Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လောကကြီးထဲ ချို့တဲ့လာတဲ့အရာ – BurmeseHearts

လောကကြီးထဲ ချို့တဲ့လာတဲ့အရာ

0

တရိစ္ဆာန်မွေးမြူရေးလုပ်ငန်းဆိုကတည်းက တရိစ္ဆာန်တွေကို လုပ်ငန်းအဖြစ် မွေးမြူနေကြတာပါ။ ဘာအတွက် မွေးမြူသလဲဆိုတော့ လူတွေစားဖို့အတွက် တရိစ္ဆာန်တွေကို စီးပွားဖြစ် မွေးမြူထားကြတာပါ။

ဒီလုပ်ငန်း လုပ်ကိုင်သူတွေဟာ လူတွေစားဖို့ တကူးတကမွေးမြူကြတာပါ။ ဒီတရိစ္ဆာန်တွေရဲ့ ကံကြမ္မာက သူတို့တွေကို ၀ယ်မယ့်၊ စားမယ့် လူတွေလက်ထဲမှာ မူတည်နေပါတယ်။

အသားစားသူများရင် တရိစ္ဆာန်များများသေမယ်။ အသားစားသူနည်းရင် တရိစ္ဆာန်နည်းနည်းပဲသေမယ်။ မွေးကတည်းက သတ်စားခံရဖို့ မွေးလာခဲ့ကြတာပါ။ အသားစားသူနည်းရင်(အသားဝယ်လိုအားနည်းရင်)ဘယ်မွေးမြူရေးလုပ်ငန်းရှင်ကမှ အရှုံးခံပြီး ဒီတရိစ္ဆာန်တွေမွေးမထားပါဘူး။

ဒီမွေးမြူရေး တရိစ္ဆာန်တွေရဲ့ဘ၀ဟာ သေဖို့ အစာစားနေရတာပါ။ သေဖို့ ကြီးထွားလာကြတာပါ။ သူတို့ကို အစားအစာနဲ့ရေ၊ နေစရာပေးထားသူတွေကလဲ ချစ်လို့ပေးထားတာမဟုတ်ဘဲ များများစား၊ မြန်မြန်ကြီး၊ မြန်မြန်ငွေပေါ်ဆိုတဲ့စိတ်နဲ့ မွေးထားကြတာပါ။

အခုခေတ်ကြီးက သည်းခံနိုင်စွမ်းနည်းလာတော့ သူ့သဘာဝအလျောက် ပုံမှန်ဖွံ့ဖြိုးကြီးထွားတာမျိုးကို အချိန်ပေး မစောင့်နိုင်ကြပါဘူး။ အချိန်နဲ့ငွေကို တိုင်းတာတွက်ချက် လာနေကြပါပြီ။

ဒါကြောင့်ပဲ အပင်တွေဆိုလဲ မြန်မြန်ကြီးထွားဖို့ ဓာတုဗေဒဆေးတွေ သုံးကြတယ်။ အပင်တွေပိုးမကျအောင် ဓာတုဗေဒပိုးသတ်ဆေးတွေ သုံးကြတယ်။ တရိစ္ဆာန်တွေလည်း ကာလတိုတိုနဲ့ မြန်မြန်ကြီးထွားဖို့ အသားတိုးဆေးတွေ ထိုးကြတယ်။ တရိစ္ဆာန်နာကျပြီး တစ်ကောင်နဲ့တစ်ကောင် ကူးပြီးမသေအောင် ၊ လူတွေကို မကူးအောင် ကာကွယ်ဆေးတွေ ထိုးကြတယ်။

ဓာတုဗေဒဆေးတွေ သုံးထားတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို လူတွေကစားကြတယ်။ ဒါတွေစားပြီး လောလောလတ်လတ် သေသွားတဲ့လူအရေအတွက် အရမ်းကိုနည်းပါးလွန်းတဲ့အတွက် ဘာဘေးဥပါဒ်မှ မရှိသလို ဒီဓာတုဗေဒဆေးသုံးပြီး စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါးတွေကို နေ့တဓူဝ လူတွေစားနေကြပါတယ်။ ရေရှည်မှာ ဘာတွေဖြစ်နိုင်ပါသလဲ။

မဖွံ့ဖြိုးသေးခင် ဟိုးရာစုနှစ်တွေက မကြားခဲ့ဖူးတဲ့၊ မမြင်ဖူးတဲ့ရောဂါတွေ ပေါ်လာ၊ ဖြစ်လာနေကြတာ ဘာကြောင့်ပါလဲ။ လတ်တလော ရှာဖွေတွေ့ရှိချက်တွေက ဘယ်အင်္ဂါအစိတ်အပိုင်း အားနည်းလို့၊ ဘာဓာတ်ချို့တဲ့လို့ စသဖြင့် ဒီရောဂါတွေ ဖြစ်စေတဲ့ အကြောင်းအရာများစွာကို စမ်းသပ်တွေ့ရှိနေကြောင်း ကြားရ၊ မြင်ရမှာပါ။ ဘာကြောင့် ဒီလိုကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အားနည်းရပါသလဲ။ ဘာကြောင့် ဒီဓာတ်တွေ ချို့တဲ့လျော့နည်းရပါသလဲ။ ဒီအကြောင်းအရင်းတွေ ဘယ်မှာ အခြေခံနေပါသလဲ။

ကျွန်မခံစားရသလောက်ပြောရရင် လူတွေရဲ့စိတ်ထဲမှာ မေတ္တာဓာတ်အားနည်းနေတဲ့အတွက် ၊ မေတ္တာဓာတ်ချို့တဲ့နေတဲ့အတွက် အကြောင်းအကျိုးဆက်အနေနဲ့ မကြားဖူးတဲ့ရောဂါ၊ မကြုံဖူးတဲ့ဖြစ်ရပ်တွေ ဖြစ်နေကြတယ်လို့ဆိုရင် လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိတာမို့ မှားတယ်ထင်ကောင်းထင်မှာပါ။ မှားကောင်း မှားနိုင်ပါတယ်။ မှန်ကောင်းမှန်နိုင်ပါတယ်။ လွတ်လပ်စွာ ကြိုက်သလို တွေးခေါ်ဆုံးဖြတ်နိုင်ပါတယ်။

စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းတွေ မပေါ်သေးတဲ့အချိန်က အမဲလိုက်ပြီး တွေ့တဲ့အကောင်ကို ပစ်သတ်စားရင်းနဲ့ အသားတွေရဲ့ အရသာကို သိလာတာပါ။ သိလာတော့ ရှာဖွေပြီးတော့ကို စားလာကြတယ်။ စားတဲ့သူများလာတော့ စီးပွားဖြစ်လုပ်လာကြရင်းနဲ့ ဒီမွေးမြူရေးလုပ်ငန်းတွေ ပေါ်လာကြတာပါ။

မျောက်သားစားချင်ရင် မျောက်မျက်နှာကို မကြည့်နဲ့ဆိုတဲ့ စကားပုံအတိုင်း ကိုယ်စားတဲ့တရိစ္ဆာန်ရဲ့ ခံစားချက်ကို မကြည့်နေ၊ ထည့်တွက်မနေကြတော့ပါဘူး။

ဒီသတ္တ၀ါတွေဟာ လူစားဖို့ဖြစ်လာကြတာလို့ ခံယူတဲ့သူတွေများနေတော့ ဒီအသားတွေဘယ်ကရောက်လာသလဲ၊ ဘယ်လိုပုံနဲ့ ရောက်လာသလဲဆိုတာ စိတ်မ၀င်စားတော့ဘူး။ စိတ်ဝင်စားတဲ့သူအများစုဟာ ဒီသတ္တ၀ါတွေကို ကြင်နာသနားစိတ်ထက် ဘယ်နိုင်ငံက တင်ပို့လိုက်တာလဲလို့ နိုင်ငံကြီး၊ နိုင်ငံသေး၊ ယုံရ၊ မယုံရ ဆန်းစစ်တဲ့သူက များလာပါတယ်။

ဘယ်နိုင်ငံမှာမွေးမွေး၊ ဘာအသားအရောင်ဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လူဟာ လူပါပဲ။ တရိစ္ဆာန်တွေလဲ အတူတူပါပဲ။ ဘယ်နေရာက ဒီအသားတွေထုတ်ထုတ် ဒါတွေဟာ ကိုယ်စားဖို့သေပေးရတဲ့ သတ္တ၀ါတွေပါပဲ။

အားလုံးလက်ခံထားတဲ့ ခံယူချက်အတိုင်း ပြောရရင် လူတွေ ပိုတွေးခေါ်မျှော်မြင်တတ်လာတာနဲ့အမျှ တန်ဖိုးတွေ သိလာပါတယ်။ တန်ဖိုးတွေသိလာတာနဲ့အမျှ ဒီတန်ဖိုးတွေ ထိန်းသိမ်းဖို့၊ ဆထက်တပိုး တိုးပွားဖို့ အာရုံစိုက်လာကြပါတယ်။ ဒီလိုအာရုံစိုက်လာတော့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာတယ်။ ဒီအရင်းအမြစ်တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာရင်း ကမ္ဘာကြီးက ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုပါစို့။

ဘယ်အရာမဆို အကောင်း၊ အဆိုး ဒွန်တွဲနေတတ်တာမို့ ခေတ်ကြီးက ဖွံ့ဖြိုးတိုးတက်လေလေ မေတ္တာဓာတ်က လျော့နည်းလာလေလေပါပဲ။ မေတ္တာဓာတ်တွေ လျော့နည်းလာတော့ ကိုယ့်အကျိုးစီးပွားသာလိုလားတဲ့ အတ္တစိတ်က ကြီးလာပါတယ်။

ဒီအတ္တစိတ်ကြောင့်ပဲ ကိုယ့်အတ္တက ဖုံးထားတော့ ကိုယ်လိုချင်တာပဲသိပြီး သူများအတွက်၊ သူများခံစားချက်၊ သူများဘက် ကိုယ်ချင်းစာစိတ်တွေ အားနည်းလာပါတယ်။ မေတ္တာဓာတ်တွေ ချို့တဲ့လာပါတယ်။

ကိုယ်စားတဲ့ သတ္တ၀ါတွေက ကိုယ်စားဖို့အတွက် သေပေးရပါတယ်။ လူတွေများ သူများစားဖို့ သေပေးမယ့်နေနေသာသာ အသားထိဓားကြည့် ဆိုတဲ့သူတွေက ပိုများပါတယ်။ ကိုယ့်မထိဘဲနဲ့ အသားလွတ် လူလိုက်သတ်တာတွေ၊ ရန်ငြိုးမရှိဘဲသေနတ်နဲ့ ပစ်ခတ်နေတာတွေ၊ အသေခံဗုံးခွဲသတ်နေတာတွေရဲ့ အခြေခံဟာ မေတ္တာဓာတ် ချို့တဲ့နေလို့ပါ။

ဟိုးအရင်က ရန်ငြိုးရှိမှ ၊ နယ်မြေလုလိုမှ ၊ ဘက်လိုက်လိုမှ တိုက်ခိုက်သတ်ဖြတ်တတ်ပေမယ့် အခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ကိုယ်နဲ့ရန်ငြိုးမရှိတဲ့ လူတွေလည်း အသတ်ခံရနိုင်တယ်။ ရန်ငြိုးရှိလဲအသတ်ခံရနိုင်တယ်။ စိတ်ဓာတ်ကျလည်းသတ်တယ်။ ဘာမှမဟုတ်လည်းသတ်တယ်။ သတ်ချင်လို့ကိုသတ်တယ်လို့ ဆိုရမလိုတောင် ဖြစ်နေပါတယ်။ ဒီလူ့ကို သတ်ဖြတ်လို့ အပြစ်ဒဏ်ပေးလိုက်လဲ နောက်လူဆိုတာ ပေါ်လာတတ်တာပါပဲ။

လူတွေလုပ်တဲ့ လက်နက်တွေနဲ့ လူတွေကို ပြန်သတ်တယ်။ လူတွေကို ဒုက္ခပေးတယ်။ ကမ္ဘာပေါ်မှာ ရှိရင်းစွဲ လူဦးရေတိုးပွားလာသလို၊ ဒီလိုလူတွေတီထွင်တဲ့ နည်းပညာတွေ တိုးပွားလာသလို၊ ဒီလူတွေအကျိုးစီးပွားတိုးပွားလာသလို၊ ဒီလူတွေခံစားရတဲ့ ရောဂါဆန်းတွေလဲ တိုးပွားလာသလို၊ ဒီလူတွေရှာနေတဲ့ ပြဿ      နာတွေဟာလည်း တိုးပွားလာနေပါတယ်။

တန်ပြန်အားဖြင့် လျော့ပါးချို့တဲ့လာတာကတော့ မေတ္တာဓာတ်တွေပါပဲ။ မေတ္တာကို အခြေမခံထားတော့ ကိုယ်ချင်းစာစိတ်မရှိဘူး။ ကိုယ်ချင်းမစာတတ်တော့ ကိုယ့်အတ္တကို မသိတော့ဘူး။ အတ္တကြီးတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာ ပိုင်းခြားမနေတော့ဘဲ လုပ်ချင်တာတွေကိုလုပ်ပြီး ငြိမ်းချမ်းမှုတွေ ပျက်ပြားလာတယ်။ ဒုက္ခတွေများလာတယ်။ ဒီလိုဒုက္ခတွေက ကင်းဝေးပြီး အချင်းချင်း မေတ္တာပေးလို့ ကမ္ဘာမြေကြီး ငြိမ်းအေးပါစေ ၊ ကမ္ဘာပေါ်က သက်ရှိ ၊ သက်မဲ့တွေလည်း ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းရင်း ……

အမှုန် (Burmesehearts.com)

You might also like