Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
(၁၀)လမှ (၁၁)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

(၁၀)လမှ (၁၁)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

0

(၁၀)လကျော်လာပြီဆိုရင် အများစုသော ကလေးတွေဟာ နံရံကိုင်လို့ပဲဖြစ်ဖြစ် ၊ ပရိဘောဂပစ္စည်းတွေ ကိုင်လို့ပဲဖြစ်ဖြစ် ကိုင်စရာတစခုကို ကိုင်တွယ်ရင်း လမ်းလျှောက်ကျင့်နေပါပြီ။ လျှောက်ပါများလို့ ကျင့်သားရလာတဲ့ကလေးဟာ ခြေလွှတ် ၊ လက်လွှတ် ဘာမှမကိုင်ဘဲ အလွတ်လျှောက်နိုင်ဖို့ ကြိုးစားမှာပါ။ ကလေးကို လမ်းမြန်မြန်လျှောက်တတ်စေချင်တယ်ဆိုရင် လမ်းများများလျှောက်ခွင့် ကိုယ်ကပေးရမှာပါ။

ဒီလိုလျှောက်ရင်း တဖုတ်ဖုတ်နဲ့ လဲကျနိုင်ပါတယ်။ ဒါပေမယ့် လူကြီးမိဘတွေက သူလဲကျမှာကို စိတ်ပူနေစရာမလိုဘဲ သူလဲကျရင် မနာရအောင် ငါဘာလုပ်ပေးထားနိုင်မလဲလို့ ကြိုတွေးရမှာပါ။ ပြုတ်ကျလို့ ညိုမဲစွဲကွက်လေးတွေ ပေါ်လာမယ် ၊ အသားပွန်းသွားမယ်ဆိုရင်လည်း မစိုးရိမ်ပါနဲ့ ။ ဒီလိုအကြိမ်ကြိမ်လဲကျပြီးပါမှ လဲမကျအောင် ဘယ်လိုဟန်ချက်ထိန်းရမလဲလို့ သူတို့ဟာ သင်ယူလာတာဖြစ်ပါတယ်။

ဒီနေရာမှာ ကလေးသူငယ်တွေ လမ်းလျှောက်ကျင့်ပုံကို ကျွန်မပြောပါရစေ။ လူကြီးတွေ ခြေလှမ်းရင် တပြားလိုက်ပြီး ခြေဖဝါးကြွ လှမ်းတတ်ပေမယ့် ဒီအရွယ် လမ်းလျှောက်ကျင့်စ ကလေးတွေဟာ ခြေလှမ်းစဖို့ ခြေဖဝါးမြှောက်ပြီဆို ခြေချောင်းလေးတွေပါ မြှောက်လာပြီး ခြေချရင် ခြေချောင်းလေးတွေပါ ပြန်ချတယ်။ ဒီလိုလျှောက်တတ်တာကို ခြေမလေးတွေ သတိထားကြည့်ရင် ပိုမြင်နိုင်ပါတယ်။ စိတ်မပူပါနဲ့။ ဒါသဘာဝပါ။

သူတို့တွေဟာ ဒီလို ခြေချောင်းလေးတွေက ထိတွေ့ခံစားမှုနဲ့ ခြေထောက်က ကိုယ်ကို ဘယ်လိုမျိုး ဟန်ချက်ညီအောင် (လဲပြိုကျမသွားအောင်) ထိန်းရမယ်လို့ သူတို့ဘာသာသူတို့ သင်ယူနေတာပါ။ နောက်ပိုင်း ကောင်းကောင်းလမ်းလျှောက်တတ်တဲ့အရွယ်မှာ လူကြီးတွေလိုပဲ ခြေဖဝါးတခုလုံး တပြားလိုက် ကြွဟယ် ၊ ချဟယ် လုပ်လာမှာပါ။

သူတို့ လမ်းလျှောက်ကျင့်နေစ ဒီအရွယ်မှာ အိမ်ထဲမှာနေလို့ ကြမ်းဟာ ညစ်ပေမနေဘူး ၊ ကလေးအတွက် သင့်တော်တယ်ဆိုရင် ခြေဗလာနဲ့ ကလေးကို လမ်းလျှောက်စေသင့်ပေမယ့် ကလေးအတွက် မသင့်တော်တဲ့ ကြမ်းအနေအထားနဲ့ ပြင်ပသွားလာလို့ လမ်းလျှောက်နေချိန်တွေမှာတော့ ဖိနပ်လေး စွပ်ထားပေးဖို့ လိုပြီပေါ့။ အပေါ်မှာ ပြောထားသလို ကလေးဟာ လမ်းလျှောက်ကျင့်တတ်တာမို့ ကလေးစီးဖို့ ဖိနပ်ဝယ်ပေးတဲ့အခါ ကလေးခြေချောင်းတွေကို ကောင်းကောင်း မြှောက်တင် လှုပ်ရှားလို့ရမယ့် ဖိနပ်မျိုး ဝယ်ပေးသင့်ပါတယ်။ ဥပမာ အဝတ်ဖိနပ် ကွင်းထိုးကြိုးသိုင်းလေးပဲဖြစ်ဖြစ် ၊ ခြေစွပ်ဖိနပ်လေးပဲဖြစ်ဖြစ် ကလေးဟာ လမ်းလျှောက်တဲ့အခါ သူ့ခြေချောင်းတွေကို လွတ်လွတ်လပ်လပ် ၊ မနာမကျင် လှုပ်ရှားနိုင်တဲ့ ဖိနပ်မျိုး ဝယ်ပေးပါ။

အခုအရွယ်မှာ အမေကိုပိုသိ ၊ ပိုကပ်လာပြီး အနားမှာ အမြဲလို မြင်တွေ့နေကျ အမေ့ကို မမြင်ရရင် ဒရွတ်ဒရွတ် အမေ့အဝတ်ကိုဆွဲလို့ ငိုယိုလိုက်ဖို့ ကြိုးစားနေပါပြီ။ ပြီးရင် ချီခိုင်းမယ်လေ။ ဒါဟာ သူ့ကို အမေက ခွဲချန်မထားခဲ့ဖို့ ၊ အမေနဲ့ အမြဲအတူနေခွင့်ရဖို့ ကြိုးစားခြင်းရယ်ပါ။ ဒီအရွယ်သူ့အသိထဲမှာ အမေသာလျှင် သူ့အတွက် အယုံကြည်ရဆုံးသူ ၊ အားကိုး အထိုက်ဆုံးသူ ၊ အကာအကွယ် အပေးနိုင်ဆုံးသူအဖြစ် သူနားလည်နေတာပါ။ ဒီတော့ အမေနဲ့ဝေးနေချိန်မှာ သူ့စိတ်မလုံခြုံမှုကို ခံစားရတဲ့အတွက် အမေမှအမေ အမေကို ကပ်နေခြင်းပါ။ ကိုယ့်ကို ချစ်ခင်တွယ်တာသထက် တွယ်တာလာတဲ့ သူ့ကိုနားလည်မှုပေးလိုက်ပါ။ ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ပိုင်ချိန်တွေမှာ သူနဲ့အမြဲလို အချိန်ကုန်ဆုံးနိုင်ဖို့ အခွင့်အရေး ပေးလိုက်ပါ။

BurmeseHearts Blog

ဒီအရွယ်မှာ ကလေးဟာ ပြင်ပလောကကို စိတ်ဝင်စားသထက် စိတ်ဝင်စားလာပါတယ်။ အမေက သူ့ချီပြီး ဒန်းစီးမယ် ၊ လျှောစီးမယ် ၊ အမေနဲ့အတူ ပန်းခြံထဲ လမ်းလျှောက်ကျင့်ခွင့်ရမယ်ဆို သူပျော်နေမှာပါ။ ဒီအရွယ်မှာ ကလေးဟာ ချွေးလွယ်လွယ်ထွက်လာပြီမို့ ရာသီဥတုအပေါ်မူတည်ပြီး သူချွေးထွက်လာရင် အလွယ်တကူ ချွတ်ပြုလဲလှယ်ပေးနိုင်မယ့် အဝတ်အစားကို ဝတ်ဆင်ပေးပါ။ ဒီအတိုင်းပဲ အေးတဲ့ အဲကွန်းရှော့ပင်းစင်တာတွေထဲ ဈေးဝယ်ထွက်တာမျိုးဆိုရင်လည်း သူအေးရင် ထပ်ဝတ်ပေးနိုင်ဖို့ အနွေးထည် အမြဲဆောင်ထားရမှာပါ။

ချွေးထွက်များပြီး အဝတ်မလဲပေးဖြစ်ရင် ချွေးနဲ့အအေးပတ်ပြီး ဖျားနိုင်သလို အဲကွန်းကြောင့်ဖြစ်ဖြစ် ရာသီဥတုကြောင့်ဖြစ်ဖြစ် အသားတွေ အေးလာလျက် နွေးနွေးထွေးထွေးဖြစ်အောင် မလုပ်ပေးနိုင်ဘူးဆိုရင်လည်း အအေးပတ် ဖျားနာတတ်ပါတယ်။ ဒီအရွယ်ကလေးတွေကို ပန်းကလေးတွေနဲ့ တင်စားကြတာ ညှိုးလွယ် ၊ လန်းလွယ် ၊ ဖျားလွယ် ၊ ပျောက်လွယ် ဖြစ်တတ်ကြလို့ပါ။

ကလေးငယ်တို့၏ ကိုယ်စိတ်အမှန်ဖွံ့ဖြိုးမှု ဆိုတဲ့ပို့စ်မှာ ဖော်ပြပြီးဖြစ်သလို ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးမှုဟာ အကြောင်းကြောင်းကြောင့် စောတာ ၊ နောက်ကျတာ ဖြစ်တတ်ပါတယ်။ မဖတ်ရသေးရင် အရောင်ကွဲနေတဲ့ စာအပေါ်မှာ ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ ကလေးဖွံ့ဖြိုးမှုစောလို့ ကလေးဟာ အသိဥာဏ်ပိုဖွံ့ဖြိုးတာမျိုးမဟုတ်သလို ကလေးဖွံ့ဖြိုးမှုနောက်ကျလို့ ကလေးဟာ ဥာဏ်ထိုင်းတာမျိုး မဟုတ်ပါဘူး။

ကလေးကို စကားများများပြောမယ့်သူရှိတယ်ဆို ကလေးဟာ ခပ်စောစော စကားစပြောတတ်လာမှာဖြစ်ပြီး သူသိတဲ့စကားလုံးအသစ်ကို ထပ်ခါထပ်ခါ ပြောနေမှာပါ။ အခုအရွယ်မှာ အရင်ကထက် ပြောတာပိုပီလာပြီလေ။ ပတ်ဝန်းကျင် စူးစမ်းမှုပိုလာပြီမို့ လှေကားမြင်ရင် တက်ကြည့်ချင်လာတယ် ၊ ဆင်းကြည့်ချင်လာတယ် ၊ အတတ်ဆန်းလေးတွေ လုပ်ကြည့်ချင်လာပါတယ်။ ဒါကြောင့် လှေကားက ပြုတ်မကျရအောင် ၊ ပြတင်းပေါက်က အရှိန်လွန်မကျအောင် မျက်စိထောင့်ထောက်ကြည့်နိုင်မှ တော်ကာကျပါမယ်။ ဒီအရွယ်က လုပ်ချင်စိတ်တွေများနေပြီး မလုပ်နိုင်သေးတဲ့အရွယ်မို့လို့ မလုပ်သင့်တာ မလုပ်ဖြစ်အောင် ၊ မဖြစ်သင့်တာတွေ မဖြစ်သွားရအောင် ကိုယ်က သူမလုပ်နိုင်ခင်ကြိုတွေး ၊ ကြိုရှင်းလုပ်ထားရပါမယ်။

ဒီအရွယ်မှာလည်း သူ့ကစားစရာတွေကို သူ့ပါးစပ်ထဲ ထည့်နိုင်တာမို့လို့ နှစ်ရက်ခြားတစ်ခါ မသန့်စင်ပေးနိုင်ရင်တောင် တပတ်တစ်ကြိမ် ဆပ်ပြာရည်နဲ့ ရေစင်အောင် ပွတ်တိုက်ဆေးပေးဖို့ လိုပါတယ်။ သူကိုက်ဖဲ့လို့ပဲ့သွားတဲ့ ကစားစရာ အပိုင်းအစတွေကိုလည်း ကိုယ်က သတိထားဖယ်ရှားပေးရပါမယ်။ အဲဒီအစတွေကို ဘာမှမသိတတ်သေးတဲ့ကလေးက ပါးစပ်ထဲထည့်မြိုချတာ ၊ နှာခေါင်းပေါက် ၊ နားပေါက်တွေထဲထည့်တာတွေ လုပ်နိုင်လို့ပါ။ ဒါတွေကို သူသုံးနှစ်အရွယ်အထိ သတိထားကြည့်ရမှာပါ။ သူကတော့ လစ်ရင်လစ်သလို ဘယ်လိုနေမလဲဆိုပြီး စမ်းလုပ်ကြည့်မှာပါ။

သူလုပ်တာ ၊ ပြောတာ တခုခုမှားယွင်းသွားပြီဆိုရင် ဆူလိုက် ၊ အော်ငေါက်လိုက် ၊ ရိုက်နှက်ဒဏ်ပေးလိုက်ဖို့ထက် ဖြစ်တာတော့ ဖြစ်ပြီးသွားပြီ။ သူနောက်ထပ်မလုပ်အောင် သင်ပေးဖို့ပဲလိုတယ်။ သုံးနှစ်အောက်ကလေးတွေဟာ အကြိမ်ကြိမ်သင်ပေးသည့်တိုင် ထပ်ခါထပ်ခါ မှားပြီးမှ ဒီလိုမမှားအောင် ဘယ်လိုအမှန်လုပ်ရမယ်လို့ သင်ယူတတ်တာပါ။ ဒါကို လူကြီးဖြစ်တဲ့ကိုယ်က ကောင်းကောင်းနားလည်ထားရပါမယ်။ ပြောထားရက်နဲ့ ထပ်လုပ်ရသလား ၊ သင်ထားရက်နဲ့ ထပ်ပြောရသလား ၊ စကားနားမထောင်ဘူးလား ၊ မှတ်ဥာဏ်မရှိဘူးလား အပြစ်မတင်ခင် ဒီအရွယ်ကလေးသဘာဝဟာ ဒီလိုပဲလုပ်ပြီးမှ သင်ယူတတ်တာကို နားလည်ပေးလိုက်ပါ။

ဒေါသထွက်ခဲ့ရင်လည်း အမေဆူမှာ ကြောက်ရွံ့နေမယ့်ကလေးကို အပြုံးနဲ့ နှစ်သိမ့်ပေးလိုက်ပါ။ ဖြစ်ပြီးသွားပြီ။ နောက်ထပ်မဖြစ်အောင် ကြိုးစားရမယ်။ ထပ်ခါထပ်ခါ မှားတာ လူတော်မဟုတ်ဘူး။ အမေ့သမီး/သားက သိပ်တော်တာ နောက်ထပ် ဒီလိုမဖြစ်စေနဲ့နော်လို့ သတိပေးလိုက်ပါ။ သူ့အသက်အန္တရာယ်ဖြစ်စေမယ့် ကိစ္စတွေကလွဲလို့ သူအမှားလုပ်တာတွေကို ဆူတာ ၊ ရိုက်တာ ၊ ဒဏ်ပေးတာ ၊ အပြစ်တင်ပြောဆိုတာမျိုး မလုပ်ဘဲ နားလည်မှုပေးပါ။

အမှားကို အပြစ်တင်ပြောဆိုနေဖို့ထက် အမှန်ကို ဘယ်လိုလုပ်ရတယ်ဆိုတာ ထပ်ခါထပ်ခါ သင်ပေးပါ။ ဒါဆိုကလေးဟာ သူ့ဘဝတလျောက်မှာ တခုခု မှားယွင်းဖြစ်ပျက်သွားပြီဆိုရင် ကိုယ့်ကိုယ်ကို အပြစ်တင် ၊ သူများကို အပြစ်တင်ပြီး အချိန်ကုန်ဆုံးဖို့ထက် မှန်အောင်ဘယ်လို ပြင်လုပ်ရမယ်ဆိုတာကို ဦးစားပေးတွေးလာတာ ၊ ဖြေရှင်းလုပ်ကိုင်လာတာ အကျင့်ရသွားပါတယ်။

မိဘက ကလေးကို တခုခုမှားလုပ်တိုင်း အပြစ်တင်ပြောဆို ရိုက်နှက်တာမျိုး ၊ ဒဏ်ပေးတာမျိုးလုပ်မယ်ဆို တချိန်မှာ သူဟာလည်း သူ့ကိုယ်သူအပြစ်တင်ဒဏ်ပေးတာ ၊ အများကို အပြစ်တင်ဒဏ်ပေးတာတွေ ဦးစားပေးလုပ်တော့မှာပါ။ ဒါဆိုရင် လူတိုင်းမှားတတ်တဲ့ ဖြစ်ရပ်တွေမှာ အမှန်ကို မြန်မြန်ပြင်လုပ်သူက ကိုယ့်ထက်နှာတဖျားသာနေနိုင်တာပေါ့။ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး စိတ်ဓါတ်ကျနေမယ့်အစား ဘယ်လိုမှန်အောင်လုပ်ရမလဲ ၊ ဒီ့ထက်ရလဒ်ကောင်းထွက်အောင် ဘယ်လိုကြိုးစားရင်ရမလဲလို့ နည်းလမ်းရှာတာ ပိုမမှန်ဘူးလား။ ဒါပေမယ့် ကလေးဘဝကတည်းက အလေ့အကျင့်ရှိထားတဲ့အရာကိုပဲ အရွယ်ရောက်တဲ့အချိန် လုပ်ကျင့်ရှိနေတာမို့ ကိုယ့်ကလေးကို ကောင်းတဲ့အကျင့်လေးတွေ ဒီအရွယ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးထားပါမှ နောင်ကျင့်သားရသွားတဲ့အခါ သူ့အတွက် ၊ သူ့ပတ်ဝန်းကျင်အတွက် ၊ သူ့မျိုးဆက်အတွက် ပိုကောင်းမယ်လေ။

ရတု (Burmesehearts.com)

BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like