Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သာတူညီမျှထားတဲ့စိတ် – BurmeseHearts

သာတူညီမျှထားတဲ့စိတ်

0

ကလေးမိဘတွေအပါအဝင် နှစ်ဖက်အသိုင်းအဝန်းက သားဦး ၊ သားနှောင်း ခွဲခြားမှုရှိပါတယ်။ သားသမီးချင်းတူပေမယ့် သားဦးမို့လို့ ပိုချစ် ၊ ပိုအလိုလိုက်ကြတယ်၊ အငယ်ဆုံးမို့လို့ ပိုချစ် ၊ ပိုအလိုလိုက်ကြတယ် စသဖြင့် သားသမီးချင်းအတူတူမှ ခွဲခြားမှုရှိပါတယ်။ ဒါ့အပြင် ယောက်ျားလေးလိုချင်တာ မိန်းကလေးဖြစ်လာလို့ ၊ မိန်းကလေးလိုချင်တာ ယောကျာ်းလေးဖြစ်လာလို့ဆိုပြီး ကိုယ့်လိုဘမပြည့်ပြန်ရင်လည်း မွေးလာတဲ့ကလေးဟာ ခွဲခြားဆက်ဆံမှုခံရပြန်တယ်။ ကလေးကဘယ်သူနဲ့တူနေလို့ ၊ ဘယ်သူ့အကျင့်ပါနေလို့ဆိုပြီး ချစ်တာတွေ ၊ မုန်းတာတွေ ထပ်တိုးလို့ ခွဲခြားဆက်ဆံခံကြရပြန်ရော။ ဒီ့ထက်ပိုဆိုးတာကတော့ သားသမီးများတဲ့မိသားစုမှာ မွေးလာတဲ့ကလေးဟာ ထူးပြီးဂရုစိုက်စရာရယ်လို့ မမြင်တော့တာပဲ။ တကယ်တော့ ကလေးဟာ ဂရုစိုက်ခြင်း မခံရတဲ့ဘက်ကို ရောက်သွားတာပါ။

တကယ်ဆို မိဘနှစ်ဦးလုံးပါဝင်လို့ ကလေးဆိုတာဖြစ်လာတာပါ။ ဒီကလေးကို စားဝတ်နေရေးမှသည် ပျော်ရွှင်မှုအထိ နှစ်ဦးစလုံးက တာဝန်ယူမျှဝေယူကြရမှာပါ။ မယူချင်ရင်ကြိုတားလေ။ မွေးလာမှ သူ့တာဝန် ၊ ငါ့တာဝန် ကပ်တွက်နေရင် မွေးလာတဲ့ ကလေးမှာအပြစ်ရှိနေလို့လား။ ကလေးတစ်ဦးဖြစ်လာဖို့ဆိုတာ ကလေးကံ ၊ မိဘကံတွေနဲ့ အများကြီးဆိုင်နေပါတယ်။ မိဘတိုင်းက သားချော ၊ သမီးချောလေးတွေပဲ မွေးချင်တာပေါ့။

ဘယ်မိဘက ဒီလိုရုပ်ဆိုးလေးဖြစ်ပါစေ ၊ ကိုယ်အင်္ဂါမပြည့်မစုံ မွေးလာပါစေ ၊ ရောဂါသည်လေးမွေးလာပါစေလို့ ဆန္ဒရှိမှာလဲ။ ဒါကို မိဘတိုင်းက နားလည်သင့်တယ်။ ကလေးဟာ ရောဂါသည်လေးမွေးလာလို့ ၊ ကိုယ်အင်္ဂါချို့ယွင်းလာလို့ ၊ ရုပ်ဆိုးလေးမွေးလာလို့ ၊ မတူစေချင်တဲ့သူနဲ့ တူလာလို့ဆိုတာတွေဟာ ကလေးမှာ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ ဒါဟာ ကလေးကံ ၊ မိဘကံနဲ့ပဲ တိုက်ရိုက်သက်ဆိုင်လို့နေပါတယ်။

မိန်းကလေး ၊ ယောကျာ်းလေးဖြစ်တာကလည်း အမျိုးသားရဲ့သုတ်ပိုးနဲ့ မမျိုးဥပေါင်းမိလို့ မျိုးအောင်သွားတဲ့အဆင့်မှာတင် မိန်းကလေးဖြစ်မယ် ၊ ယောကျာ်းလေးဖြစ်မယ်ဆိုတာ သူ့အလိုလို ဖြစ်တည်ပြီးသား။ ကိုယ်ထဲကဖြစ်နေတာကို ကိုယ်တွေဦးနှောက်က လိုက်မမီနိုင်သေးလို့ (မမြင်နိုင်သေးလို့သာ) ယောက်ျားလေးဖြစ်ပါစေ ၊ မိန်းကလေးဖြစ်ပါစေလို့ ဆုတောင်းနေကြတာဖြစ်ပါတယ်။ တမင်သိပံ္ပနည်းကျကျ ယောကျာ်းလေး ၊ မိန်းကလေး (ကိုယ်လိုချင်တာရအောင်) သီးသန့် လုပ်ယူခဲ့တာကလွဲရင် ကိုယ်ဝန်ဆောင်သည်အားလုံးဟာ ယောကျာ်းလေး ၊ မိန်းကလေး ခွဲခြား ကိုယ်ဝန်ဆာင်လို့မရကြပါဘူး။ ကံက ပေးတဲ့အတိုင်း ယူကြရတာပါ။ ဒါကိုနားမလည်ဘဲ သားမမွေးလို့ ယုတ်ညံ့တဲ့မိခင် ၊ သားမွေးလို့ မြင့်မြတ်တဲ့မိခင်ဆိုပြီးခွဲခြားတာ ၊ ကလေးရဲ့လိင်အပေါ် ခွဲခြားတာတွေဟာ တွေးခေါ်နားလည်ပေးနိုင်မှု မမြင့်မားသေးသူတွေရဲ့ အယူအဆတွေပါ။

မိဘနှစ်ဦးကြောင့် ဖြစ်တည်လာခဲ့တဲ့ကလေးဟာ သူ့ကံကလေး ပါလာတာကလွဲရင် လုံးဝအပြစ်ကင်းပါတယ်။ သူဟာ ဘာရုပ်ဖြစ်ပါစေလို့ ရွေးချယ်ခွင့်မရှိသလို ၊ မိဘရွေးပြီး ဝင်စားခွင့်လည်း သူတို့မှာမရှိကြပါဘူး။ သူတို့မှာရွေးချယ်ခွင့်ရှိရင် ချမ်းသာပြည့်စုံပြီး သားသမီးကို ချစ်ကြင်နာတဲ့ မိဘတွေဆီမှာပဲ ဝင်စားချင်ကြမှာပါ။ ဒီလိုပဲ မိဘတွေက မွေးလာမယ့် သားသမီးကို ရွေးချယ်လို့ကိုယ်ဝန်ဆောင်ခွင့်ရခဲ့ကြရင် မွေးရာပါ ရောဂါသည်လေးတွေ ၊ ခြေလက်အင်္ဂါမပြည့်စုံသူတွေ ၊ ပုံပျက်ပုံဆိုးလေးတွေ မွေးလာစရာမရှိဘူးပေါ့။ ဒါကို ကောင်းကောင်းနားလည်ထားတဲ့အခါမှာ ဘာလေးမွေးလာလို့ ၊ ဘယ်လိုလေးမွေးလာလို့ဆိုတာ ထူးပြီးအပြစ်တင်စရာမရှိတော့ပဲ ကလေးကံ ၊ မိဘကံနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ သိလာမှာပါ။

နောက်ပြီး လူကြီးမိဘတွေယုံကြည်တဲ့ ဘယ်သူဝင်စားလို့ ၊ ဘာဝင်စားလို့ဆိုတာကလည်း သားသမီးအချင်းချင်းမှာတောင် ခွဲခြားဆက်ဆံခံရဖို့ ဖြစ်လာတော့တာပဲ။ သားသမီးချင်းအတူတူ ကိုယ်လိုတဲ့သားသမီးကို ပိုဂရုစိုက်ပြီး မလိုတဲ့သားသမီးကို ဟိုကလေးနဲ့တန်းတူ ဂရုမစိုက်ဘူးဆိုတာတွေ ဖြစ်လာပါပြီ။ ဒီအခါ တန်းတူဆက်ဆံမခံရတဲ့ သားသမီးမှာ ဘာအပြစ်ရှိနေလို့ပါလဲ။ တကယ်ဆို ဒီကလေးကို ကိုယ်က စိတ်ဒဏ်ရာတွေ ပေးမိမှန်းမသိ ပေးနေမိတယ်ဆိုတာ လူကြီးမိဘတွေက သတိမထားမိကြဘူး။ သားသမီးချင်းအတူတူ တန်းတူအခွင့်အရေးမရရှိတဲ့ (ခွဲခြားဆက်ဆံခံရတဲ့) ကလေးရဲ့စိတ်ထဲမှာ ဘယ်လောက်အထိ နာကျင်ဒဏ်ရာရရှိသွားမလဲဆိုတာ လူကြီးမိဘတွေ မတွေးမိကြဘူး။

BurmeseHearts Blog

နောက်တခုက မိဘတွေရဲ့ သားသမီးယူတဲ့စီမံကိန်းကြီးပါ။ မိဘတွေက သားသမီးယူတာတောင် တွက်ချေကိုက်အောင် ယူကြတဲ့မိဘတွေရှိပါတယ်။ အကြီးနဲ့အငယ် အရွယ်သိပ်မခြားဘဲ တမင်တကာကို ကလေးယူခဲ့တာပါ။ တချို့တွေက တစ်ဦးနဲ့တစ်ဦး အဖော်ရအောင်လို့ဆိုပြီး ယူခဲ့ကြပေမယ့် တချို့ကျတော့ ထိန်းရသက်သာအောင် ၊ ကလေးပစ္စည်းနဲ့ အဝတ်အစားအသုံးအဆောင်တွေ အသစ်ဝယ်ရသက်သာအောင်ဆိုပြီး တွက်ချေကိုက် ယူခဲ့ကြတာပါ။ ဒီလိုတွက်ချေကိုက်ယူခဲ့တော့ အငယ်ဟာ အကြီးအကျကိုပဲရတော့တာပေါ့။ အကြီးတုန်းက အသစ်တွေသုံးရပေမယ့် အငယ်တွေမှာ အကြီးအကျကိုပဲ သုံးရတယ် ၊ ဝတ်ရတယ် ၊ ကစားစရာပစ္စည်းနဲ့ အရုပ်တွေတောင် အကြီးအကျဖြစ်နေတတ်တယ်။

မပြည့်စုံတဲ့ မိဘတွေအတွက် ဒါဟာ ခြိုးခြံရေးစီမံကိန်းမို့လို့ မှားယွင်းမှုတစ်ခုလို့ မမြင်ပေမယ့် အငယ်ကလေးဟာ သိတတ်စပြုလာတဲ့အချိန်မှာ သူလဲအသစ်ဆိုတာကို သုံးချင်မှာပဲ ၊ အသစ်ဆိုတာကို ခံစားချင်လာမှာပဲ။ အမြဲတမ်း အကြီးအကျကို အသစ်လုပ်ဝတ်ရမယ် ၊ ဖာထေးပြီးဝတ်ရမယ်ဆိုရင် သူဟာ သားသမီးအချင်းချင်းတောင် မျှတမှုကို မခံစားရတဲ့သူတစ်ယောက် ဖြစ်လို့နေပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာဆို အငယ်အတွက် အဝတ်အစားသစ်ဝယ်ပေးရဖို့ သက်သာသွားတဲ့ငွေကို သူ့အတွက် ကစားစရာအသစ်ကလေးဖြစ်ဖြစ် ဝယ်ပေးသင့်တယ်။ ဖြစ်နိုင်ရင် အကြီးကို အသစ်ဆင်ရင် အငယ်ကိုလည်း တန်ဖိုးတူအရောင်ကွဲ အသစ်တစ်ခုဆင်သင့်တယ်။ ဒါမှ သားသမီးအချင်းချင်း မျှတမှုကို ခံစားရမယ်။

အကြီးကိုအသစ်ဆင်ပြီး အငယ်ကိုတော့ အရွယ်မတိုင်သေးလို့ အကြီးအရွယ်ရောက်ရင် ဝယ်ပေးမယ်ဆိုပြီး နှစ်သိမ့်ထားခဲ့တဲ့ မိဘတွေကိုလည်း တွေ့ဖူးတယ်။ ငယ်သေးတယ် ၊ မဆင်နဲ့ဦး ၊ ကြီးမှဆင်ဆိုတာကိုလည်း ကြားဖူးတယ်။ တကယ်ဆို ကလေးဟာ မိခင်ဗိုက်ထဲမှာကတည်းက တဖြည်းဖြည်း ကြီးထွားလာတာပါ။ ကြီးမှဆင်ဆိုတာ ဘယ်အရွယ်မှဆင်ချင်တာလဲ မိဘကိုယ်တိုင်တောင် မရေရာဘူးလို့ ဆိုချင်တယ်။ ကလေးတိုင်းဟာ မွေးကင်းစအရွယ်မှာလည်း မွေးကင်းစအလျောက် ၊ လေးဘက်တွား ၊ လမ်းလျှောက်တတ်စ ၊ ပြေားလွှားတတ်စအရွယ်ကနေ အရွယ်ရောက်လာတဲ့အထိ အရွယ်အဆင့်ဆင့်မှာ သူ့အရွယ်အလိုက် အဝတ်အစား ၊ ကစားစရာ ၊ စားစရာ ၊ အခြားထောက်ပံ့ပစ္စည်းတွေကို ခံစားသင့်ပါတယ်။

အကြီးတွေကျတော့ ဒါတွေကို အသစ်ခံစားခွင့်ရရှိပြီး အငယ်ကျတော့မှ အရွယ်မရသေးလို့ နောင်မှ ၊ နောင်မှ နှစ်သိမ့်တဲ့မိဘတွေဟာလည်း သားသမီးအချင်းချင်း ခွဲခြားဆက်ဆံသူတွေပါ။ မမျှတသူတွေပါ။ ဒီလိုမမျှမတခံစားမှုတွေကို နှစ်နဲ့ချီပြီးခံစားလာရတဲ့ကလေးတွေမှာ စိတ်ဒဏ်ရာရသွားတယ်။ မိဘဟာ မမျှတဘူး ၊ အကြီးကိုပဲဦးစားပေးတယ်၊ ငါကျတော့ အကျတွေနဲ့ပဲ ကျင့်သားရခဲ့တယ်ဆိုတဲ့စိတ်ကြီး စွဲလာတဲ့အခါမှာ ကျွတ်ဆတ်ဆတ်လေးတွေ ဖြစ်လာတယ်။ မိသားစုထဲမှာ အရွဲ့တိုက်တဲ့သူဖြစ်လာတယ်။ မိဘစကားဆို နားမထောင်သလို အကြီးတွေကိုလည်း လေးစားသမှုမပြုနိုင်တဲ့ ရိုင်းရိုင်းစိုင်းစိုင်းကလေးတွေ ဖြစ်လာတတ်တယ်။

ဒီလိုထွက်ပေါက် မရှာခဲ့တဲ့ကလေးကတော့ အရာရာကို တွေဝေပြီး မထုံတက်တေးနဲ့ မိဘစီမံရာကိုပဲ ပေးတာယူ ၊ ကျွေးတာစားတဲ့ စက်ရုပ်တစ်ရုပ်လို ဖြစ်လာတယ်။ ဒီလိုကလေးမျိုးကျတော့ သူဘာလိုချင်လို့ ဘာလုပ်ချင်မှန်း ဝေခွဲဆုံးဖြတ်တတ်တာ နည်းလာပြီး အရေးအကြောင်း ဆုံးဖြတ်ရတော့မယ်ဆို အမှားအမှန် ရေရေရာရာ မဆုံးဖြတ်တတ်သူတစ်ဦး ဖြစ်လာတယ်။ ဒါဟာ လူကြီးမိဘတွေရဲ့ မျှတတဲ့ ဆက်ဆံရေးကို မခံကြရတဲ့ ကလေးတွေ ရရှိတတ်တဲ့ စိတ်ဒဏ်ရာဖြစ်ပါတယ်။

တချို့ကျတော့ အငယ်ကိုယ်ဝန်ဆောင်ကတည်းက အကြီးကို မေ့လျော့ထားတတ်တယ်။ ဒီအခါမှာ အကြီးက အငယ်လိုပဲ ဂရုစိုက်ခံရအောင် အငယ်လေးလုပ်တာတွေကို တမင်လိုက်လုပ်တော့တယ်။ ဥပမာ အရင်က အိမ်သာထဲ ကိုယ့်ဘာသာ ဆီး ၊ ဝမ်းသွားတတ်ပေမယ့် အငယ်ကလေးရလာတော့မှ ဘောင်းဘီထဲ ဆီး ၊ ဝမ်းသွားတတ်တာမျိုး ၊ ကိုယ့်ဘာသာ ထမင်းစားသောက်နိုင်ရက်နဲ့ လူကြီးမိဘခွံ့မှ စားတာလိုမျိုး ၊ တမင်ဆိုးနွဲ့ ဂျီတိုက်လာတာမျိုးတွေဟာလည်း အငယ်လို သူ့ကိုဂရုစိုက်အောင် (သူ့ကိုမေ့လျော့မထားအောင်) လုပ်လာတာတွေပါ။

ရောဂါသည်ကလေးတွေ ၊ မွေးကင်းစကလေးငယ်တွေနဲ့ လူမမယ်လေးတွေကို မိဘက ပိုဂရုစိုက်ပေးရမယ် ၊ ဒီလိုဂရုစိုက်ရမယ်ဆိုတာကို အကြီးကို နားလည်အောင် သင်ပြပေးရမယ်။ သူ့ထက်အားနည်း နုနယ်တဲ့အငယ်လေးကို ဖေးမဖို့ ၊ ညှာတာဖို့ ၊ ထောက်ထားဖို့ ၊ ဂရုစိုက်တတ်ဖို့ အကြီးကိုလည်း နားလည်အောင် ကောင်းကောင်းမွန်မွန် ချိုချိုသာသာပြောဆို သင်ပြပေးရမယ်။ ဥပမာ အမေက အငယ်လေးကို ဘာလုပ်တယ် ၊ ဘာကြောင့်လုပ်တယ် ၊ သူ့တုန်းကလည်း ဒီလိုလုပ်ပေးခဲ့တယ်ဆိုတာကို လုပ်ရင်းကိုင်ရင်း နားလည်အောင် ပြောပြရမယ်။ သင်ပြရမယ်။ တနည်းအားဖြင့် သူပါ အငယ်လေးအပေါ် ချစ်ခင်ညှာတာစိတ်တွေဝင်လာပြီး မိခင်နဲ့အတူ ဝိုင်းဝန်းလုပ်ကိုင်ပေးချင်စိတ် ရှိလာအောင် သိမ်းသွင်းရမယ်။ သူကိုယ်တိုင်က ဒီလိုစိတ်ဖြစ်လာတဲ့အခါ အငယ်အပေါ် မိဘက ပိုဂရုစိုက်နေရတာကို သူအပြစ်မမြင်တော့ဘူး။ နားလည်လာတယ်။ ကိုယ်တိုင်ကူညီ လုပ်ကိုင်ပေးလာတယ်။

ဒီလိုသာ မသိမ်းသွင်းနိုင်ရင် အငယ်ကိုချည်း မိဘက အချိန်ပေး ၊ ဂရုစိုက်နေတယ်လို့ အထင်လွဲမှားစိတ် ဝင်သွားတဲ့အကြီးဟာ နွဲ့ဆိုး ဆိုးလာနိုင်ပြီး ကလေးဆိုးတစ်ဦး ဖြစ်သွားနိုင်ပါတယ်။ ဒါဟာလည်း မိဘက သူ့အပေါ် မမျှတဘူးလို့ ထင်သွားတဲ့စိတ်ကြောင့်ပါ။ ဒါကြောင့် သားသမီးတစ်ဦးထက် ပိုရှိကြတဲ့မိဘတွေဟာ သားသမီးတိုင်းအပေါ် မျှတအောင် ဆက်ဆံရမယ် ၊ ပေးကမ်းရမယ် ၊ ပြုစုယုယ နားလည်မှုပေးရမယ်။ အမြွှာကလေးမွေးလာလို့ မိခင်နို့မလောက်ဘူး ၊ နို့မှုန့်တိုက်ကျွေးဖို့ လိုလာရင်တောင် နှစ်ဦးစလုံးကို မိခင်နို့ရော ၊ နို့မှုန့်ကိုရော မျှမျှတတတိုက်ပေးရမှာပါ။ တစ်ဦးကို နို့မှုန့်တိုက် ၊ တစ်ဦးကို မိခင်နို့တိုက်တာမျိုး ရှောင်ရပါမယ်။

မျှမျှတတ စီမံခန့်ခွဲပြီး မျှတတဲ့ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေးကို ထူထောင်ထားတဲ့ မိဘတွေဆီကမှ မျှတတဲ့စိတ်ရှိမယ့် သားသမီးတွေ ထွန်းကားလာမှာဖြစ်ပါတယ်။ မမျှတဘူးဆိုတဲ့ စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေဟာ တချိန်မှာ သူများအပေါ် မမျှမတလုပ်တာတွေ ၊ ပတ်ဝန်းကျင်နဲ့ ကျင်လည်ရာ အသိုင်းအဝန်းမှာ မမျှမတလုပ်လာတာတွေကို ကြုံတွေ့လာကြရမှာပါပဲ။ ဒါကြောင့် လူကြီးမိဘတွေကိုယ်တိုင်က မျှတတဲ့စိတ်ရှိဖို့လည်း အရေးကြီးနေပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like