မွေးဖွားပေးလိုက်ရုံနှင့် မပြီးသည့် မိဘတာဝန်

0

မြန်မာအယူအဆအရ သားသမီးရတနာဟု မည်သို့ပင်ဆိုလင့်ကစား သန္ဓေသားရယူလိုသူများအတွက် ကိုယ်ဝန်ရရှိခြင်းသည် မင်္ဂလာသတင်း ၊ ဝမ်းသာစရာအဖြစ် ဆိုပေမယ့် ကလေးယူဖို့ အခြေအနေမပေးခင် ကိုယ်ဝန်ရလာသူများအတွက် ကိုယ်ဝန်ရရှိခြင်းသည် ဝမ်းသာစရာအဖြစ်တော့ မဟုတ်ပေ။

မိမိသည် အမျိုးသားနှင့် အိမ်ထောင်မှု ပြုသည်ဆိုကတည်းက တစ်ခါပဲဖြစ်ဖြစ် ၊ အကာအကွယ်နဲ့ပဲဖြစ်ဖြစ် မကာကွယ်ပဲနဲ့ဖြစ်ဖြစ် အရွယ်ရောက် အမျိုးသမီးတိုင်း မိမိ၏ ရာသီသွေးပြီးဆုံးသည့်နေ့ကိုတော့ လစဉ် မှတ်မှတ်သားသား ရှိစေလိုသည်။

ထိုမှသာ ရောဂါပဲရှိရှိ ၊ ကိုယ်ဝန်ပဲရရ ၊ အကြောင်းတစ်ခုခုကြောင့် သွေးမပေါ်လျှင် ထိုမှတ်သားထားသည့် အလေ့အကျင့်က သင့်အား များစွာ အထောက်အကူပြုပေမည်။

ရာသီသွေးမပေါ်ဘူး ။ အမျိုးသားနှင့် အတူနေခဲ့ပြီး ကိုယ်ဝန်ရှိသည် ။ ထိုကိုယ်ဝန်အား မျှော်လင့်မထား ။ ယူလို့မဖြစ်သည့် အခြေအနေ ။ နောက်ကျမှရသည့် နောင်တ ။ ဘာလုပ်သင့်သလဲ ။

သေချာစွာ စိတ်အေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါ ။

မိမိကိုယ်ပိုင် အကြောင်းကြောင်းကြောင့် မိမိလွယ်ထားသော ကိုယ်ဝန်သည် မလိုလားအပ်သော ကိုယ်ဝန်ဆိုပါစို့ ။ သင်သိထားနိုင်ရန်တစ်ခုမှာ သင်က သင့်သန္ဓေသား၏ နတ်ဘုရား တန်ခိုးရှင်ဖြစ်သည်ဆိုခြင်းပင်။ သင်ကသာ ၎င်းအား လူဖြစ်ခွင့် ၊ မဖြစ်ခွင့်ကို ဆုံးဖြတ်နိုင်သည်။ သင်ကသာ ၎င်းအား လူ့လောကသို့ ခြေချခွင့်ပေးနိုင်သည်။ သင်ကသာ ၎င်း၏ ကမ္ဘာဖြစ်သည်။

သင့်အကာအကွယ်ဖြင့်သာ လူဖြစ်ခွင့်ရသော သင့်သန္ဓေသား၏ သနားစဖွယ် အနေအထားကို သင်မမေ့လိုက်ပါနှင့် ။ သင့်မိခင်က သင့်အား ကိုယ်ဝန်လွယ်မွေးဖွားကာ လူ့လောကသို့အရောက် ခေါ်ဆောင်ပြီး မိခင်တာဝန်ကျေခဲ့ပြီ။ သင့်ရင်သွေးအတွက် သင်ကကော …..

ရမှတော့ ယူလိုက်ရုံပေါ့ ။ လာမည့်ဘေးပြေးတွေ့ ဆိုသူများလည်း သေချာစွာ စဉ်းစားဆုံးဖြတ်စေချင်သည်။ မြန်မာဆိုရိုးစကားတစ်ခုလို မျက်တောင်တဆုံး မကြည့်ပါနှင့် ။ မျက်စိတဆုံးကြည့်ပါ။ ကိုယ်ဝန်ဆောင်ကာလနှင့် ကလေးမွေးဖွားပြီးသည့်အထိ မကြည့်ဘဲ မိမိမွေးဖွားလာမည့် ထိုကလေး၏ စားသောက်နေထိုင်ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ အဖက်ဖက်က လူတလုံးသူတလုံးဖြစ်ပြီး မိမိခြေထောက်ပေါ် ရပ်တည်နိုင်သည်အထိ ထောက်ပံ့နိုင်ပါ့မလား ။ 

သစ်ပင်တစ်ပင်လို ဓါတ်မြေသြဇာ ၊ နေရောင်ခြည်နှင့် ရေလောင်းပေးရုံဖြင့် ကြီးထွားလာစေသကဲ့သို့ ကလေးငယ်တစ်ဦးကို လိုအပ်သည့် ထောက်ပံ့မှုများ ပေးရုံဖြင့် မျက်နှာလွှဲမထားသင့်ပေ။

ကလေးသည် လူတစ်ဦးပေမို့ လူငယ်လူရွယ် ၊ လူကြီး ဖြစ်လာမည့် ထိုကလေးငယ်၏ စိတ်ပျော်ရွှင်မှု ၊ စိတ်ခံစားချက်ကိုလည်း ထည့်ကို စဉ်းစားရပေမည်။ မိမိ မပျော်သည့် အိမ်ထောင်စုထဲသို့ အပြစ်မဲ့ကလေးအား မကြီးပြင်းလာပါစေနှင့်။ ကလေးငယ်တိုင်းသည် ပျော်ရွှင်စွာ ကြီးပြင်းလာသင့်သည်။

ရတု (Burmesehearts.com)

You might also like