Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အဆိုးမြင်တတ်သူများ – BurmeseHearts

အဆိုးမြင်တတ်သူများ

0

အနာဂါတ်ကောင်းချင်တယ်ဆို ပစ္စုပ္ပန်မှာ ကောင်းဖို့တော့လိုမယ်။
အနာဂါတ်ကောင်းချင်တယ်ဆို ပစ္စုပ္ပန်မှာ ကောင်းဖို့တော့လိုမယ်။

အဆိုးမြင်တတ်တဲ့သူတွေရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကတော့ အစစ်မှန်ဆုံးဆိုတဲ့ အရာတွေကိုပါပဲ။ အဆိုးပဲမြင်နေတတ်တဲ့အတွက် မေတ္တာစစ် ၊ မေတ္တာမှန်ကို ဆုံးရှုံးတယ်။ ဒါ့အပြင် ပျော်ရွှင်မှု အစစ်အမှန်ဆိုတာကိုလည်း ဆုံးရှုံးရတယ်။ နောက်ဆုံးမှာ အထီးကျန်ခံစားရမှုကို ဖြစ်ပေါ်စေတယ်။ ဘယ်သူမှ သတိမထားမိလည်း အကြောင်းကြောင်းကြောင့် စိတ်ဓါတ်ကျနေတာကို ခံစားရတယ်။

အဆိုးမြင်တတ်သူတွေက သူတို့အပေါ် ဘယ်သူတွေ ဘယ်လောက်ကောင်းပစေ အဆိုးမြင်တဲ့ဘက်က ကြည့်နေတတ်တော့ ဘယ်သူမှ သူတို့ရဲ့ အဆိုးမြင်တဲ့ဒဏ်ကို ရေရှည်မခံနိုင်ကြတဲ့အတွက် မေတ္တာစစ် ၊ မေတ္တာမှန်ထားတဲ့သူကိုတောင် ဆုံးရှုံးရတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပျော်ရွှင်မှုအစစ်အမှန်ဆိုတာကို ရှာမရဘဲ စိတ်ပျော်ရာပျော်ကြောင်း ကိုယ့်ဘာသာ ဖြေသိမ့်လို့ အစားထိုးနေကြရသူတွေ ဖြစ်ပါတယ်။ အကောင်းဆုံးဆိုတဲ့အရာတွေ ဘယ်လောက်ပဲ ဝန်းရံလို့ အနားမှာထားနိုင်ပါစေ သူတို့ဟာ ဒီအရာတွေဘေးမှာ ပျော်ရွှင်မှုအစစ်အမှန် ခံစားရဖို့ တောင့်တနေကြသူတွေပါ။

သူတို့ဘေးမှာ အခြွေအရံတွေ ၊ တပည့်တပန်းတွေ ၊ အောက်လက်ငယ်သားတွေ ပေါများပါစေဦး အဆိုးမြင်စိတ်ဓါတ်ခံကြောင့် ဘယ်တော့ သစ္စာဖောက်မလဲ သံသယအထပ်ထပ်နဲ့ ယုံကြည်မှုမဲ့နေသူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ သံသယက သူတို့ကို စိတ်မလုံခြုံမှုခံစားစေတယ်။ ဒီစိတ်မလုံခြုံမှုကြောင့်ပဲ စိုးရိမ်မကင်းစိတ်တွေနဲ့ ခြောက်ခြားနေတတ်သူတွေလည်း ဖြစ်တယ်။ တချို့ဆို ဒီလိုစိတ်တွေများတဲ့အခါ စိတ်ဖိစီးတဲ့ရောဂါလိုမျိုး ၊ နှလုံးရောဂါလိုမျိုး စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေအပြင် စိတ်ကြောင့်ကိုယ်မှာပါ ရောဂါတွေဝင်လာပါတယ်။

ကိုယ်ဘာလုပ်လုပ် အဆိုးပဲမြင်နေတဲ့သူကို ပေါင်းသင်းချင်ကြလား ။ ကိုယ်ဘာလုပ်လုပ် စိတ်တိုင်းမကျသူရှေ့ လုပ်ကိုင်နေရရင် ဘယ်လိုနေမလဲ။ ကိုယ်လုပ်ကိုင် ပြောဆိုသမျှကို အပြစ်ပဲတင်နေတဲ့သူကို ရေရှည်မှာ ဘယ်လိုဆက်ဆံသွားမလဲ။ ဒီအဖြေတွေရဲ့ ရလဒ်တွေအားလုံးကို အဆိုးမြင်ဝါဒီတွေက ခံစားကြရပါတယ်။ တခါတရံလောက် စိတ်အခန့်မသင့်လို့ အဆိုးမြင်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမြဲအဆိုးမြင်တတ်သူတွေကိုတော့ ဘယ်သူကမှ လက်ခံပေးလို့ မရဘူးပေါ့။

နဂိုစိတ်ရင်းမှာကိုက ဘာကြောင့်အဆိုးမြင်နေသလဲဆိုရင် သူ့စိတ်နုနယ်စဉ်အခါက သူတို့ အဆိုးမြင်တဲ့သူတွေကိုပဲ တွေ့ကြုံဆုံပြီး ကြီးပြင်းလာခဲ့ရလို့လည်း  ဖြစ်နိုင်ပါတယ်။ ဒီလူတွေရဲ့ အတွေး ၊ အပြောအဆို ၊ အပြုအမူ ၊ အလုပ်အကိုင်တွေက သူ့စိတ်ကို လွှမ်းမိုးသွားခဲ့ပြီး သူပါ ဒီလူတွေရဲ့အကျင့် ကူးသွားခဲ့တာဖြစ်ပါတယ်။ အကျင့်ကူးသွားတဲ့အဆင့်မှာ အချိန်မီပြန်ပြင်ပေးနိုင်ရင်ရပေမယ့် ဒီအကျင့်ကြီး စွဲသွားပြီဆိုရင်တော့ သူ့အစွဲကို သူကိုယ်တိုင်မချွတ်ချင်သရွေ့ အဆိုးမြင်ဝါဒကို လက်ကိုင်ထားမှာဖြစ်ပါတယ်။

သူတို့တွေဟာ ကောင်းတာကို ကောင်းတယ်လို့ ဝတ်ကျေတန်းကျေ ပြောဆိုဖို့ ခဲယဉ်းလှပေမယ့် ဆိုးတဲ့တစ်ချက်တွေ့တာနဲ့ ပယ်ပယ်နယ်နယ် ၊ ပျစ်ပျစ်နှစ်နှစ် ပြောဆိုတတ်သူတွေပါ။ သူတို့တွေဟာ ဒီလိုအဆိုးမြင်ပါမှ သူများတွေထက် နှာတဖျားသာတယ် ၊ ပိုမြင်နိုင်တယ် ၊ ပိုတွေးနိုင်တယ် ၊ အများထက်သာသူဖြစ်တယ်လို့ ယုံကြည်နေတာက သူတို့ကို ပိုမိုဆိုးရွားစေတဲ့အချက်လည်း ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူတို့ကို အဆိုးချည်းမြင်စေတတ်ဖို့ဖြစ်လာတာပါ။ ပြောရလွယ်တယ် ၊ လုပ်ရခက်တယ်ဆိုတဲ့သဘောလိုပါပဲ။ အကောင်းမြင်ဖို့သာခက်တာပါ။ အဆိုးမြင်ဖို့ကျတော့ အတော့်ကိုလွယ်ပါတယ်။ အဆိုးမြင်တတ်တဲ့သူတွေအတွက်ကတော့ အရာရာဟာ အဆိုးချည်း ဖြစ်လို့နေတတ်ပါတယ်။

BurmeseHearts Blog

လိုအပ်ချက်တွေများတဲ့ လောကကြီးမှာ ဝမ်းသာပျော်ရွှင်ရတဲ့အချိန်သာရှားတာ စိတ်ပျက် ၊ စိတ်ဆိုး ၊ စိတ်ဆင်းရဲရတဲ့ အချိန်တွေက လူ့ဘဝကြီးမှာ ပိုများတယ်မဟုတ်လား။ အလုပ်မှာအဆင်မပြေတဲ့အချိန် အိမ်ရောက်လို့ ကလေးငိုသံကြားရင် အလိုလိုစိတ်ပျက် ၊ စိတ်တိုနေတဲ့ကိုယ်က အနည်းဆုံး စိတ်ဆိုး ၊ မာန်ဆိုး ပြောဆိုမယ် ၊ စိတ်မထိန်းနိုင်တော့ရင် လက်ပါမယ်။ ချော့မော့ပြီး ကလေးဘာဖြစ်လို့ ငိုနေသလဲ ၊ မငိုအောင် ဘယ်လိုဖြည့်ဆည်းပေးရမလဲလို့ တွေးပေးနိုင်တဲ့မိဘ ရှားလာပါတယ်။

မိဘတွေရဲ့ ဆူပူရိုက်နှက် ၊ ဆဲဆိုကြိမ်းမောင်း ၊ ကလေး ကြောက်ပြီးတိတ်အောင် ခြိမ်းခြောက်တတ်တဲ့ စကားတွေကြောင့် ၊ အပြုအမူတွေကြောင့် ကလေးဟာ ဒီကနေ ဘာသင်ယူခဲ့နိုင်မလဲ။ မိမိစိတ်ရှုပ်ချိန် စိတ်ဒုက္ခပေးတယ်လို့ ယူဆရသူတိုင်းကို ဒီလိုပြောဆို လုပ်ကိုင်ရတယ်လို့ သင်ယူလိုက်ပါတယ်။

ကိုယ်ငိုနေတဲ့အချိန် လှောင်ပြောင်ခံခဲ့ရတဲ့ကလေးက နောင်တချိန် ကလေးတွေငိုအောင်အထိ လှောင်ပြောင်စနောက်ရတာကို အားသန်လာမယ်။ ကြောက်အောင် ခြိမ်းခြောက်လို့ အငိုတိတ်လာခဲ့ရတဲ့ ကလေးတွေက ငိုနေတဲ့ကလေးတွေတင်မက လူတွေသူ့ကိုမြင်တာနဲ့ ကြောက်ပြီးရှိန်နေတဲ့ အရသာကို ခုံမင်လာတယ်။ ဆူပူရိုက်နှက် ဆဲဆိုကြိမ်းမောင်းတာကို ခံခဲ့ရတဲ့ ကလေးတွေဟာ သူ့သားသမီးတွေကိုလည်း ဒီလိုပဲ ဆိုဆုံးမမှရမယ်ဆိုတဲ့ အစွဲကြီးဝင်သွားတော့တယ်။ ဘယ်လောက်ငိုယိုနေပစေ အကြိမ်ကြိမ် ပစ်ပယ်ထားတာကို ခံခဲ့ရတဲ့ကလေးတွေဟာ တပါးသူရဲ့ ဝမ်းနည်းအားငယ် ခံစားချက်တွေကို ပစ်ပယ်လာတယ်။ နှစ်သိမ့်ပေးရကောင်းမှန်း မသိတော့ဘူး။ တကယ်ဆို ဒီလိုမြင်ရ ၊ ကြားရတာကိုက သူတို့စိတ်ကို အနှောက့်အယှက်ပေးတယ်လို့တောင် ထင်လာတတ်ကြတယ်။ ဒီ့ထက်ဆိုးရင် ငိုတဲ့သူကို မငိုရ ၊ ဝမ်းနည်းတဲ့ပုံမနေရ ၊ စိတ်ထိခိုက်ပုံမဖမ်းရ ဆိုတဲ့အထိ သူ့လက်အောက်ကလူတွေကို စိတ်ခံစားမှု ပိတ်ပင်လာတတ်ပါတယ်။

ဘာလုပ်လုပ် အကောင်းအပြောမခံရတဲ့အပြင် အပြစ်ကမလွတ်နိုင်တဲ့ ကလေးရဲ့ခံစားချက်ကနေ ဘာကို သင်ယူသွားမလဲဆိုရင် ဘာလုပ်လုပ် အကောင်းမမြင်တတ်တဲ့ (အဆိုးမြင်စိတ်)ကို သင်ယူသွားခဲ့ပါတယ်။ ဒီတော့ တပါးသူကို ချီးမြှောက်ပြောဆိုဖို့ဝန်လေးပြီး အပြစ်တင်ဝေဖန်ဖို့ တက်တက်ကြွကြွဖြစ်နေတဲ့ မျိုးဆက်ကလေးတွေ ဖြစ်လာတာပေါ့။ အကောင်းမြင်တတ်တဲ့စိတ်ဟာ ကလေးဘဝကအစပျိုးမှ ရပေမယ့် အဆိုးမြင်တတ်တဲ့စိတ်ကတော့ ကလေးဘဝကမစလဲ ရေမြေလိုက်တတ်ပါတယ်။

အကောင်းမြင်စိတ်ကလေး အခြေခံထားတဲ့ကလေးတောင်မှ အဆိုးမြင်ဝါဒီတွေချည်း လုပ်ကိုင်နေတဲ့ လုပ်ငန်းဌာန ၊ နေရာအသီးသီးကိုရောက်သွားရင် ကျီးဖြူကလေး ဖြစ်နေတတ်ပါတယ်။ ဒီတော့ သူများနဲ့လျော်ညီအောင် ကိုယ့်စိတ်ကိုယ် အရောင်ဆိုးရင်း မူလ စိတ်ထားဖြူဖြူလေးဟာ မည်းညစ်သွားပါတော့တယ်။

ဥပမာ ဆဲဆိုကြိမ်းမောင်း နှိပ်စက်တတ်တဲ့ လက်နက်ကိုင်တပ်ထဲ နှစ်တွေနဲ့ချီပြီး ရောက်သွားတဲ့သူဟာ နဂိုစိတ်က ဘယ်လောက်ယဉ်ကျေး သိမ်မွေ့ပြီး အကောင်းမြင်နိုင်ပါစေ သူနေ့စဉ် မြင်တွေ့ ကြားသိနေရ ၊ လုပ်ကိုင်နေရတဲ့အလုပ်က သူ့စိတ်နဲ့တခြားစီမို့ သူဟာ သူ့စိတ်ကိုအလုပ်အနေအထားအတိုင်း ပြောင်းရင်ပြောင်း ၊ မပြောင်းရင် အသက်မွေးဝမ်းကျောင်းမှု အလုပ်ကို ပြောင်းသွားဖို့ပဲရှိတာပါ။ တပ်ထဲရောက်ပြီးမှတော့ အသက်မွေးဝမ်းကျောင်းမှုအလုပ် ပြောင်းဖို့ဆိုတာ ခက်သွားပြီဖြစ်တဲ့အတွက် စိတ်ကိုပဲ လွယ်လွယ်ကူကူ အများနဲ့တန်းတူ ပြောင်းလိုက်ကြတာ များပါတယ်။ (ဆဲဆိုကြိမ်းမောင်း နှိပ်စက်တတ်တဲ့ လက်နက်ကိုင်တပ်လို့ ဆိုထားတယ်နော်။ ဘယ်တပ်လို့ မဆိုထားဘူး။ အစိုးရတပ်ဖြစ်နိုင်သလို တိုင်းရင်းသားတပ်တွေလည်း ဖြစ်နိုင်တယ်။ အိုးမလုံအုံပွင့်ပြီး နာနေကြမှာစိုးလို့ပါ။)

နောက်ဆုံး အသိမ်မွေ့အနူးညံ့ဆုံးဖြစ်တဲ့ ဘာသာရေးအသင်းတွေထဲမှာ ၊ လူမှုရေးအသင်းတွေထဲမှာ ၊ ပရဟိတဆိုတဲ့အသင်းတွေထဲမှာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုး လုပ်တယ်ဆိုတဲ့သူတွေတောင် စိတ်ထားလေးတချက် မှားယွင်းလိုက်တာနဲ့ အလုပ်လည်း မှားတော့တာပဲ။ သူများလှူထားတဲ့အထဲက ကိုယ်ကျိုးသုံးမယ် ၊ ကြားဖြတ်ယူမယ် ၊ သူများရဲ့လေးစားရိုသေမှုကို ခုတုံးလုပ်မယ် ၊ အမြတ်ထုတ်မယ် ၊ မူရင်းရည်ရွယ်ချက်ကနေ လမ်းလွဲလာတဲ့သူတွေလည်း အများအပြားရှိပါတယ်။ (လုပ်တဲ့သူတွေကို ပြောတာနော်။ မလုပ်တဲ့သူတွေ မနာကြနဲ့ဦး။)

ဒါဟာ ဘာကိုပြနေသလဲဆိုတော့ လိုချင်ရမက်လောဘတွေ ဖုံးသွားတဲ့အခါမှာ ကိုယ့်နဂိုမူရင်းစိတ်ထားနဲ့ လုပ်ရပ်ဟာ ကွဲလာတော့တယ်။ သန္ဓေတည်ထားတဲ့ နဂိုစိတ်ထားကောင်းသူတွေက ဒီလုပ်ရပ်ကို လိပ်ပြာမလုံ ရှက်တတ်ပေမယ့် တချို့တွေကျ လုပ်ကျင့်ကိုင်ကျင့်ဖြစ်သွားတော့ ရှက်ရကောင်းမှန်းကို မသိတော့တာ ။ ဒါဟာ နေ့တဓူဝအလုပ်ဖြစ်နေတယ်။ ဆဲသံကြီးပဲကြားနေတော့ အဆဲလေးပါတဲ့အပြောမှ နားဝင်ချိုလာသလို ကိုယ်တိုင်ကလည်း ပျစ်ပျစ်နှစ်နှစ် ဆဲဆိုပြောရတာကို အရသာတွေ့လာတယ်။ အဖန်ဖန်နှိပ်စက်မှုခံ ၊ အခိုင်းခံခဲ့ရသူတွေက အလှည့်သာတာနဲ့ တပါးသူကို နှိပ်စက်ဖို့ ၊ ခိုင်းဖို့ကိုပဲ ရှာကြံတွေးတယ်။ သူများကို စိတ်ဒုက္ခပေးလိုက်ရမှ ကျေနပ်တယ်။

ဒီလိုမိဘတွေက မွေးလာတဲ့ကလေးတွေဟာ ဒီလိုအကျင့်ပါလာမှာဖြစ်ပြီး ဒီမျိုးဆက်တွေက ဒီစိတ်ဓါတ်တွေပြန့်ပွားပြီး ဒီလိုလုပ်တာဟာ နာစရာမဟုတ်ဘူး ၊ တခါတရံ စေတနာအပြော ၊ စေတနာအလုပ်လို့တောင် ယူမှတ်မှားလာကြတယ်။ ကိုယ့်မျိုးဆက်တွေကို ဒီလိုမျိုး မဖြစ်စေချင်ဘူးဆိုရင် ကိုယ်တိုင်က ပြောင်းလဲရမယ်။ ကိုယ့်ဝန်းကျင်ကိုလည်း ကောင်းတဲ့ဘက် ပြောင်းလဲနိုင်ရင် ပိုကောင်းတယ်။ ဒီအသိုင်းအဝန်းက ဒီလုပ်ရပ်ကို မနှစ်မြို့ရင် ဒီအသိုင်းအဝန်းက ရုန်းထွက်နိုင်အောင် ကိုယ့်မျိုးဆက်တခေတ်ကို ကိုယ်တိုင်က ထူထောင်ရမယ်။ ကိုယ့်မိဘရဲ့စာရိတ္တနဲ့ ဗီဇကို ပြောင်းလဲပစ်လိုက်ဖို့ မဖြစ်နိုင်ပေမယ့် မိမိစာရိတ္တကို မိမိမျိုးဆက်အတွက် မိမိကိုယ်တိုင် အကောင်းဆုံး ကျင့်ကြံနေထိုင်လိုက်တဲ့အခါ ကိုယ့်သားသမီးအတွက် ကိုယ်ဟာ စံပြဖြစ်သွားမယ်။

ကိုယ့်သားသမီးကြီးပြင်းလာတဲ့အခါမှာ ကိုယ်မျိုးစေ့ချထားခဲ့တဲ့ ကောင်းမွန်တဲ့စာရိတ္တဟာ သူ့မျိုးဆက်အလိုက် ပါသွားမှာဖြစ်ပါတယ်။ အတိတ်ကမကောင်းခဲ့နိုင်ပေမယ့် ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်ပါ။ ဒီအခါ ပိုမိုကောင်းမွန်တဲ့ အနာဂါတ်ကို တချိန်မှာ ရရှိလာမှာဖြစ်ပါတယ်။ ကိုယ်တိုင်က ဇွဲရှိရှိနဲ့ မဆုတ်မနစ် လုပ်သွားဖို့တော့ လိုပါတယ်။ စာရိတ္တကောင်းမွန်ပြီး အကောင်းမြင်တတ်တဲ့ နောင်မျိုးဆက်တွေ များတဲ့အခါမှာ စာရိတ္တကောင်းမွန်တဲ့လူငယ်လေးတွေ ရေးဆွဲတဲ့ ကောင်းမွန်တဲ့ဥပဒေ ၊ ကောင်းမွန်တဲ့စည်းကမ်း ၊ ကောင်းမွန်တဲ့ အနာဂါတ် အစီအစဉ်တွေကို အနာဂါတ်မျိုးဆက်သစ်တွေက ခံစားရမှာဖြစ်ပါတယ်။ မိဘတွေကိုယ်တိုင်က ဒီလိုမျိုးဆက်သစ်တွေကို ထူထောင်သွားဖို့တော့ လိုတယ်လေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like