Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သူငယ်ချင်းသို့ – BurmeseHearts

သူငယ်ချင်းသို့

0

မဆုံဖြစ်တာကြာပြီကွာ သူငယ်ချင်း ။ မင်းအဆင်ပြေရဲ့လား ။ ဟိုတစ်ခေါက်က ဘယ်အမီသွားရမှာမို့လို့ဆိုပြီး ပျာယာခတ်နေတဲ့မင်းနဲ့ ပြောချင်သလောက် မပြောဖြစ်ခဲ့တဲ့စကားတွေ ပြောချင်လိုက်တာကွာ။

မင်းတို့လို ချမ်းသာတဲ့သူတွေအတွက် အချိန်တွေ ရှားပြီးရင်း ရှားနေပြီလား သူငယ်ချင်း ။ တို့ငယ်ငယ်တုန်းက နေ့စဉ်ပြောဖြစ်ခဲ့ကြတဲ့ အကြောင်းအရာတွေ သတိရလိုက်တာကွာ ။ အဲဒီတုန်းက တို့မျက်လုံးတွေ မျှော်လင့်ချက်နဲ့ အရောင်တောက်နေတယ်။ ပွင့်လင်းစွာ ရိုးသားခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် မျှဝေခံစားကြတယ်။ အခုတော့ ဒါတွေ မဖြစ်ခဲ့သလိုပဲလားကွာ။

စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦး ဖြစ်ချင်ခဲ့တဲ့ ငါ့ရည်ရွယ်ချက်ကို အားမရခဲ့တဲ့ သူငယ်ချင်း …… ငါ့ရည်ရွယ်ချက်အတိုင်း အခမဲ့စာလိုက်သင်ပေးနေတယ်လို့ ငါမင်းကို မပြောပြခဲ့ရဘူး။ ငါဖြစ်ချင်ရာ ဖြစ်ခဲ့လို့ ငါ့ရည်ရွယ်ချက်တွေ အောင်မြင်ပါတယ်။ စားလောက်ရုံဘဝနဲ့ ငါကျေနပ်နိုင်ပေမယ့် ငါ့မိသားစုကတော့ မကျေနပ်နိုင်ဘူးပေါ့ကွာ။

ငါ့ဘဝ ငါကျေနပ်အောင် နေလိုက်တဲ့အခါမှာ မိသားစုအပေါ် တာဝန်မကျေသူတစ်ယောက် ငါဖြစ်သွားလား။ ဆန္ဒများလွန်းတဲ့ ဘဝထဲ မိသားစုဝင် တစ်ဦးချင်းစီရဲ့ဆန္ဒ မဖြည့်ဆည်းပေးနိုင်ခဲ့တာ ငါမှားလားကွာ။ ငါ့တာဝန်ဟာ ဝမ်းဝရုံရှာပေးရုံနဲ့ မကျေပွန်ဘူးလို့ သူတို့ဆိုလာတော့ ငါ … ခြေသလုံးအိမ်တိုင်ဘဝနဲ့ နယ်လှည့်ကျောင်းဆရာ ဖြစ်လာခဲ့တယ်။

တပည့်မျက်နှာတွေ ကြည့်ပြီး ပီတိတွေစားဖြစ်တဲ့ငါ စေတနာအကျိုးပေးကြောင့် ထမင်းတော့ မငတ်ခဲ့ပါဘူး ။ ပိုလျှံငွေဆိုတာ မရှိတဲ့ငါ မီးခြစ်နဲ့ ဆေးလိပ်တိုရှိရင် ငါ့ဘဝပြည့်စုံသွားပါပြီ။

နောက်ဆုံးတစ်ခေါက် မီးပွိုင့်မှာ ဆုံဖြစ်တုန်းက မင်းစီးတဲ့ကား ၊ မင်းဝတ်တဲ့အဝတ်တွေနဲ့ မင်းအနေအထားက သူဌေးကြီးဖြစ်ချင်တဲ့ မင်းဆန္ဒလဲ အထမြောက် အောင်မြင်ခဲ့မှန်း ငါသိလိုက်ရတယ်။

တို့ဆန္ဒတွေကို ရည်ရွယ်ထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့လို့ ဝမ်းသာမိပေမယ့် နုံချာတဲ့ငါ့အနေအထားကြောင့် စကားမပြောချင်လောက်အောင် မင်းဖီးအောက်သွားသလားကွာ။ ကားမှန်ခေါက်ပြီး ဝမ်းပန်းတသာနှုတ်ဆက်တဲ့ငါ့ကို မသိယောင်ဆောင်ပြီး မှန်မချလို့ရပေမယ့် ကားမှန်ချ စကားပြောဖော်ရတာပဲ ငါဝမ်းသာလှပြီ။

ဆယ်တန်းကျောင်းသားနှစ်တုန်းက တို့စံထားတဲ့လူတွေအကြောင်း မင်းနဲ့ ပြောဖြစ်ခဲ့တာ အခုထိ အမှတ်ရမိသေးတယ်။ Richard Branson အကြောင်း အာပေါင်အာရင်းသန်သန်နဲ့ ပြောပြခဲ့တဲ့ မင်းစကားကို ငါနားထောင်ပေးခဲ့ပေမယ့် ငါလေးစားရတဲ့ ဦးသုမောင်တို့ မိသားစုအကြောင်းကို ပြောပြနေခဲ့ချိန်မှာတော့ မင်းဟာ ပျင်းရိသန်းဝေနေပြီ။

စေတနာ့ဝန်ထမ်း ကျောင်းဆရာဟာ ဘယ်အချိန် လုပ်လုပ်ရတယ် ။ စိတ်ပါတဲ့သူ ဘယ်သူလုပ်လုပ်ရတယ်လို့ ငါ့ရည်ရွယ်ချက် နှိပ်ကွပ်ထားခဲ့တဲ့မင်းကို မပြောဖြစ်တဲ့ စကားတစ်ခွန်းကျန်သေးတယ်။ ဒီအလုပ်ဟာ စေတနာမပါဘဲ လုပ်လို့မရဘူးဆိုတာပဲ။

တို့တွေ စာဖတ်တတ်လို့ စာအုပ်တစ်အုပ်ရဲ့ အကောင်း ၊ အဆိုး ခွဲခြားနိုင်ချိန်မှာ စာမဖတ်တတ်တဲ့ ကလေးတွေရှိမှာပဲ။ သူတို့ကို စာဖတ်တတ်စေချင်စိတ် ၊ ဖတ်တတ်အောင် သင်ပေးချင်တဲ့စေတနာ ဒါတွေဟာ စာဖတ်သူတိုင်း မတွေးဖြစ်တဲ့ အတွေးလို့ဆိုလာရင် မင်းက ဟားတိုက်ဦးမယ်။ ပြီးရင် ဂေါက်ကြောင်လို့ နှိပ်ကွပ်ဦးမယ်။

လူတိုင်း ကိုယ့်အယူအဆ ၊ ကိုယ့်ခံယူချက် ၊ ကိုယ့်ယုံကြည်မှုကိုယ်စီနဲ့ ရှင်သန်နေကြတာမို့ ပြည့်စုံမှ လူရာဝင်မယ်ဆိုတဲ့ မင်းအယူအဆကို ငါ အမှားမဆိုခဲ့ဘူး။ အိတ်ထဲဝင်လာတဲ့ငွေကို ဘယ်လိုပြန်အသုံးချတယ်ဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးပါကွာ။

ငွေကြေးပြည့်စုံအောင် ကြိုးစားထားတဲ့သူတစ်ဦးဟာ သူ့ရဲ့ငွေနဲ့ လက်တွေ ၊ ပါးစပ်တွေ အများကြီး ငှါးလို့ရပါတယ်။ ဒီငွေတွေဟာ သေရေးရှင်ရေး ငွေမမီတဲ့ သေခါနီးဆဲဆဲ လူမမာများကို အထိုက်အလျောက် အသက်ဆက်နိုင်သလို ဒီငွေတွေနဲ့ ဘဝတွေအများကြီး ပြောင်းလဲသွားအောင်လဲ မြှင့်တင်ပေးနိုင်တယ်။

ဒီငွေတွေနဲ့ ကလေးငယ်တွေ ၊ သူဆင်းရဲတွေ ၊ မပြည့်စုံသူတွေရဲ့ ပျော်ရွှင်မှုကိုလည်း ဖန်တီးနိုင်တယ်။ အရေးအကြီးဆုံးက ဒီငွေတွေ ရှိနေတဲ့အချိန်မှာ ဒါတွေ လုပ်ပေးလို့ရတယ်ဆိုတဲ့အသိ ၊ ဒါတွေ လုပ်ပေးချင်တဲ့စိတ် ရှိဖို့ပဲလိုတာမဟုတ်လားကွာ။

မင်းတို့လို ငွေရှိတဲ့လူတွေက ငါတို့လို စေတနာရှိတဲ့လူတွေကို ငွေပေးပြီး ဘဝတွေအများကြီး မြှင့်တင်ပေးနိုင်ပါတယ်ကွာ။ မေးခွန်းက …. ငွေရှိတဲ့သူတိုင်းဟာ ငွေပိုရှိဖို့ ကြိုးစားရှာဖွေရင်း အချိန်တွေ ကုန်သွားကြတဲ့သူတွေ များတယ်မဟုတ်လား။ ဆန္ဒတွေဟာ ကိုယ်အဆုံးမသတ်ချင်သရွေ့ ဆုံးသွားတယ်မှ မရှိဘဲကွာ။

အောင်မြင်ကျော်ကြားသူတွေ ၊ သူဌေးကြီးတွေ ၊ ခေါင်းဆောင်ကြီးတွေ သေသွားကြတယ်။ တန်ဖိုးရှိခဲ့တဲ့သူတို့အကြောင်းကို တိုက်ဆိုင်တိုင်း ပြောဖြစ်ချင် ပြောဖြစ်ကြလိမ့်မယ်။ ထိုက်သည်ဖြစ်စေ ၊ မထိုက်သည်ဖြစ် ၊ သူတို့အရည်အချင်းထက် ပိုသည်ဖြစ်စေ ၊ မပိုသည်ဖြစ်စေ သူတို့နေရာမှာ နောက်တစ်စုံတစ်ဦးတော့ ပေါ်လာဦးမှာပဲ။ နောက်လူတွေကလဲ နောက်ပေါ်လာတဲ့သူတွေကို အားပေးကြဦးမယ်။ အရင်လူနဲ့ ခိုင်းနှိုင်းကြဦးမယ်။ ဒါတွေက သဘာဝပဲမဟုတ်လားကွာ။

ငါတို့သေသွားရင် ငါတို့လုပ်နေတဲ့ နေရာတွေမှာ အခြားလူတွေ ဝင်ထိုင်ကြဦးမယ်။ ဒါဆို ငါတို့နေရာလို့ အမြဲ စွဲမှတ်ထားလို့ မရဘူးလေကွာ။ မင်းထိုင်နိုင်တုန်းသာ ထိုင်ခွင့်ရတဲ့ နေရာတစ်ခုမှာ မင်းဒါကို ဘယ်လိုအသုံးချသွားမလဲဆိုတာ မင်းသမိုင်းတစ်ခုပါ။ အတ္တနဲ့ အသုံးချသွားလဲ မင်းသမိုင်းပါ။ အများအတွက် အသုံးချသွားလဲ မင်းသမိုင်းပါ။ သေချာတာကတော့ တို့မရှိတော့တဲ့အခါ ဒီနေရာကို နောက်လူတွေ အစားထိုးဝင်လာမှာပါပဲ။

တို့တွေ ရှိရှိ ၊ မရှိရှိ ကမ္ဘာကြီးက နေ့နဲ့ည ပြောင်းနေဦးမှာပဲ ။ သူ့အရှိန်နဲ့ လည်မြဲအတိုင်း လည်နေဦးမှာပဲ။ တို့မရှိလို့ ကမ္ဘာကြီးရပ်တန့်သွားမှာ မဟုတ်သလို ၊ အားလုံးပြီးဆုံးသွားမှာတော့ မဟုတ်ဘူးလေကွာ ။ တို့မရှိလဲ အရာရာဟာ သူ့အစီအစဉ်အတိုင်း ဖြစ်ပျက်လို့ တို့မရှိတဲ့အဖြစ်နဲ့ အထာကျသွားတဲ့အခါ ……… တို့ဘဝကို တို့ဘယ်လို ကုန်ဆုံးစေခဲ့သလဲဆိုတာ တို့နဲ့ပဲဆိုင်ပါတယ်။

ငါရေးချင်တဲ့ ငါ့သမိုင်းကတော့ကွာ …. ငါဟာ ပင်ပန်းလို့ ချွေးတွေ ရွှဲကောင်းရွှဲနေပေမယ့် ငါ့လက်တွေနဲ့ သူများမျက်ရည်တွေ သုတ်ပေးခွင့်ရရင် ငါသေပျော်ပြီ သူငယ်ချင်း …..

Dဝသုန် (Burmesehearts.com)

You might also like