Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နေဝင်ချိန်များအား နှိုင်းယှဉ်ခြင်း – BurmeseHearts

နေဝင်ချိန်များအား နှိုင်းယှဉ်ခြင်း

1

BurmeseHearts - elder - myanmar video

နေ့တစ်နေ့မှာ အရုဏ်ဦးအလှရှိသလို ဆည်းဆာအလှလည်း ရှိသင့်တာပေါ့နော်။ သစ်ပင်အကိုင်း ၊ အခက် ၊ အရွက်တွေတောင်မှ နုသစ်ချိန် နဲ့ ရင့်ရော်ချိန်ဆိုတာရှိပါတယ်။ သတ္တဝါတွေမှာလည်း ငယ်နုချိန် နဲ့ အိုမင်းချိန်ဆိုတာ ရှိပါတယ်။

လူတွေဟာ အိုမင်းမစွမ်းဖြစ်လာရင် အနည်းနဲ့အများ စိတ်ဓါတ်ကျဆင်းလာတတ်ပါတယ်။ ဒီလိုစိတ်ဓါတ်ကျလာတဲ့လူတွေထဲမှာမှ ဝင်ငွေလုံလုံလောက်လောက် မရှိတဲ့သူတွေ ၊ သားသမီးပေးစာကမ်းစာ ငံ့တလင့်လင့် မျှော်ကိုးနေထိုင်ရသူတွေ ၊ မသိတတ်တဲ့ သားသမီးရရှိထားသူတွေ တနည်းအားဖြင့် သားသမီးတွေရဲ့ မျက်ကွယ်ပြုထားခြင်း ခံရသူတွေ ၊ ကိုယ်တိုင် ကျန်းမာရေးမကောင်းသူတွေ ၊ စားဝတ်နေရေးအဆင်မပြေသူတွေနဲ့ သားဆိုး သမီးဆိုး ပိုက်ထားရသူတွေဟာ အိုမင်းမစွမ်းဖြစ်ပါမှ အတော့်ကို စိတ်ဓါတ်ကျဆင်းရပါတယ်။ သူတို့ရဲ့ ဘဝနေဝင်ချိန်ဟာ မလှပတတ်ဘူးပေါ့။ တချို့ကျတော့လည်း မပြင်နိုင်တော့တဲ့ အတိတ်အတွက် နောင်တတွေပိုက်ပြီး နေဝင်မျိုးချုပ်သွားကြရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံက အာရှသူ ၊ အာရှသားတွေဆိုတော့ အာရှတွေ တွေးတောလုပ်ကိုင်သလို လုပ်ကိုင်လေ့ရှိကြသူတွေပါ။ အလေ့အကျင့်ချင်း ခပ်ဆင်ဆင်တူကြပါတယ်။ ဒီလိုအာရှနိုင်ငံတွေထဲကမှ ကမ္ဘာနဲ့ယှဉ် တိုးတက်ထွန်းကားနေတဲ့ နိုင်ငံနှစ်ခုက ဘဝနေဝင်ချိန်တွေကို ကျွန်မက နှိုင်းယှဉ်ပြလိုတာပါ။

အားလုံးသိကြတဲ့ စင်္ကာပူနိုင်ငံ နဲ့ ဂျပန်နိုင်ငံ ဒီနှစ်နိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘဝနေဝင်ချိန်တွေကို ကျွန်မက အပြုသဘောသက်သက် နှိုင်းယှဉ်လိုတာဖြစ်ပါတယ်။ သူတို့တွေဆီက ကောင်းတဲ့အပြုအမူတွေကို ကောင်းဖို့အတွက် ယူကြမယ်။ မကောင်းတဲ့အပြုအမူတွေကို ကောင်းဖို့အတွက် ပယ်ကြမယ်လေ။

ကျွန်မဟာ စင်္ကာပူနိုင်ငံမှာနေပြီး ဂျပန်သူငယ်ချင်းမတွေ ရှိသူပါ။ စင်္ကာပူနိုင်ငံမှာနေတော့ စင်္ကာပူနိုင်ငံက လူတွေအကြောင်း မျက်မြင်လေ့လာနိုင်တာပေါ့။ ဂျပန်နိုင်ငံက လူတွေအကြောင်းကိုတော့ ဂျပန်သူငယ်ချင်းတွေကို မေးမြန်းရင်း စာအုပ်စာပေတွေဖတ်ရှုရင်း ၊ အင်တာနက်မှာ ရှာဖွေရင်း တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ ကွာခြားချက်ကို ထင်းထင်းကြီး တွေ့လိုက်ရပါတယ်။

စင်္ကာပူနိုင်ငံ နဲ့ ဂျပန်နိုင်ငံမှာ အများသိကြတဲ့အတိုင်းပါပဲ။ အိုမင်းမစွမ်းသူတွေ ၊ မစွမ်းမသန်တွေ ၊ ဒုက္ခိတတွေ ၊ ကလေးသူငယ်တွေ ၊ ကိုယ်ဝန်လွယ်ပိုးထားသူတွေကို အများသုံးယာဉ်တွေမှာ အတော်ဦးစားပေးပါတယ်။ ဦးစားပေးရအောင် အစိုးရကိုယ်တိုင်က နေရာတွေ သတ်မှတ်ထားပေးပြီး စီမံပေးထားတာပါ။ ဒီတော့ ဒီလိုအခြေအနေမျိုးဖြစ်နေလို့ အိမ်ထဲမှာပဲအောင်းပြီး သိပ်စိတ်ဓါတ်ကျစရာမရှိဘူးပေါ့။ အစိုးရက ဒီလိုဘဝအခြေအနေမပေးသူတွေ အများသူငါ အသုံးပြုရတဲ့ နေရာတွေကို အကူအညီမလိုဘဲ အဆင်ပြေပြေသွားရောက်နိုင်အောင် ဆင်ခြေလျောတွေ ၊ ကင်မရာပါပြီး အသံထွက်ပြောဆိုပေးတဲ့ ဓါတ်လှေကားတွေ ၊ သူတို့အတွက်သီးသန့် အများသုံးရေအိမ်တွေ နေရာတိုင်းလိုလိုမှာ စီစဉ်ပေးထားပါတယ်။ သူတို့သုံးစွဲတဲ့ ငွေမှာကအစ မျက်မမြင်တွေကို သူ့အမှတ်အသားနဲ့သူ မှတ်သားအသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ သူများအလိမ်မခံရအောင် ၊ ကိုယ့်အားကိုယ်ကိုးနိုင်အောင် အတွေးအခေါ်ရှိရှိ အစိုးရက လုပ်ကိုင်ဆောင်ရွက်ပေးထားပါတယ်။ ဆိုလိုတာက သူတို့အစိုးရတွေက သူတို့နိုင်ငံသားတွေအတွက် ဘယ်လိုအခြေအနေမှာရှိနေပစေ အခွင့်အရေးရရှိအောင် အထောက်အပံ့ပေးထားကြပါတယ်။

အခုကျွန်မပြောမှာက အစိုးရထောက်ပံ့မှုမဟုတ်ဘဲ သူတို့ကျင်လည်နေရတဲ့ ဘဝကို နှိုင်းယှဉ်လိုတာပါ။ အားလုံးသိကြတဲ့အတိုင်း အများအားဖြင့် အလုပ်သမားတွေရဲ့ အလုပ်ချိန်ဟာ စင်္ကာပူနိုင်ငံမှာ ရှည်လျားတယ်။ ဂျပန်မှာကျတော့ ရှာကောင်းကောင်းနဲ့ နှစ်လုပ် ၊ သုံးလုပ် အချိန်လုပြီး လုပ်ကြတယ်။ တူညီတာကတော့ ပျမ်းမျှအားဖြင့် သူတို့တွေရဲ့ဘဝဟာ အားလပ်ချိန် ရှားပါးကြပါတယ်။ ( မြန်မာနိုင်ငံမှာလို အားရင် လ္ဘက်ရည်ဆိုင်ထိုင်ပြီး ဟိုအကြောင်း ၊ ဒီအကြောင်း ငွေမရဘဲ တနေကုန် ထိုင်ဆွေးနွေးကြဖို့ သူတို့မှာ အချိန်မရှိပါဘူး။)

တမိသားစုတည်းက တအိမ်တည်း နေကြသူတွေတောင် တခါတလေ မျက်နှာချင်းဆိုင် ပြုံးပြနှုတ်ဆက်ခွင့်မရတဲ့အချိန်တွေလည်း ရှိကြပါတယ်။ ဆိုလိုတာက မိသားစုကို သိပ်အချိန်မပေးနိုင်ကြတဲ့ Life Style မျိုးနဲ့ နေကြတာပေါ့။ တချို့တွေကျတော့ ဒီလိုဘဝမှာကျင်လည်ရင်း ပျော်စရာကို လုံးဝမခံစားရဘဲ စိတ်ဖိစီးမှုတွေများလွန်းလို့ အဆုံးစီရင်ကြတာတွေတောင်ရှိပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံမှာ ဒီအဖြစ်တွေ ပိုများပါတယ်။

BurmeseHearts Blog

သူတို့ရဲ့ ဒီလိုတနေ့တာကျင်လည်မှုတွေဟာ အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီး သိပ်ကွာခြားမှုမရှိကြပါဘူး။ ဒါပေမယ့် ဘယ်မှာ အကြီးအကျယ်ကွာခြားသွားလဲဆိုရင် သားသမီးယူတဲ့အချိန်မှာ စင်္ကာပူနိုင်ငံက မိခင်တွေနဲ့ ဂျပန်နိုင်ငံက မိခင်တွေဟာ အတော့်ကို ကွာခြားသွားကြပါတယ်။ ဒီနှစ်နိုင်ငံစလုံးမှာ မွေးဖွားနှုန်းတွေ ကျဆင်းတယ်ဆိုပေမယ့် စင်္ကာပူနိုင်ငံက မွေးဖွားနှုန်းကျဆင်းမှုဟာ ပိုဆိုးပါတယ်။ စင်္ကာပူနိုင်ငံသားတွေမှာ မွေးဖွားနှုန်းအတော်ကျဆင်းနေပြီး အိုမင်းတဲ့အဘိုးအဘွားဦးရေ တိုးလာတဲ့အတွက် တကယ်အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ် ၊ လူရွယ်အရေအတွက် အတော်ရှားပါးလာပါတယ်။ ဒါကြောင့် နိုင်ငံတိုးတက်နေတာနဲ့အမျှ ပြည်ပက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်အားအပေါ် မှီခိုနေရတာပါ။

ဒီလိုမွေးဖွားနှုန်းကျတဲ့အတွက် မွေးဖွားနှုန်းတက်လာအောင်ဆိုပြီး အစိုးရက ထောက်ပံ့မှုတွေ ၊ လိုချင်စရာတွေဖြစ်တဲ့ အိမ်ရာစီမံကိန်းတွေ ၊ ပညာရေးအထောက်အပံ့ ၊ ကျန်းမာရေးအထောက်အပံ့တွေနဲ့ ဆွယ်လို့ စင်္ကာပူနိုင်ငံက မွေးဖွားနှုန်း အနည်းငယ် တိုးတက်လာတယ်ဆိုပေမယ့် ကျေနပ်ရလောက်အောင်တော့ မတိုးတက်လာပါဘူး။ သူတို့တွေဟာ အချိန်ရှားပါးကြတဲ့အပြင် ရတဲ့အချိန်ကလေးမှာ ကိုယ့်စိတ်ဖြေဖို့အတွက် အပျော်အပါးထွက်ရှာတာမျိုး ၊ ပြည်ပခရီးထွက်လို့ စိတ်ဖြေဖျောက်တာမျိုးတွေမှာ အသားကျနေတော့ သားသမီးရလာတဲ့အခါ ဒီသားသမီးတာဝန်က သူတို့အတွက် အတော်ပိုလာတာပါ။

စင်္ကာပူနိုင်ငံမှာ ကလေးမီးဖွားပြီးတဲ့မိခင်အများစုဟာ မီးဖွားခွင့်ပြည့်တာနဲ့ အလုပ်ပြန်ဝင်လုပ်တဲ့သူတွေများပါတယ်။ ဒီတော့ သူတို့အိမ်က ကလေးကို အိမ်ဖော်နဲ့သော်လည်းကောင်း ၊ အိမ်ဖော်အပါအဝင် မိသားစုဝင်တဦးဦးရဲ့ ကြီးကြပ်မှုနဲ့သော်လည်းကောင်း ၊ ကလေးထိန်းဂေဟာကိုပို့ပြီးသော်လည်းကောင်း ထားခဲ့ကြပါတယ်။ အလုပ်ကပြန်လာရင် နာရီရှည်ကြာလုပ်ခဲ့တဲ့ အလုပ်ကစိတ်ဖိစီးမှုတွေနဲ့ အတော် စိတ်လက်ပင်ပန်းနေပြီမို့ သားသမီးကို အချိန်ပေးဂရုစိုက်နိုင်တယ်ဆိုတာ မရှိပါဘူး။ သားသမီးကို အချိန်လု ဂရုစိုက်ကြတဲ့သူတွေက တပတ်လုံးနေမှ စနေ ၊ တနင်္ဂနွေ နှစ်ရက် သို့မဟုတ် စနေ နေ့တဝက်နဲ့ တနင်္ဂနွေ တစ်ရက်  သို့မဟုတ် ကိုယ့်နားရက် တစ်ရက်သာ ရှိပါတယ်။

စင်္ကာပူနိုင်ငံမှာ အိမ်ဖော်ကို တနင်္ဂနွေတစ်ရက် မဖြစ်မနေ အနားပေးဖို့ သတ်မှတ်ပေးထားတာမို့ အိမ်အကူ ကလေးထိန်းမရှိတဲ့ ဒီလိုအချိန်တွေမှာ မိဘနှစ်ဦးစလုံး ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ပေးကစားဖို့ထက် အမေ အိမ်အလုပ်တွေ လုပ်နေရင် အဖေက ကလေးထိန်းပြီးနေ ၊ အဖေမအားရင် အမေထိန်းစနစ်နဲ့ ထိန်းကြတာပါ။ တခါတရံတော့လည်း ဒီလိုရက်မျိုးမှာ အိမ်အလုပ်တွေ လုပ်မနေတော့ဘဲ မိသားစုအကုန်လုံး တနေကုန်ထွက်လည်လို့ မိသားစုအချိန်ဆိုတာကို ဖန်တီးကြပါတယ်။

တကယ်တွက်ကြည့်ရင် တနေ့(၂၄)နာရီနဲ့ (၇)ရက်ဆို နာရီပေါင်း (၁၆၈)နာရီဖြစ်မယ်။ အလုပ်လုပ်တဲ့ နေ့တွေထဲမှာ တနေ့တနာရီ ကလေးကို အချိန်ပေးရင် အဲဒီ(၆)ရက်စာ (၆)နာရီရှိမယ်။ စနေနဲ့တနင်္ဂနွေ နှစ်ရက်စာ တနေကုန်မှာ ကလေးကို သီးသန့်အချိန်ပေးချိန်ဟာ အိပ်ချိန်ဖယ်လိုက်ရင် ပျမ်းမျှ(၁၀)နာရီပေါ့။ ဒီတော့ (၁၆၈)နာရီရှိတဲ့ ရက်သတ္တပတ် တပတ်လုံးမှာ စင်္ကာပူနိုင်ငံကမိဘတွေ ကလေးကို အချိန်ပေးနိုင်တာ ပျှမ်းမျှ (၁၆)နာရီကနေ (၂၄)နာရီထက်တော့ မပိုပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် မိဘတွေ အကုန် အပြင်ထွက်လုပ်ပြီး သားသမီးကို တခြားသူလက် ဝကွက် အပ်ထားလို့ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အိမ်ထောင်သည်အမျိုးသမီးအများစုဟာ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကလေးစာပေတွေဖတ်ရှုလေ့လာပြီး ဖတ်ရှုထားတဲ့စာတွေအတိုင်း ကိုယ်ဝန်ကို စောင့်ရှောက်တယ် ၊ မွေးလာပြန်တော့လည်း အများစုက မိခင်ကိုယ်တိုင်ပဲ ကလေးကို စောင့်ရှောက်ဂရုစိုက်ကြပါတယ်။ ဂျပန်နိုင်ငံမှာ ခြောက်နှစ်အောက်ကလေးငယ်တွေကို ကလေးစိတ်ဖြစ်တယ်လို့ မသတ်မှတ်ကြသေးဘဲ ဘုရားနဲ့ လူ့ဘဝစပ်ကြားမှာ ရှိနေတဲ့ စိတ်ကလေးတခုလို့ သတ်မှတ်ပြီး ခြောက်နှစ်အောက်ကလေးငယ်တွေကို တကယ့်ကို တန်ဖိုးထား ဆက်ဆံကြပါတယ်။ ဒါဟာ သူတို့တွေရဲ့ ရိုးရာယုံကြည်မှုတခုဖြစ်ပါတယ်တဲ့။

ဂျပန်နိုင်ငံမှာ မိဘတွေက သူတို့ကလေးငယ်တွေအတွက် ဘယ်လိုစိတ်ထားနဲ့ ပြုစုစောင့်ရှောက်သလဲဆိုတာကို သုတေသနပြုထားတဲ့သူ ရေးထားတဲ့ စာတမ်းထဲကအချို့ကို ကျွန်မဖော်ပြပေးလိုက်ပါတယ်။ သူတို့တွေဟာ မိခင်နဲ့ကလေးကြားထဲက ဆက်နွယ်မှုကို တအားတန်ဖိုးထားပါတယ်။ အမေတွေဟာ သူတို့ရဲ့ ကလေးငယ်တွေနဲ့အတူအိပ်ပြီးတော့ အိပ်ခန်းတစ်ခန်းတည်းရှိတဲ့ အိမ်မှာ ကလေးငယ်ရှိတယ်ဆို မိခင်နဲ့ကလေးငယ်တွေ နွေးနွေးထွေးထွေး ဆက်ဆံရေးရှိဖို့ ၊ လွတ်လွတ်လပ်လပ် အိပ်စက်ကြနိုင်ဖို့ ဖခင်ဟာ ဇနီးနဲ့ကလေးတွေကို အိပ်ခန်းပေးပြီး သူကတော့ အိပ်ခန်းအပြင်မှာ ထွက်အိပ်လေ့ရှိပါတယ်တဲ့။

ကလေးငယ်တွေကို ဖွတာ ၊ ပွတာ ၊ ရှုပ်တာ ၊ ဆူညံအော်ဟစ်နေတာ ၊ ကစားတာ စသဖြင့်သောကလေးသဘာဝနဲ့ ပြုမူသမျှကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားပြီး ခွင့်လွှတ်သည်းခံလို့ လိုက်သိမ်းဆည်းရှင်းလင်းလေ့ရှိကြသူတွေပါတဲ့။ ဒါပေမယ့် ကလေးငယ်တွေဟာ မိဘကို မှီခိုစိတ်ရှိပြီး မှီခိုခွင့်ရှိရမယ့်လို့ သူတို့ယုံကြည်သလို မေတ္တာကပေးတဲ့ စိတ်အင်အားနဲ့ သူတို့ဘဝကို ရေရှည် ကောင်းမွန်စွာ ရင့်ကျက်တဲ့ အတွေးအခေါ်တွေနဲ့ ရပ်တည်သွားကြမယ်လို့ သူတို့က ယုံကြည်ပြီး ဒီအတိုင်း ပြုမူဆက်ဆံ လုပ်ကိုင်ကြပါတယ်။ အထူးသဖြင့် နှစ်နှစ်အောက် ကလေးငယ်တွေ မိခင်ကို လိုအပ်တဲ့ ဘယ်အချိန်မဆို ၊ ဘယ်နေရာမဆိုမှာ မိခင်က ကလေးအတွက် အမြဲအဆင်သင့် ရှိနေတတ်ပါတယ်။

သေချာတာကတော့ ဂျပန်နိုင်ငံက မိဘတွေရဲ့ ကလေးသူငယ်ပြုစုပျိုးထောင်မှုစနစ်ဟာ ကလေးငယ်တွေကို နားလည်မှုပေးလို့ ပျော်ရွှင်စွာကြီးပြင်းဖို့ အချိန်ပေးစောင့်ရှောက်တာဖြစ်ပြီး စင်္ကာပူနိုင်ငံက မိဘတွေရဲ့ ကလေးသူငယ်ပြုစုပျိုးထောင်စုစနစ်ဟာ ဂျပန်လူမျိုးတွေနဲ့ လုံးဝဆန့်ကျင်ခြားနားလို့နေပါတယ်။ သူတို့နှစ်နိုင်ငံစလုံးဟာ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေဖြစ်ပြီး ကလေးငယ်ရှိတဲ့ မိသားစုတွေအတွက် အစိုးရထောက်ပံ့မှုတွေဟာ အထိုက်အလျောက်ရှိနေတာမို့ စားဝတ်နေရေးအခြေအနေကြောင့် ဝင်ငွေမလောက်လို့ ထွက်လုပ်ရတာမျိုးမဟုတ်ပါဘူး။


BurmeseHearts Courses
BurmeseApp

စင်္ကာပူနိုင်ငံရော ဂျပန်နိုင်ငံနိုင်ငံရော နှစ်နိုင်ငံစလုံးမှာ အသက်ခြောက်ဆယ်ကျော်တဲ့ သက်ကြီးရွယ်အိုတွေ အလုပ် လုပ်ကိုင်လိုရင် လုပ်ကိုင်ခွင့်ရရှိအောင် စီစဉ်ပေးထားပါတယ်။ ကျွန်မက စင်္ကာပူနိုင်ငံမှာနေတော့ စင်္ကာပူနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘဝအခြေအနေတွေကို မျက်ဝါးထင်ထင်နိစ္စဓူဝ တွေ့မြင်နေရတာပါ။ စင်္ကာပူက သက်ကြီးရွယ်အို အဘိုးအဘွား အများစုက သန့်ရှင်းရေးအလုပ်တွေ ဝင်လုပ်ကြတာပါ။ စားပြီးပေကျံနေတဲ့ စားပွဲတွေကို သူတို့လိုက်သိမ်းပြီး ရှင်းလင်းတယ်။ ရုံးနဲ့ကျောင်းအပြင် အများသုံးနေရာက ရေအိမ်တွေကို သန့်ရှင်းရေးလုပ်တယ်။ တံမြက်စည်းလှည်း ၊ အနိမ့် မှန်သုတ် စတဲ့ အခြေခံအလုပ်တွေကို စင်္ကာပူနိုင်ငံက သက်ကြီးရွယ်အိုတွေ လုပ်ကိုင်ကြပါတယ်။ အစိုးရက ထောက်ပံ့မှုပေးထားတယ်ဆိုပေမယ့် အလုပ် မလုပ်ကိုင်နိုင်သူတွေကို အစိုးရကစုပေးထားတဲ့ CPF ဆိုတဲ့ ငွေကလေးထဲကနေ သူတို့ဘဝနေဝင်ချိန်လေးကို ဖြတ်သန်းကြရပါတယ်။

စင်္ကာပူနိုင်ငံမှာ အိုနေတဲ့ (၇၀)နီးပါး သက်ကြီးစုံတွဲတွေ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုလို့ သွားလာရတာ ၊ လမ်းမလျှောက်နိုင်တဲ့ တစ်ယောက်လှည်းတစ်ယောက်တွန်းပေးနေရတာ ၊ တချို့တတ်နိုင်သူတွေက အိမ်ဖော်ငှါးပြီး သက်ကြီးမိဘကို ပြုစုခိုင်းထားတာ ၊ လူအိုရုံပို့ပေးထားတာတွေ ကျွန်မမြင်နေရတယ်။ သေချာတာက အလုပ်လုပ်နိုင်တဲ့ သက်ကြီးရွယ်အိုပဲဖြစ်ဖြစ် ၊ အလုပ်မလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုပဲဖြစ်ဖြစ် စင်္ကာပူနိုင်ငံက သက်ကြီးရွယ်အို အများစုဟာ ကျွန်မသတိထားမိသလောက် အမြဲလိုလို အလိုမကျတဲ့မျက်နှာနဲ့ ဘာကိုမှန်းမသိ စိတ်တိုမကျေမနပ်ဖြစ်နေတတ်တယ်။

ကိုယ်ကစာနာမှုနဲ့ ပြုံးရယ်ပြလည်း သူတို့ဟာ ကြောင်နေလားဆိုတဲ့အကြည့်နဲ့ မပြုံးမရယ်ပြန်ကြည့်မှာပါ။ ဓါတ်လှေကားထဲမှာ ကိုယ့်ဘာသာ ဘီးတပ်လှည်းတွန်းထွက်ရခက်နေတဲ့ သက်ကြီးဘိုးဘွားကို သွားကူညီတွန်းပေးဦးတော့ “ရတယ် ၊ မကိုင်နဲ့” ဆိုတဲ့စကားကိုလည်း အများအားဖြင့် ကြားရပါတယ်။ သေချာတာက သူတို့ရဲ့ နေဝင်ချိန်တွေကို သူတို့ မကျေနပ်ကြပါဘူး။ သူတို့ဘေးနားမှာ သူတို့ကို ဂရုတစိုက်ဖေးမမယ့် သားသမီး အများအားဖြင့် မရှိပါဘူး။ သူတို့ကို ပျော်ရွှင်အောင် အဖော်ပြုပေးမယ့်သူတွေကို သူတို့ရှာနေပေမယ့် သူတို့မွေးထားတဲ့သားသမီးတွေဟာ သူတို့ဘဝကို သူတို့ဆက်လျှောက်ရင်း မိဘကတော့ သူတို့ရဲ့နေဝင်ချိန်တွေကို သူတို့ဘာသာ ရုန်းကန်ကြရပါတယ်။

ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေကိုကျတော့ သူတို့မိသားစုတွေဟာ အတော်ကြည့်ရှု စောင့်ရှောက်ကြပါတယ်။ သွေးဆုံးတော့မယ့် မိခင်စိတ်ဓါတ်မကျဖို့ သားသမီးတွေက အားပေးလေ့ရှိကြတယ်။ နေမကောင်းတဲ့ မိဘတွေရှိရင် အလုပ်ကို လုံးဝပစ်ထားလို့မရသည့်တိုင် အချိန်လုပြီး သွားကြည့်တယ်။ မြေးတွေ ၊ မြစ်တွေနဲ့ အဘိုးအဘွား လုံးဝမစိမ်းနေရအောင် အိမ်ခွဲနေကြပေမယ့် မကြာမကြာ တွေ့ဆုံလည်ပတ်လေ့ရှိတယ်။

ကိုယ့်ကို ကလေးဘဝက ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့မိဘကို သူတို့အိုမင်းမစွမ်းရှိချိန်မှာ ပြန်ပြုစုစောင့်ရှောက်ပေးရမယ်လို့ နားလည်တယ်။ လုံးဝအဆင်မပြေရင်လို့ လူအိုရုံပို့ရင်တောင် အားရင်အားသလို အချိန်လုပြီး အလည်အပတ် သွားရောက်လည်ပတ်တယ်။ အားပေးစကားတွေပြောတယ်။ ပျော်ရွှင်အောင် ဟာသတွေပြောတယ်။ အားအင်တွေပေးတယ်။ ဒါကြောင့် ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေဟာ သူတို့ရဲ့နေဝင်ချိန်တွေကို စိတ်အေးအေးနဲ့ြ့ကံကြံ့ခိုင်ရင်ဆိုင်ကြတယ်။ နူးညံ့တဲ့အပြုံးတွေလည်း ဒီလိုဘဝနေဝင်ချိန်တွေမှာ ဆက်ပြုံးနိုင်တယ်။ ဒါတွေဟာ မေတ္တာကပေးတဲ့ စွမ်းပကားတွေပါ။

ကျွန်မတို့ရဲ့ ဘဝနေဝင်ချိန်တွေကို စင်္ကာပူနိုင်ငံက သက်ကြီးရွယ်အိုတွေလို အထီးကျန်ဆန်ဆန် ကျော်ဖြတ်ချင်သလား ၊ ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေလို အပြုံးလေးဆောင်လို့ ကျော်ဖြတ်ချင်ပါသလား။

အခုအချိန်အထိ ကျွန်မတို့နိုင်ငံမှာ ဘိုးဘွားရိပ်သာတွေကလွဲလို့ အစိုးရအဆင့် သက်ကြီးထောက်ပံ့မှု အစီအစဉ်တွေ စင်္ကာပူနိုင်ငံကလို ၊ ဂျပန်နိုင်ငံကလို မရှိပေမယ့် ကျွန်မတို့သားသမီးတွေကို ဂျပန်လူမျိုးမိဘတွေ ပျိုးထောင်သလို ပျိုးထောင်ပေးမယ်ဆိုရင်ဖြင့် ကျွန်မတို့ဘဝနေဝင်ချိန်တွေဟာ အနည်းဆုံးတော့ အထီးကျန်ဆန်ဆန် မဖြစ်လောက်တော့ပါဘူး။ ကျွန်မတို့ ဘာသာရေးအဆုံးအမမှာကိုက မိဘကို ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ကျွေးပြုစုရမယ်လို့ သင်ထားပြီးသားလေ။ ဒါတွေလုပ်ကိုင်ပေးချင်တဲ့ စေတနာ သဒ္ဒါတရားတွေ တိုးပွားအောင် မေတ္တာလေး ဖြည့်စွက်ထားကြပါစို့။ မေတ္တာပေးမှ မေတ္တာရတာပါ။

ရတု (Burmesehearts.com)

 

BurmeseApp on Google Play

You might also like