Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ – BurmeseHearts

အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ

0

ကျောင်းအပ်နှံရာမှာ  မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်တယ်၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမှာ ဖြစ်ပြီး မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်း အမိန့်တွေ ထုတ်နေပါပြီ။ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့် ပညာရေးမှူးတွေကလည်း သက်ဆိုင်ရာ အခြေခံပညာ ကျောင်းအုပ်ကြီးတွေကို ငွေလုံးဝ မကောက်ဖို့၊ ကောက်ရင် အရေးယူခံရမယ် ဆိုတာသိရှိကြောင်း ၀န်ခံကတိတွေ ထိုးနေရတဲ့နေရာတွေလည်း ထိုးနေရပါပြီ။

အစိုးရ ပညာရေးဌာနတာဝန်ရှိသူတွေက မူလတန်းအခမဲ့ အလယ်တန်းအထက်တန်း မိဘဆရာအသင်းကြေးသာ ကောက်ရမယ်လို့ ဆိုပါတယ်။ မိဘဆရာအသင်းကြေးဆိုတာကလည်း ၅တန်း ၅၀၀ ၊ ၆တန်း ၆၀၀ ၊ ၇တန်း ၇၀၀ ၊ ၈တန်း ၈၀၀ ၊ ၉တန်း ၉၀၀ ၊ ၁၀တန်း ၁၀၀၀ ကျပ်မျှသာ ဖြစ်ပါတယ်။ ဒါကလွဲရင် ဘာမှမကောက်ရဘူးလို့ အစိုးရရဲ့ အမိန့်ကဆိုနေပါတယ်။

ဒါကိုမီဒီယာတွေမှာလည်း ဖော်ပြနေတော့ ကျောင်းသားမိဘတွေကလည်း ဒီအတိုင်းသိနေကြပါပြီ။ ဒါမကောင်းဘူးလားလို့ မေးရင် သိပ်ကောင်းတာပေါ့ဗျာလို့ ပြောရမည်သာ ဖြစ်ပါတယ်။ သို့သော် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူများရော မိဘပြည်သူများရော စဉ်းစားရပါတော့မယ်။

သူငယ်တန်းမှ ၈တန်းအထိ တစ်တန်းလျှင်ကျောင်းသားဦးရေ ၁၀၀ နှုန်းဖြင့် ၉၀၀ ဦး၊  ၉တန်း ၁၀ တန်း တစ်တန်းလျှင် ၂၀၀ ဦးနှုန်းဖြင့် ၄၀၀ဦး၊ စုစုပေါင်း ကျောင်းသားဦးရေ ၁၃၀၀ ရှိသော အထက်တန်းကျောင်းတစ်ကျောင်း ဆိုပါစို့။ ထိုကျောင်းအတွက် ပညာရေးဌာနကသတ်မှတ် ထားသော ကျောင်းသားဆရာအချိုး၊ ဘာသာရပ်သင်ဆရာနှင့်ကျောင်းသားအချိုး များနှင့် တွက်ချက်ပါက အနည်းဆုံးဆရာ ၁၀၀ ဦးရှိရပါမယ်။

စာသင်ခန်းတစ်ခန်း ပျမ်းမျှ ၃၃ ဦးနှုန်း ဖြင့်ထားပါက တစ်ကျောင်းလုံး စာသင်ခန်း ၄၀ ရှိပါမယ်။ ထိုကျောင်းသား ၁၃၀၀ ဆရာ ၁၀၀ စာသင်ခန်း ၄၀ ရှိသော ကျောင်းတစ်ကျောင်းရဲ့ တစ်နှစ် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရအောင်ပါ။

ကျောင်းဖွင့်ပြီဆိုတာနဲ့ ကျောင်းအပ်ခံနိုင်ဘို့ ကျောင်းဝင်ခွင့်လျှောက်လွှာများ၊ မိဘဆရာအသင်းကြေးများ လက်ခံရရှိကြောင်း ငွေပြေစာများပုံနှိပ်ခြင်း  (ကျောင်းသားမိဘပေးရန်၊ ကျောင်းလက်ခံ၊ စာရင်းအစစ်ခံရန်အတွက်)၊ ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှု ဆိုင်းဘုတ်များပြုလုပ်ခြင်း (အချို့တိုင်းများတွင် တိုင်းပညာရေးမှူးရုံးက ဗီနိုင်းများ ပုံနှိပ်၍ရောင်းတာ၊ မ၀ယ်လို့လဲမရပါ)၊ ကျောင်းအပ်နှံရေးနေ့အတွက် ငွေကောက်မကောက် လာစစ်ကြကုန်သော အမျိုးမျိုးသော စစ်ဆေးရေးအဖွဲ့များ ဧည့်ခံခြင်း၊ ပုံနှိပ်စာအုပ်များကို သတ်မှတ်နေရာများမှ ကျောင်းအရောက် အကြိမ်ကြိမ် ကားဖြင့်သယ်ယူခြင်း (တစ်ကြိမ်တည်းနှင့် အကုန်အပြည့်အစုံမရပါ ကျောင်းဖွင့်ပြီး ၂ လလောက်အထိ အကြိမ်ကြိမ် ထုတ်ယူရပါတယ်) အစရှိသော ကိစ္စအ၀၀များ အတွက် မြန်မာငွေ ၂သိန်း မရှိလျှင် မရပါ။

ဆရာဆရာ ၁၀၀ အတွက် Teaching Notes ရေးရန်အတွက် လယ်ဂျာစာအုပ် ၁၀၀ ( ထိုစာအုပ်မရှိ၍မရပါ ကျောင်းစစ်လာလျှင် စစ်ပါတယ်)၊ စာသင်ခန်း ၄၀အတွက် ကျောင်းခေါ်ကြိမ်မှတ်တမ်းစာအုပ် ၄၀၊ အမှတ်စာရင်းစာအုပ် ၄၀၊ ဆရာစာသင်ကြားမှု မှတ်ပုံတင်စာအုပ် ၄၀၊ ကျောင်းတစ်ကျောင်းလုံး၏ စာရင်းချုပ်များပြုလုပ်ရန်၊ အထက်ဌာနများရဲ့ စစ်ဆေးချက်များပြုလုပ်ရန် ကျောင်းအုပ်ကြီးရုံးအတွက် လယ်ဂျာစာအုပ် ၄၀၊ စုစုပေါင်းလယ်ဂျာစာအုပ်  ၂၆၀၊ (ထိုစာအုပ်များအညံ့စား ၀ယ်၍မရပါ ကျောင်းစစ်များလာတိုင်း စစ်ပါတယ်၊ စုတ်ပြတ်နေလျှင်လွှင့်ပစ်ပါတယ်)၊ အလတ်တန်းစားဝယ်ရင် တစ်အုပ် ၅၀၀၊ ထို့ကြောင့် ၅၀၀ x ၂၆၀ = ၁၃၀၀၀၀ ဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးစီအတွက် ပညာရည်တိုးတက်မှုမှတ်တမ်း ( Report Card ) အတွက် ၂၀၀၀၀ ကျပ် စုစုပေါင်းမြန်မာငွေ ၂ သိန်းမရှိလျှင် မရပါ။

စာသင်ခန်း ၄၀အတွက် သင်ပုံးများကို ပြည်တွင်းဖြစ်စိန်တံဆိပ် အညံ့စားသင်ပုန်းဆေးသုတ်ခြင်း ၊ ဘောဖျက် ( Duster )၊ တစ်နှစ်စာ  မြေဖြူ (ရေးဖြစ်ရုံ အမျိုးအစား ) ၀ယ်ယူရန်အတွက်လည်း မြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။ မြေဖြူပုံးသေးသေးလေး ၁၀၀ ပါသော ပုံးကြီးတစ်ပုံးကို မြန်မာငွေ ၇ သောင်းပေးနေရပါတယ်။

နောက်တစ်ခုက စာသင်ခုံ ဖြစ်ပါတယ်၊ မူလကစာသင်ခုံများ အပြည့်အစုံရှိနေသည့်တိုင်အောင် တစ်နှစ်လျှင် စာသင်ခန်း တစ်ခန်းအတွက် အနည်းဆုံး စာသင်ခုံတစ်လုံးနှုံးအစားထိုး ဖြည့်တင်းပေးရပါတယ်။ မည်သို့ပင် ဖင်ငြိမ်အောင်ထိုင်ထိုင်၊ မည်သို့ပင် မကျိုးခင်က သံရိုက်ရိုက်၊ ဒီထိုင်ခုံကပျက်တာကို ဟိုဘက်အကျိုးကကောင်းတာနဲ့ ဘယ်လိုပေါင်းပေါင်း တစ်နှစ်ကို တန်းခွဲတစ်ခုအတွက် စာသင်ခုံတစ်လုံးနှုံး ပျမ်းမျှ အစားထိုးရပါတယ်။

ဒီခေတ်မှာ အညံ့စားသစ်နဲ့လုပ်ထားတဲ့ နှစ်ယောက်ထိုင် စာသင်ခုံတစ်လုံးကို မြန်မာငွေ ၂သောင်းခွဲမပေးလျှင်မရပါ။  ဒီတော့ ၂၅၀၀၀ x ၄၀ = ၁၀၀၀၀၀၀ ( ၁၀ သိန်း) ဖြစ်ပါတယ်။ ဒါမြို့မှာ မီးမလောင်မှ၊ ရေမကြီးမှ ပါ၊ မီးလောင်လို့ ရေကြီးလို့များ ကယ်ဆယ်ရေးစခန်း ကျောင်းမှာလာဖွင့်လိုက်လို့ကတော့ ရှိတဲ့ခုံအကုန် အေးချမ်းမေ ဖြစ်ကုန်ပါတယ်။   မြို့မှာ အခမ်းအနားရှိတိုင်း ကျောင်းကခုံတွေ လာယူပါတယ်။ တင်လိုက်ချလိုက်နဲ့ ပြန်လာတော့ခုံပို လာတယ်ဟူ၍ မရှိပါ။ နည့်လာတာ ကျိုးလာတာ၊ ပါမလာတာသာ ရှိပါတယ်။

မည်သို့ပင်ဖြစ်စေ ကျောင်းအုပ်ကြီးသည် သာမန်အခြေအနေတွင် တစ်နှစ် ၁၀ သိန်းဘိုးလောက်တော့ အနည်းဆုံးကုန်မှ နောက်နှစ်ကျောင်းဖွင့်လျှင် ကျောင်းသားများ ထိုင်စရာရှိပါတယ်။

ဒီကြားထဲ ငွေမကောက်ရန်အမိန့်ထုတ်ထားသူများက ကျောင်းကိုလာစစ်ရင် “ကျောင်းအုပ်ကြီး ခင်ဗျားကျောင်းက ကျောင်းသားနဲ့ စာသင်ခုံ အချိုးမကျဘူး နည်းနေတယ် လုပ်ဦးလေ ကျောင်းသားတွေ ကျပ်နေမှာပေါ့ဗျ၊ ဒီစာသင်ခုံနဲ့ ကျောင်းသားအချိုး မကိုက်ရင် ကျောင်းအုပ်ဆရာကြီးရဲ့ စွမ်းဆောင်ရည် အကွက်မှာ အမှတ်လျော့မယ် ဒါဆိုရင်ခင်ဗျား ပရိုမိုးရှင်မရတော့ဘူးဗျဓ ဟု ညွှန်ကြားသွားတော်မူသည်များလည်း ရှိပါတယ်။

နောက်တစ်ခုက ရေမိလ္လာကိစ္စ ဖြစ်ပါတယ်။ အခြေခံပညာဦးစီးဌာန၏ ကျောင်းအိမ်သာနှင့် ပတ်သက်သော သောညွှန်ကြားချက်မှာ ကျောင်းသား ၅၀ ဦးလျှင် အိမ်သာ တစ်လုံးနှုန်းအနည်းဆုံး ရှိရမည်ဟုဆိုပါတယ်။ ဒီတော့ကျောင်းသားဦးရေနဲ့ တွက်လိုက်ရင် ယောက်ျားလေးအိမ်သာ ၁၄ လုံး မိန်းခလေးအိမ်သာ ၁၄ လုံး ဆရာဆရာမအိမ်သာ ၂လုံး  စုစုပေါင်း အိမ်သာ ၃၀ ရှိပါမယ်။

ကျောင်းရဲ့သဘောမှာ တစ်ချိန်ထဲတက်၊ တစ်ချိန်ထဲဆင်း စနစ်ဖြစ်သောကြောင့် ပါလျှင်လည်း တစ်ချိန်ထဲ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အိမ်သာအလုံး ၃၀ သည်ပင် ကျောင်းဆင်းချိန်များတွင် ပြည့်ကျပ်နေပါတယ်။ လူ ဦးရေ ၁၄၀၀ ခန့် နေ့စဉ်သုံးသော အိမ်သာတို့ကို ၂ လလျှင် ၃ ကြိမ်ခန့် စုပ်ထုတ်ရပါတယ်။ တစ်ကြိမ်စုပ်ထုတ်လျှင် ယောက်ျားလေးအိမ်သာဘက် ၂သောင်းခွဲ ၊ မိန်းခလေးအိမ်သာဘက် ၂သောင်းခွဲ စုစုပေါင်းတစ်ကြိမ်လျှင် မြန်မာငွေ ၅၀၀၀၀ ကျပ်ကုန်ကျပါတယ်။ စာသင်လ ၈ လအတွင် ၁၆ ကြိမ်  တစ်ကြိမ်လျှင် ၅၀၀၀၀ ဆိုတော့ ၈သိန်း ကျပါတယ်။ ဒါတောင်ကျောင်းမို့လို့ စည်ပင်က အကူအညီပေးတဲ့ ဈေးပါ။ ထိုအိမ်သာ အလုံး ၃၀ အတွက် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအနည်းဆုံး ငှားထားရပါတယ်၊ မငှားလို့မရပါ။

ကျောင်းသားများ အသင်းလိုက်တာဝန်ကျလုပ်တာလည်း လုပ်တာသာဖြစ်ပါတယ်။ တကယ်တမ်း ပိတ်ပြီဆို့ပြီဆိုရင် ကျောင်းသားတွေ မလုပ်တတ်တော့ပါ။ ကျောင်းအိမ်သာများ နေ့တိုင်းပိတ်ဆို့ပါတယ်။ စက္ကူများဖြင့် ပိတ်ဆို့ပါတယ်။ ရေကျအောင်မလောင်းပါ။ နောက်လူတစ်ယောက်ကလည်းဝင်လာပြီး ဒီအတိုင်းဆက်သွားလိုက်ပါတယ်။

၃ယောက်လောက်လည်းသွားပြီးရော မရတော့ပါဘူး ပိတ်ဆို့ကုန်ပါတယ်။ မိန်းခလေးအိမ်သာ ဘက်မှာလည်း အပျိုဖော်ဝင်စ ကျောင်းသူများရဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို အိမ်သာထဲထည့်ပါတယ်။ ဘယ်လောက်ပြောပြော၊ ဘယ်လောက် ဘေးမှာထည့်စရာထားထား မရပါ၊ အိမ်သာထဲကို ထည့်ဖြစ်အောင် ထည့်လို့ ခက်လှတယ်။

ကျောင်းဖွဲ့စည်းပုံတွင် ထိုသန့်ရှင်းရေးဝန်ထမ်းမပါရှိပါ။ သပ်သပ်ငှားရပါတယ်။ တစ်လကို မြန်မာငွေ ၅၀၀၀၀ ပေးပြီး တောင်းတောင်းပန်ပန် ငှားရပါတယ်။ တစ်လ ၅၀၀၀၀ ဆိုတော့ ကျောင်းဖွင့်လ ၈ လအတွက် ၄ သိန်း ၊ ကျောင်းပိတ်ရက်နှင့် စာမေးပွဲရာသီ ၄ လအတွက် တစ်လလျှင် ၂သောင်းခွဲနှုံးဖြင့် ၁ သိန်း စုစုပေါင်း ၅ သိန်းကုန်ကျပါတယ်။ ဒီကြားထဲ မီးပျက်လို့ ရေမတင်နိုင်ရင်ဖြစ်ဖြစ်၊ မြို့ရေပေးရေးက ရေမလာရင်ဖြစ်ဖြစ် ထို လူ ၁၄၀၀ ပါတော်မူရေး အတွက် ကျောင်းအုပ်ကြီးတို့က စည်ပင်၊ မီးသတ်တို့မှ တာဝန်ရှိသူတို့ထံ မျက်နှာငယ်ငယ်ဖြင့်သွားကာ  ရေကား အကူအညီတောင်းခံရပါတယ်။

“ဒီမှာဆရာကြီးရ ဆရာကြီးကိုတော့ ကူညီချင်ပါတယ်၊ ဒါပေမယ့် မီးသတ်ကား ဆရာကြီးဆီ သွားတုန်း မြို့မီးလောင်ရင် ကျွန်တော် ပြုတ်ပြီဗျ၊ နောက် တစ်ခုက မီးသတ်ဆိုတာလည်း မီးမလောင်ရင် ဆီတင်တောင်းလို့ မရဘူးဗျ စက်နှိုးဆီလောက်ပဲရှိတာ..” ဟုဆိုကာ စကားကို ဖြတ်ထားသဖြင့် “ဟုတ်ကဲ့ပါ ဦးစီးမှူးကြီးရယ် ဆီဘိုး တစ်ခေါက်ကိုတစ်သောင်းပေးပါ့မယ်ခင်ဗျာ ရေရရင်ပဲတော်လှပါပြီ” ကျောင်းအုပ်ကြီးက တောင်းပန်ရတဲ့အပြင် ထိုမီးသတ်ကား ကျောင်းကို လာနေတုန်း မြို့မီးမလောင်အောင်လည်း ဂါထာပေါင်းစုံရွတ်ကာ ဆုတောင်းပေးရသေးတယ်။ မီးသတ်က တမင်ညစ်သည်မဟုတ်၊ သူတို့တွင်လည်း ထိုအခက်အခဲ အမှန်ပင်ရှိပါတယ်။ မခက်လှပါလား….။

ဒီကြားထဲ ငွေမကောက်ရန် ညွှန်ကြားထားသူများက ကျောင်းကိုလာစစ်ရင် အိမ်သာကို အရင်စစ်ပါတယ်။ “ခင်ဗျား ကျောင်းအိမ်သာတွေက သန့်ရှင်းရေးတော့ မဆိုးပါပါဘူး.. ဒါပေမယ့် ဒက်တောပိုးသတ်ဆေးနဲ့ မရဘူး၊ ဒါဖြန်းဖို့ လိုတယ် များများဖြန်းရမယ်။ ၀မ်းရောဂါဆိုတာ ဒီလိုအများသုံး အိမ်သာတွေကဖြစ်တာဗျ… ဟိုနောက်က မိလ္လာကန်ပတ်လည်မှာလည်း ထုံးမဖြူးထားပါလား … ဆရာကြီး ပေါ့တယ်နော်… သေချာလုပ်ဖို့ လိုမယ်၊ ဟင်…. ဒီမှာ အိမ်သာက ထွက်လာရင် လက်ဆေးဖို့ ဆပ်ပြာလည်းမရှိပါလား…. ဟာ… ခက်တော့တာပဲ ခင်ဗျား ကျောင်းကျန်းမာရေး ကို့စ်တွေ ဘာတွေမတက်ဖူးဘူး ထင်တယ်… ဒီကို့စ်တွေမှာ ဒါတွေပါတယ်ဗျ” ဟု လေဖြင့် လမ်းညွှန်သွားသူများလည်းရှိရာ ကျောင်းအုပ်ကြီးများက “ခင်ဗျားလည်း ကျောင်းအုပ်ကြီး မလုပ်ဖူးဘူးထင်တယ်” ဟု ပြန်မေးချင်သော်လည်း မမေးလိုက်ရဘဲ ငြိမ်၍ နေလိုက်ရသော အဖြစ်များလည်း အမှန်ပင် ရှိပါတယ်။

နောက်တစ်ခုက စာမေးပွဲစစ်ဆေးခြင်း ဖြစ်ပါတယ်။ ငွေမကုန်ဘဲ စာမေးပွဲစစ်နည်းဟူ၍ ကမ္ဘာမှာမရှိပါ။ စာမေးပွဲတို့သည် မေးခွန်း ၊ အဖြေလွှာ  အစရှိသည်တို့အတွက် အတိုင်းတာတစ်ခုအထိ ကုန်ကျမည်သာဖြစ်ပါတယ်။ အလကားစစ်သော စာမေးပွဲသည် အလကားစာမေးပွဲသာ ဖြစ်ပါတယ်။

ဤနေရာတွင် ယခုခေတ်ကျောင်းများ၏ စာမေးပွဲစစ်နည်းများကို အကျဉ်းတင်ပြလိုပါတယ်။ တစ်လတစ်ခါစစ်သော Chapter End Test ဟုခေါ်သော အခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲများ၊ ပထမနှစ်ဝက်ဆုံး စာမေးပွဲ၊ ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲ ဟူ၍ အကြိမ်များစွာ စစ်ရပါတယ်။

အတန်းငယ်များမှာ မေးခွန်းကို ကျောက်သင်ပုန်းတွင်ရေး၍  ဖြေခိုင်းလျှင်ရနိုင်သော်လည်း အတန်းကြီးလျှင်မရပါ။ နောက်ပြီး Chapter End Test က စာအုပ်ထားရပါတယ်။ တစ်ဘာသာလျှင် တစ်အုပ် ထားရပါသည်။ ထိုစာအုပ်များကိုလည်း ကျောင်းစစ်ဆေးရေးများက စစ်လို့ ပုံစံတူထားရပါတယ်။ ပုံစံတူစေရန် ကျောင်းက၀ယ်ပြီး ရောင်းလျှင်လည်း အတိုင်ခံရပါတယ်။

ကျောင်းက ပုံစံသတ်မှတ်ပြီး ဒီပုံစာအုပ်တွေ ကိုယ့်ဖာသာဝယ်ခဲ့ကြဟေ့ ဆိုပြီး မှာလိုက်လျှင်လည်း ပုံစံမျိုးစုံဝယ်လာပါတယ်။ ကျောင်းအုပ်ကြီးဘ၀ ခက်လှပါတယ်။ ကျောင်းသား ၁၃၀၀ ခန့် ရှိသောကျောင်းတစ်ကျောင်းရဲ့ စာမေးပွဲတစ်ကြိမ်ဖြစ်ရန် အနည်းဆုံး ၂ သိန်းခန့် ကုန်ပါတယ်။ လစဉ်စစ်ရသောစာမေးပွဲများနှင့် စာမေးပွဲကြီး ၂ ကြိမ်အတွက် တစ်နှစ် ၅သိန်းခန့် အနည်းဆုံးကုန်ပါတယ်။

နောက်တစ်ခုက ကျောင်းသားစုံညီပွဲ တစ်ခါလုပ်ရင် ဆုပေးတာနဲ့ဘာနဲ့ဆို မြန်မာငွေ ၁၀ သိန်းလောက် မကုန်ရင် စုံညီပွဲမဖြစ်ပါ မစုံမညီပွဲတော့ ဖြစ်ချင်ဖြစ်ပါမယ်။ အတန်း ၁၁ တန်းအတွက် တစ်တန်းကို ပ ဒု တ ၊ နဲ့ ၃၃ ယောက်၊ နောက် အထိမ်းအမှတ်ပွဲတွေမှာ စာစီစာကုံးတို့ ကဗျာတို့ ဆိုကရေးတီးတို့၊ အားကစားတို့ စတဲ့ပွဲတွေမှာ ထူးချွန်တဲ့ကလေးတွေ စုပေါင်းလိုက်ရင် ၅၀ လောက်ဆုပေးရပါတယ်။

နောက်ဆရာဆရာမများကို ခွင့်မယူ ဆုတို့ ၊ ဘာသာရပ်သင်ထူးချွန်ဆုတို့၊ အစရှိသဖြင့် ၁၀ ဦးလောက်ပေး စုစုပေါင်း လူ ၆၀ လောက်ကိုဆုပေး၊ နောက်အခမ်းအနားလုပ် ဖိတ်ကြားသူတွေကိုဧည့်ခံ၊ ကျောင်းကပွဲအတွက် ကုန်ကျစရိတ်တွေ၊ အသံပိုင်းဆိုင်ရာ စက်ငှားတာတွေ ပေါင်းရင် ၁၀သိန်းဆိုတာ ခပ်မွဲမွဲကျောင်းမှာကုန်တာပါ။

နောက် အထိမ်းအမှတ်နေ့တွေမှာ စာစီစာကုံးတွေ၊ ကဗျာတွေ ပြိုင်တာ၊ နောက်အားကစားတွေ ပြိုင်တာ ၊ နောက် ဆိုကရေးတီး ပြိုင်တာတွေဟာ ကိုယ့်ကျောင်းသားက ထူးချွန်ရင်ထူးချွန်သလောက် ပိုက်ဆံကုန်ပါတယ်။ ဆိုလိုတာက တိုင်းအဆင့်ထိပါရင် တိုင်းကို ကျောင်းသားတွေရယ်၊ အုပ်ထိန်းသူမိဘတွေရယ်၊ ကြီးကြပ်သူဆရာတွေရယ် တပြုံတမကြီးကို ကျောင်းကနေစရိတ်ခံပြီး လွှတ်ရတာပါ သိန်းချီကုန်ပါတယ်။ နိုင်ငံတော်အဆင့်များ ထပ်ပါသွားလို့ကတော့ သေပြီဆရာ ဆိုတာလို ဖြစ်ပါတယ်။

ကျောင်းအုပ်ဆရာကြီးတွေဟာ ကိုယ့်ကျောင်းသားဒဏ် ကိုယ်သာခံ ဆိုတာလိုဖြစ်နေတော့၊ နိုင်ငံအတွက် ထူးချွန်သူတွေ မွေးထုတ်ပေးရမယ့် ကျောင်းအုပ်ကြီးတွေဟာ ကိုယ့်ကျောင်းသား ထူးချွန်မှာကို ကြောက်နေရတဲ့ဘ၀ ဖြစ်နေပါတယ်။

ပြောရင်ကုန်မှာမဟုတ်လို့ ဒီလောက်နဲ့နိဂုံးချုပ်ပါမယ်။ အထက်ကတင်ပြခဲ့တဲ့ ကဏ္ဍအသီးသီးမှာ ကုန်ကျတာတွေကို ပေါင်းလိုက်ရင် ကျောင်းသား ၁၃၀၀ လောက်ရှိတဲ့ကျောင်းတစ်ကျောင်းဟာ အနည်းဆုံး မြန်မာငွေ သိန်း ၆၀ လောက်ကုန်မှ ရပ်တည်နိုင်ပါတယ်၊ ဒီထက်ပိုဖို့ပဲ ရှိပါတယ်၊ လိုဖို့ မရှိပါဘူး။ အဲဒီကျောင်းကို အစိုးရက တရာဝင်ခွင့်ပြုလို့ ရတဲ့ကောက်ခံငွေ စုစုပေါင်းဟာ တစ်နှစ်စာ ၄သိန်း ၆ သောင်းပဲ ရှိပါတယ်။ ကဲ စာဖတ်သူတို့သာ ကျောင်းအုပ်ဆရာကြီးနေရမှာဆို ဘယ်လို လုပ်ကြမလဲ။

ကျောင်းသား ၁၃၀၀ ၊ ဆရာဆရာမ ၁၀၀ ၊ စာသင်ခန်း ၄၀ ရှိတဲ့ ပညာရေးယန္တယားကြီးကို မောင်းနှင်ဖို့အတွက် တစ်နှစ်ကို ၄သိန်း ၆ သောင်းပဲပေးမယ်၊ အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် ဒေါ်လာ ၅၅၀ ပဲပေးမယ်၊ မင်းပိုက်ဆံ လုံးဝထပ်မကောက်နဲ့တော့ ဒါနဲ့ ရအောင်လုပ်၊ ကောက်ရင်အရေးယူမယ်ဆိုတာ တရားမျှတပါရဲ့လား မိတ်ဆွေတို့။ မိတ်ဆွေတို့ သားသမီးတွေ ပညာသင်ဖို့အတွက် ဆရာကြီးတွေဟာ နိုင်ငံတော်မူဝါဒနဲ့လည်း မဆန့်ကျင်အောင် ကလေးတွေလည်း ပညာရေးအဆင်ပြေအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြတယ်။ စေတနာရှင်ပြည်သူတွေရဲ့ အလှူငွေလေးတွေကို မျက်နှာငယ်ငယ်နဲ့အလှူခံပြီး မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့ကြတယ်လေ..။

ဒီဆရာကြီးတွေ ဆရာမကြီးတွေကို ပိုက်ဆံပိုကောက်ရကောင်းလားဆိုပြီး တိုင်လားတောလားလုပ်ရက်ကြပါသလားခင်ဗျာ။ ငါတို့အမိန့်အတိုင်း မလိုက်နာရင် အရေးယူလိုက်မဟဲ့ ဆိုတဲ့သူတွေကရော အရေးယူရက်ပါသလား ခင်ဗျာ..။ မီဒီယာတွေကရော.. အစိုးရကပိုက်ဆံမကောက်နဲ့ အမိန့်ထုတ်ထားပြီ ကောက်တဲ့ကျောင်းအုပ်တော့ မီဒီယာကနေ ဆော်ထည့်လိုက်ဦးမဟဲ့လို့ ဆိုရင် မှန်ပါ့မလားဗျာ။

ပုထုဇဉ်ဘာဝ အကတိလိုက်စားသူအချို့တော့ ရှိကောင်းရှိမှာပေါ့ဗျာ၊ အများစုက ဒီလိုမဟုတ်ပါဘူး။ ဆရာစိတ်ဆိုတာ ဆရာဖြစ်ဖူးမှ သိတာပါ။ ကျောင်းသားတွေအပေါ်မှာ ဘယ်တော့မှ ဖေါက်လွှဲဖေါက်ပြန် မရှိပါဘူး ဆိုတာ ကျွန်တော် ယုံပါတယ်။

ဒီဆောင်းပါးလေးနဲ့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာတွေကို ရိုသေစွာကန်တော့ပါတယ် ဆရာတို့ဘ၀ တောက်ပကြပါစေ..။

ဒေါက်တာဆိတ်ဖွား

You might also like