Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မောင်တထမ်း ၊ မယ်တရွက် – BurmeseHearts

မောင်တထမ်း ၊ မယ်တရွက်

1

မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့စကားလေး အရမ်းနှစ်သက်မိပါတယ်။ ဒီစကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ဟာ တွေးရင် တွေးသလောက် လေးနက်တယ်လေ။ ရှိနေတဲ့ဝန်တွေကို မောင်ကထမ်းပြီး မယ်ကရွက်တာပေါ့။ မောင်က ထမ်းပိုးနေတဲ့အချိန်မှာ မယ်က နိုင်သလောက်ရွက်ကူတဲ့သဘော ။ မယ်ကရွက်နေတဲ့အချိန်မှာ မောင်က နိုင်သလောက်ထမ်းကူတဲ့သဘော။ သူထမ်းရရင် ကိုယ်ရွက်သင့်တယ် ၊ သူရွက်ရင် ကိုယ်ထမ်းသင့်တယ်ဆိုတဲ့ ဝတ္တရားအမြင်ထက် မေတ္တာအမြင်လေး ထည့်လိုက်တဲ့အခါမှာ ကိုယ်ချစ်တဲ့တဘက်လူ သက်သာလို သက်သာငြား နိုင်သလောက် ဝင်ကူတယ်ဆိုတဲ့သဘော ရောက်သွားတဲ့အတွက် နှစ်ဦးနှစ်ဖက်ရဲ့ မေတ္တတရားကို ကြားရသူ ၊ မြင်ရသူတွေ ကြည်နူးစေမှာအမှန်ပါ။

ထမ်းတယ် ၊ ရွက်တယ်ဆိုတာ အခြေနိမ့်တဲ့သူတွေအလုပ်ပဲ ထင်နေရင်မှားမှာပေါ့။ ကုန်ပစ္စည်းဝန်တွေကိုပဲ ထမ်းစရာ ၊ ရွက်စရာလို့ ထင်မြင်နေပြီဆိုကတည်းက မှားနေပြီ။ သမီးရည်းစား ချစ်ရည်မျှပြီဆိုကတည်းက ၊ လူနှစ်ဦး လက်ထပ်ပေါင်းသင်းလိုက်ပြီဆိုကတည်းက တယောက်ဝန်တစ်ယောက် နိုင်သလောက် ကူထမ်းကြမယ် ၊ ဘဝတလျောက်လုံး မျှဝေခံစားကြမယ်လို့ သဘောတူညီထားကြတာပါ။

သမီးရည်းစားဘဝမှာ သူ့လွယ်တဲ့အိတ်ကလေး ကူဆွဲပေးတာ ၊ သူသယ်တဲ့အထုပ်ကလေး ကူဆွဲပေးတာ တဘက်လူအတွက် ကြည်နူးစရာပဲ။ ဒီ့ထက်ပိုလာရင် သူ့အလုပ်က စိတ်ဖိစီးမှုတွေ ၊ လူမှုရေးအဆင်မပြေမှုတွေ ၊ အိမ်တွင်းရေးအဆင်မပြေမှုတွေကို နားထောင်လို့ ဝေမျှခံစားပေးမယ် ၊ လိုအပ်ရင် နှစ်သိမ့်မယ် ၊ နိုင်တာလေးဝင်ကူပေးမယ်။ ဒီလိုလုပ်ပေးတဲ့အခါ တဘက်သူ ကိုယ့်ရည်းစားက မိန်းမ ၊ ယောကျာ်းမဟူ အတော် စိတ်ကြည်နူးမိမှာပဲ။ ဘဝနှစ်ခု ပေါင်းဖက်မှု မပြုကြသေးသည့်တိုင် မျှဝေခံစားမှုဆိုတာကို ခုကတည်းက လေ့ကျင့်ယူနေတာမဟုတ်လား။ ဒါတွေက ချစ်သူရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ စိတ်ခံစားမှုတွေ ၊ အပူတွေကို ဝေမျှယူရင်း သူ့စိတ်ခံစားမှုတွေ ပေါ့ပါးအောင် နိုင်သမျှကူပြီး နားထောင်ပေး ၊ နှစ်သိမ့်ပေး ၊ ဝင်ကူနိုင်တာ ဝင်ကူပြီး မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့ စကားလေးအတိုင်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

လက်ထပ်ပြီးတဲ့စုံတွဲတွေကျတော့ ဒီလောက်လေး လုပ်ပေးနေရုံနဲ့ မလုံလောက်တော့ဘူး။ လက်ထပ်လိုက်ပြီဆိုကတည်းက တမိုးအောက် နှစ်ယောက်အတူ တဘဝစာ လူလူချင်း အရင်းနှီးဆုံး ဝေမျှခံစားကြမယ်လို့ သဘောတူလိုက်တာဖြစ်ပါတယ်။ ဒီလိုဝေမျှခံစားတယ်ဆိုတဲ့အရာတွေထဲမှာ သူ့ကိုယ် ၊ ကိုယ့်ကိုယ်အပြင် သူ့စိတ်ခံစားမှု ၊ ကိုယ့်စိတ်ခံစားမှုတွေလည်း ပါဝင်နေရပါမယ်။ ဒါ့အပြင် ဘဝမှာကြုံလာတဲ့ အခက်အခဲတွေကိုလည်း နှစ်ယောက်တိုင်ပင် ဖြေရှင်းကြမယ်ဆိုတဲ့ အခက်အခဲဆိုင်ရာ ဖြေရှင်းမှုလည်းရှိရမယ်။ ဒီလိုအခက်တွေထဲမှာ ငွေကြေးအခက်အခဲ ၊ စားဝတ်နေရေးအခက်အခဲ ၊ လူမှုရေးအခက်အခဲတွေအပြင် နောင်မှာ သားရေး ၊ သမီးရေး ဆိုတာတွေလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။

သမီးရည်းစားဆိုတဲ့ကဏ္ဍဟာ ရေပေါ်ဆီကဏ္ဍလေးပဲဖြစ်ပါတယ်။ ဆိုလိုတာက အပေါ်ယံလေးပါ။ တနေ့တာ (၂၄)နာရီဆိုတဲ့အချိန်ကလေးမှာ နှစ်ယောက် ပူးပူးကပ်ကပ် တီတီတာတာရှိချိန် နာရီပိုင်းလေးအတွင်းမှာ ဆက်သွယ်တဲ့ ဆက်နွယ်မှုလေးပါ။ ဒီလိုအချိန်တိုကလေးမှာ ဟန်ဆောင်သူတွေက ဟန်ဆောင်နိုင်တယ်။ ဒီလိုအချိန်တိုကလေးမှာ  မကောင်းကွက်တွေချန်ထားပြီး ကောင်းကွက်တွေကိုပဲ ရွေးခံစားလို့လည်းရပါတယ်။ ဒီလိုအချိန်တိုကလေးမှာ  မကောင်းကွက်တွေ ဖုံးထားပြီး ကောင်းကွက်တွေပဲ ဖော်ထားလို့လည်း ရပါတယ်။ အထူးသဖြင့် အချစ်တွေ ဖုံးနေ ၊ မွှန်နေတော့ ရေပေါ်ဆီလေးပဲမြင်ပြီး အောက်မှာ အနည်ထိုင်နေတာတွေကို အတွေးနက်နက်ထားပြီး မြင်အောင်မကြည့်နိုင်ကြတာပါ။ တကယ်မြင်အောင်ကြည့်ရင် မြင်ပါတယ်။

ဘာတွေကို မြင်အောင်ကြည့်ရမလဲဆိုရင် သူနဲ့ကိုယ်ရဲ့ သဘောထားကွဲလွဲမှုတွေ ၊ ခံယူချက်ကွဲလွဲမှုတွေ ၊ ငဲ့ညှာထောက်ထားမှုတွေ ၊ ယုယကြင်နာမှုတွေ ၊ နားလည်ပေးနိုင်မှုတွေ ၊ သည်းခံပေးနိုင်မှုတွေ ၊ ခွင့်လွှတ်ပေးနိုင်မှုတွေ ဒါတွေဟာ နက်ရှိုင်းမှု ရှိမရှိ ၊ ညှိနှိုင်းမှု ရှိမရှိ ၊ သူ့အတ္တရှေ့ထားမှု ရှိမရှိ ဆိုတာတွေ ဒီအချိန်မှာ အကဲဖြတ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။

ဒီလိုအချိန်တိုလေး တွေ့ဆုံနေချိန်မှာတောင် စကားများရန်ဖြစ်နေရရင် ၊ သဘောထားအမြင်တွေ ကွဲလွဲမှုကြီး အတိုင်းသားဖြစ်နေတာတွေ ၊ ခံယူချက်ပြောင်းပြန်ဖြစ်နေတာတွေ ၊ စကားများရန်ဖြစ်တိုင်း သူပြောတဲ့စကားတွေ ၊ အပြုအမူတွေဟာ ကိုယ့်အပေါ် ငဲ့ညှာထောက်ထားမှု ရှိမရှိဆိုတာတွေ ၊ ကိုယ့်ဘက်က အကျိုးအကြောင်း ခိုင်လုံစွာ ရှင်းပြသည့်တိုင်အောင် နားလည်ပေးနိုင်မှုရှိမရှိ ၊ ညှိနှိုင်းမှုရှိမရှိ ၊ သည်းခံခွင့်လွှတ်နိုင်စွမ်း ရှိမရှိ ဆိုတာတွေကို သမီးရည်းစားဘဝမှာ ကိုယ့်အချစ်တွေ ၊ ခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။

BurmeseHearts Blog

သမီးရည်းစားဘဝမှာ အချစ်တွေမွှန်ပြီး အပေါ်ယံ ရေပေါ်ဆီဆက်ဆံရေးမှာသာယာလို့ အတွင်းကျကျ သူ့အကြောင်းတွေ မြင်အောင်မကြည့်နိုင်ခဲ့ဘူးဆိုရင် ကိုယ်ညံ့လို့ဖြစ်ပါတယ်။ သူ့ကိုတောင် အကဲမဖြတ်နိုင်တဲ့ကိုယ်ဟာ သူ့မိသားစုရဲ့ နောက်ခံကိုကော အကဲဖြတ်နိုင်ပါ့မလား။ 

သူနဲ့ တဘဝစာလက်တွဲချင်တယ်ဆို သူ့အကြောင်းသိဖို့အပြင် သူ့မိသားစုတွေရဲ့ စိတ်ထား ၊ စာရိတ္တနဲ့ ပြုမူနေထိုင်ဆောင်ရွက်ပုံတွေ ၊ ကိုယ့်အပေါ်ဆက်ဆံမှုတွေဟာ ရေရှည်မှာ ကိုယ်နဲ့ကိုက်ညီမှု ရှိမရှိ ၊ သူ့အပြင် သူ့မိသားစုတွေကိုလည်း ကိုယ့်မိသားစုဝင်တွေကို သဘောထားနိုင်မှု ရှိမရှိ ၊ တဘဝစာ ဆွေမျိုးအသိုင်းအဝန်းတွေအဖြစ် ပေါင်းစပ်သွားနိုင်မှု ရှိမရှိ ဆိုတာတွေကိုလည်း လေ့လာအကဲဖြတ်ရဦးမယ်လေ။ ချစ်တာတခုပဲဦးထိပ်ထားလို့ သူနဲ့ ရွှေလက်တွဲလို့ ဘဝတခုတည်ဆောက်ပြီးကာမှ ဘွာတေး မှားသွားလို့ဆိုရင် အပျို ၊ လူပျိုဘဝနဲ့ ခြေလှမ်းပြန်နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အနည်းဆုံး တခုလပ် ဆိုတဲ့ ဂုဏ်ပုဒ်လေးတော့ ကိုယ့်နောက်ပါလာမှာပါ။ ဒီ့ထက်ပိုကျွံသွားရင် ကလေးတွေလည်း အဆစ်ပါဦးမယ်လေ။

ယူပြီး သူ့ဘာသာသူ အဆင်ပြေသွားမှာပါဆိုတဲ့ အပျို ၊ လူပျိုတွေယူပြီး သူ့ဘာသာသူ အဆင်ပြေသွားရင်ကောင်းပေမယ့် အဆင်မပြေခဲ့ရင် ဘယ်သူမဆို နစ်နာတာပါပဲ။ အနစ်နာဆုံးကတော့ သားသမီးတွေဖြစ်မှာပါ။

ယူပြီး သူ့ဘာသာသူ အဆင်ပြေသွားမှာပါလို့ ပေါ့ပေါ့လေးတွေးထားတဲ့ အပျို ၊ လူပျိုတွေကို အိမ်ထောင်သည်တွေရဲ့ ဝတ္တရားနဲ့ တာဝန်တွေ မိတ်ဆက်ပေးချင်ပါတယ်။ တီးမိခေါက်မိရှိတာပေါ့။ အိမ်ထောင်တခု တည်ထောင်တယ်ဆိုတာဟာ လူနှစ်ယောက်တည်း ပေါင်းစပ်တာမဟုတ်ပါဘူး။ သူနဲ့ကိုယ်တင်မက သူ့မိသားစုနဲ့ ကိုယ့်မိသားစုဟာလည်း ဆွေမျိုးတွေအဖြစ် ပေါင်းစပ်လိုက်တာပါ။ သူ့ယူရင် သူ့မိဘကို ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ပယ်ထားလို့မရပါဘူး။

သူ့မိဘကို ကိုယ့်မိဘလို့ သဘောထားနိုင်မှ ကိုယ့်အိမ်ထောင်ဖက်နဲ့ကိုယ် ရေရှည်အဆင်ပြေမှာဖြစ်ပါတယ်။ သူ့မောင်နှမတွေကိုလည်း တစိမ်းတွေလို့ ခံယူထားလို့ မရတော့ပါဘူး။ ဒီမိသားစုတွေကို သူက ထောက်ပံ့ပေးနေရတယ်ဆိုရင် သူ့ဝင်ငွေအကုန် ကိုယ့်လက်ထဲရချင်လို့ မဖြစ်ပါဘူး။ ဒီမိဘနဲ့မောင်နှမဆိုတာ ၊ သူ့ဆွေမျိုးတွေဆိုတာ သူ့တသက်တာအတွက် တည်မြဲသွားမယ့်အရာတွေပါ။ ပြောင်းလဲလို့မရဘူး။ ပြောင်းမယ့်ပြောင်း ဇနီး ၊ ခင်ပွန်းဆိုသူတွေသာ ပြောင်းသွားလို့ရတာပါ။ ဒါကြောင့် သူ့ကိုချစ်ရင် သူ့အသိုင်းအဝန်းကိုလည်း ချစ်နိုင်မှ အိမ်ထောင်တခု ရေရှည်တည်မြဲနိုင်မှာဖြစ်ပါတယ်။

သူ့ကိုတော့ချစ်တယ်။ သူ့အသိုင်းအဝန်းနဲ့ကိုယ် မကိုက်ညီဘူးလို့ ခံစားရပြီဆိုတာနဲ့ ကိုယ့်ချစ်သူဟာ သူ့မိသားစုနဲ့ ကိုယ့်အကြား မျှမျှတတ ဆက်ဆံနိုင်သူလား လေ့လာရမှာပါ။ ကိုယ့်ဘက်လုံးဝပါတယ်ဆိုရင် အိမ်ခွဲနေဖို့ အရေးဆိုတန်ဆို ၊ ငွေစုတန်စုဆိုတာတွေကို မယူခင်ကတည်းက ကြို ပြင်ဆင်ထားနိုင်မှ သူ့မိသားစုတွေအကြား မျက်နှာမနာမှာဖြစ်ပါတယ်။ သူ့မိသားစုနဲ့ အတူလိုက်နေပြီးမှ အိမ်ခွဲနေဖို့စီစဉ်မယ်ဆိုရင် စောစောစီစဉ်နိုင်ရင်တောင် နှစ်တွေနဲ့ချီကြာဦးမှာပါ။ ဒီအကြားမှာ သဘောထားကွဲလွဲ စကားများတာ ၊ ရန်ဖြစ်တာ ၊ အဆင်မပြေတာတွေကြောင့် နောင်မှာ သူ့တို့မျက်နှာ ကိုယ်မကြည့်ချင် ၊ ကိုယ့်မျက်နှာ သူတို့မကြည့်ချင်တဲ့ အခြေအနေအထိ ကြုံလာနိုင်တာမို့ အစကတည်းက အိမ်ခွဲနေနိုင်ရင် သင့်တင့်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

တအိုးတအိမ်ထူထောင်လိုက်တယ်ဆိုပေမယ့် ကိုယ်တွေဟာ သားသမီးဝတ္တရားဖြစ်တဲ့ မိဘထောက်ပံ့ခြင်းအမှုကိုလည်း အနည်းဆုံး တနှစ်တကြိမ် သီတင်းကျွတ်ဖြစ်ဖြစ် ၊ သင်္ကြန်ဖြစ်ဖြစ် ၊ မိဘတွေ မွေးနေ့မှာဖြစ်ဖြစ် ဟိုဘက် ၊ ဒီဘက် မျှတအောင် ထောက်ပံ့ပေးပါမှ ကြွေးဟောင်းဆပ်နိုင်တဲ့ သားသမီးကောင်းတွေဖြစ်မှာပါ။ ဒီလိုမှမဟုတ်ရင် ကိုယ်တွေ အိုသွားတဲ့အခါမှာ ကိုယ်တဘဝစာ ပုံအောလို့ ပြုစုပျိုးထောင်ပေးလိုက်တဲ့ သားသမီးတွေရဲ့ ပစ်ပယ်ထားမှုကို ခံရနိုင်ပါတယ်။

ဝဋ်ဆိုတာ လည်တတ်သလို ကိုယ့်သားသမီးတွေက ကိုယ် ဘယ်လိုအမူအကျင့်မျိုး ကျင့်သုံးပြုမူနေတယ်လို့ အမြဲနည်းနာယူနေတာဖြစ်ပါတယ်။ ကိုယ်က ကိုယ့်မိဘတွေ ဆက်ဆံသလို သူတို့ကလည်း ကိုယ့်ကို ဆက်ဆံမှာဖြစ်ပါတယ်။ ဒီလိုမိဘတွေ ထောက်ပံ့တဲ့နေရာမှာလည်း ဇနီးမောင်နှံနှစ်ဦးစလုံး နှစ်ဘက်မိဘအပေါ် မျှမျှတတဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်မိသားစုအတွက်လည်း စုသလို သူ့မိဘ ၊ ကိုယ့်မိဘတွေကိုလည်း ထောက်ပံ့ပေးရမှာ လူ့ကျင့်ဝတ်တခုဖြစ်ပါတယ်။ ဘယ်လောက်ပြည့်စုံတဲ့မိဘဖြစ်ပစေ။ သားသမီးတွေရဲ့ သိတတ်မှုကိုတော့ မိဘတိုင်းကခံစားပြီး ပီတိဖြစ်လိုကြပါတယ်။

တအိုးတအိမ်ထူထောင်လိုက်ပြီဆိုကတည်းက အပျိုလူပျိုတုန်းကလို ပျော်သလိုနေလို့မရတော့ဘူး။ အိမ်မှာ ဆီ၊ ဆားမရှိတာကို ဖြည့်ပေးဖို့မတွေးဘဲ ကိုယ့်တဝမ်းစာ အပြင်ထွက်စားလို့ မရတော့ဘူး။ အိမ်ကမိသားစု ဝမ်းတထွာ ပြည့်ဝစွာစားနိုင်ဖို့ ဖြည့်တင်းရမယ်။ ခင်ပွန်းလုပ်စာနဲ့မလောက်ရင် ဇနီးပါထွက်ပြီး အလုပ်လုပ်ရမယ်။ ဒါဟာ မောင်တထမ်း မယ်တရွက် လုပ်နေတာပဲပေါ့။

ခင်ပွန်းက မိသားစုအတွက် မနိုင့်တနိုင်ကြီး ဝန်ထမ်းနေရရင် ဇနီးမယားကပါ ကိုယ်နိုင်တဲ့ဝန်လေး ဝင်ထမ်းမယ်ဆိုတာ အိမ်ထောင်တခုရဲ့ ဝတ္တရားဆိုတာထက် မေတ္တာတရားကို အခြေခံထားတဲ့ စေတနာနဲ့ဆို ပိုကြည်နူးစရာကောင်းပါတယ်။ စားစရာငတ်နေသည့်တိုင်အောင် မေတ္တာမငတ်ရင် ဝမ်းဝနေသလိုရှိပါတယ်။ စားစရာတွေပုံနေပေမယ့် မေတ္တာငတ်နေရင်တော့ ရှေ့ မှာပုံနေတဲ့အစာတွေကိုတောင် စားချင်စိတ်မရှိပါဘူး။ ထားတဲ့စိတ်ကလေးနဲ့ မေတ္တာတရားက အဓိက လိုအပ်ချက်ပဲလေ။ မေတ္တာစိတ် ကြီးမားလွန်းတဲ့အခါမှာ ထားတဲ့မေတ္တာကြောင့် မဖြစ်နိုင်ဘူးထင်ထားတဲ့အရာတွေကိုတောင် လုပ်နိုင်စွမ်းရှိပါတယ်။ မယုံမရှိပါနဲ့။

အလုပ်က ပင်ပင်ပန်းပန်းပြန်လာတဲ့ခင်ပွန်းကို ချိုသာတဲ့စကားနဲ့ ခရီးဦးကြိုပြုတဲ့ဇနီး ၊ ထမင်းပွဲပူပူနွေးနွေးနဲ့ စောင့်ကြိုနေတဲ့ဇနီး ၊ အိမ်ထောင့်တာဝန်တွေ မလစ်ဟင်းအောင် ထမ်းဆောင်နေတဲ့ ဇနီးမယားဟာလည်း မောင်တထမ်း မယ်တရွက် လုပ်နေတာပါ။ ငွေရအောင် အပြင်ထွက်လုပ်မှ အိမ်ထောင့်တာဝန် မျှထမ်းတယ်လို့ မမှတ်ဘဲ အိမ်ရဲ့တာဝန်တွေ မလစ်ဟင်းရအောင် ၊ စားချိန်တန်စားဖို့အစာတွေရှိအောင် ၊ ဝတ်ချိန်တန် အချိန်နဲ့အခါနဲ့ ဝတ်စရာတွေရှိအောင် ၊ သားသမီးတွေရဲ့တာဝန်တွေ မလစ်ဟင်းရအောင် စီမံပေးနေတဲ့ အိမ်ထောင်ရှင်မတာဝန်ဟာ ဝင်ငွေမရှိပေမယ့် တော်ရုံအမျိုးသမီးတွေ ကျေပွန်စွာ မထမ်းနိုင်တဲ့ ဝတ္တရားတွေပါ။

ကိုယ့်ဇနီးမယားက ဒီဝတ္တရားတွေကျေပွန်တယ်ဆို ကိုယ်နဲ့ ကိုယ့်သားသမီးတွေအပေါ် ထားရှိတဲ့သူမရဲ့ မေတ္တာစေတနာကို ချီးကျူးဂုဏ်ပြုစကားတွေ မကြာမကြာ ပြောပေးပါ။  ကိုယ်တွေအပေါ်ထားရှိတဲ့ သူမရဲ့ မေတ္တာစေတနာဟာ ကြီးမားလှပါတယ်။ တတ်ထားတဲ့ပညာတွေကို မီးဖိုချောင်ထဲစွန့်ပစ်ထားပြီး ကလေးချီးသေးကအစ လုပ်ပေးနိုင်တဲ့ သူမရဲ့မေတ္တာစေတနာဟာ မကြီးမားပေဘူးလား။ ငွေဝင်နိုင်တဲ့အလုပ်ကို မလုပ်ဘဲ ကိုယ့်သွေးသားတွေကို သူများလက် စိတ်မချရဲလောက်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ငွေမရတဲ့အလုပ်တွေကို လုပ်ကိုင်ရင်း သူမဘဝကို မြှုပ်နှံလိုက်တယ်ဆိုတာ တော်ရုံမေတ္တာမျိုးတော့ မဟုတ်ဘူးလေ။ အလုပ်လည်းလုပ် အိမ်မှုကိစ္စလည်း ထမ်းနေရတဲ့ အိမ်ရှင်မတွေကို သနားငဲ့ညှာပါ။

ဆေးစရာအိုးခွက်ပန်းကန်တွေပုံနေတဲ့ ဇနီးမယားကိုစာနာပြီး စားပွဲကလေးသန့်ရှင်းပေးတာ ၊ ကလေးတွေကို စာကူပြပေးတာ ၊ တံမြက်စည်းလေး ကောက်လှည်းပေးတာ ၊ အိပ်ယာကလေး ဝင်ခါပေးတာတွေဟာလည်း မောင်တထမ်း ၊ မယ်တရွက်လုပ်တာပါပဲ။ ဇယ်ဆက်အောင်လုပ်ရမယ့် သူမရဲ့တာဝန်တွေကို ကိုယ်နိုင်သမျှ ဝင်ထမ်းပေးလိုက်တာလေ။ ဒါတွေလုပ်ပေးရမယ်လို့ ဘယ်လိုသိသလဲဆိုရင် မေတ္တာအခြေခံထားလို့ ဝတ္တရားရှိတယ် မခံယူဘဲ စေတနာဖြည့်စွက် လုပ်ပေးလိုက်တဲ့အတွက် မြင်ရသူမှာ ကြည်နူးတယ်။ ခံစားရသူလည်း ပီတိဖြစ်တယ်။

ကိုယ်တွေမိသားစု စားချိန်တန်စား ၊ ဝတ်ချိန်တန်ဝတ်ရအောင် ရှာဖွေကျွေးမွေးနေတဲ့ ခင်ပွန်းတာဝန်ကတော့ ပြောစရာမရှိအောင် အိမ်ထောင့်တာဝန်ထမ်းနေသူပေါ့။ လောက်ငအောင် ဝင်ငွေမရှိတဲ့ ခင်ပွန်းရဲဝင်ငွေလေးကို နည်းလှချည်ရဲ့ အပြစ်မတင်ဘဲ လောက်ငအောင် သုံးတတ်ဖို့ ၊ မလောက်ငရင် အပိုဝင်ငွေရှာတတ်ဖို့ ကြိုးစားရမှာပေါ့။ လေသွားမယ့် ငွေယိုပေါက်တွေကို စိစစ်နိုင်ပြီဆိုရင် ဒါလည်း မယားတစ်ယောက်အနေနဲ့ မောင်တထမ်း ၊ မယ်တရွက် လုပ်ဆောင်ခြင်းပါ။

အိမ်ထောင့်တာဝန်တွေဆိုတာ မိသားစုစားဝတ်နေရေးတင်မဟုတ်ဘူး ၊ မိသားစုကျန်းမာရေးလည်းရှိသေးတယ် ၊ အလုပ်အကိုင်အဆင့် ဆက်မြင့်မားဖို့ ဖွေရှာရမယ့် ပညာရေးဆိုတာလည်း ရှိသေးတယ် ၊ သားသမီးတွေရဲ့ ပညာရေးဆိုတာလည်း ရှိသေးတယ်။ အိမ်ထောင်စု သာယာပျော်ရွှင်ရေးအတွက် အသုံပြုရမယ့်ငွေ ၊ မိသားစု လည်ပတ်စားသောက်နိုင်တဲ့ငွေ ၊ မိသားစုအတွက်ပေးတဲ့အချိန်နဲ့ စိတ်ခံစားမှုတွေဆိုတာ သမီးရည်းစားတုန်းကလို နာရီပိုင်းလေး ကွက်ခံစားချင်လို့ မရတော့ပါဘူး။ တဘဝစာ တွေးထားရမယ့်ကိစ္စတွေ ၊ လုပ်ကိုင်ဆောင်ရွက်သွားရမှာတွေ ဖြစ်ပါတယ်။

မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့စကားလေးဟာ တွေးရင်တွေးသလောက် ၊ ခံစားတတ်ရင် ခံစားတတ်သလောက် အဓိပ္ပါယ်ပြည့်စုံသော အိမ်ထောင်မှုရသကို ပေးစွမ်းနေပါတတယ်။ မောင်တထမ်း ၊ မယ်တရွက်ဆိုသလို ကိုယ်ချစ်တဲ့သူနဲ့ ဒီတာဝန်တွေ တဘဝစာ မျှဝေထမ်းသွားနိုင်ပါ့မလား။ ဝတ္တရားဆိုတာပဲ မကြည့်ဘဲ မေတ္တာ ၊ စေတနာလေး ရေရှည် ဖြည့်စွက်ထားနိုင်မယ်ဆိုရင် တဘဝစာ မျှဝေထမ်းသွားနိုင်မှာပါ။

ရတု (Burmesehearts.com)

 

You might also like