Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လဲထလာသူများ၏ ပန်းတိုင် – BurmeseHearts

လဲထလာသူများ၏ ပန်းတိုင်

0

လူအများစုသည် လမ်းလျှောက်တတ်ခါစ အရွယ်တွင် လဲကျဖူးကြသည်။ လဲကျပြီးပြန်ထ၊ ပြန်ထပြီး ပြန်စမ်းလျှောက်ရင်းဖြင့် လမ်းကောင်းကောင်း လျှောက်တတ်လာကြသည်။ ထို့ကြောင့် ကျွန်မတို့ ငယ်စဉ်အရွယ်ကတည်းက မလျှော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယတို့ ရှိထားနှင့်ပြီးသားဖြစ်သည်။ ထိုသို့ မရှိပါက ကျွန်မတို့ ယခုလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး လမ်းလျှောက်တတ်လာလိမ့်မည်မဟုတ်။ ပထမအကြိမ် လဲကျပြီးကတည်းက လက်မြှောက် အရှုံးပေးပြီး ပြန်ထလျှောက်ဖို့စိတ်ကူး ရှိမည်မဟုတ်။

ထိုသို့လဲကျ၍ ကြောက်လန့်ငိုပါက အနီးရှိသည့်လူက ချော့မော့ဖျောင်းဖျ၍ စိတ်သက်သာရလာသလို၊ အားပေးပြီး လမ်းကောင်းကောင်းလျှောက်နိုင်သည်ထိ တွဲထူသင်ပေးကြသူတွေလဲရှိသည်။ သို့ပေမယ့် မိမိချော်လဲကျသည်ကို ဟားတိုက်လှောင်ပြောင်သည့် လူကြီးများကို စိတ်ထဲကမုန်းသည်။ ရှက်လာသဖြင့် ပို၍အော်ဟစ်ငိုဖြစ်သည်။

ဒါက ကလေးဘ၀က ကျွန်မတို့၏ အကျင့်များဖြစ်သည်။ ထိုအတူ ကြီးပြင်းလာ၍ လောကဓံကို ခံလာရသော အရွယ်တွင်လည်း ကျရှုံးမှုများရှိပါက မိမိကို အားပေးမည့်သူကို တမ်းတသည်။ ချော့မော့ ဖျောင်းဖျတတ်သူကို သတိရသည်။ မိမိကို လောကဓံကြံ့ကြံ့ခံနိုင်အောင် လမ်းညွှန်သွန်သင်ပြနိုင်သူကို လိုလားသည်။ မိမိကျရှုံးမှုအား လှောင်ပြောင်ရှုံ့ချတတ်သူကို မုန်းသည်။ ဒီအတွက် ခံပြင်းသည်။

ဘယ်လိုခံစားမှုပဲရှိရှိ လဲရာမှာပဲ ထိုင်ငိုနေပါက ကိုယ့်အရှုံးလူပိုသိကာ ပိုအရှက်ရတာပဲအဖတ်တင်မည်။ မိမိငယ်ငယ်တုန်းက လမ်းလျှောက်ရင်းလဲရင်း၊ ပြေးရင်းလဲရင်း ဖြစ်ခဲ့တာအခါခါ။ ဘယ်တုန်းကမှ ငါလမ်းမလျှောက်တော့ဘူးလို့ အတွေးမပ်ါခဲ့ပါဘူး။ ဒါက လူတိုင်း၏စိတ်ထဲက အလိုလိုရှိနေတဲ့ ဇွဲသတ္တိပါ။

လဲကျသွားတဲ့အခါ ငယ်တုန်းကတော့ငို၊ သိတတ်စမှာ ချွဲနွဲ့ပြီး ငိုကောင်းငိုပေမယ့်၊ အရွယ်ကြီးလာလေလေ ဒီလို လမ်းလျှောက်ရင်း လဲတာ၊ ပြေးရင်းလဲတာတွေကို စာမဖွဲ့တော့။ ဒါဟာ အတွေ့အကြုံ ရင့်ကျက်လာတဲ့သဘောပါ။ ဒီလိုလျှောက်ရင်း လဲရင်း၊ ပြေးရင်း လဲရင်းနဲ့ မလဲအောင် ကိုယ်ကို ဘယ်လိုထိန်းရမယ်။ မလဲအောင် ဘာတွေသတိထားရမယ်ဆိုတာ သိလာပါတယ်။ ဒါဟာ အတွေ့အကြုံတွေက သင်ခန်းစာယူပြီး သိလာသည့် ဘ၀အသိတွေပါ။

အရွယ်ရောက်ပြီးသား လူကြီးတွေလဲ သတိလက်လွတ်တဲ့အခါ၊ အခန့်မသင့်တဲ့အခါ လဲကျတတ်ကြပါတယ်။ လူကြီးဖြစ်ရင် ဘယ်တော့မှ မလဲတော့ဘူးဆိုတာလဲ မဟုတ်ပါဘူး။ ဒီလိုဇွဲ၊ ဒီလိုသတ္တိနဲ့ လူတိုင်းလိုလို ကြီးပြင်းလာခဲ့ပေမယ့် တကယ်တမ်း ဘ၀အတွေ့အကြုံတွေ ကြမ်းတမ်းတဲ့အခါ၊ လောကဓံကို ခံလာရတဲ့အခါ၊ ကျရှုံးမှုတွေ ကြုံလာတဲ့အခါ ဘာကြောင့်များ ငယ်ငယ်က မလျှော့တဲ့ ဇွဲသတ္တိတွေ ပျောက်ကုန်ပါလိမ့်။ အတော်များများ ဘာကြောင့် လောကဓံတွေ၊ ဘ၀ စိန်ခေါ်မှုတွေကို သတ္တိရှိရှိ ရင်မဆိုင်ပဲ ၀မ်းနည်း၊ စိတ်ဓာတ်ကျ၊ လက်မြှောက်အရှုံးပေးသွားကြတာလဲ။

တကယ်တော့ ကျွန်မတို့က အရွယ်ရောက်လာလေလေ ပတ်ဝန်းကျင်ဆိုတာ၊ ဓလေ့ထုံးစံဆိုတာ၊ အရှက်တရားဆိုတာ၊ လူတွေရဲ့ အထင်အမြင်တွေကို ပိုပိုပြီး ဂရုစိုက်လာကြလို့ပါ။ ကျရှုံးမှုတွေ့ရပြီဆိုရင်၊ မှန်းထားတာတွေ ဖြစ်မလာရင်၊ ဆုံးရှုံးတာတွေများလာရင် လူတွေကဘယ်လိုထင်မလဲ၊ မိသားစုကဘာပြောမလဲ၊ မိတ်ဆွေတွေက၊ ပတ်ဝန်းကျင်တွေက စသဖြင့် ဘယ်သူဘာပြော၊ ဘာထင်မလဲဆိုတာ ပိုဂရုစိုက်လာကြတယ်။

ဒီအထင်အမြင်တွေ၊ လျှာဖျားကပြောစကားတွေကို ကြောက်လာကြတယ်။ ဒီတော့ ကိုယ့်ရဲ့လှုပ်ရှားရတဲ့ နယ်မြေမှာ စိတ်မလွတ်လပ်မှုတွေနဲ့ ကြုံလာရတယ်။ နယ်ကျဉ်းလာတဲ့သဘော။ နေရထိုင်ရ ကျပ်လာတော့ နေရတာ မပျော်တော့ဘူး။ အဆင်မပြေလို့ စိတ်ဖိစီးတာတစ်မျိုး၊ ဘယ်သူဘာထင်၊ ဘာပြောမလဲဆိုတဲ့ မလုံတဲ့စိုးရိမ်စိတ်တွေကတစ်မျိုး စိတ်ဖိစီးမှုတွေ များပြီးရင်းများလာရတယ်။

စိတ်ဖိစီးမှုများတော့ ထွက်ပေါက်ရှာလာကြတယ်။ မှန်ကန်တဲ့ထွက်ပေါက်တွေ့ရင် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ပေမယ့် မှားတဲ့ထွက်ပေါက်ကို မသိဘဲ (သို့မဟုတ်) သိရက်နဲ့ သွားနေပါက လမ်းမှားကြီးမှာ ဘ၀ရလာဒ်အမှားတွေ ရတတ်ပါတယ်။ ဒါဟာ မိမိ၏စိတ်က သူများတွေရဲ့ အထင်၊ အမြင်၊ အပြောတွေကို လိုတာထက် ဂရုစိုက်တတ်လို့ပါ။ မလဲကျခင်တုန်းကလဲ မိမိပဲလျှောက်ရတယ်။ လဲကျသွားတော့လဲ လမ်းလျှောက်တတ်အောင် မိမိလျှောက်မှပဲ မိမိလမ်းလျှောက်တတ်ခဲ့တာပါ။ ဒီအတိုင်းပဲ မကျရှုံးခင်ကလဲ မိမိပဲလုပ်ရပြီး ကျရှုံးခဲ့ပြီးတဲ့နောက် ကျနေတဲ့မိမိစိတ်ဓာတ် မိမိပဲဆွဲတင်ရမှာပါ။ သူများအကြည့်အောက်၊ အပြောအောက် စိတ်ဓာတ်ကျနေပါက မိမိစိတ်ဓာတ်ကို မိမိမှလွဲ၍ ဆွဲတင်ပေးနိုင်မည့်သူမရှိပါ။

သူများအပြော၊ အကြည့်တွေကိုပဲ တွေးဂရုစိုက်နေတော့ မိမိရှေ့ဆက် ဘာလုပ်ရမလဲဆိုတာကို ဂရုတစိုက် စဉ်စားတွေးခေါ်မယ့်အချိန် နည်းသွားတယ်။ ကျွန်မဖတ်ဖူးတဲ့တရုတ်စကားပုံကဆိုတယ်။ ပြဿနာဆိုတာ တစ်ခုတည်းပါ။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကတော့ အများကြီးတဲ့။ အရမ်းမှန်ပါတယ်။ အဓိကအရေးအကြီးဆုံး ပြဿနာက တစ်ခုတည်းပါ။ ဒီကမှတဆင့် နောက်ဆက်တွဲ ပြဿနာတွေ တစ်ခုပြီးတစ်ခု ပေါ်လာတတ်တာပါ။ ဒီအဓိက ပြဿနာကို ဖြေရှင်းလိုက်ရင် ကျန်တဲ့ဟာတွေကလဲ အလိုလို ပြေလည်သွားတတ်ပါတယ်။

ဒီတော့ အဓိကပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းတတ်ဖို့က အရေးအကြီးအဆုံးပါ။ ဒီလိုဖြေရှင်းဖို့ နည်းလမ်းတွေကလဲ စဉ်းစားရင် စဉ်းစားသလောက် ထွက်လာတတ်ပါတယ်။ စဉ်းစားမိသလောက် ချရေးထားရင်ဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းများစွာကို တွေ့ရမှာပါ။ ဒီနည်းလမ်းတွေထဲကမှ အကောင်းဆုံးလို့ ကိုယ်ယုံကြည်စိတ်ချတဲ့နည်းလမ်း သုံးပြီး ဖြေရှင်းလိုက်ရုံပါပဲ။

ပြဿနာကိုပဲ အာရုံထားပြီး စိတ်ဓာတ်ကျ ခံစားနေတော့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရင်ကောင်းမလဲဆိုတာကို မစဉ်းစားဖြစ်တော့ဘူး။ ဒီတော့ ဒီပြဿနာဟာ အလိုလို သူ့ဟာသူရှင်းသွားမယ့် ပြဿနာမဟုတ်တော့ ပိုရှုပ်ထွေးနိုင်တဲ့ ပြဿနာတွေက အချိန်ကြာလာတာနှင့်အမျှ ပိုလို့ရှုပ်ထွေးလာတော့တယ်။ ဒီတော့ ဒီပြဿနာကြောင့် စိတ်ဓာတ်ကျပြီးရင်း ကျလာရတယ်။

အကောင်းဆုံးက ဖြစ်နေတဲ့ပြဿနာအပေါ် အာရုံထားတဲ့ စိတ်ခံစားမှုကိုလျှော့ပြီး ဒီပြဿနာကို ဘယ်လို ဖြေရှင်းရင်အကောင်ဆုံးလဲလို့ အချိန်နဲ့အမျှ စဉ်းစားအဖြေရှာတာ အကောင်းဆုံးပါ။ ဒီတော့မှ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့လမ်း နီးလာမှာပါ။ စဉ်းစားနေရုံနဲ့လဲ မပြီးဘဲ လက်တွေ့ကျကျ အကောင်းဆုံးလို့ ကိုယ်ယူဆထားတာတွေ၊ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကိုလဲ လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ဒီလိုပြဿနာဖြေရှင်းဖို့ နည်းလမ်းတွေ စဉ်းစားရင်း၊ ကြိုးစားဖြေရှင်းဖို့ နည်းလမ်းတွေ လုပ်ကိုင်သွားတဲ့အခါ ဒီပြဿနာကိုပဲ အာရုံထားခံစားပြီး စိတ်ဓာတ်ကျနေတဲ့ အချိန်တွေကလဲ လွတ်မြောက်မှာပါ။

လဲကျတဲ့နေရာမှာ စိတ်ဓာတ်ကျထိုင်နေရုံနဲ့ လိုချင်တဲ့ဟာကိုယ့်ရှေ့ သူ့အလိုလိုရောက်မလာသလို၊ ရောက်ချင်တဲ့နေရာလဲ သူ့အလိုလို ရောက်မသွားပါဘူး။ ကိုယ်လိုချင်တဲ့အရာကို ဘယ်လိုထိထိမိမိ ရအောင်ယူမလဲ၊ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်အောင် ဘယ်လိုသွားမလဲဆိုတာ သေချာစဉ်းစားပြီး လုပ်ကိုင်သွားမှ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒပြည့်လာမှာပါ။ ဆန္ဒဆိုတာ တကယ်ပြင်းပြရင် ပြင်းပြတဲ့ဆန္ဒဖြစ်ပေါ်လာမယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။

မသိတတ်စဉ် ငယ်ငယ်ကတည်းက အကြိမ်ကြိမ်လဲရာက ထလာပြီး အခုချိန်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်လမ်းကိုယ်လျှောက်နိုင်ရင် ဘာကြောင့် ဒီကျရှုံးမှုကို ရှက်ရွံ့တုန်လှုပ်၊ စိတ်ဓာတ်ကျနေမှာလဲ။ ချီးမွမ်း ကဲ့ရဲ့ ဒီအလုပ်ပဲလုပ်ချင်ကြတဲ့ လူတွေစကားအောက် ဘာကြောင့်မှောက်နေမှာလဲ။ ကိုယ်လုပ်မှကိုယ်ရတဲ့ဘ၀ထဲ ကိုယ်တကယ်ရချင်တယ်ဆို ကိုယ်ဘာလုပ်ရမယ်ဆိုတာကို သိဖို့၊ သိလာတဲ့ဟာ အောင်မြင်တဲ့အထိ ကြိုးစားလုပ်သွားဖို့ပဲလိုတာပါ။ လူတိုင်း တခဏတာတွေ့ရတဲ့ ပြဿနာတွေကို ဇွဲရှိရှိဖြတ်ကျော်ပြီး အောင်မြင်မှုပန်းတိုင် အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းရင်း …….

အမှုန် (Burmesehearts.com)

You might also like