Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လေးလမှ ငါးလအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

လေးလမှ ငါးလအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

0

ပတ်ဝန်းကျင်ကို စူးစမ်းချင်လာတဲ့သူ့အတွက် အရာရာဟာ အသစ်အဆန်းချည်းပါပဲ

လူကြီးကကိုင်ပေးရင် ပထမခပ်ကုန်းကုန်းလေး ထိုင်နိုင်ရာကနေ နောက်ပိုင်း ခပ်မတ်မတ်လေး ထိုင်လာနိုင်မယ့် ဒီအရွယ်မှာ လူကြီးမကိုင်ထားရင် ခဏလောက်တော့ လက်လွှတ်ထိုင်နိုင်ပါပြီ။ သူ့ဘာသာ ထိုင်နိုင်သေးတဲ့အရွယ် မဟုတ်တာမို့ ကလေးကို အထိုင်သင်ပေးမယ်ဆိုရင် ကလေးခြေထောက်တွေကို “V” ပုံစံ ကားပေးထားပြီး ထိုင်စေတဲ့အခါ ကလေးဟာ သူ့ကိုယ်သူ အနည်းငယ် ပိုထိန်းလာနိုင်တာ တွေ့ရမှာဖြစ်ပါတယ်။ သူ့ရှေ့မှာကစားစရာလေးတွေ ချပေးထားလိုက်ပြီး ကိုယ်လဲကျရင် မနာရလေအောင် သူ့အနားပတ်လည်မှာ ခေါင်းအုန်းလို ကူရှင်လိုတွေ ခံထားပေးရမှာဖြစ်ပါတယ်။ အနားမှာ သူ့ကိုကြည့်မယ့် တစ်ယောက်ယောက် ရှိနေသင့်တာမို့ သူ့တစ်ယောက်တည်း ပစ်ထားလို့တော့ မရပါ။

သူချစ်တဲ့သူတွေကို ဖက်ဟယ် ၊ နမ်းဟယ် လုပ်တတ်လာတဲ့အရွယ်ဟာလည်း ဒီအရွယ်ပါပဲ။ သူ့ကိုချီပါလို့ လက်ဆန့်မြှောက်ပြီးတော့လည်း ချီခိုင်းတတ်လာပါတယ်။ လူကြီးတွေ စနောက်တဲ့ အရွှတ် ၊ အနောက်စကားတွေကို သူကပါ ဟာသလုပ်ရယ်တတ်လာပြီလေ။ လူကြီးမိဘတွေ စကားပြောတဲ့အခါ ကောင်းကောင်းနားထောင်တတ်နေပြီး ဘာသာစကားဆိုတာတွေကို လေ့လာသိုမှီးနေပြီပေါ့။ ကလေးကိုသင်မယ့်စကား ဟာ ဒီမှာစ သတိထားရမှာဖြစ်ပါတယ်။ လူကြီးမိဘတွေကိုယ်တိုင်က ပြောင်စေ ၊ နောက်စေဖြစ်ဖြစ် မဟုတ်တာတွေ ကလေးကို မပြောမိအောင် ၊ ဆဲဆိုတာတွေ ကလေးမကြားဖြစ်အောင် သတိထားဖို့ အထူးလိုလာပါပြီ။

ကလေးဟာ သူ့နာမည်ကိုသူ သတိထားမိလာပြီး မိဘတွေခေါ်ရင် သူ့ခေါ်မှန်း သိလာပါပြီ။ သူ့အကြောင်းပြောရင် ခေါင်းလှည့်ကြည့်လာတတ်ပြီး သူ့အကြောင်းပြောနေတယ်ဆိုတာ သူသိကြောင်း ပြနိုင်လာပါတယ်။ သူစိတ်ဝင်စားရာ ကစားစရာလေးတွေကို ကောက်ကိုင်နေတတ်ပါပြီ။ လက်ထဲကပစ္စည်းတွေကို လှုပ်ကြည့်မယ် ၊ ကြမ်းနဲ့ဖြစ်ဖြစ် နံရံနဲ့ဖြစ်ဖြစ် ထုရိုက်လို့ အတွေ့အကြုံအသစ် ၊ ခံစားမှုအသစ်ဆိုတာကို သူ့ဟာသူ ရှာဖွေလာပါတယ်။ ကလေးကို ရင်ဘတ်နဲ့ မှောက်လျက် လဲလျောင်းပြီး ကစားတာကိုလည်း သင်ပေးနိုင်ပါတယ်။ ဒါဟာ ကလေးကို လည်ပင်းက ကြွက်သားတွေ ပိုမိုအားကောင်း သန်မာလာစေမှာဖြစ်ပြီး မြန်မြန်ထိုင်နိုင်လာမှာပါ။

BurmeseHearts Blog

ကလေးရဲ့ခြေထောက်တွေ မြန်မြန် ခပ်ဆန့်ဆန့်လေး ဖြစ်လာနိုင်ဖို့ဆိုရင် လူကြီးရဲ့ပေါင်ပေါ်မှာ သူ့ကိုဂျိုင်းအောက်က ကိုင်လို့ရပ်စေပြီး အခုန်သင်သလို မြှောက်ဟယ် ၊ ခုန်ဟယ်လုပ်ပေးတဲ့အခါ ကလေးရဲ့ ခြေထောက်ကြွက်သားတွေကို ပိုမိုသန်မာလာစေပါတယ်။ ဒီတော့ ခြေထောက်ကလေးက ခပ်မြန်မြန် ဆန့်လာမှာဖြစ်ပါတယ်။

ဘာကြောင့်ကလေးဟာ ဘူးချည်းပဲမှုတ်နေသလဲ ၊ တစ်သံတည်းထွက်ပြောနေသလဲဆိုရင် သူလုပ်နိုင်တာလေးကို ထပ်ခါတလဲလဲလုပ်ရင်း ကျေနပ်သင်ယူနေတာဖြစ်ပါတယ်။ ဘူးနိုင်ရင် ဘူးချည်မှုတ်နေမယ်။ တစ်ခွန်းပြောနိုင်ရင် ဒါပဲပြောနေမှာ ဖြစ်ပါတယ်။ လူကြီးမိဘတွေသိထားရမှာက သင်ခန်းစာဟောင်းကို ကျေညက်အောင် သင်ယူပြီးမှ သင်ခန်းစာအသစ်ကို စသလိုမျိုး ကလေးဟာ နောက်တစ်ခုကို မလုပ်တတ်ခင် ဒီတခုခုကို ထပ်ခါတလဲလဲ သင်ယူရင်း လုပ်ကိုင်နေမှာဖြစ်ပါတယ်။

ဒါကြောင့် သူဘူးချည်းမှုတ်နေရင် မမှုတ်နဲ့လို့သွားမတားရဘဲ အနားမှာရှိတဲ့ လူကြီးမိဘက သူ့လိုလိုက်လုပ်ပြတဲ့အခါ ကလေးရဲ့ ဘာသာစကား သင်ယူမှုစွမ်းရည်ကို ပိုအထောက်အကူဖြစ်စေပြီး ကလေးကို ပိုမိုသင်ယူလုပ်ကိုင်ဖို့ အားပေးရာရောက်စေပါတယ်။ ဒါ့အပြင် သူ့ကိုလည်း ပျော်ရွှင်စေတယ်လေ။ ကလေးကို စကားမြန်မြန် ပြောတတ်စေချင်ရင် သူ့ရှေ့မှာ အချိန်ပေးထိုင်ပြီး သူ့ကိုစကားပြောပေးရမှာဖြစ်ပါတယ်။

ဒီအရွယ်ဟာ လူကြီးတွေစားသောက်နေတဲ့အရာတွေကို လိုက်ကြည့်နေတတ်ပြီး သူပါစားချင်သလို ဆွဲနေတတ်ပြီလေ။ ဒါဟာ လူကြီးတွေ ဘာကြောင့်ဒါကို စားရသလဲ စူးစမ်းချင်တဲ့စိတ်ကြောင့်ဖြစ်ပြီး ဖြစ်နိုင်ရင် သူပါလိုက်စားလို့ ဒီအရသာကို စူးစမ်းခံစားချင်တဲ့စိတ်ဖြစ်လာတာပါ။ ဒီလိုဆွဲနေပြီဆိုရင်တော့ မိခင်နို့ ဦးစားပေးတိုက်ကျွေးရမယ့်သူ့ကို အခြားအစာတွေကိုလည်း စတင်မိတ်ဆက် ကျွေးမွေးလာနိုင်ပါပြီ။

ပြီးခဲ့တဲ့ လေးလအရွယ်မှာ အရည်လေးတွေ စတိုက်စ ပြုလာခဲ့တဲ့ လူကြီးမိဘတွေဟာ ကလေးယခုအရွယ်မှာတော့ အနည်းငယ် ပျစ်လာတဲ့ အစာတွေကို ကျွေးနိုင်ပါပြီ။ ဥပမာအားဖြင့် အာလူးပြုတ်ကလေးကို ထမင်းလေးနည်းနည်းထည့် ပြုတ်ရည်လေးစမ်းပြီး ဝါးကျွေးချင်ရင်ကျွေး ဒါမှမဟုတ် အဝတ်သန့်သန့် ၊ လက်သန့်သန့်နဲ့ တိုက်ချေပြီး ကျွေးလိုကကျွေးနိုင်ပါတယ်။

food masher

ကျွန်မတုန်းကတော့ အပေါ်ကပုံမှာ ပြထားတဲ့ ကိရိယာလေးကို ဝယ်ထားလိုက်တယ်။ အဲဒါက ချက်ပြုတ်ထားတဲ့ ထမင်း ၊ အာလူး ၊ မုန်လာဥနီ ၊ ရွှေဖရုံသီး စတဲ့ အစာတွေကို ကိုယ်လိုတဲ့ အနေအထားအထိ ချေပေးနိုင်တဲ့အပြင် အသီးတွေကိုပါ ချေပေးနိုင်တော့ ကလေး ကိုယ့်ဘာသာ ဝါးမစားနိုင်သေးတဲ့ အရွယ်အထိ အလွန်အသုံးဝင်တဲ့ ပစ္စည်းလေးပါ။ လတ်လတ်ဆတ်ဆတ်အစာတွေကို လတ်လတ်ဆတ်ဆတ်ချေ ၊ အဲဒီခွက်ထဲကနေ ချက်ချင်းခွံ့ကျွေးလို့လည်းရတာမို့ အသုံးဝင်လှပါတယ်။ နောက်ပိုင်းမှာလည်း မီးခိုချောင်သုံး ပစ္စည်းလေးအဖြစ် ဆက်အသုံးဝင်သေးတယ်။

ငါးလအရွယ်ကလေးနဲ့ အပြင်ထွက်ဈေးဝယ်မယ်ဆို ကလေးဟာ ပတ်ဝန်းကျင်သစ်ကို စူးစမ်းချင်တဲ့အရွယ်မို့ ခဏဆိုရင် ကောင်းပါတယ်။ ကြာကြာ ဈေးဝယ်မယ်ဆိုရင်တော့ ကလေးဟာ မပျော်မရွှင်ဖြစ်လာပြီး ငိုယိုအော်ဟစ်လာမှာဖြစ်ပါတယ်။ သူက ပတ်ဝန်းကျင်သစ်နဲ့ အထာမကျသေးဘူးလေ။ အချိန်ယူရဦးမယ်။ သူကြိုက်တတ်တဲ့ ကစားစရာတွေကိုလည်း ဒီအရွယ်ကစလို့ သူနဲ့အပြင်ထွက်တိုင်း အပါယူလာခဲ့ရမှာဖြစ်ပါတယ်။

သူ့အကြိုက် ကစားစရာလေးတွေပြရင် ငိုနေတဲ့ကလေးကို ခဏလောက်တော့ အငိုတိတ်စေမှာဖြစ်ပါတယ်။ ဒါပေမယ့် ခဏလေး ပျင်းရိငြီးငွေ့လာတတ်တဲ့ ဒီအရွယ်မှာ ခဏနေ ထပ်ငိုလာမှာဖြစ်ပါတယ်။ ဒီတော့ သူနဲ့အပြင်ထွက်ရင် ကြာကြာသွားရမယ့် ခရီးရှည်လိုမျိုး ၊ ကြာကြာဈေးဝယ်ထွက်တာလိုမျိုးတွေကို ရှောင်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ငိုနေတဲ့ကလေးကို စိတ်ရှည်ရှည် ချော့မော့ ထိန်းသိမ်းဖို့ပြင်ထားပေရော့။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like