Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လက်နှစ်ဖက်ပါဝင်မှဖြစ်ပေါ်လာမယ့် လက်ခုပ်သံ – BurmeseHearts

လက်နှစ်ဖက်ပါဝင်မှဖြစ်ပေါ်လာမယ့် လက်ခုပ်သံ

0

unhappy child and parents

လက်ခုပ်သံလို့ဆိုလိုက်ရင် လက်နှစ်ဖက်ပါဝင်မှဖြစ်မှာပေါ့။ လက်တဖက်တည်းနဲ့ဖြစ်လာတဲ့အသံဟာ လက်ခုပ်သံဖြစ်လာမှာမဟုတ်ဘဲ ရိုက်ခတ်သံတခုအဖြစ်သာ ဖြစ်နေမှာပါ။ လူနှစ်ဦးပေါင်းစည်းခြင်းနဲ့ လမ်းခွဲခြင်းဆိုတဲ့အရာတွေမှာလည်း တစ်ဦးတစ်ယောက်တည်းက ဇွတ်ဖန်တီးသွားတာဆို ရိုက်ခတ်သံတခုအဖြစ်သာ ကျန်ခဲ့မှာဖြစ်ပါတယ်။

ပီပြင်တဲ့လက်ခုပ်သံတခုဖြစ်လာဖို့ လက်နှစ်ဖက်ပါဝင်ရမှာဖြစ်သလို ပီပြင်တဲ့ချစ်ခြင်းမေတ္တာကိုခံစားဖို့ဆိုတာလည်း နှစ်ဦးနှစ်ဖက်ပူးပေါင်းလုပ်ကိုင်ရမှာဖြစ်ပါတယ်။ တဖက်သတ်အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် ရည်မျှစွာချစ်တဲ့ ချစ်ခြင်းမေတ္တာလောက် အဓိပ္ပါယ်မရှိဘူးရယ်။ တဖက်ကချည်းပဲ အမြဲတမ်းလိုက်လျောချစ်နေရတယ်ဆိုတာ ခံစားချက်တွေ ၊ သည်းခံနိုင်ရည်တွေ ကုန်ခမ်းလာတဲ့တနေ့မှာ ကိုယ်တွေနှစ်ဦးပြတ်စဲတဲ့နေ့လည်း ဖြစ်နိုင်တယ်မဟုတ်လား။

တစ်ဦးကလိုက်လျောရင် ကျန်တဲ့တဦးကလည်း ကိုယ်လိုက်လျောပေးနိုင်သမျှ လိုက်လျောရမှာတွေရှိတယ်။ တဦးက နားလည်မှုပေးရင် ကျန်တဦးက လိုအပ်တာလေးတွေကို နားလည်မှုပေးနိုင်ရမယ်။ တဦးကကြင်နာမှုပေးရင် ကျန်တဦးကလည်း ပြန်ကြင်နာမှဖြစ်မယ်။ ချစ်ခြင်းမေတ္တာဆိုတာ နှစ်ဦးနှစ်ဖက် အဆင်ပြေပြေ လိုက်ဖက်ညီနေမှ ပြီးပြည့်စုံနိုင်တာပါ။

အချစ်ရေး ဖြောင့်ဖြူးဖို့ဆိုတာ တဦးတယောက်တည်းက ကောင်းနေရုံနဲ့ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်ရေး ပျော်ရွှင်စွာ တည်မြဲဖို့ဆိုတာကလည်း တဦးတယောက်တည်းက ဆန္ဒရှိနေရုံနဲ့ ဖြစ်လာမှာမဟုတ်ဘူး။

နှစ်ဦးနှစ်ဘက်လုံးက လိုက်လျောညီထွေရှိပါမှ ၊ တဦးတင်းရင် တဦးလျှော့ပါမှ ၊ တဦးအပေါ်တဦး ရှေ့ဆက်လက်တွဲလိုစိတ် မြဲမြံနေပါမှ ဒီအချစ်ရေး ၊ အိမ်ထောင်ရေးဆိုတာ ရေရှည်တည်မြဲမှာဖြစ်ပါတယ်။

အချစ်ရေးမှာလမ်းခွဲချင်ရင် တယောက်တည်းက တဘက်သတ် လမ်းခွဲလိုက်လို့တော့ရပါတယ်။ အိမ်ထောင်ရေးမှာတော့ စာချုပ်တွေ ၊ ကတိကဝတ်တွေ ၊ အသိုင်းအဝန်းတွေ ၊ ငဲ့ညှာထောက်ထားစရာတွေက ပြည့်နှက်နေတာမို့ တယောက်တည်းက တဘက်သတ်ဆုံးဖြတ်လိုက်မယ်ဆိုရင် နစ်နာကျန်ရစ်မယ့်သူတွေက တစ်ယောက်တည်းတော့မဟုတ်ဘူး။ သူနဲ့ ကိုယ့်သားသမီးတွေ ၊ သားသမီးမရသေးလည်း သူနဲ့သူ့မိဘမောင်နှမတွေဟာ မပြေလည်တဲ့ ကိုယ်တွေအိမ်ထောင်ရေးကြောင့် အနည်းနဲ့အများ ဂယက်ရိုက်ခံစားကြရတာပဲ။

မင်္ဂလာဆောင်ရင်သာ ပျော်တပြုံးပြုံးနဲ့ ဆွေမျိုး ၊ မိတ်ဆွေအသိုင်းအဝန်းက အလှတွေပြင် ၊ အကောင်းစားဆိုတဲ့ ဝတ်ကောင်းစားလှတွေနဲ့ အခမ်းအနားလာတက်ကြတာဟာ လာချီးမြှောက်ကြတာဖြစ်တယ်။ ဒါဟာ မင်္ဂလာရှိလို့ မင်္ဂလာယူကြတာ။ လင်မယားကွဲခန်းဆိုရင် ဘယ်သူမှ မကြားလိုကြဘူး။ ညှိကြပါဦး ၊ စဉ်းစားပါဦး ၊ သည်းခံပါဦးနဲ့ ဖြောင်းဖျပြောဆိုတတ်ကြတယ်။ ဘယ်သူမှ တည်ထောင်ပြီးသားအိမ်ထောင်တခုကို မပြိုကွဲစေလိုကြဘူး။

ခုခေတ်မှာ တအိမ်ထောင်ကွာ ၊ နှစ်အိမ်ထောင်ကွာတွေ ဟိုးအရင်ခေတ်တွေကထက် များလာတယ်နော်။ ဘယ်သူကမှ ကွဲကွာဖို့ရည်ရွယ်ချက်နဲ့ လက်ထပ်ခဲ့ကြတာမဟုတ်လို့ လမ်းခွဲမယ်တွေးတိုင်း ဘာကြောင့်တို့တွေလက်ထပ်ခဲ့တာလဲဆိုတာကို ပြန်သတိရရင်ကောင်းမယ်။ လက်ထပ်မင်္ဂလာပြုလုပ်တယ်ဆိုတာ ဒီလင် ၊ ဒီမယား ရိုးမြေကျ ပေါင်းဖက်သွားမယ်လို့ ကိုယ့်မိတ်ဆွေအသိုင်းအဝန်း ၊ ဆွေမျိုးအသိုင်းအဝန်း ၊ ပတ်ဝန်းကျင်ကို အသိပေးတာဖြစ်တယ်။

တခမ်းတနားလုပ်လေ တခမ်းတနားသတိပေးခြင်းမြည်တယ်။ ရပ်ကျော်ရွာကျော်လုပ်လေ ကိုယ်တွေနှစ်ဦးဟာ ဇနီးမောင်နှံတွေပါလို့ ရပ်ကျော်ရွာကျော်  သတိပေးလိုက်တာပေါ့။ အချိန်ကုန် ၊ ငွေကုန်ခံပြီး ဟိုးလေးတကြော်အသိပေး မင်္ဂလာဆောင်ပြီးမှ ဘာကြောင့် လမ်းခွဲကြမှာလဲ။

သူကပြောင်းလဲလို့ ၊ ကိုယ်ကပြောင်းလဲလို့ ၊ သူမကောင်းလို့ ၊ ကိုယ်မကောင်းလို့ဆိုတာထက် ဒီမကောင်းတဲ့အမူအကျင့်တွေကို နှစ်ဦးနှစ်ဖက်က ညှိနှိုင်းအဖြေရှာကြရဲ့လားဆိုတာအပေါ် ပြတ်စဲခြင်းကမူတည်နေတာပါ။

တကိုယ်ရည်ပေါင်းပြီး တကိုယ်ရည်လမ်းခွဲကြရင်တော်သေးတယ်လို့ ပင့်သက်ရှိုက်နိုင်သေးရဲ့။ ကလေးတွေပါလာရင် အနစ်နာဆုံးက ကလေးတွေပဲဖြစ်မယ်။ ဒီအဖေနဲ့အမေ ပေါင်းစပ်လို့သူတို့လူဖြစ်လာရတာ။ သူများ အဖေ ၊ အမေခေါ်ရင် သူတို့လည်း အဖေ ၊ အမေ ခေါ်ချင်ကြတယ်။ သူများတွေရဲ့မိဘတွေ ကျောင်းလာကြိုရင် ကိုယ့်မိဘကိုလည်း ကျောင်းလာကြိုစေချင်တယ်။ သူများကလေးတွေ မိဘနဲ့ လျှောက်လည်ရင် ကိုယ်လည်း ကိုယ့်မိဘနဲ့အတူ ခရီးတွေထွက် လျှောက်လည်ချင်တယ်။ သူတို့ဆန္ဒဟာ ရိုးစင်းပါတယ်။ တခြားကလေးတွေရရှိတဲ့ မိဘမေတ္တာကို သူတို့လည်း ခံစားချင်ကြတာပါ။

နှစ်ဖက်တီးမှမြည်မယ့်လက်ခုပ်သံတဖြောင်းဖြောင်းဟာ ကိုယ်တွေမိသားစုကို ချီးမြှင့်တဲ့လက်ခုပ်သံပဲဖြစ်ပါစေ။ နှစ်ဦးနှစ်ဖက်ပေါင်းစည်းလို့ ဖြစ်လာတဲ့သားသမီးတွေကို ငဲ့ညှာပြီး တဦးနဲ့တဦး နားလည်မှုပေးခြင်း ၊ ကြင်နာမှုပေးခြင်း ၊ သာယာမှုပေးခြင်း ၊ ချစ်ခြင်းမေတ္တာတွေပေးခြင်းနဲ့ ကိုယ့်ကြောင့်ဖြစ်လာတဲ့ ဒီသားသမီးတွေ မျက်နှာမငယ်ပါစေနဲ့လေ။

ဒီမိဘတွေကွဲသွားရင် သူများခေါ်သလိုမခေါ်ရ ၊ သူများတော်သလိုမတော်ရ ၊ သူများပျော်သလို မပျော်ရတဲ့ Broken Family ဘဝမှာ ကလေးတွေဟာ စိတ်အားငယ်မှုတွေ ၊ ဝမ်းနည်းမှုတွေ ၊ လိုလားမှုတွေ တသီကြီးနဲ့ ဘဝကို စိတ်ဒဏ်ရာတွေပိုက်ပြီး ရှေ့ဆက်ကြရမှာမို့ အမေ ၊ အဖေတို့ရေ …. လမ်းခွဲမယ်လို့ ဆုံးဖြတ်ပြီးသည့်တိုင်အောင် သားသမီးတွေအတွက် ပြန်စဉ်းစားပါဦး။ ကိုယ့်ခံစားချက်ကြီးပဲမကြည့်ဘဲ သားသမီးတွေခံစားချက်ကို ငဲ့ညှာပါဦး။ ကိုယ့်မျိုးဆက်အတွက် ကိုယ့်စိတ်ဓါတ်တွေ ၊ ခံယူချက်တွေ ၊ မာနတွေကို ပြောင်းလဲလိုက်ပါဦးလို့ …

ရတု (Burmesehearts.com)

You might also like