ့အခါ အောင်မြင်မှုမျိုးကို ထူးထူးခြားခြား ရရှိပါတယ်။ အနီးကပ်ဆုံး မြင်အောင် သက်ရှိထင်ရှားရှိနေတဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်အနေနဲ့ ဥပမာပြရမယ်ဆို မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဆရာကြီး ဒေါက်တာထွန်းလွင်ဖြစ်ပါတယ်။

ဘယ်လောက်ပဲ ပြည့်စုံဦးတော့ မိခင်နို့ချို ကာလရှည်ကြာ သောက်စို့ခွင့်မရ ၊ မိခင်ရင်ငွေ့ ခိုလှုံခွင့်မရ ၊ မိခင်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးမရှိ ၊ နွေးနွေးထွေးထွေး ခံစားရမှုမရှိရင် ဒီအိမ်ထဲ ၊ ဒီမိသားစုထဲမှာ သူစိမ်းပြင်ပြင် ဆက်ဆံရေးမျိုး ၊ အေးစက်စက် ဆက်ဆံရေးတွေနဲ့ ပြည့်နှက်နေမှာပါ။ ဒီလိုကလေးတွေကြီးလာရင် မိဘကို မနာခံတာ ၊ မိဘအလိုကို ဆန့်ကျင်တာ ၊ စိတ်ထဲအလိုလို မကျေနပ်စိတ်တွေ ဖြစ်နေတာ ၊ ဘာမဟုတ်တာလေးကို တအားခံစားပြီး အဆိုးမြင်နေတာ စတဲ့ အဆိုးမြင်ခံစားချက်တွေဟာ ဘယ်ကစသလဲဆို မိဘနဲ့ (အထူးသဖြင့် မိခင်နဲ့) လက်ပွန်းတတီး ဆက်ဆံရေးမရှိတာက စတယ်လို့ ဆိုရပါမယ်။

ဒါကြောင့် မိမိသားသမီးကို တကယ်ချစ်တယ်ဆိုရင် အနည်းဆုံး ခြောက်လတော့ မိခင်နို့တိုက်ကျွေးပါ ၊ မိခင်နို့ဖြတ်လိုက်သည့်တိုင်အောင် မအားလပ်တဲ့ကြားထဲက မိမိရဲ့ ကိုယ်ပိုင်အချိန်တွေဖဲ့ပြီး သားသမီးကို အချိန်ပေးပါ ၊ နွေးနွေးထွေးထွေး ဆက်ဆံပါ ၊ နားလည်မှုပေးပါ ၊ နည်းမှန်လမ်းမှန်ဆုံးမပါ ၊ သူ့ခံစားချက်တွေလည်း နားထောင်ပေးပါ ၊ ကိုယ်နိုင်သမျှကို ဖြည့်ဆည်းပေးပါ ၊ ကိုယ်မနိုင်တာတွေကိုလည်း သူ့ကို သဘောပေါက်အောင် ရှင်းလင်းပြောဆိုပါ။ မေတ္တာဟာ အလွန်အစွမ်းထက်ပါတယ်။ မိဘမေတ္တာဟာ ပိုလို့အစွမ်းထက်ပါတယ်။ သားသမီးဘယ်အရွယ်ရောက်ရောက် မိခင်ရင်ငွေ့ဟာ သားသမီးတွေအတွက် အလုံခြုံ အနွေးထွေးဆုံး ခံစားမှုကို ပေးပါတယ်။ မိခင်ရင်ငွေ့ ခိုလှုံဖူးသူတိုင်းဟာ ဒီတန်ဖိုးကို ပိုနားလည်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like