Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မွေးကင်းစကလေး ရေချိုးပေးပုံ – BurmeseHearts

မွေးကင်းစကလေး ရေချိုးပေးပုံ

0

အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။
အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။

ကလေးမီးဖွားလာပြီဆိုရင် အရင်ဆုံးသတိထားရမှာက ကလေးဇက်ကို အထောက်အပံ့ပေးပြီး ချီပိုးဖို့ဖြစ်ပါတယ်။ ဇက်မခိုင်သေးတဲ့ကလေးတွေကို ချီပိုးသယ်ယူတဲ့အခါမှာ ကလေးဇက်ကို ဘယ်လိုထိန်းပေးရမယ်ဆိုတာကို ဇက်မခိုင်သေးတဲ့ကလေး ချီပိုးခြင်း မှာ ဖော်ပြပြီးဖြစ်ပါတယ်။ မဖတ်ရသေးတဲ့သူတွေက အရောင်ကွဲနေတဲ့ စာသားပေါ်မှာ ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ အဲဒါ သွားဖတ်ရှုလို့ရအောင် လင့်ခ်ပေးထားတာလေ။

ချက်မကြွေသေးတဲ့ကလေးကို အဝတ်လဲရင်း ၊ ချီပိုးရင်းချက်တိုက်မိ ထိခိုက်လို့ သွေးထွက်တာမျိုး မဖြစ်အောင် သတိထားရမှာပါ။ တချို့တွေက ချက်မကြွေမချင်း ရေမချိုးပေးကြဘူး။ မိုးတွင်းနဲ့ဆောင်းတွင်း အေးတဲ့ရာသီဥတုမှာ နေလို့ရပေမယ့် နွေခေါင်ခေါင် အိုက်ချိန်မှာတော့ ခက်ရချည်ရဲ့။ ကျွန်မမွေးဖွားတုန်းကတော့ ကလေးကို အနည်းဆုံး တနေ့တကြိမ် သန့်စင်မှုပေးဖို့ ညွှန်ကြားခဲ့တယ်။ အပူတွေထွက်အောင်ဖြစ်ပါတယ်။ အပူတွေအောင်းနေရင် အပူကွက်တွေ ထွက်လာတာမျိုးဖြစ်တတ်သလိုမွေးစကလေးကို သန့်စင်မှုမပေးလို့ အခန့်မသင့်ရင် ပိုးဝင်နိုင်တယ်လေ။ ဒါကြောင့် သန့်စင်ပေးဖို့ ညွှန်ကြားတာပါ။ ကလေးကို ခေါင်းလျှော်ရေချိုး သန့်စင်ပေးနိုင်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ ဆေးရုံတွေမှာကအစ ဒီလိုပဲ သန့်စင်ပေးကြပါတယ်။ သူတို့က ကလေးချက်ကို ရေထိကြတာပါပဲ။

မွေးကင်းစကလေး ရေချိုးပေးနည်းတွေထဲက Epworth Freemasons ဝန်ထမ်းတစ်ဦး ကလေးရေချိုးပေးပုံဟာ ကလေးအတွက် သေသေသပ်သပ် ၊ လုံလုံခြုံခြုံနဲ့ အန္တရာယ်အကင်းဆုံး ကလေးရေကြောက်သွားတာမျိုး မပူရဘဲ ရေချိုးပေးနိုင်တာမို့ မျှဝေပေးလိုက်ပါတယ်။ ကလေးရေချိုးပေးမယ်ဆို အရင်ဆုံး သူ့ကိုရေချိုးပေးပြီးရင် ဝတ်ပေးမယ့် ဝတ်စုံ ၊ ကလေးခါးတောင်းကျိုက် (Diaper) ၊ ခါးတောင်းကျိုက်ဝတ်တဲ့ ကလေးအပူမလောင်အောင် လိမ်းပေးမယ့် (Nappy Rash Cream) ၊ ကလေးကိုပတ်ပေးဖို့သဘက်တစ်ခု ၊ ရေချိုးရင်သုံးမယ့် လက်ကိုင်ပုဝါအရွယ်သဘက်တစ်ခု အားလုံးဟာ အရမ်းမထူလှတဲ့ ချည်သားသဘက်တွေဆို ပိုကောင်းမွန်ပါတယ်။ ကျွန်မတုန်းကတော့ ချည်သား Nursing Pad လေးကို သုံးပါတယ်။ ကလေးရေချိုးပေးတုန်းသုံးမယ့် Baby Shampoo လိုပါတယ်။ ဆပ်ပြာအဖြစ်ပါသုံးလို့ရတဲ့ 2 in 1 ဆို ပိုကောင်းတယ်လေ။ နောက်ပြီး ကလေးသုံး Wet Tissue ၊ ကလေးအတွက် အပူအအေးသင့်တော်အောင် စပ်ပြီးသားဖြစ်တဲ့ ရေနွေးဇလုံ လိုပါမယ်။ Wet Tissue က ကလေး ခါးတောင်းကျိုက်ဖြုတ်လိုက်ချိန် အလေးပါထားရင် သန့်စင်ပေးနိုင်ဖို့ ကြိုပြင်ဆင်ထားတာ ဖြစ်ပါတယ်။

အခန်းအပူချိန်ကို မအေးလွန်းအောင် ကလေးရေချိုးမပေးမီ (၁၀)မိနစ်အလိုကတည်းက လေအေးပေးစက် ပိတ်ထားတာမျိုး ၊ လေစိမ်းတွေ မဝင်နိုင်အောင် ပြတင်းပေါက်တွေ ပိတ်ထားတာမျိုး လုပ်ရပါမယ်။ ကလေးရေချိုးပေးမယ့် ရေချိုးဇလုံထဲကရေကို တတောင်ဆစ်နဲ့ စမ်းကြည့်ပါ။ တံဆောင်ဆစ်အရေပြားက ကလေးအရေပြားနီးပါး ပါးလွှာလို့ဖြစ်ပါတယ်။ လက်ဖဝါးနှစ်စမ်းရင် အဲဒီကအသားအရေးဟာ အပူအအေး ပိုခံနိုင်တာမို့ ကလေးခံနိုင်တဲ့ အပူအအေးဆိုတာကို အတိအကျ မမှန်းနိုင်ဘဲ ကလေးအတွက် ပူလွန်း ၊ အေးလွန်းတာတွေ ဖြစ်နိုင်ပါတယ်။

အားလုံးအဆင့်သင့်ဖြစ်ပြီဆိုရင် ကလေးကို ဝတ်ပေးထားတဲ့အဝတ်တွေ ချွတ်ပေးမယ်။ ကလေးဟာ အနှီးနဲ့ အဝတ်တွေ အချွတ်ခံရရင် မလုံမခြုံ ခံစားရစိတ်ကြောင့် ငိုနိုင်ပါတယ်။ ဒီလိုဆို ရေချိုးမယ့် သဘက်ကလေး သူ့ကိုပြန်ပတ်ပေးထားမယ်။ ဒီလိုပတ်ပေးတဲ့အခါ သူ့လက်ကို အထဲထည့်ပြီး ပတ်ပေးပါ။ ပြီးရင် ရေချိုးရင်သုံးမယ့် မျက်နှာသုတ်ပုဝါအရွယ် သဘက်ကလေးကို အပူအအေးစပ်ပြီးသား ရေဆွတ်ပြီး နှာခေါင်းဘက် မျက်လုံးစပ်ကနေ နားဘက် မျက်လုံးစပ်အထိ သန့်စင်ပေးတယ်။ နောက်တဖက်သန့်စင်မယ်ဆို လက်ကိုင်ပုဝါကို တခြားထောင့်ဘက် ပြောင်းသုံးပါ။ ကျွန်မတုန်းကတော့ Cotton Ball ကို တခါသုံးလိုက် လွှင့်ပစ်လိုက် လုပ်ခဲ့တယ်။ ပြီးရင် လက်ကိုင်ပုဝါ အလယ်သားနဲ့ ကလေးမျက်နှာကို သန့်စင်ပေးပါ။ ဒီလိုသန့်စင်ပေးရင် နားနောက်ကိုလည်း သန့်စင်ပေးဖို့ မမေ့ပါနဲ့။ ကျွန်မတုန်းကတော့ ကလေးအသားတွေ ချွေးနဲ့ရိတတ်လို့ နားသန့်စင်တဲ့ Cotton Bub အသုံးပြုပြီး တဖက်တခုသုံး သန့်စင်ပေးခဲ့တယ်။

ပြီးရင် သဘက်ပတ်လျက်သားကလေးရဲ့ ခါးအောက်ပိုင်းကို ဂျိုင်းအောက် ညှပ်ထားပြီး ကလေးဇက်နဲ့ခေါင်း လက်ကပြန်ပိုက်ထားတဲ့ပုံစံနဲ့ချီပြီး ကလေးကို ရေချိုးဇလုံဆီခေါ်သွားပြီး ခေါင်းလျှော်ပေးနိုင်ပါတယ်။ လက်သည်းမရှိတဲ့ လက်ဖျားထိပ်ကလေးနဲ့ ကလေးခေါင်းကို စက်ဝိုင်းလို ဝိုက်ပြီး ဆပ်ပြာပျံ့အောင် လုပ်ပေးနိုင်ပါတယ်။ ကလေးကို ခေါင်းရေဆေးချရင် ဇောက်ထိုးမရောက်တရောက် စောင်းပြီးချီလို့ ရေဆေးချမှ ကလေးမျက်စိထဲကို ရေတွေ မဝင်မှာဖြစ်ပါတယ်။ ပြီးရင် ပတ်ထားတဲ့ သဘက်စွန်းလေးနဲ့ ခေါင်းကိုသုတ်ပေးပါ။ သုတ်ပြီးရင် Diaper ချွတ်လိုက်ပါ။

BurmeseHearts Blog

ညာသန်ဆို ကလေးရဲ့ဇက်ကို ဘယ်လက်ကောက်ဝတ်နဲ့ထိန်းပြီး ဘယ်လက်ဝါးဟာ ကလေးဂျိုင်းအောက်ကနေ ကလေးပုခုံးကို ထိန်းချီထားရပါတယ်။ နောက်လက်တဖက်ကတော့ ကလေးပေါင်ခြံကနေ ကလေးကိုထိန်းပြီး ရေချိုးဇလုံဆီ ချီခေါ်ရမှာပါ။ ပြီးရင် ဘယ်လက်က အဓိကထိန်းပေးထားပြီး ကျန်တဲ့လက်ကတော့ လိုသလို ကလေးကို သန့်စင်ပေးနိုင်ပါတယ်။ ကလေးငိုရင် ရေစိုပြီးသား မျက်နှာသုတ်သဘက်ကလေးနဲ့ သူ့ပုခုံးပေါ်တင်ပေးထားလိုက်ပါ။ အဓိကသန့်စင်ပေးရမယ့်နေရာတွေက မေးအောက်နဲ့ ဂျိုင်းအောက်ဖြစ်ပြီး ပေါင်ခြံကြားနဲ့ လက်ချောင်းလေးတွေကြားကိုလည်း ချေးညော်တွေ ကပ်မနေအောင် သတိထားပြီး သန့်စင်ပေးနိုင်ပါတယ်။ ကျွန်မတုန်းကတော့ မေးအောက် နဲ့ လက်ချောင်းလေးတွေကြားကို နားသန့်စင်တဲ့ Cotton Bub အသုံးပြုပြီး သန့်စင်ပေးခဲ့ပါတယ်။ ချိုးတဲ့ရေနွေးနေသမျှ ၊ ကလေးမငိုသမျှ ရေနဲ့သူအသားကျအောင် ရေပေါ်ဖော့ထားတဲ့အသွင်နဲ့ သူ့ကို အနားယူ စိတ်ဖြေဖျောက်ပေးသလိုမျိုး ထားနိုင်ပါတယ်။ အအေးပတ်မှာနဲ့ နားထဲရေဝင်မှာ မပူပါနဲ့။ ကလေးဟာ အမေ့ဝမ်းထဲမှာ ရေမြွှာထဲနေထိုင်ခဲ့ရတာပါ။ ချိုးတဲ့ရေ ရေမအေးဖို့ ၊ အခန်းလေစိမ်းမဝင်ဖို့နဲ့ အခန်းအပူချိန် အေးမနေဖို့ပဲ လိုတာပါ။

ရေချိုးပြီးရင် ရေချိုးဇလုံဆီ ချီခေါ်လာခဲ့တုန်းကလိုမျိုးပုံစံနဲ့ သူ့ကို ရေသုတ်ဖို့ ချီခေါ်လာပါ။ ခုနက သုံးခဲ့တဲ့ သဘက်ဆောင်နဲ့ ကလေးကိုယ် ၊ ခေါင်း သုတ်ပေးပါ။ ဒီလိုသုတ်ပေးတဲ့နေရာမှာ ခေါင်းကိုသာ ပွတ်သုတ်ပြီး ကိုယ်ကိုတော့ သဘက်ဆောင်လေးနဲ့ အပြင်ကလက်ဖိပေးရုံနဲ့ ကိုယ်ပေါ်ကရေတွေကို သဘက်ဆောင်က စုပ်ယူသွားမှာဖြစ်ပါတယ်။ ပြီးရင် ဂျိုင်းအောက် ၊ မေးအောက်နဲ့ ပေါင်ခြံကြားတွေကိုလည်း ရေသုတ်ဖို့ မမေ့ပါနဲ့။ မေ့ခဲ့ရင် ရေနဲ့နူးပြီး ကလေးအသားတွေ ရိနိုင်ပါတယ်။

ရေသုတ်ပြီးရင် ကလေးအပူမလောင်အောင် လိမ်းပေးမယ့် (Nappy Rash Cream)ကို ကလေးပေါင်ခြံကြား ၊ လိင်အင်္ဂါတဝိုက် နဲ့ တင်ပါးနေရာတွေ လိမ်းပေးပါ။ ခရင်မ်ဟာ ကလေးစအိုဝနဲ့ လိင်အင်္ဂါဝတွေဆီမရောက်သွားအောင်တော့ သတိထားပါ။ ပြီးရင် ကလေးကို ခါးတောင်းကျိုက် ပြန်ဝတ်ပေးပါ။ ကလေးကို အင်္ကျီမဝတ်ပေးမီ ရေစိုတဲ့သဘက်ကို ဘေးဖယ်ထုတ်လိုက်ပါ။ ပြီးရင် ကလေးကို အဝတ်ပြန်ဝတ်ပေးနိုင်ပါပြီ။ ချက်မြန်မြန်ခြောက်ပြီးကြွေအောင်နဲ့ ပိုးမဝင်အောင် Cord Spirit ထည့်လိုသူတွေက ကလေးအဝတ်မဝတ်ခင် ထည့်ပေးနိုင်ပါတယ်။ ထည့်ပေးတဲ့အခါ လက်နဲ့ဂွမ်းမှာ အရက်ပျံဆွတ်ပြီး ညှစ်ချတာထက် ထိပ်ဝကျဉ်းကျဉ်းအပေါက်ကနေ လက်နဲ့အရက်ပျံမထိဘဲ ညှစ်ချပေးနိုင်တဲ့ အရက်ပျံဗူးမျိုး ဝယ်ထားနိုင်ရင် ပိုကောင်းပါတယ်။ လက်ကမမြင်ရတဲ့ပိုးတွေ ကလေးချက်ကူးလို့ ပိုးဝင်မှာ မပူရတော့ဘူးပေါ့။ ကျွန်မတုန်းကတော့ ဒီလိုသုံးခဲ့ပါတယ်။ ဒါကြောင့် ကလေးဟာ ရေမှန်မှန်ချိုးပေမယ့် ချက်ကိုက်တာမျိုး ၊ ပိုးဝင်တာမျိုးမရှိဘဲ ချက်ကြွေလို့ ကြွေမှန်းမသိအောင် သူ့ဘာသာသူ တစ်ပတ်အတွင်း ချက်ကြွေသွားခဲ့တာပါ။

အဝတ်ဝတ်ပေးပြီးရင် ကလေးကို ခေါင်းတဘက်လှည့် မှောက်လျက်အနေအထားနဲ့ Message လုပ်ပေးလို့ရပါတယ်။ ကလေးရဲ့ကျော ၊ ခြေ နဲ့ လက်ကို ဖွဖွ ပွတ်နယ်ဖိပေးတာကို Message လုပ်တယ်လို့ ခေါ်တာပါ။ ပြီးရင် ပက်လက်လှန်ပြီး ရင်ဘတ် ၊ ခြေ ၊ လက် ၊ ခြေဖဝါး ၊ လက်ဖဝါး ၊ မျက်နှာနဲ့ ခေါင်းကို ဖွဖွ ပွတ်နယ်ဖိလို့ Message လုပ်ပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးရင် ကလေးရဲ့ ဦးနှောက်နဲ့ ဆဲလ်တွေဟာ ပိုဖွံဖြိုးမှု မြန်ဆန်ပြီး ကလေးဟာ နေရထိုင်ရ သက်သာတယ်လို့ ဖတ်မှတ်သားရပါတယ်။ အားလုံးပြီးသွားရင်တော့ ခြေအိတ် ၊ လက်အိတ်ဝတ်ပေးပြီး နို့တိုက်သိပ်နိုင်ပါတယ်။ ဒီအခါ ကလေးဟာ နေရထိုင်ရ ပေါ့ပါးသန့်စင်ပြီး နို့ဝရင် အိပ်ပါတော့မယ်။

မွေးကင်းစကလေး ရေချိုးပေးတဲ့ ဗွီဒီယိုဖိုင်ကို အောက်မှာ ကလစ်နှိပ်ကြည့်ရှုနိုင်ပါတယ်။ ကျွန်မအသုံးပြုခဲ့တဲ့ ကလေးရေချိုးသန့်စင်နည်းတွေကိုတော့ ကလေးမီးမဖွားမီ စုဆောင်းထားသင့်သော ပစ္စည်းများ မှာ ဖော်ပြဖူးခဲ့ပါတယ်။ မဖတ်ရသေးရင် အဲဒီအရောင်ကွဲနေတဲ့စာပေါ်မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။ ဒီလိုဖတ်ရှုနိုင်အောင် လင့်ခ်ပေးထားတာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like