Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လူကြီးမိဘတွေရဲ့ စကားနောက်ကွယ်မှ ကလေးများ၏ခံစားချက် – BurmeseHearts

လူကြီးမိဘတွေရဲ့ စကားနောက်ကွယ်မှ ကလေးများ၏ခံစားချက်

0

ကလေးဖြစ်ဖြစ် ၊ အရွယ်ရောက်သူဖြစ်ဖြစ် “တိုင်ပြောမယ်”လို့ အဆိုခံလိုက်ရပြီဆိုရင် နောက်ကွယ်မှာ ကြောက်ရတဲ့သူတစ်ဦးရှိနေတဲ့သဘောကို ဆောင်နေပါတယ်။ ဘယ်လောက်အထိ ကြောက်ရသလဲဆိုတဲ့ အနေအထားအပေါ်မူတည်ပြီး ဒီစကားလုံးရဲ့ ထိန်းချုပ်နိုင်မှုဟာလည်း တာသွားပါတယ်။ သူ့အကြောက်တရားကြီးမားလေ ဒီစကားလုံးနဲ့ ထိန်းချုပ်ရလွယ်လေပေါ့။

ဘယ်သူနဲ့ ပြန်တိုင်ပြောမယ်လို့ဆိုလိုက်ရင် အဲဒီဘယ်သူဆိုတာဟာ သူ့အပေါ်ဘယ်လောက်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသလဲ ဆိုတာအပေါ်မူတည်ပြီး သူသာသိသွားခဲ့ရင်ဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေ ၊ ပူပန်မှုတွေလည်း ဝင်လာပါတယ်။ ကိုယ်ကသာ ဒီလူမကြိုက်တဲ့ (တားမြစ်ကောင်းတားမြစ်ထားတဲ့) အဖြစ်အပျက် ကြီးကြီးမားမားကို ပြောမိ ၊ လုပ်မိခဲ့ပြီဆို “တိုင်ပြောမယ်”လို့ ဆိုတဲ့သူကိုလည်း တိုင်ပြောခဲ့ရင်လို့ တွေးပြီးစိုးကြောက်ရ ၊ အတိုင်ခံခဲ့ရရင် ငါဘယ်လိုဖြေရှင်းရပါ့ဆိုတဲ့ ကြိုတင်စိတ်ပူပန် ဖိစီးမှုတွေကို အတိုင်မခံရသေးတဲ့ ကာလမှာတင် ခံစားနေရပါပြီ။

ကလေးတွေအဖို့ “တိုင်ပြောမယ်”လို့ အဆိုခံလိုက်ရရင် မျက်စိမျက်နှာပျက်သွားတဲ့အထိ ကြောက်လန့်တတ်ပါတယ်။ တချို့ဆို အော်ဟစ်ငိုကြတဲ့အထိ စိတ်ဖိစီးမှုကို ခံကြရတယ်။ တချို့ကျတော့လည်း ငါလုပ်ရမယ်မှန်းမသိတော့ဘဲ တုံဏှိဘာဝေလေးဖြစ်လို့ အကြောက်တရားတွေ ကြီးစိုးသွားတတ်ကြပါတယ်။ “တိုင်ပြောမယ်” လို့ ခဏ ၊ ခဏ ခြောက်လှန့်ခံရတဲ့ကလေးငယ်တွေဟာ စိတ်အားငယ်မှုတွေ ၊ စိုးရိမ်ထိတ်လန့်မှုတွေ ၊ မလုံခြုံမှုတွေကို ခံစားနေရသူဖြစ်ပြီး မကြာခဏဆိုသလို ဒါတွေဖိစီးခံစားနေရတဲ့ သူတို့ကိုယ်သူတို့ ဘယ်လိုယုံကြည်မှုတည်ဆောက်နိုင်တော့မှာလဲ။

ကလေးငယ်တွေဆိုတာ သူတို့ဘာသာ မရပ်တည်နိုင်ကြသေးတာမို့ လူကြီးရဲ့အရိပ်ကိုခိုပြီးမှ ကြီးပြင်းကြရတာပါ။ လူကြီးရဲ့ မျက်နှာရိပ် ၊ မျက်နှာကဲကိုကြည့်ပြီးမှ နေထိုင်စားသောက်ရတာပါ။ ဒီလိုအခြေအနေမျိုးမှာ လူကြီးဟာ ဒေါသူပုန်ထပြီး ဆူဆဲပြောဆိုမယ် ၊ စိတ်ဆိုးမာန်ဆိုး ရိုက်နှက်မယ်ဆိုရင် သူတို့ဟာ ဒီလူကိုပဲမှီခိုနေထိုင်ကြရတာမို့ ကူကယ်ရာမရှိ ခံစားကြရပါတယ်။ ပုန်းစရာနေရာမရှိဘဲ စိတ်မလုံမခြုံဖြစ်ကြပါတယ်။ သည်းအူးပြတ်မျှငိုကြွေးပြီး ကိုယ့်ဘဝကိုယ် သိမ်ငယ်တာ ၊ မနှစ်မြို့တာ ၊ မပျော်ပိုက်တာတွေ ဖြစ်ကြပါတယ်။ မကြာခဏဆိုသလို ဒီလိုမျိုး ရိုက်နှက်နှိပ်စက် ဆူဆဲပြောဆိုခံရမယ်ဆိုရင် သူတို့ဟာ ဘာကိုစိတ်နာကျည်းရမှန်းမသိဘဲ ကိုယ့်ဘဝကိုယ် စိတ်နာကျည်းလာတတ်ပါတယ်။

တကယ်တော့ သူ့ကို ဒီလို မကြာခဏ ဆူပူပြောဆိုရိုက်နှက် နှိပ်စက်တတ်တဲ့ မိသားစုထဲမှာ လူဖြစ်လာရတာကို စိတ်နာကျည်းတာပါ။ ဒီလိုခံစားနေရတာတွေကို စိတ်နာကျည်းလာတော့ ဒီလိုလုပ်သူတွေကိုလည်း စိတ်နာကျည်းလာတယ်။ စိတ်နာကျည်းမှုတွေရဲ့အဆုံးမှာ ဒီကလေးတွေရဲ့ စိတ်ဓါတ်ဟာလည်း မာကြောခက်ထန်လာတတ်ပါတယ်။ ဒါဟာ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။

ကလေးတစ်ဦးဟာ အရွယ်မရောက်ခင်မှာ နာကျည်းချက်တွေနဲ့ စိတ်ဓါတ်တွေ ခက်ထန်ကြမ်းတမ်းနေမယ်ဆို သူ့စိတ်တွေ ဒီခံစားမှုတွေနဲ့ ဒဏ်ရာအကြီးအကျယ်ရသွားတာပါ။ စိတ်ဒဏ်ရာရသွားတဲ့ ဒီလိုကလေးတွေဟာ ဒီစိတ်တွေနဲ့ အသားကျလေလေ သူ့အနာဂါတ်အတွက် စိုးရိမ်ရလေလေပါ။ တကယ်ဆို သူ့မိဘနဲ့ သူ့အသိုင်းအဝန်းအနာဂါတ်အတွက်လည်း စိုးရိမ်စရာပါပဲ။

BurmeseHearts Blog

စိတ်ဓါတ်တွေမာကြောခက်ထန်နေခဲ့တဲ့ စိတ်ဒဏ်ရာရ ကလေးငယ်တွေ ကြီးပြင်းအရွယ်ရောက်လို့ ရာထူး ၊ ဥစ္စာ ၊ စီးပွားတိုးတက်ကြီးမာလေလေ ဒီလူ့အသိုင်းအဝန်းအတွက် ပိုပြီး အန္တရာယ်ကြီးမားလေလေပဲပေါ့။  ခိုးဆိုး ၊ လုယက် ၊ ဓါးပြတိုက် ၊ လိမ်လည် ၊ လူသတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ပြီး အမှားကို အမှားမှန်း မသိ ၊ အမှားရယ်လို့လက်မခံဘဲ ဘဝတခုကို ဖြစ်သလို မသေမချင်း ဖြတ်သန်းသွားနေသူတွေအများစုဟာ ဒီလိုစိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေအဖြစ်ကနေ ကြီးပြင်းလာခဲ့ကြတာပါ။ တကယ်ဆို မွေးကင်းစတုန်းက ဖြူဖြူစင်စင်လေး မွေးဖွားလာခဲ့တဲ့ သူတို့ရဲ့စိတ်ဓါတ်တွေကို ဖျက်ဆီးခံလိုက်ရလို့ ဒီလိုဖြစ်လာတာပါ။

ငါ့ကလေး အကောင်းဆုံးဖြစ်စေရမယ်ဆိုတဲ့ လူကြီးမိဘတွေရဲ့စိတ်ထဲမှာ ငါဟာလူကြီးမိဘပဲ ငါပြောတိုင်းဖြစ်နေတာပဲ ၊ ငါပြောချင်ရာပြောမယ်ဆိုတဲ့စိတ်ထား မရှိသင့်ပါဘူး။ ငါပြောချင်ရာပြောမယ်ဆိုတဲ့ စိတ်ထားရှိနေတဲ့အခါ ကိုယ့်စကားကြောင့် ကလေးဘယ်လိုခံစားသွားရမလဲဆိုတာ မတွေးမိတော့ဘူးပေါ့။ ဒီလိုမတွေးမိတဲ့အခါ ကိုယ်က စိတ်ဆိုးချိန်မှာ ဘာရယ်မဟုတ် ပါးစပ်က လက်လွတ်စပယ် ထွက်သွားတဲ့စကားကို ကလေးဟာ အနာကျည်းကြီး နာကျည်းလို့ သေရာပါ တေးမှတ်ထားတာမျိုးလည်း ကြုံရနိုင်ပါတယ်။

ဥပမာ “မနေချင်ရင် အိမ်ပေါ်ကဆင်းသွား”တို့လိုမျိုး ကိုယ့်ဘာသာ မရပ်တည်နိုင်သေးတဲ့ ကလေး ၊ လူငယ်လူရွယ်လေးမှန်းသိရက် အိမ်ပေါ်ကနှင်ချတဲ့ စကားတွေ

“မြန်မြန်သေသွားအေးတယ်”တို့လိုမျိုး ကလေးကို သေခြင်းဟာ ဒုက္ခလွတ်ငြိမ်းရာတခုလိုအသွင်နဲ့ တခုခုဖြစ်ရင် သေလိုက်တာအေးတယ်ဆိုတဲ့ခံယူချက် သွင်းပေးတာမျိုး

“အစကဒီလိုမှန်းသိ မမွေးခဲ့ပါဘူး” “အသေလေးမွေးခဲ့ရမှာ” “မကျွေးရ တယောက်စာသက်သာတယ်” “မရှိရင်တယောက်စာ စရိတ်ပိုလာမယ်” “မိဘကိုအတော်ဒုက္ခပေးတဲ့သားသမီး” စတဲ့ နေ့စဉ် ၊ အပတ်စဉ် ၊ လစဉ် ပြောနေကျ နာပျော်ဖွယ်ရာမရှိတဲ့ မိဘရဲ့စကားတွေဟာ (သူတို့က ဘာရယ်မဟုတ် ကြားဖူးနေကျစကားတွေကို ဒေါသဖြစ်ချိန် ဒေါသအလျောက်ပြောလိုက်တာမှန်ပေမယ့်) သားသမီးတွေရဲ့စိတ်ထဲမှာ ငါ့မိဘဟာ ငါ့ကိုတကယ်မချစ်ပါလား ၊ တကယ်စေတနာမရှိပါလား ၊ ငါဟာ သူတို့အတွက်ဝန်ပိုနေတာပဲ ၊ သူတို့ပြောသလို ငါသေလိုက်တာကမှ အားလုံးအတွက်အေးမယ်ဆိုတဲ့ စိတ်ဓါတ်ကျအားငယ်မှုတွေ ၊ သိမ်ငယ်မှုတွေ ခံစားနေရတယ်ဆိုတာ သူကမှဖွင့်မပြောရင် ဘယ်သူသိနိုင်မှာလဲ။

ဒီလိုခံစားမှုတွေ စွဲစွဲမြဲမြဲရှိနေတဲ့ ကလေးငယ်တွေ ၊ လူငယ်လူရွယ်တွေ ၊ အရွယ်ရောက်သူတွေကို “မိဘတိုင်းက သားသမီးကိုချစ်တာပေါ့” “သားသမီးကိုမချစ်တဲ့ မိဘရယ်လို့မရှိဘူး” သွားပြောရင် ဘယ်ယုံကြည်ပါတော့မလဲ။ မိဘတွေရဲ့ အစွန့်ပစ်ခံသားသမီးတွေကို ဒီလိုစကားတွေသွားပြောရင်လည်း ဘယ်ယုံကြည်ပါ့မလဲ။ သူတို့ယုံကြည်ချက်ဆိုတာဟာ သူတို့ခံစားမှုကနေ အမြစ်တည်လာတာ ၊ သူတို့ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေနဲ့ သူတို့ယုံကြည်မှုတွေကို အသက်သွင်းလာတာ ၊ သူတို့အတွေ့အကြုံ သူတို့ခံစားမှုတွေက သူတို့ခံယူချက်အဖြစ် အသွင်ပြောင်းပြီး သူတို့စိတ်ထားကို ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ ဒီစိတ်တွေနဲ့ အသားသေသွားတာနဲ့အမျှ သူတို့ယုံကြည်မှုတွေ ၊ ခံယူချက်တွေကို ပြင်ရခက်သွားနိုင်ပါတယ်။ အဲဒီအရာဟာ တခြားသူတွေအတွက်ချိုပေမယ့် သူတို့က အခါးလို့စိတ်ပိုင်းဖြတ်ထားတယ်ဆို ဘယ်လောက်ချိုတယ်ပြောပြော သူတို့အတွက်ခါးနေမှာပါ။ သူတို့ဟာ တသက်တာ စိတ်ဒဏ်ရာရရှိသွားခဲ့ပြီးပြီလေ။

တခါတလေ လူကြီးမိဘတွေက ကလေးကို ဘာရယ်မဟုတ် စတတ်တဲ့စကားတွေကလည်း ကလေးကို ရှက်ကြောက်သိမ်ငယ်စိတ်တွေ ၊ မိမိကိုယ်ကို မနှစ်မြို့စိတ်တွေ ဖြစ်သွားစေပါတယ်။ လိင်ဆိုတာ ဘာမှန်းမသိတဲ့ကလေးတွေရဲ့ လိင်အင်္ဂါကို ဂျိုးပြော ၊ မိုးပြော စရင်းပြောတတ်ကြရာကနေ ကလေးဟာ မိမိလိင်အင်္ဂါနဲ့ တပါးသူလိင်အင်္ဂါမှာ စိတ်ဝင်စားမှုတွေတိုးလာတာ ၊ ကိုယ်နဲ့ဘာများကွာခြားလဲ သိချင်စိတ်တွေပြင်းပျရာကနေ မရိုးသားစိတ်တွေ အရွယ်မတိုင်ဘဲ ဝင်လာတာတွေရဲ့ တရားခံတွေဟာ လူကြီးမိဘတွေပါပဲ။

တခါတလေမှာ ကလေးက ရိုးရိုးတွေးတောပြောဆိုလုပ်ကိုင်ပေမယ့် လူကြီးတွေသိရှိထားတဲ့ မရိုးမသားအတွေးအခေါ်တွေကြောင့်လည်း ရိုးသားတဲ့ကလေးတွေစိတ်ဟာ အရောင်ဆိုးခံလိုက်ရတာမျိုးရှိပါတယ်။ သူငယ်ချင်းတွေထဲ ယောက်ျားလေးက မိန်းကလေးကို ပိုခင်တွယ်နေတာဖြစ်ဖြစ် ၊ မိန်းကလေးက ယောကျာ်းလေးကို ပိုခင်တွယ်နေတာဖြစ်ဖြစ် ဒါကို သမရိုးကျပိုခင်မင်မှုလို့ မသတ်မှတ်ဘဲ မရိုးမသားတွယ်မက်စိတ်ဝင်နေတာ ၊ ကြိုက်နေတာ ၊ ချစ်နေတာ စသဖြင့် ကလေးနှစ်ဦးကို တွဲစတတ်တာတွေဟာလည်း မကောင်းပါဘူး။ ရိုးသားတဲ့ကလေးတွေကို မရိုးသားစိတ်သွင်းပေးလိုက်သလိုဖြစ်သွားပါတယ်။

တကယ်တော့ ကလေးတွေဆိုတာ ခပ်ရိုးရိုးတွေးပြီး ခပ်ရိုးရိုးလုပ်တတ်ကြတာပါ။ ဒါပေမယ့် လူကြီးတွေကတော့ သူတို့ကျင်လည်ရရှိပြီးသားအသိတွေနဲ့ တွေးတော ၊ ပြောဆို ၊ ပြုမူလုပ်ကိုင်ကြတာပါ။ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ အပြောအဆို ၊ အပြုအမူတွေဟာ ကလေးအတွက် သင်ခန်းစာသင်ယူစရာ ၊ အတူယူစရာ ၊ စံပြထားစရာဆိုရင် အတိုင်းထက်အလွန် ကောင်းမွန်လှပါတယ်။ ဒီလိုမဟုတ်ဘဲ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ အပြောအဆို ၊ အပြုအမူတွေဟာ ကလေးအတွက် စိတ်ဒဏ်ရာတွေရရှိ ခံစားသွားစေမယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့နော်။

ရတု (Burmesehearts.com)

You might also like