သူမရှိတော့ရင်

0

မှီခိုဆိုတဲ့နေရာမှာရှိတဲ့ အမျိုးသမီးတွေအတွက် သူမတို့ရဲ့ အိမ်ထောင်ဦးစီးဟာ သူမတို့အတွက် အားကိုးရာပါ။ ဒီအိမ်ထောင်ဦးစီးသာ ချွတ်ချော်တိမ်းပါးသွားခဲ့ရင် ရွှေတောင်ကြီးပြိုသွားပြီလို့ မြန်မာလူမှုဝန်းကျင်က တင်စားပြောလေ့ရှိကြတယ်။

ရွှေတောင်ကြီးဆိုတာကို ခင်ပွန်းအနေနဲ့ စပြီးစဉ်းစားကြည့်ပါစို့။ ရုတ်တရက်ပဲဖြစ်ဖြစ် ၊ ရောဂါဝေဒနာနဲ့ပဲဖြစ်ဖြစ် အားကိုးရာ ခင်ပွန်းဆုံးပါးသွားခဲ့ရင် ပထမဦးဆုံး နှိပ်စက်မှာက ပူဆွေးဝမ်းနည်းမှုပါ။ ခင်ပွန်းကိုဆုံးရှုံးလိုက်ရတဲ့အတွက် သူနဲ့အတူရှိစဉ်က အဖြစ်တွေ ၊ ခင်ပွန်းရဲ့အရိပ်တွေကို သတိရရင်း ဒီအတွေး ၊ ခံစားမှု ၊ ပူဆွေးမှုဆိုတာတွေ ပြေလျော့အောင် ၊ ခင်ပွန်းမရှိတော့တဲ့ ပစ္စုပ္ပန်နဲ့ အသားကျအောင် ကြိုးစားရဦးမယ်။

လူကပူဆွေးနေချိန်မှာ ရက်ရှည် မစားမသောက်ဘဲ မနေနိုင်ပါဘူး။ ဒီကိုယ်ကြီးဆက်အသက်ရှင်ဖို့ စားရသောက်ရဦးမယ်။ သားသမီးတွေရှိနေရင် သူတို့စားဖို့သောက်ဖို့ စီစဉ်လုပ်ကိုင်ပေးရဦးမယ်။ ဒီလိုဆို စားသောက်နေထိုင်ရေးအတွက် ပုံမှန်လည်ပတ်ဖို့ငွေရှိမှဖြစ်မှာပေါ့။ အဲဒီမှာစတွေ့ပြီလေ။

အရင်က ခင်ပွန်းလုပ်စာကိုပဲ မှီခိုအားထားစားသောက်ပြီး အိမ်တွင်းအလုပ်ကလွဲရင် စီးပွားရေးဆိုတာဘာမှမသိ ၊ အပိုဝင်ငွေရှာဖွေခြင်းဆိုတာလည်းမရှိ ၊ ဒီလိုဖြစ်လာနိုင်တယ်လို့ နောင်ရေးဆိုတာလည်း မတွေးမိခဲ့တော့ ခင်ပွန်းဆုံးပါးချိန်မှာ လိုနေတဲ့ငွေကို ဘယ်ကဘယ်လို ရှာရမလဲလို့ စဦးနှောက်ခြောက်ရပြီပေါ့။ ဒီကြားထဲ ကလေးအငယ်ကလေးတွ ၊ ရင်ဝယ်ပိုက်ကလေးတွေ ရှိနေတဲ့မိခင်မှာ ခင်ပွန်းဆုံးလို့တပူ ၊ စားသောက်နေထိုင်ဖို့ ငွေမရှိလို့တပူ ၊ ကလေးတွေကို အပူတွေနဲ့ကိုယ်က လူတလုံးသူတလုံးဖြစ်အောင် လုပ်ပေးရမယ့်တာဝန်ကတပူနဲ့ အပူလုံးပိုကြွလာရတယ်။

အပူဆိုတာ ထိုင်ပြီးပူပန်နေရုံနဲ့ ပြေလည်သွားတာမျိုးမဟုတ်တာမို့ ဒီအပူတွေပြေလည်ဖို့ ရင်ဆိုင်ဖြေရှင်းရဦးမယ်။ အပြင်ထွက် စီးပွားရှာရမှာပေါ့။ ကလေးအငယ်ကလေးတွ ၊ ရင်ဝယ်ပိုက်ကလေးတွေ ရှိနေရင်လည်း အဆင်ပြေသလိုစီစဉ်ပြီး ငွေထွက်ရှာရမှာပဲ။ ကိုယ်ပိုင်လုပ်ငန်းရှိသည့်တိုင် ကိုယ်နားမလည်ရင် အခြေပျက်ရတော့မယ်။ ကိုယ်ပိုင်လုပ်ငန်းလည်းမရှိ ၊ စုဆောင်းငွေလည်း လုံလုံလောက်လောက်မရှိသူက အိုးမကွာ ၊ အိမ်မကွာ ငွေရှာနိုင်တဲ့ စက်ချုပ်ကလေး ၊ လက်မှုပညာလေး စသဖြင့် တတ်ထားရင် အိမ်မှာနေ အလုပ်လုပ်ရင်း ငွေရှာနိုင်တာပေါ့။ ငွေပင်ငွေရင်းကလေး စီစဉ်နိုင်လို့ အိမ်ဆိုင်ကလေးထောင်နိုင်လည်းအဆင်ပြေပါတယ်။

ဘာမှမလုပ်တတ်မကိုင်တတ်ဘူးဆိုတဲ့ အမျိုးသမီးတွေနဲ့ ၊ ဘာမှမလုပ်ချင် မကိုင်ချင်ဘူးဆိုတဲ့အမျိုးသမီးတွေက သူတို့ဘာသာရှာမစားနိုင်တော့ သူတို့ကိုရှာကျွေးမယ့်သူကိုရှာပြီး အားကိုးယူကြတယ်။ ကိုယ်သက်သာရင်ပြီးရောဆိုတဲ့စိတ်က ဒီအမျိုးသမီးတွေဆီမှာဖုံးလွှမ်းသွားရင် အိမ်က ကလေးမျက်နှာလည်းကြည့်မှာမဟုတ်ဘူး။ သူများမိသားစုမျက်နှာတွေလည်း မကြည့်နိုင်တော့ဘူး။ ဒီလိုအမျိုးသမီးတွေဟာ သူများအချစ်ရေး ၊ အိမ်ထောင်ရေး ဖြိုခွဲဖို့ကိုလည်း လက်မတွန့်ဘူး။

အဖြစ်သင့်ဆုံးက ခင်ပွန်းရှိနေစဉ်ကတည်းက ကိုယ်လည်းဝါသနာပါ ၊ နောင် ခင်ပွန်းချွတ်ချော်တိမ်းပါးသွားရင် ဟန်မပျက်ရပ်တည်နိုင်တဲ့ပညာမျိုးလေ့လာထားသင့်တယ်။ ခင်ပွန်းသဘောတူရင် အိမ်ထောင်အဆက်အဆံမပျက်တဲ့အနေအထားနဲ့ အပိုဝင်ငွေရှာနိုင်သမျှ ရှာထားသင့်တယ်။

ဒါမှလည်း ခင်ပွန်းနဲ့အိမ်ထောင်ရေးအဆင်မပြေလို့ ကွဲတာပဲဖြစ်ဖြစ် ၊ ခင်ပွန်းဆုံးပါးသွားလို့ပဲဖြစ်ဖြစ် ကိုယ့်ဘာသာဟန်မပျက်ရပ်တည်နိုင်တယ်။ ကိုယ့်သားသမီးတွေကို ဟန်မပျက် ပြုစုလုပ်ကျွေးနိုင်တယ်။ လူဆိုတာ ကွေးသောလက်မဆန့်ခင် ၊ ဆန့်သောလက်မကွေးခင် ဘာမဆိုဖြစ်ပျက်သွားနိုင်တယ်မဟုတ်လား။ အသက်သေကံမရောက်ခဲ့ပေမယ့် ဒုက္ခိတဖြစ်သွားတဲ့ ခင်ပွန်းကိုပြုစုဖို့ ၊ နာမကျန်းတဲ့ခင်ပွန်းကို ဆေးကုသဖို့ ၊ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ ၊ တအိမ်လုံး ဝင်ငွေ ၊ ထွက်ငွေ ပုံမှန်လည်ပတ်ဖို့ဆိုတာ အိမ်ထောင်ရှင်အမျိုးသမီးတွေ ကြိုတွေးပြင်ဆင်ထားသင့်တဲ့အချက်ပဲ။

ရွှေတောင်ကြီးကို အိမ်ရှင်မ သို့မဟုတ် မိခင်အဖြစ်နဲ့ တွေးကြည့်မယ်ဆို ဒီအမေရှိနေလို့ စားချိန်မှာ ချက်ထားတဲ့ထမင်းဟင်းတွေ အိုးထဲမှာရှိနေတာ ၊ ဝတ်စရာအဝတ်အသင့် ဗီရိုထဲရှိနေတာ ၊ မနက်ဖက်ကရှုပ်ပွနေတဲ့အိပ်ခန်းနဲ့ အိမ်ကပစ္စည်းတွေက ညနေပြန်လာရင် သန့်ရှင်းသပ်ရပ်နေတာ ၊ အိမ်တွင်းရှိနေတဲ့ အရွယ်မရောက်သေးသူတွေ စားချိန်တန်စား ၊ ကစားချိန်တန်ကစား ၊ စာလုပ်ချိန်လုပ် သူ့အချိန်နဲ့သူ စနစ်တကျ လှုပ်ရှားသွားနိုင်ဖို့ စီစဉ်တဲ့သူမ မရှိတော့ရင် ဒီအိမ်ထဲကလူတွေ အတော်ကမောက်ကမတော့ ဖြစ်သွားမှာပဲ။

သူမ လုပ်ကိုင်နေတာတွေကို ဝင်ကူညီမလုပ်နိုင်ရင်တောင် ဘယ်အချိန်မှာ ဘာတွေလုပ်ပေးသွားတယ်လို့တော့ သတိထားမိအောင် ဂရုပြုရမှာပါ။ ဒါမှလည်း သူမ မရှိတော့ရင် ၊ သူမ မလုပ်နိုင်သေးရင် ဒီအလုပ်တွေ ကိုယ်ဝင်လုပ်နိုင်မယ်။ သူမကို ကူညီကျင့်ရှိရင်တော့ ဒါတွေ သူမဘယ်လိုလုပ်သွားတယ်ဆိုတာပါ နည်းနာယူနိုင်ပါတယ်။

ကလေးတွေအမေ မရှိလည်း အခြားအမျိုးသမီးတစ်ယောက်အစားထိုးမယ်လို့ ရည်စူးထားတယ်ဆို အစားထိုးနိုင်တာ ကိုယ့်တစ်ယောက်အတွက်ပဲဖြစ်မှာပါ။ မိခင်အရင်းထက်ပိုကောင်းတဲ့ မိထွေးအချို့ကို ကျွန်မမြင်ဖူးပေမယ့် အများအားဖြင့်ကတော့ မိခင်အရင်းလောက် မိထွေးကမကောင်းနိုင်ကြပါဘူး။

မိထွေးဘယ်လောက်ကောင်းကောင်း သားသမီးတွေရဲ့ရင်ထဲက မိခင်နေရာကို ဘယ်မိထွေးကမှ အစားထိုးဝင်နေရာယူလို့မရဘူး။ သွေးကကိုလက်မခံနိုင်တာပါ။ ဒါကြောင့် ကိုယ်တွေက သွေးသားမတော်တော့ ဒီမိန်းမနဲ့ ဟိုမိန်းမ စေတနာချင်းတူတယ်ဆို မိန်းမဟာ မိန်းမပါပဲလို့ တွေးပေမယ့် ဖြည့်ဆည်းပေးတာချင်းတူဦးတော့ ကလေးတွေစိတ်ထဲမှာ သူမဟာမိထွေးပါပဲ။ မိထွေးကို သူတို့မိခင်လို့ သေတောင်လက်ခံမှာမဟုတ်ပါဘူး။

နင်မရှိရင်အေးမယ်လို့ သားသမီးကိုပြောဖူးတဲ့မိဘတွေ ဒီကလေးမရှိတော့ရင် တကယ်ပဲ ကိုယ့်စိတ်တွေငြိမ်းအေးသွားမှာလား။ စကားအနိုင်ရရုံသက်သက်ပြောမယ်ဆိုရင်ဖြင့် မပြောသင့်ပါဘူး။ ကလေးစိတ်ထဲ ငါမရှိမှအေးမယ်လို့ တကယ်ယုံကြည်ပြီး စိတ်ဓါတ်ကျသွားနိုင်ပါတယ်။ သူတို့အတွက်အားကိုးရာဟာကိုယ်ပါ။ ကိုယ်ကမှသူတို့အတွက် နားလည်ကြင်နာမှုမပေးရင် ဘယ်သူက သူတို့ကိုပေးနိုင်မှာလဲ။ ကလေးစိတ်နာရုံသက်သက် ဒီစကားတွေမပြောဖြစ်အောင် ထိန်းသိမ်းပါ။

အခုအချိန်မှာ ကိုယ်တွေကို ကလေးက အားကိုးနေရပေမယ့် နောင် ကိုယ်အိုမင်းချိန်မှာ ကိုယ်တွေကိုပြန်ပြုစုဖို့ သူတို့ကိုပြန်အားကိုးရမှာပါ။ အခုမေတ္တာပေးမှ နောင်တချိန်မှာ သူတို့ဆီက မေတ္တာပြန်ရမှာပါ။ အခု ကိုယ်ကသူတို့ကို စိတ်နာမှုတွေပေးနေရင် နောင်တချိန်မှာ သူတို့ဆီက မသိတတ်မှုတွေကို ပြန်ရမှာပါ။ ကျွေးတာချင်းအတူတူ မေတ္တာနဲ့ကျွေးပါ။ ပေးတာချင်းအတူတူ မေတ္တာနဲ့ပေးပါ။ လုပ်ပေးရတာချင်းအတူတူ မေတ္တာနဲ့လုပ်ပေးပါ။ ဆုံးမတာချင်းအတူတူ သူ့အပေါ်ထားတဲ့ ကိုယ့်စေတနာ နဲ့ မေတ္တာကို သူနားလည်အောင် ပြောဆိုဆုံးမပါ။

ဒီသားသမီးတွေအတွက် ကိုယ်ထမ်းရတဲ့ဝန်တွေလေးတယ်ဆိုလည်း သူတို့ဟာ ကိုယ်ခေါ်ခဲ့လို့ ဒီလူ့ဘဝထဲရောက်လာတာပါ။ ဒါကိုသတိရပေးပါ။ ကိုယ်ခေါ်လို့ရောက်လာတဲ့သူတွေကို ရောက်လာခြင်းကိုက ဒုက္ခလို့ ပြစ်တင်ပြောဆိုနေတယ်ဆို ကိုယ်ဟာ တရားပါ့မလား။ သူတို့တာဝန်ထမ်းပေးဖို့အဆင်သင့်မဖြစ်သေးရင် သူတို့ရောက်မလာနိုင်အောင် ကြိုတင်ပြင်ဆင် တားထားသင့်တာပေါ့။ ကိုယ်ခေါ်လို့ရောက်လာသူတွေကို ရောက်လာရကောင်းလား ၊ ဒုက္ခပေးရကောင်းလား အပြစ်မတင်ကြေးလေ။

ရတု (Burmesehearts.com)

You might also like