Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လုပ်ငန်းအောင်မြင်ဖို့ လိုအပ်ချက်များနှင့် သတိထားဖွယ်အချက်များ – BurmeseHearts

လုပ်ငန်းအောင်မြင်ဖို့ လိုအပ်ချက်များနှင့် သတိထားဖွယ်အချက်များ

0

ပြီးခဲ့တဲ့ မေလ(၁၇)ရက်နေ့ က စင်္ကာပူနိုင်ငံ Suntec Convention Centre မှာ ပြုလုပ်တဲ့ Tech in Asia Conference 2017  ပွဲကို တက်ရောက်ဖြစ်ခဲ့တယ်။ ဒီပွဲဟာ စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ၊ ရင်းနှီးမြှုပ်နှံသူတွေ ၊ သူလိုကိုယ်လို ကြိုးစားနေတဲ့သူတွေ နဲ့ လေ့လာသင်ယူဆဲသူတွေ တွေ့ဆုံကြတဲ့ပွဲပါပဲ။ အောင်မြင်သူတွေရဲ့ မျှဝေစကားတွေကို တိုက်ရိုက်ကြားနာပြီး Networking လုပ်လို့ရတော့ အရမ်းအကျိုးရှိတဲ့ပွဲလေးပါ။ ပွဲက (၁၇)ရက်နဲ့ (၁၈)ရက် နှစ်ရက်တာာ ကျင်းပတာဖြစ်ပေမယ့် ကျွန်မကတော့ ပထမနေ့တရက်ပဲ တက်ရောက်ခဲ့တာပါ။

မိမိလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေနေတဲ့ Startup လုပ်ငန်းရှင်တွေအတွက် ပွဲက နာယူဖွယ်စကားတွေ ၊ မှတ်သားလုပ်ဆောင်ဖွယ်ရာ အကြောင်းအရာလေးတွေကို ပြန်လည်ဝေမျှချင်ပါတယ်။ အဲဒီစကားတွေကို ပြောခဲ့သူကတော့ Houzz ကို စတင် တည်ထောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်ပြီး လက်ရှိမှာ CEO ရာထူးနဲ့ အောင်မြင်စွာရပ်တည်နေတဲ့ Adi Tartarko ပဲဖြစ်ပါတယ်။

သူမဟာ ဘာလုပ်ငန်းလုပ်ပြီး သူမလုပ်ငန်း ဘယ်လောက်အောင်မြင်နေပြီလဲဆိုတာကို Google မှာ Houzz ဆိုတာလေးရိုက်ပြီးလေ့လာနိုင်ပါတယ်။ ကျွန်မက သူမဟောပြောခဲ့တဲ့ မှတ်သားဖွယ်ရာ အကြောင်းအရာလေးတွေ ၊ ဆောင်ရန် ရှောင်ရန်လေးတွေကို အသားပေးရေးသွားမှာဖြစ်လို့ သူမရဲ့လုပ်ငန်းအကြောင်း အကျယ်မချဲ့တော့ပါဘူး။

အောင်မြင်တဲ့ အွန်လိုင်းစီးပွားရေးတခုကို တည်ထောင်လုပ်ကိုင်နေတဲ့ Adi က မိမိလုပ်ငန်း အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကိုအားပေးနေသူတွေ ဘာလိုချင်သလဲဆိုတာကို သိအောင်ကြည့်ပါတဲ့။  ဒါကိုသိပြီး သူတို့လိုအပ်နေတာတွေကို လုပ်ပေးနိုင်တယ်ဆိုပါမှ ကိုယ့်လုပ်ငန်းဟာ အောင်မြင်သထက် အောင်မြင်လာမှာဖြစ်ပါတယ်။

သူတို့ဒါလိုချင်တာထင်တယ်လို့ ကိုယ့်ဘာသာမှန်းဆပြီး ကိုယ်လုပ်ချင်ရာ လုပ်သွားတာမျိုးမဟုတ်ဘဲ သူတို့ဒါတွေလိုတယ်လို့ ပြောဆိုအကြံပေးမှုတွေက လုပ်ငန်းကို ဘယ်ကဏ္ဍမှာ တိုးချဲ့ရမယ်၊ ပြင်ဆင်ရမယ်လို့ ကိုယ့်ကို လမ်းကြောင်းပေးနေတာပါ။ ကိုယ်က သူတို့ဒါလိုနေတာထင်တယ်ဆိုပြီး လုပ်လိုက်တဲ့အရာဟာ သူတို့တကယ်လိုအပ်နေတဲ့အရာ မဟုတ်ဘူးဆိုရင် ကိုယ်ပေးတာနဲ့ သူတို့လိုချင်တာ လွဲနေပါပြီ။ ဒီလိုဆို ကိုယ်ချဲ့တဲ့လုပ်ငန်းမှာ အားပေးသူတွေ နည်းနေမှာမို့ လုပ်ငန်းချဲ့လို့ ပိုမိုကုန်ကျလာတဲ့ငွေတွေအတွက် အမြတ်ဟာ ထင်သလောက် ပြန်ထွက်လာမှာ မဟုတ်ပါဘူး။ အရှုံးတောင်ပေါ်ချင်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် Adi က မိမိလုပ်ငန်းကို အားပေးနေသူတွေရဲ့ လိုအပ်ချက်တွေ ၊ အဆင်မပြေမှုတွေ ၊ အကြံဥာဏ်တွေကို လုပ်ငန်းရှင်တွေက တကယ်သိရှိအောင် အာရုံစိုက်လုပ်ကိုင်သွားပါမှ မိမိလုပ်ငန်းဟာ အောင်မြင်သထက် အောင်မြင်လာမှာဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

နေရာသစ်မှာ လုပ်ငန်တိုးချဲ့တဲ့အခါမှာ လုပ်ငန်းရဲ့ အပိုကုန်ကျငွေတွေကို လျှော့ချချင်ရင်တော့ မိမိလုပ်ငန်းချဲ့ထွင်တဲ့အရပ်က Local Resources တွေကို သုံးသွားနိုင်ရင် ပိုကောင်းမယ်လို့ ပြောခဲ့ပါတယ်။ ဟိုးအဝေးကြီးကဟာကို ဒီဘက်ကိုပို့ပြီး ဟိုးအဝေးကြီးက ဝန်ထမ်းတွေကို နေရာသစ်မှာ လုပ်ကိုင်စေမယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ တန်ဆာခတွေ ပိုမိုများပြားလာနိုင်ပါတယ်။ အရေးကြီးတဲ့ အုပ်ချုပ်သူဝန်ထမ်းနေရာအချို့ကလွဲရင် ဒေသတွင်းက ဝန်ထမ်းတွေ ၊ ဒေသတွင်းထွက်ကုန်တွေနဲ့ မိမိလုပ်ငန်းကို ချဲ့ထွင်သွားမယ်ဆိုရင် အချိန်ကုန်လည်းသက်သာ ၊ ငွေကုန်လည်းသက်သာပြီး ပိုထိရောက်လိမ့်မယ်လို့ သူမက ဆိုခဲ့ပါတယ်။

မိမိလုပ်ငန်းရဲ့ အမှန်ကန်ဆုံး ထုတ်ကုန်ဟာ ဝယ်ယူစားသုံးသူ (မိမိလုပ်ငန်းအားပေးသူများ) ရွေးချယ်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်မျိုး မဖြစ်သင့်ပါဘူးလို့ သူမက ထောက်ပြသွားပါတယ်။ တကယ်တော့ သူမက စားသုံးသူတွေရဲ့ လိုအပ်ချက်ကို သိအောင်ကြည့်ခိုင်းတာပါ။ မိမိလုပ်ငန်းကို အားပေးတဲ့ Customer အများစုက ဘာလိုတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိပါမှ မိမိဟာ ဘာပစ္စည်းကို ဦးစားပေးထုတ်သင့်သလဲဆိုတာကို ပိုသိလာမှာပါ။ ဒါကြောင့် ကိုယ့်လုပ်ငန်း ထိထိရောက်ရောက် အောင်မြင်လည်ပတ်ဖို့ဆိုတာ Customer တွေရဲ့ လိုအပ်ချက်သိနေဖို့ အရမ်းအရေးကြီးပါတယ်တဲ့။

တကယ်လို့များ လုပ်ငန်းတည်ထောင်သူဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ အခြားသူတွေပါ ပါဝင်နေမယ်ဆိုရင်တော့ ဒီလူတွေညီညီညွတ်ညွတ်ရှိနေဖို့ဟာ လုပ်ငန်းရေရှည် တည်တံ့အောင်မြင်ဖို့အတွက် အလွန်အရေးကြီးပါတယ်လို့ သူမက ဆိုခဲ့ပါတယ်။ ကိုယ်ဆုံးဖြတ်တာ သူသဘောမတူ ၊ ကိုယ်အကြံပေးတာတွေသူမကြိုက် ဒီလူတွေအချင်းချင်း တယောက်တပေါက်ဖြစ်နေမယ်ဆို လုပ်ငန်းချဲ့ထွင်ဖို့လမ်းကြောင်းဟာ ဝေဝါးနေနိုင်ပါတယ်။ တည်ထောင်သူအချင်းချင်း အဆင်မပြေလို့ ပြိုကွဲသွားတဲ့ လုပ်ငန်းတွေလည်း အများအပြားရှိနေပါတယ်။ ဒါကြောင့် လုပ်ငန်းတည်ထောင်သူတွေဟာ စိတ်တူကိုယ်တူဖြစ်နေဖို့ဟာ ကုမ္ပဏီရေရှည်တည်တံ့ဖို့ အရေးကြီးနေပါတယ်။

မြန်မာနိုင်ငံမှာ ပိုမိုပွင့်လင်းလာပြီမို့ ဒီခေတ်ကြီးထဲမှာ ရင်းနှီးမြှုပ်နှံသူ (Investor) ရှာလာကြပါပြီ။ ရင်းနှီးမြှုပ်နှံသူတွေကို ရှာနေကြတဲ့ အသေးစားလုပ်ငန်းရှင်တွေ ၊ လုပ်ငန်းစတင်တည်ထောင်သူတွေ သိနားလည်ထားသင့်တဲ့အချက်ကိုလည်း Adi က ပြောပြခဲ့ပါတယ်။ “ဘယ်သူ့ဆီက ငွေယူသလဲ” ဆိုတာ အရမ်းအရေးကြီးပါတယ်။

ငါးစာသာမြင်ပြီး ငါးမြှားချိတ် သတိမထားမိခဲ့ရင် ကိုယ်ကထောင်ချောက်မိသွားမှာပါ။ သူပေးတဲ့ငွေကိုသာမြင်ပြီး ငွေယူပြီးနောက် ဖြစ်လာမယ့် အကျိုးဆက်တွေကို သတိမထားမိဘူးဆိုရင် ကိုယ်နဲ့ကိုယ့်လုပ်ငန်းဟာ သူ့ထောင်ချောက်မိသွားခဲ့ပါပြီ။ ကိုယ့်အကြံဥာဏ် ၊ ကိုယ်စတင်မွေးဖွားပြီး အသက်သွင်းလာခဲ့တဲ့ ဒီလုပ်ငန်းဟာ သူ့ငွေကလေးယူမိရုံနဲ့ သူ့လုပ်ငန်းဖြစ်သွားနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေမှာ ကိုယ့်ကိုတောင် ကုမ္ပဏီထဲက ပထုတ်လိုက်နိုင်တဲ့ အခြေအနေလည်း ဖြစ်သွားနိုင်ပါတယ်။ ဦးနှောက်ဖောက်စားခံရတာပေါ့။

မိမိလုပ်ငန်းအတွက် ပထမဆုံးလာရောက်ရင်းနှီးမြှုပ်နှံမယ့် Investor ဟာ အလွန်အရေးကြီးပါတယ်လို့  Adi က ဆိုခဲ့ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံသူကို ရွေးချယ်သွားဖို့ရာ အလွန်အရေးကြီးနေပါတယ်။ ကိုယ်ဟာ ကိုယ့်ရဲ့အခွင့်အရေးကို ကိုယ်တိုင်သိပြီး ကာကွယ်သွားဖို့လိုပါတယ်။ ကုမ္ပဏီဟာ ဘယ်လမ်းကြောင်းကို သွားမယ် ၊ ဘယ်လိုဦးတည်ပြီး လှုပ်ရှားသွားမယ်ဆိုတာတွေဟာ ဒီကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဖြစ်သင့်ပါတယ်။

မိမိအကြံဥာဏ် ၊ မိမိလုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ မိမိလုပ်ကိုင်သွားမယ့် နောင်အနာဂါတ်အစီအစဉ်တွေကို ရင်းနှီးမြှုပ်နှံသူကိုချပြမယ်။ မိမိအကြံဥာဏ် ၊ မိမိလုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ မိမိလုပ်ကိုင်သွားမယ့် နောင်အနာဂါတ်အစီအစဉ်တွေကို ယုံကြည်လို့သာ ငွေပင်ငွေရင်း လာရောက် ရင်းနှီးမြှုပ်နှံသူဖြစ်သင့်ပါတယ်။

ဒါကို Adi က ကားမောင်းတာနဲ့ နှိုင်းယှဉ်ပြောခဲ့ပါတယ်။ မောင်းသူနေရာမှာ ကိုယ်ပဲရှိသင့်တယ်ပေါ့။ ဘယ်လမ်းကြောင်းကနေ ဘယ်လိုသွားမယ်ဆိုတာ ရှေ့ကမောင်းနေတဲ့ ကိုယ့်ဆုံးဖြတ်ချက်ပဲ ဖြစ်သင့်တယ်ပေါ့။ ရင်းနှီးမြှုပ်နှံသူဟာ ကိုယ့်ခရီးစဉ်နဲ့ ကိုယ့်မောင်းနှင်မှုကို ယုံကြည်လို့ နောက်ကလိုက်စီးသူပဲ ဖြစ်သင့်ပါတယ်တဲ့။

ဒီလိုမှမဟုတ်ဘဲ ရှေ့မှာ မောင်းနေတဲ့ကိုယ့်ကို ဘယ်ကွေ့ ၊ ညာကွေ့ ၊ ဟိုလိုမောင်း ၊ ဒီလိုမောင်း ၊ ဟိုကမောင်း ၊ ဒီကမောင်း လုပ်နေမယ်ဆိုရင်တော့ ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ကိုယ်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီမဟုတ်တော့ဘဲ ကိုယ်ယူခဲ့တဲ့ငွေကြောင့် ကိုယ့်နေရာမြဲနေဖို့အရေး စိတ်ဖိစီးမှုအပြည့်နဲ့ သူစေရာ လိုက်လုပ်နေရမှာပါ။ ဒီလိုလိုက်လုပ်လို့ ရလဒ်ကောင်းထွက်ခဲ့ရင် သူကနေရာပိုယူလာမှာဖြစ်ပြီး ရလဒ်ကောင်းမထွက်ခဲ့ရင်တော့ မအောင်မြင်တဲ့ကုမ္ပဏီရဲ့ ရှေ့ဆက်တည်မြဲဖို့ လိုအပ်နေတဲ့ငွေ နောက်ထပ် ရှာဖွေဖို့ ခက်ခဲသွားပါလိမ့်မယ်။

ဆိုလိုတာက Seed Round ရပြီး Series A , B, C စသဖြင့် ရင်းနှီးမြှုပ်နှံမှုတွေခေါ်ပြီး ရှေ့ဆက်တက်ဖို့ရာ ပိုခက်ခဲသွားနိုင်ပါတယ်။ ကိုယ့်ကုမ္ပဏီထဲ ခေါ်သွင်းလာခဲ့တဲ့ ငွေထုတ်ပေးသူဟာ ဒီကုမ္ပဏီထဲ ကိုယ့်ထက်နေရာပိုယူနေရင်တော့ ဒါဟာကိုယ့်ကုမ္ပဏီမဟုတ်တော့ဘဲ သူ့ဆုံးဖြတ်ချက်တွေအတိုင်း လိုက်လုပ်ပေးနေရတဲ့ သူ့လက်အောက်ခံ ကိုယ်ဖြစ်သွားပါပြီ။ ကိုယ့်နေရာပျောက်သွားတာပေါ့။ ကိုယ်ရတဲ့ငွေနဲ့ ကိုယ့်နေရာပျောက်သွားတာ ထိုက်သင့်တယ် ၊ မထိုက်သင့်ဘူးဆိုတာ ကာယကံရှင်တွေရဲ့ ဆုံးဖြတ်ချက်ပါ။

Adi က ကိုယ်ဟာ ဘယ်လိုအနေအထားမှာ ရှိနေသင့်သလဲဆိုတာကိုလည်း ရှင်းလင်းပြောဆိုသွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ ကိုယ့် Pitch Deck ဟာ အရမ်း Strong ဖြစ်သင့်ပါတယ်။ ဘယ်လမ်းကြောင်းကိုသွားမယ် ၊ ဘာတွေလုပ်ဆောင်မယ် ၊ ဘယ်လောက်သုံးသွားမယ် ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားသင့်သလို ကိုယ့်ကိုယ်ကိုလည်း မှန်ကန်တဲ့လမ်းကြောင်းကနေ ဒါတွေလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ထားပါတဲ့။ ဆိုလိုတာက ကိုယ့် Pitch Deck အတွက် ကိုယ်ဟာ Weak ဖြစ်မနေဖို့ လိုပါတယ်။

ကိုယ့် Pitch Deck အပေါ် ကိုယ်တိုင်က ယုံကြည်ချက်အပြည့်မရှိရင် ရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိတဲ့ Investor တွေက ဟိုနေရာလေးလျှော့ခိုင်း ၊ ဒီနေရာလေးထပ်ဖြည့်ခိုင်း ၊ ဟိုပြောင်း ဒီပြောင်းနဲ့ ကိုယ့် Pitch Deck ဟာ သူတို့ထင်သလို ပြောင်းထားတာဖြစ်သွားပါတော့တယ်။

တချို့တွေက ပြောင်းထားတာလေးကြိုက်လို့ရင်းနှီးမြှုပ်နှံမယ်ဆို ရေရှည်မှာလည်း သူစိတ်ထင်သလို ဆုံးဖြတ်ပြောင်းလဲမှုတွေအတွက် လိုက်လုပ်ကိုင်ဆောင်ရွက်သွားဖို့ အဆင်သင့်ဖြစ်နေပါစေလေ။ ဒီလိုဆို ကိုယ်ဟာလုပ်ငန်းရှင်မဟုတ်တော့ဘဲ သူခိုင်းတာလိုက်လုပ်ရတဲ့သူတစ်ယောက်ဖြစ်သွားပါပြီလို့ သူမက ထောက်ပြပြောဆိုသွားပါတယ်။ နောင်မှာ လုပ်ငန်းအောင်မြင်ရင် သူ့ကြောင့်ဖြစ်ပြီး မအောင်မြင်ရင် ကိုယ့်ကြောင့်လို့ အပြစ်တင်သွားမှာပါ။ ဒါတွေကို အစကတည်းက ကြိုမြင်ထားသင့်တယ်လို့ သူမက ထောက်ပြပြောဆိုသွားပါတယ်။

လုပ်ငန်းတခုလုံး အောင်မြင်စွာလည်ပတ်နေဖို့ဆိုတာ ကိုယ်တစ်ယောက်တည်းနဲ့ မပြီးပါဘူး။ ကိုယ်နဲ့အတူတည်ထောင်ခဲ့သူတွေ ၊ ကုမ္ပဏီထဲက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဒီကုမ္ပဏီထဲက ဝန်ထမ်းတွေ နောက်ဆုံး ကိုယ့်လုပ်ငန်းကို အားပေးကြတဲ့ စားသုံးသူ (Customer) တွေ  စည်းလုံးညီညွတ်နေဖို့လိုပါတယ်။

ကိုယ်နဲ့အတူတည်ထောင်ခဲ့သူတွေ ၊ ကုမ္ပဏီထဲက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဒီကုမ္ပဏီထဲက ဝန်ထမ်းတွေဟာ ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ပေးသူတွေမို့ သူတို့ကို အလုပ်သဘောအရလို့ သဘောထားဆက်ဆံတာမျိုးမဟုတ်ဘဲ တကယ့်ကို နွေးနွေးထွေးထွေးနဲ့ မိသားစုလို ဆက်ဆံသွားဖို့ဟာ အရေးပါနေကြောင်း Adi က ပြောဆိုသွားပါတယ်။

နိဂုံးချုပ်ပြောရရင် လုပ်ငန်းတခုအောင်မြင်ဖို့ Customer တွေရဲ့လိုအပ်ချက်ကို ဦးစားပေးနားထောင်ပါ။ ပြီးရင်ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်ပါ။ ရင်းနှီးမြှုပ်နှံမှုခေါ်မယ်ဆို ပထမဆုံးရင်းနှီးမြှုပ်နှံသူကို အသေအချာရွေးချယ်ပါ။ မိမိအခွင့်အရေးကို မိမိကိုယ်တိုင် ယုံကြည်ချက်အပြည့်နဲ့ ကာကွယ်ပါ။ ဒီကုမ္ပဏီထဲက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဒီကုမ္ပဏီထဲက ဝန်ထမ်းတွေဟာ ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ပေးသူတွေမို့ တန်ဖိုးထားပြီး နွေးနွေးထွေးထွေးဆက်ဆံပါ။ ဒါတွေကတော့  Tech in Asia Conference 2017  ပွဲ ပထမရက်မှာ ဟောပြောသွားခဲ့တဲ့ Houzz  လုပ်ငန်းရဲ့ CEO နဲ့ co-founder တစ်ဦးဖြစ်တဲ့ Adi Tartarko ရဲ့ ဟောပြော ပို့ချမှုတွေဖြစ်ပါတယ်။

ပုံရိပ် (Burmesehearts.com)

You might also like