Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မေမေပြောခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ် – BurmeseHearts

မေမေပြောခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်

0

မေမေ

ကလေးတွေရဲ့ အခုံမင်ဆုံးနေရာဟာ အမေ့ရင်ခွင်ပါ။ ပျော်ရင်လည်း တိုးဝင်ချင်တယ် ၊ ဝမ်းနည်းရင်လည်း ခုံလှုံချင်တယ်။ ကလေးဘဝမှာ မေမေ့ရင်ငွေ့က အလုံခြုံ ၊ အနွေးထွေးဆုံးနဲ့ ပြီးပြည့်စုံမှုဆိုတာကို အခံစားရဆုံးနေရာပေါ့။ ဒါကြောင့် ဘယ်လောက်အလုပ်များပါစေ။ တနေ့တကြိမ်လောက်တော့ ညအိပ်ရာဝင်ချိန်မတိုင်မီ အရွယ်မမယ်သေးတဲ့ မိမိသားသမီးတွေကို ထွေးဖက်ထားပြီး ပုံပြင်ကလေးတွေ ပြောပြဖို့ ကျွန်မအကြံပေးပါရစေ။

ပုံပြင်ဆိုတာ ကလေးတွေအတွက် အရမ်းစိတ်အဝင်စားရဆုံး စကားလုံးပန်းချီကားတချပ်ပါ။ ပုံပြင်ကိုနားထောင်နေတဲ့သူတို့ဟာ ပုံပြင်ထဲက ဇတ်ကောင်လေးတွေကို နားထောင်ရင်း ပုံဖော်နေလေ့ရှိတယ်လေ။ ကြောက်စရာကောင်းရင်ကိုယ်နေဟန်ထား ၊ အမူအရာနဲ့ မျက်နှာပုံသဏ္ဍန်လေးတွေကိုကအစ နားထောင်ရင်း စိတ်ကူးယဉ်ပုံဖော်လေ့ရှိတယ်။ ညအိပ်ရာဝင်ချိန်မှာ မအိပ်မီ ဒီပုံပြင်ထဲက အကြောင်းအရာတွေကို ပြန်တွေးလေ့ရှိကြပါတယ်။ မေးခွင့်ရရင်တော့ သူက ဘာကြောင့် ၊ ဘာဖြစ်လို့ စတာတွေနဲ့ မပြီးမဆုံး မေးပြီး ဒီပုံပြင်ကို ပိုပြီး အသေးစိတ်ပုံဖော်ကြည့်နိုင်အောင် ကြိုးစားလေ့ရှိပါတယ်။

ကျွန်မငယ်ငယ်တုန်းက မီးပျက်လေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့တနေရာမှာ ကြီးပြင်းခဲ့ရတာပါ။ ကလေးသဘာဝက အခြေအနေအမျိုးမျိုးမှာ ကိုယ့်ဘာသာ ပျော်ရွှင်နေလေ့ရှိတဲ့အတိုင်း မီးပျက်ရင် ဖယောင်းတိုင်ကြောင့် ဖြစ်လာတဲ့ ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်ပြီး ကခုန်လိုက် ၊ လက်အမူအရာတွေနဲ့ အကောင်ပုံဖော်လိုက် ပျော်နေတာပါပဲ။ ဒီ့ထက်ပိုပျော်ရတဲ့ညတွေကိုလည်း ရံဖန်ရံခါဆိုသလို ကြုံရလေ့ရှိတယ်။ အဲဒါကတော့ မေမေ စိတ်လိုလက်ရ ပုံပြင်ပြောပြတဲ့ညတွေပါပဲ။ မီးပျက်တဲ့ညတွေထဲ အဲဒီလိုညတွေက ကျွန်မအတွက် ယခုအချိန်အထိ အမှတ်တရနဲ့ မမေ့နိုင်အောင် အဓိပ္ပါယ်ပြည့်စုံလို့နေပါတယ်။

ကျွန်မမေမေက ပုံပြင်ကို ရိုးရိုးပြောတာမျိုးမဟုတ်ဘူး ။ အထူးသဖြင့် လပြည့်တဲ့ညတွေမှာ မေမေက ပုံပြင်ပြောပြလေ့ရှိတယ်။ ပုံပြင်မပြောခင် ပုံပြင်အပြီးမှာ အအေးတွေထဲက ဘာစားသောက်ချင်လဲ။ မိုးကောင်းကင်ကိုကြည့်ပြီး ပြောလိုက်။ ပုံပြင်ဆုံးရင် ကိုယ့်ရှေ့ ရောက်လာလိမ့်မယ်လို့လည်း ဆိုတတ်တယ်။ စကြားကြားချင်းတုန်းက မယုံဘူးပေါ့။ မိုးကောင်းကင်ကြည့်ပြီး ကိုယ်စားချင်တဲ့ ရေခဲသုတ် ၊ စတော်ဘယ်ရီဖျော်ရည် ၊ ထောပတ်သီးဖျော်ရည် စသဖြင့် အကဲစမ်း မှာလေ့ရှိတယ်။

ပုံပြင်စပြောပါပြီတဲ့။ ဘယ်တော့မှ မပြောင်းလဲသော တခုတည်းသော ပုံပြင်ပါ။ ဟိုးရှေးရှေးတုန်းက သမင်အမေကြီးနဲ့ သမင်ပေါက်လေးတွေ ရှိတယ်တဲ့ကနေစတာ။ ကျားကြီးက သမင်ပေါက်လေးတွေကို စားချင်လို့ ချောင်းနေတာ။ သမင်အမေကြီးက အစာရှာထွက်ချိန် သမင်ပေါက်လေးတွေကို ချန်ခဲ့ရတာ ၊ လျှောက်မသွားဖို့ မှာကြားခဲ့တာ ၊ ဟော သမင်မကြီးက အစာရှာထွက်ချိန်မှာ ကျားကြီးက သမင်ပေါက်လေးတွေကို စားဖို့ဆိုပြီး ရောက်လာပါလေရော။ အဲဒီအထိကို မေမေက အသံရှည်ကြီးနဲ့ ဆွဲပြောလေ့ရှိတယ်။

ကျားကြီးရောက်လာချိန်နဲ့တပြိုင်နက် ကျွန်မ ကောင်းကင်ကြည့်မှာထားတဲ့ ရေခဲသုတ် ဆိုတာ ရောက်လာပါလေရော ၊ အစ်မမှာတဲ့ စတော်ဘယ်ရီ ၊ အမေမှာတဲ့ ထောပတ်သီး စသဖြင့်ကို အိမ်ဘေး မလှမ်းမကမ်းမှာ ဖွင့်ထားတဲ့ အအေးဆိုင်က လာပို့တာပါ။ ကလေးဆိုတော့ ဟယ် …. မိုးကောင်းကင်ကြီးပေါ်က လမင်းကိုကြည့်ပြီး တို့မှာလိုက်တာကို အအေးဆိုင်က ဘယ်လိုသိပြီး လာပို့တာလဲပေါ့။ သိပ်စဉ်းစားချိန်မရပါဘူး။ ကိုယ့်ဟာ လာလုစားမှာစိုးလို့ အမြန်စားသောက်နေရတာ ၊ ကိုယ့်ဟာကုန်ရင် အစ်မဟာစားဖို့ ၊ အစ်မကလည်း အဲ့ဒီလို သူ့ဟာအမြန်ကုန်အောင်စားပြီး ကုန်ရင် ကျွန်မဟာ လာနှိုက်စားဖို့ အလုအယက် စားနေရတာနဲ့ ဒီအစားအသောက် ဘယ်လိုရောက်လာတယ်ဆိုတာနဲ့ ပုံပြင်ထဲကကျားကြီး သမင်ပေါက်လေးတွေကို စားဖြစ် ၊ မစားဖြစ် ၊ သမင်မကြီး အချိန်မီရောက်လာ ၊ မရောက်လာ မမေးဖြစ်တော့ဘူး။

အစားအသောက်လဲကုန် ၊ ဗိုက်လဲဝတော့ မေမေက ကဲ အိပ်ချိန်ရောက်ပြီ။ သွားအိပ်ကြတော့တဲ့။ ပုံပြင်ဆက်ပြောလေဆိုတော့ ညဥ့်နက်ပြီ။ နောက်နေ့မှ ဆက်ပြောမယ်ဆိုပြီး ဒီအတိုင်းအတွေးနယ်ချဲ့ အိပ်လိုက်ရတာ မီးပျက်ညတွေတိုင်းမှာ မေမေပြောပြလေ့ရှိတဲ့ အဲဒီပုံပြင် ဘယ်တော့မှ ဆုံးသွားတယ်ဆိုတာမရှိဘူး။ သမင်ပေါက်လေးတွေကို စားဖို့ချောင်းနေတဲ့ ကျားကြီးရောက်လာချိန်တိုင်း ကောင်းကင်ကြည့်မှာထားတဲ့ အအေးတွေ ရောက်လာတော့တာပဲ။ အဲဒီတုန်းက ပုံပြင်ပြောပြတဲ့မေမေရယ် ၊ စားချင်တဲ့အအေးတွေ ကိုယ့်ရှေ့အရောက် ပို့ပေးတဲ့ မိုးကောင်းကင်ရယ် ၊ မီးပျက်တဲ့ညတွေရယ်ကို သိပ်ကျေးဇူးတင်တာပဲ။

BurmeseHearts Blog

တကယ်တော့ မေမေက အိမ်မှာရှိနေတဲ့တစ်ယောက်ကို တခြားအပေါက်ကနေ ထွက်ခိုင်းပြီး ကျွန်မတို့မှာတဲ့ အအေးတွေကို အအေးဆိုင် သွားမှာခဲ့တာပါ။ ကျွန်မတို့က အိမ်ရှေ့ အဝင်အဝက ထိုင်စရာခပ်ကျယ်ကျယ်နေရာမှာ စုထိုင်ပြီး ပုံပြင်ထိုင်နားထောင်ကြတာလေ။ အဲဒီတော့ ကျွန်မတို့မှာတဲ့အအေးကို မှာမယ့်လူက မေမေနဲ့ အတိုင်အဖောက် ကြိုလုပ်ထားတဲ့အတိုင်း သွားမှာလို့ ဆိုင်က လာပို့ပေးတာပါ။ ဒါကို တော်တော် သိတတ်လာတဲ့အရွယ်ရောက်မှ ရိပ်မိခဲ့တယ်လေ။ ရိပ်မိပြီးနောက်ပိုင်းမှာ အဲဒီပုံပြင်ကို နားထောင်ခွင့်မရတော့ဘူး။ သိတတ်ချိန်ကနေ အခုအချိန်အထိ ကျားကြီး သမင်ပေါက်လေးတွေကို စားသွားဖြစ်လား ၊ သမင်မကြီး အချိန်မီရောက်လာလား ၊ ဘာဆက်ဖြစ်လဲ ရံဖန်ရံခါ မေမေ့ကို မေးမိတိုင်း ကိုယ့်ဘာသာ တွေးတတ်နေပြီပဲ။ ကိုယ်လိုရာတွေးပြီး ပုံပြင်ကို ကိုယ်လိုသလို ဆက်လိုက်ပါလို့ မေမေက ပြောလေ့ရှိတယ်။

ဒီလို တပိုင်းတစလေးပဲ နားထောင်ရလို့လား ၊ ကိုယ့်ဘာသာ ဆက်စပ်တွေးခေါ်ပြီး ပုံပြင်ဆက်ရလို့လား ၊ ပုံပြင်ပြောတိုင်း ကိုယ်မှာတာ စားရလို့လား မသိပေမယ့် မေမေပြောပြတဲ့ အဲဒီပုံပြင်ဟာ အာလာဒင်ပုံပြင်ထက် စိတ်ဝင်စားဖို့ကောင်းသလို စင်ဒရဲလား ပုံပြင်ထက်လည်း စိတ်ဝင်စားဖို့ကောင်းတယ်။ စနိုးဝှိုက်ပုံပြင်ထက်လည်း စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါကြောင့် မေမေပြောတဲ့ပုံပြင်ကို အခုအချိန်အထိ တန်ဖိုးထားလို့ တသသ ဖြစ်တုန်းလေ။ ပုံပြင်ကို ဆက်ပြောဖို့ ဘယ်လိုပူဆာပူဆာ ပြတ်သားတဲ့မေမေကလည်း အခုအချိန်အထိ ကိုယ့်ဘာသာဆက်ဆိုတဲ့ တခွန်းကလွဲရင် ဆက်မပြောပြခဲ့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကလေးတစ်ဦးနဲ့တစ်ဦး စရိုက်ချင်း ၊ အတွေးအခေါ်ချင်း မတူနိုင်ဘူးပေါ့။ တစ်ဦးက သမင်ပေါက်ကလေးတွေကို ကျားကြီးစားသွားခဲ့တယ်လို့ တွေးပေမယ့် တစ်ဦးက သမင်မကြီး အချိန်မီရောက်လာလို့ ကျားစားမယ့်ဘေးက ကာကွယ်နိုင်တယ်ပေါ့။ ဇတ်လမ်းက ကိုယ့်ဘာသာ ဆက်တွေးလေ မဆုံးလေပဲနော်။ တကယ်ဆို မေမေက ကျွန်မတို့ကို အတွေးအခေါ် ချဲ့ပြီး တွေးခေါ်ဖြစ်အောင် သင်ပေးခဲ့တယ်နဲ့တူပါတယ်။ သူများပြောသလို ဒီပုံပြင်ဟာ ဒီမှာ အဆုံးသတ် ၊ ဒီပုံစံခွက်ထဲက ဘဝရယ်လို့ မဖြစ်ရအောင်  “Think out of the Box” ဆိုတာကို ကျွန်မတို့ ငယ်ငယ်ကတည်းက ပုံပြင်ပြောရင်း လေ့ကျင့်ပေးခဲ့ပုံရပါတယ်။ ကျေးဇူးပါမေမေ။ မေမေလေ့ကျင့်ပေးခဲ့လို့ ကျွန်မတို့ဟာ သူများပြောသလို ယုံလိုက်တာမျိုးမဟုတ်ဘဲ ကွန့်ပြီး တွေးခေါ်တတ်လာတယ်။ ကိုယ့်ဘာသာ စဉ်းစားဆင်ခြင်တတ်လာတယ်။ ဒါတွေအတွက် ကျေးဇူးပါမေမေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like