Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရေသူမများနှင့်ကျွန်တော် – BurmeseHearts

ရေသူမများနှင့်ကျွန်တော်

0

ကျွန်တော်တို့ယောက်ျားလေးသူငယ်ချင်း ခြောက်ယောက်အပန်းဖြေခရီးအဖြစ် ငွေဆောင်ကို ခရီးထွက်ခဲ့ပါတယ်။ ယောက်ျားလေးခြောက်ယောက်မို့ တစ်ယောက်ကိုတစ်ယောက် ချောက်ချရင်း၊ ဟားတိုက်ရင်း၊ ပိုကာဆွဲရင်း၊ ဂစ်တာတီးရင်း၊ စော်ငမ်းရင်း၊ ရေကူးရင်း၊ ပုလင်းထောင်ရင်းနဲ့ ကမ်းခြေအရသာကို မိမိရရခံစားနေကြပါတယ်။

တစ်ရက်ကနှစ်ရက်၊ သုံးရက်ဖြစ်လာတော့ ဒီလိုနေရတာပျင်းလာပါတယ်။ ဒီတော့ စော်တွေကို ဂွင်ဖန်မယ်ဆိုပြီး သောင်ပြင်မှာအချိန်ကုန်ဖို့ ကြိုးစားပါတော့တယ်။ မနက်ဖန်ဆို ပြန်ပြီလေ။ ပြန်တဲ့အထိ ဇယားမရှိခဲ့ဘူးဆို ဟိုမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေကြား မျက်နှာဘယ်သွားထားရမလဲ။ ဒါက ကျွန်တော်တို့ ယောက်ျားလေးအထာ။ ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာဘဲ ဒီအထာဖြစ်ချင်ဖြစ်နေမှာပေါ့။ ယောက်ျားလေးတိုင်းလို့တော့ မဆိုလိုပါဘူး။(တော်ကြာ ကြောင်သူတော်ဘဲတွေက တင်းပြီးထဟောင်နေဦးမယ်ဗျာ။)

ဒီလို သောင်ပြင်မှာထိုင်ဂစ်တာတီးတဲ့သူကတီး၊ စက်ဘီးစီပြီး ကြောင်ဇတ်လမ်းရှာသူရှာ၊ ဓါတ်ပုံရိုက်ပေးရင်း ရောတဲ့သူကရောနဲ့ ကျွန်တော်တို့ ကိုယ့်အထာနဲ့ကိုယ် အကွက်ရွှေ့ကြတာပေါ့။ ကျွန်တော်က ဘန်ဂလိုရှေ့နားမှာ စက်ဘီးစီးရင်း အထုပ်တွေ မနိုင်မနင်းနဲ့ သယ်နေတဲ့ မချောလေးယောက်ကို တွေ့လိုက်ရတော့ အမှန်ပြောရရင် အတော်ပျော်သွားပါတယ်။ ဂွင်ဖန်လို့ရပြီလေ။ ဘာရယ်လို့ လေးလေးနက်နက်မဟုတ်ပေမယ့် လူငယ်သဘာဝပေမို့ ငါကဘယ်လိုစပြီး ဘယ်လိုဇယားဆွဲလိုက်တာလို့ စကားဝိုင်းကို ဆရာကြီးအထာနဲ့ ဦးဆောင်လို့ရသွားပြီလေ။

ကျွန်တော်က စက်ဘီးကို ဒေါက်ထောင့်ရပ်လိုက်ပြီး နိုင်လား၊ ကူပေးရဦးမလား ဘာညာနဲ့ ၀င်ရောလိုက်ပါတယ်။ အသက်၂၅နှစ်က၂၇နှစ်အရွယ် ကောင်မလေး(၄)ယောက်က ကျွန်တော်တစ်ယောက်တည်းနှင့် သူတို့က အုပ်စုတောင့်၍ထင်သည်။ လာပါ၊ ကူပါနှင့် စကားတွေ ရွှန်းရွှန်းဝေ၊ အထုပ်တွေကူသယ်ခိုင်း၊ အအေးနှင့် စားစရာတွေထုတ်ကျွေး စသဖြင့် မြန်မြန်အဖွဲ့ကျသွားသည်။ ကျွန်တော်တို့စကားအဖွဲ့ကျနေတုန်း ကျွန်တော့်စက်ဘီးကို တစ်ယောက်တစ်လှည့် နင်းပြီး သဘောကျနေကြသေးသည်။

ဒါနဲ့ပဲ ကမ်းခြေရေဆင်းကစားဖို့ချိန်းပြီး ကိုယ့်ကောင်တွေကို ပတ်ကြွားဖို့ စက်ဘီးအပြေးနင်းပြီး ဘန်ဂလိုပြန်လာခဲ့သည်။ ခြောက်ယောက်လေးယောက် မမျှပေမယ့် မပြန်ခင် ဘော်ဒါသစ်ရပြီမို့ မကြောင်ရလဲ ကိစ္စမရှိသည့်သူများပေါ်လာသည်။ ဒီလိုနဲ့ ကောင်မလေးတွေနှင့် ရေဆင်းကစားဖို့ချိန်းထားသည့်နေရာသို့ အားလုံးထွက်ခဲ့သည်။ ရေမဆော့ခင် ကောင်မလေးတွေကို ဓါတ်ပုံတွေရိုက်ပေး၊ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်စနောက်ပြီး လူငယ်သဘာဝ ကမ်းခြေက ပို၍ပျော်ရွှင်စရာဖြစ်လာသည်။

ပြီးတော့ ဘောလုံးနှင့် ခွေးရူးလိုက်တိုင်း ကစားကြ၊ သဲတွေနှင့် အပြိုင်ပေါက်ကြ၊ သောင်ပြင်ပေါ် ပုံဆွဲပြီး စာရေးကြ၊ သဲနန်းတော်တွေဆောက်ကြ၊ ကောင်မလေးတွေဘောကွင်းကို ရေနက်ထဲခေါ်သွားပြီးခြောက်ကြဖြင့် အရင်နေ့တွေကထက် ပိုပျော်ရွှင်စရာကောင်းလာသည်။ ဒီလိုနှင့် ညနေစောင်းလာကာ ဆည်းဆာချိန်ကို အတူတူကြည်နူးကြရင်း အချိန်တွေ အကုန်မြန်တာနှမျောနေကြသည်။ မနက်ဖန်ဆို ကျွန်တော်တို့က မနက်(၇)နာရီထွက်မည့်ကားဖြင့် ပြန်ကြရမည်ဖြစ်သည်။

ပျော်ရတာမ၀သေးတာမို့ ညဘက် မီးပုံပွဲစုလုပ် ကစားရင်း ညစာအတူစားကြဖို့ သဘောတူချိန်းလိုက်ကြသည်။ ဘန်ဂလိုပြန်ကြတော့ (၇)နာရီထိုးနေပြီ။ ချိန်ထားတာက (၈)နာရီ။ ကျွန်တော်တို့က ယောက်ျားလေးမို့ ရေချိုးအ၀တ်လဲရုံအပြင် ဘာမှထွေထွေထူးထူး မရှိပေမယ့် မိန်းကလေးဘာသာဘာဝ ရေချိုး၊ အ၀တ်လဲ၊ အလှပြင်ဦးမည်မို့ ကျွန်တော်ပြင်ဆင်ပြီးပါက သူတို့အားလာခေါ်ရန် မချောတစ်သိုက်က အမိန့်ချလိုက်သည်။ ကျန်သည့်ကောင်တစ်ချို့က မီးမွှေးတဲ့သူမွှေး၊ မုန့်ဝယ်တဲ့သူဝယ်၊ ဂစ်တာကြိုးညှိတဲ့သူညှိနှင့် ကျန်ခဲ့သည်။

အချိန်က ည(၈)နာရီထိုးပြီး(၅)မိနစ်။ သူမတို့ ဘန်ဂလို မလှမ်းမကမ်းမှလှမ်းကြည့်တော့ သူမတို့ အခန်းတံခါးအဆင်သင့် ပွင့်နေတာတွေ့လိုက်တာမို့ စောစောပြီးကြသားပဲဟုတွေးမိသည်။ အခန်းရှေ့အရောက် လူကလဲ ပြီးကြပြီလားဟေ့ လို့အော်ရင်း အခန်းထဲလှမ်းကြည့်လိုက်တော့ အခန်းတစ်ဝက်လောက်မှာ ၀မ်းလျားမှောက်ပြီး ဂဏ္ဏန်းသွားသွားနေတဲ့ သူတို့ထဲက အသွက်ဆုံးကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ကျွန်တော် ပူထူသွားတာဗျာ အာမေဋိတ်တောင် မထွက်နိုင်တော့တဲ့အထိဘဲ။ အဲဒီကောင်မလေးက အ၀တ်လုံးဝမပါဘဲ မွေးရာပါကိုယ်လုံးနဲ့ဗျ။

ကျွန်တော့်အသံကြားပြီး ကျွန်တော့် မြင်မြင်ချင်းကောင်မလေးက အားဟုကုန်းအော်တော့သည်။ သူမ၏အားဟုအော်သံနောက်တွင် နောက်ကောင်မလေးများ၏ အသံမျိုးစုံအော်သံနှင့်အတူ သူတို့ထဲက ဘယ်သူက ရေချိုးခန်းမီးယောင်ဖွင့်လိုက်သည်မသိ။ ရေချိုးခန်းဝတွင် အသွက်ကလေးတွားလျားသွားတာ ကုန်းကြည့်နေကြသည့် မချောတသိုက်ကို အထင်းသား ဘွားခနဲ တွေ့လိုက်ရသည်။

တစ်ယောက်ထဲ အ၀တ်မပါမြင်လိုက်ရတာတောင် ကျွန်တောင်ကြောင်အသွားရင် ဒီမချောတသိုက်ကို အ၀တ်မပါဘဲတွေ့လိုက်ရတော့ ကျွန်တော့်မျက်လုံးတွေ ပျူးပြီးပြာထွက်သွားတာပဲ။ ခေါင်းမရိုက်ချဘဲနဲ့ အတိတ်မေ့သွားသလို ကျွန်တော်ပါးစပ်အဟောင်းသားနဲ့ ဒူးတောင်ခွေကျသွားချင်ပါတယ်။ ဒါပေမယ့် ခွေမကျရဲသေးပါ။ ကောင်မလေးတွေ၏ အော်သံဆူညံနေတာမို့ နောက်အခန်းတွေက ထွက်ကြည့်လာရင် ကျွန်တော် အချောင်ရိုက်ခံထိမှာစိုးတာမို့ တစ်ခွန်းအော်ပြောခဲ့ကာ သောင်ပြင်ဘက် တရှိန်ထိုးပြေးထွက်လာခဲ့သည်။ ကျွန်တော်အော်ပြောခဲ့တာက

“မီးသာပိတ်လိုက်ပါဟ။ ငါဘာမှ မမြင်ပါဘူး။”

အုန်းပင်အောက်တစ်ယောက်တည်းထိုင်ရင်း ဖိုလှိုက်နေတဲ့ရင်ကို ဖိရင်းအမောဖြေရသည်။ ပြေးလာလို့ရင်တွေဖိုနေတာလား၊ မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ကို ဖိုစေတာလားမသိပေမယ့် ကျွန်တော် ကောင်မလေးတွေ၏ဘန်ဂလိုကို ပြန်မသွားဖြစ်တော့သလို မီးပုံပွဲက သူငယ်ချင်းတွေဆီလဲ မသွားဖြစ်တော့။ မြင်ခဲ့ရတဲ့ ကျွန်တော်တောင် သူတို့ကို ရင်မဆိုင်ရဲရင် သူတို့ကိုယ်တိုင်ကလည်း ကျွန်တော့်ကို ဘယ်လို မျက်နှာချင်းဆိုင်ရဲကြပါ့မလဲ။ ထိုည အတော်ညဥ့်နက်သည်အထိ အုန်းပင်အောက်မှာပဲ ဘီယာနှင့်အမြည်းမျှောချရင်း ကျွန်တော့်ဘာသာလဲ စိတ်တွေ မျှောချခဲ့ပါသည်။

မနက်မိုးမလင်းတလင်းမှ ပြန်ဖို့အထုပ်တွေပြင်ဆင်နိုင်ရန် ဘန်ဂလိုပြန်ဖြစ်သည်။ သူငယ်ချင်းတွေအပြောအရ အသွက်ဆုံးကောင်မလေးတစ်ယောက်သာ မီးပုံပွဲမလာဖြစ်ဘဲ ကျန်တဲ့ကောင်မလေးတွေက မီးပုံပွဲသို့ ခဏလာခဲ့ပြီး အသွက်ကလေးကို စိတ်မချလို့ဟုဆိုကာ ပြန်သွားခဲ့ကြောင်း ၊ ကျွန်တော့်ကိုလည်း သူငယ်ချင်းများက ဟို ဒီ လိုက်ရှာခဲ့ကြကြောင်း ဆိုခဲ့သည်။

သူ့လိပ်စာ ၊ ကိုယ့်လိပ်စာ ဖလှယ်ခဲ့ဖူးပြီး ဓါတ်ပုံတွေ ကူးပို့တဲ့ အချိန်ရောက်ပါမှ ကျွန်တော့်ကို ဘယ်သူတွေ ဒီအကြောင်း သိကြသေးလဲ သူတို့က အစ်မေးကြသည်။ ကျွန်တော်က ဟိုငါးကောင်တောင် မပြောဖြစ်ပါဘူး။ ဘယ်သူမှမသိပါဘူးဆိုတော့မှ သူတို့တွေ ဘန်ဂလိုတံခါးပိတ်ဖို့မေ့ခဲ့ပြီး မြန်မြန်ပြီးချင်ဇောနဲ့ ရေလုချိုးရင်း နောက်ဆုံးဝင်လာတဲ့သူက တံခါးပိတ်ဖို့လဲမေ့၊ တဘက်ယူဖို့လဲမေ့ခဲ့လို့ အဲဒီအသွက်ကလေးက တံခါးပိတ်ဖို့ ကြမ်းပေါ်တွားသွားနေခဲ့တာလို့ သိလိုက်ရပါတယ်။ ဘန်ဂလိုတံခါးနှင့် ရေချိုးခန်းတံခါးက တည့်တည့် တိုးရိုပေါက်လေ။

ကျွန်တော့် ဘာမြင်ခဲ့လဲ သူတို့မေးကြတော့ အော်သံကြားလို့ ကျွန်တော်လဲသုတ်ချေတင်ပြေးခဲ့တာ ဘာမှမမြင်ဘူးဟု လျှောချခဲ့ပါသည်။ ကျွန်တော်ဘာမြင်ခဲ့တယ်လို့ ပြောလို့ကောင်းပါ့မလားဗျာ။ ဒီအကြောင်း ဘယ်သူ့မှလဲ မပြောဖြစ်ပါဘူး။ အခုလို အွန်လိုင်းကနေပဲ မျှဝေဖြစ်တာ။  ပိုဆိုးသွားသလား …..

ဒီတော့ ကမ်းခြေသွားမိန်းကလေးများ ရေချိုးခန်းဝင်မယ်ဆို ဘန်ဂလိုတံခါးပိတ်ဖို့ မမေ့ပါနဲ့။ ပြီးတော့ တဘက်ယူဖို့ မမေ့ပါနဲ့။ အားလုံးမေ့ထားခဲ့ရင်တောင် ရေချိုးခန်းဝ ကုန်းကွပြီး မီးဖွင့်မပြပါနဲ့လို့ ကျွန်တော်ဒီကနေ တောင်းပန်လိုက်ပါတယ်ဗျာ။ ရင်တွေတုန်လွန်းလို့ပါ။

D ၀သုန် (Burmesehearts.com)

You might also like