Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မပြည့်စုံတာလား မသိတတ်တာလား – BurmeseHearts

မပြည့်စုံတာလား မသိတတ်တာလား

0

 

မှန်ကွဲကို မှန်သစ်နဲ့ အစားထိုးနိုင်ပေမယ့် စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဘာနဲ့ အစားထိုးရပါ့။
မှန်ကွဲကို မှန်သစ်နဲ့ အစားထိုးနိုင်ပေမယ့် စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဘာနဲ့ အစားထိုးရပါ့။

ငွေကြေးမပြည့်စုံလို့ ၊ စီးပွားရေးအဆင်မပြေလို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကလေးတွေရဲ့ရပိုင်ခွင့်တွေ မပြည့်မစုံနဲ့ ကြီးပြင်းခဲ့ရတယ်။ လူဖြစ်အောင် မွေးဖွားပေးလိုက်ရုံ ၊ ကြီးပြင်းအောင် ကျွေးမွေးအတူနေထိုင်ခွင့်ပြုရုံ ၊ အတန်အသင့်ကျောင်းထားပေးရုံ ၊ ဘွဲ့ရတဲ့အထိ ကျောင်းထားပေးရုံတွေလောက်နဲ့ မိဘတာဝန် မကျေပွန်ပါဘူး။

မိဘတာဝန်နဲ့ ပတ်သက်လို့ အရင်ပို့စ်တွေဖြစ်တဲ့ မွေးဖွားပေးလိုက်ရုံနှင့် မပြီးသည့် မိဘတာဝန် ဖြည့်စွက်သင့်သည့် မိဘဝတ်ဥာဏ်ကူဖြည့်ရမယ့် မိဘဝတ်တလွဲသုံးတဲ့ မိဘဝတ် ၊ တာဝန်ယူတဲ့ မိနဲ့ဘ ၊ တာဝန်ကျေနိုင်ပါ့မလား တွေမှာ ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ မဖတ်ရသေးရင် အဲဒီအရောင်ပေါ်က စာသားတွေမှာ ကလစ်နှိပ်ပြီး ပြန်ဖတ်နိုင်ပါတယ်။

ဒီပို့စ်တွေကို ဘာကြောင့် အရင်ရေးသားထားခဲ့တာလဲဆိုရင် မိဘတွေက သားသမီးတွေကို ဖြည့်စွမ်းပေးရမယ့် တာဝန်တွေကို ကြိုတင် မိတ်ဆက်ပေးထားခဲ့တာပါ။ ဒီတာဝန်တွေကို ကျေနိုင်ပြီလို့ခိုင်မာယုံကြည်ပြီး ကလေးယူလိုက်ပြီးမှ စီးပွားပျက်တာ ၊ အိမ်ထောင်ပျက်တာတွေ ကြုံကြရတဲ့ မိသားစုတွေလည်း ရှိပါတယ်။ ဒါကြောင့် ရင်လောက်မှန်းထားပါမှ ၊ ဒူးလောက်အထိဖြည့်နိုင်တာ မဟုတ်လား။ တာဝန်မယူနိုင်ပဲနဲ့ သားသမီးတွေမွေးလာတယ်။ “ မွေးပေးလို့ လူဖြစ်လာတာပဲ ကျေးဇူးတင် “လို့ ဆိုတတ်တဲ့ မိဘတွေလည်း ရှိပါတယ်။ ဒီလိုမိဘတွေဟာ ၎င်းတို့မိဘတွေကိုယ်တိုင်က မွေးပေးရုံနဲ့ ကြီးပြင်းစေခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။

မေတ္တာပေးခြင်းမခံရတဲ့သူဟာ ဘယ်လို မေတ္တာ ပြန်ပေးရမှန်း မသိတတ်သလို မိဘက အလိုက်တသိ ဖြည့်ဆည်းပေးတာကို မခံရတဲ့သူတွေဟာလည်း သူတို့သားသမီးအလှည့်မှာ အလိုက်တသိ ဖြည့်ဆည်းပေးရမယ့်တာဝန်ကို ပျက်ကွက်တတ်ကြတယ်။

တချို့ကျတော့ ကိုယ်ကလေးဘဝက မရခဲ့တဲ့ ရပိုင်ခွင့်တွေကို ကိုယ့်သားသမီးမှာ ရစေ့မယ်လို့ ရည်ရွယ်ကြိုးစားပြီးမှ သားသမီးကို အစွမ်းကုန် ဖြည့်စွမ်းပေးတဲ့ မိဘကောင်းတွေလည်း ရှိပါတယ်။ ဒီလို ကိုယ်ချင်းစာတရားနဲ့ သားသမီးကို ဖြည့်စွမ်းပေးတဲ့ မိဘတွေဆီမှာ လူဖြစ်လာရတာ ဘယ်လောက် ကံကောင်းလိုက်သလဲနော်။

တချို့မိဘတွေကျတော့ သားသမီးကို ထမင်းရည်လျှာလွှဲ ငွေကြေးမပြည့်စုံလို့ ၊ စီးပွားရေးမပြည့်စုံလို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကလေးတွေရဲ့ရပိုင်ခွင့်တွေကို ဖြည့်စွမ်းပေးနိုင်ရက် မဖြည့်စွမ်းပေးခဲ့ကြဘူး။ အရင်ကလည်း မဖြည့်စွမ်းပေးခဲ့ဘူး။ လက်ရှိမှာလည်း မဖြည့်စွမ်းပေးဘူး။ ဒီစာလေးဖတ်မိရင်ဖြင့် နောင် ဖြည့်စွမ်းပေးကောင်းရဲ့နော်။

ငွေကြေးမပြည့်စုံတဲ့ မိသားစုတွေ ၊ စီးပွားမပြည့်စုံတဲ့ မိသားစုတွေ ၊ တနေ့လုပ်တနေ့စား မိသားစုတွေအပြင် တစ်ရက်လုပ်မှ တနပ်ပဲ စားရတဲ့သူ မြန်မာနိုင်ငံမှာ ဒုနဲ့ဒေးဆိုတာလည်း ကျွန်မသိပါတယ်။ လုံးဝမတတ်နိုင်လို့ မပြည့်စုံလို့ ပစ္စည်းပိုင်းဆိုင်ရာ မဖြည့်စွမ်းပေးနိုင်တာ နားလည်ပေးရမှာပေါ့။ ကလေးကံကိုက ဒီလိုချို့တဲ့ တဲ့ မိသားစုထဲမှာ ချို့ချို့တဲ့တဲ့ လူဖြစ်လာဖို့ ကံပါခဲ့တာကိုး။

ငွေကြေးချို့တဲ့ပါတယ်ဆိုတဲ့ မိသားစုတွေထဲမှာ သားသမီးအတွက် စိတ်ဓါတ်မချို့တဲ့တာကိုလည်း ကျွန်မ တွေ့ရတယ်။ ကိုယ်စားမယ့်အစာကို ချိုးခြံလို့ ကလေးအတွက် မုန့်ကလေး ၊ ကစားစရာလေး ဝယ်ပေးတတ်တဲ့ မိဘတွေ မြင်ဖူးတယ်။ နောက်ဆုံး အိုးပုတ် ၊ ချိုးရုပ် မဝယ်ပေးနိုင်ဘူး။ ရေသန့်ဗူးဖုံးလေးနဲ့ သစ်ရွက်ကလေးတွေနဲ့ ကစားတတ်အောင် (ကိုယ့်ဘာသာ ပျော်ရွှင်စွာနေတတ်အောင်) အတူကစားလို့ သင်ပေးပြီး ကလေးကို စိတ်ပျော်ရွှင်မှု ရှာကြံလုပ်ပေးတဲ့ မိဘကိုလည်း မြင်ဖူးပါတယ်။

ငွေမပြည့်စုံလို့ ငွေနဲ့ဝယ်လို့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ မဖြည့်စွမ်းပေးနိုင်ပေမယ့်  ကလေးကို အကောင်းမြင်စိတ်ထားတတ်အောင် ၊ ဆင်းရဲပေမယ့် စိတ်ဓါတ်မချို့တဲ့ရအောင် စိတ်ဓါတ်ခွန်အား ပေးနေတဲ့ လူကြီးမိဘတွေလည်းရှိပါတယ်။ ဒီလိုမိဘတွေကို ကျွန်မရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဦးညွတ်မိတယ်။  စိတ်ဓါတ်ခွန်အား ၊ မေတ္တာ ၊ ကြင်နာမှု ၊ နားလည်ပေးမှုတွေကသာ လူဘဝမှာ အရရှိထိုက်ဆုံး အရာတွေပါ။ ဒါတွေကို ချမ်းသာတဲ့သူတိုင်းက မပေးနိုင်သလို ဂုဏ်ဒြပ် ပြည့်စုံလှပါတယ်ဆိုတဲ့ လူတိုင်းကလည်း မပေးနိုင်ကြပါဘူး။ စိတ်ဓါတ်မြင့်မားတဲ့သူတွေကပဲ ပေးနိုင်တယ်။

BurmeseHearts Blog

ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေရဲ့ဘဝကို ကိုယ်ချင်းစာပေးကြည့်ရအောင် ။

အစ်ကို ၊ အစ်မအဆင့်ဆင့် ဝတ်ထားတဲ့အဝတ်အစားတွေကို ဖာထေးပြီး အသစ်လုပ်ဝတ်ရတဲ့ ကလေးရဲ့ခံစားချက် ၊ ထမင်းဗူးလို့ဆိုနိုင်ရုံ ဗူးဟောင်းထဲက သိုးနေတဲ့ထမင်းဟင်း ၊ ဗိုက်ပြည့်တဲ့အစာ ဝယ်စားဖို့နေနေသာသာ ဇီးထုပ်ကလေးတောင် အစာပြေဝယ်စားဖို့ ပိုက်ဆံမရှိတဲ့ကလေးဘဝ ၊ ပေါက်ပြဲစုတ်နေတဲ့ မလုံမခြုံထီးကျိုးအောက်မှာ ကိုယ်လုံဖို့ထက် စာအုပ်ရေမစိုအောင် မိုးသည်းသည်းထဲ ကြိုးစားသွားနေရတဲ့ကလေး ၊ ဖိနပ်ပြတ်လို့မှ သဲကြိုးလဲမဝတ်နိုင်ဘဲ ဖိနပ်သဲကြိုးပြတ်ကို တွယ်ချိတ်ထိုးဝတ်လို့ ကျောင်းတက်ရတဲ့ကလေး ၊ စာတော်လို့မှ ချီးမြှောက်ဂုဏ်ပြုမယ့်သူ အိမ်မှာမရှိတဲ့သူ (အဆင့်ကျရင်တော့ နာဖို့သာပြင်လေ) ၊ ဝမ်းနည်းမှု ၊ ပျော်ရွှင်မှုတွေကို ထုတ်ဖော်ဝေမျှ ပြောဆိုဖော် မရှိတဲ့ကလေး (လူကြီးမိဘက နားထောင်ဖို့ အချိန်မရှိဘူးလို့ဆိုသူတွေ) ဒီလိုကလေးတွေရဲ့ ရင်ထဲကခံစားမှုတွေကို ဘယ်သူသိနိုင်မလဲ။ ဘယ်သူက ကိုယ်ချင်းစာနိုင်မလဲ။ ဘယ်သူက နားလည်ပေးနိုင်မလဲ။

ဒီခံစားချက်တွေ ၊ ဒီအခက်အခဲတွေ ၊ သူ့အသိုင်းအဝန်းဖြစ်တဲ့ ကျောင်း နဲ့ ရပ်ကွက်ထဲမှာ ခံစားရတဲ့ သူ့ရဲ့သိမ်ငယ်မှု ဒါတွေအကုန်လုံးကို မိဘကမှ အလေးတယူ နားမထောင်ပေးရင် သူတို့မှာ ဖွင့်ပြောခွင့်မရှိကြပါဘူး။ ဖွင့်ပြောရမယ့်သူလည်းမရှိဘူးလေ။ သိမ်ငယ်စိတ်တွေ ကြီးစိုးထားတော့ သူငယ်ချင်းအချင်းချင်းတောင် ဘယ်လိုဖွင့်ပြောမလဲ။ ဒါကြောင့် မိမိကလေးကို တကယ်ပဲ ချစ်တယ် ၊ အလေးတယူရှိတယ်ဆိုရင် ညအိပ်ယာဝင်ချိန်မှာပဲဖြစ်ဖြစ် နာရီဝက် ၊ တစ်နာရီလောက်တော့ သူတို့ပြောချင်တာလေးတွေ ၊ သူတို့ခံစားချက်လေးတွေ ၊ သူတို့တနေ့တာ လှုပ်ရှားမှုလေးတွေကို နားထောင်ပေးသင့်ပါတယ်။

ငွေကြေးမပြည့်စုံလို့ စီးပွားရှာရတာ ပင်ပန်းတယ်။ အိမ်ပြန်လာရင် အေးအေးလူလူ အနားယူချင်တယ်။ ဘာအပူမှ ထပ်မလိုချင်ဘူးဆိုသူတွေက ကလေးမယူတာ အကောင်းဆုံးပါ။ ဒါတောင်မှ အိမ်ထောင်ဘက်က ပူညံပူညံ လုပ်နိုင်သေးတယ်လေ။ ငွေကြေးစီးပွားမပြည့်စုံလို့ ကလေးကို မပံ့ပိုးပေးနိုင်ဘူးလို့ အကြောင်းပြတဲ့သူတွေဟာ တကယ်ဘဲ ငွေကြေးမပြည့်စုံလို့ မပံ့ပိုးပေးနိုင်တာလား ၊ ပံ့ပိုးပေးနိုင်လျက်နဲ့ သိတတ်တဲ့စိတ် မရှိတာလားဆိုတာ ကိုယ့်ဘာသာ ပြန်သုံးသပ်ရမှာပါ။

ကွမ်း ၊ ဆေးပေါလိပ် ၊ ဆေးလိပ် ၊ လ္ဘက်ရည် ၊ ကော်ဖီ ၊ အရက် ၊ ဘီယာ သောက်ဖို့ ငွေရှိတယ် ၊ မနက်စာ အစာပြေစားဖို့ ငွေရှိတယ် ၊ နှစ်လုံး သုံးလုံးထိုးဖို့ ငွေရှိတယ် ၊ အိမ်ကိုလာတဲ့ ဧည့်သည်ကို ဧည့်ခံကျွေးမွေးဖို့ ငွေရှိတယ် ၊ အလှပြင်ပစ္စည်းဝယ်ဖို့ ငွေရှိတယ်ဆိုရင် ကလေးကို ထောက်ပံ့ပေးဖို့လည်း ငွေရှိပါတယ်။ ကိုယ်စားသောက် သုံးစွဲမယ့် အဲဒီအရာတွေကို လျှော့ချတာမျိုး ၊ မစားသောက်ဘဲနေလိုက်တာမျိုးတွေမှာ အပိုထွက်လာမယ့် ငွေတွေကနေ ကလေးအတွက် ခဲတံ ၊ ဘောပင် ၊ ခဲဖျက် ၊ ပေတံ ၊ စာအုပ်စတာတွေအပြင် ကလေးကစားစရာလေးတွေလည်း ဝယ်ပေးနိုင်ပါတယ်။

ဒီ့ထက်ပိုလာရင် ဖိနပ် ၊ ထမင်းဗူး ၊ ရေဗူး ၊ မိုးကာ တွေအပြင် ကစားစရာနဲ့ အဝတ်အစားတွေပါ ဝယ်ပေးလာနိုင်ပါတယ်။ ဒါတွေဝယ်ပေးနိုင်ရက်နဲ့ မဝယ်ပေးဘဲ ကိုယ့်ဝမ်းနဲ့ ကိုယ့်စိတ်အာသာပြေမှုကို ဦးစားပေးထားတယ်ဆိုရင် ကလေးကို ဖြည့်ဆည်းပေးဖို့ဆိုတာလည်း နောက်ရောက်နေမှာ ဖြစ်ပါတယ်။ ကိုယ်အိုလာတဲ့အချိန်မှာ သားသမီးက ကိုယ့်ကို အလေးထားမှု မခံရတဲ့မိဘတွေဟာ ဒီလိုမိဘမျိုးတွေပေါ့။

ကလေးဆိုတာ သူများစားတာ စားချင်တယ် ၊ သူများသုံးတာ သုံးချင်တယ်။ သူများက ကျောင်းဖွင့်လို့ အစစ အရာရာ အသစ်တွေနဲ့ ကျောင်းတက်နေနိုင်ပေမယ့် သူကိုယ်တိုင်က အစ်ကို ၊ အစ်မ အဆင့်ဆင့်သုံးလို့ကျတဲ့ အဝတ် ၊ ထမင်းဗူး ၊ ရေဘူးနဲ့ လွယ်အိတ် စတဲ့အသုံးအဆောင်တွေကို အားထားနေရရင် ဒီကလေးရဲ့စိတ်ဟာ မသိမ်ငယ်ဘဲ ရှိပါ့မလား။ တနေကုန် ကျောင်းမှာ စာသင်ရတဲ့သူဟာလည်း သူ့ဦးနှောက်ကို သူ့အသက်အရွယ်အလိုက် အလုပ်လုပ်နေရသူပါ။ မိဘတွေက အလုပ်ခွင်မှာ ဦးနှောက်သုံး အလုပ်လုပ်နေရသလိုမျိုးပေါ့။ နေ့လယ်စာမစားဘဲ တနေကုန် အလုပ်လုပ်တဲ့မိဘတွေဟာ ရှာမှရှားနော်။ ကလေးကတော့ အရင်နေ့က ထမင်းကျန် ၊ ဟင်းကျန်တွေ ထည့်ယူလာတဲ့ ထမင်းဗူးထဲက( နေ့အပူချိန်ကြောင့် သိုးသွားတဲ့) ထမင်းဟင်းသိုးတွေကိုမှ မစားရင် ညနေ အိမ်ရောက်တဲ့အထိ ရေသောက်ပြီး စာသင်ပေတော့။ ဒါတောင် ညနေ အိမ်ပြန်ချိန်မှာ ထမင်း ၊ ဟင်းက ကျက်ဦးမှ ညနေစာကို မနက်စာနဲ့ပေါင်းပြီး ဆာဆာနဲ့ စားရမှာ။ ကျောင်းက အိမ်ပြန်ရောက်လို့ ညနေစာ မချက်ရသေးရင် ၊ မကျက်သေးရင် ရေသာက်ပြီး စောင့်ဦးပေါ့။

ဒါတွေဟာ ကျွန်မ အပိုလုပ်ရေးနေတယ်ထင်ရင် မှားမှာပေါ့။ ကျောင်းခန်းထဲမှာ ကျွန်မတွေ့ကြုံခဲ့ရတဲ့  ကလေးငယ်တွေ ၊ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ကလေးငယ်တွေရဲ့ တကယ့် နိစ္စဓူဝအဖြစ်တွေပါပဲ။ ဘာကြောင့် ကျွန်မဒါတွေရေးနေသလဲဆိုရင် ဒီလို အပယ်ခံ ကလေးငယ်တွေ နည်းသမျှ နည်းအောင်ဖြစ်ပါတယ်။ မိဘတွေက သားသမီးအပေါ် ပိုပြီး နားလည်သိတတ်လာလေ ၊ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ သာလွန် ကောင်းမွန်လာလေ မဟုတ်လား။ တချို့မိဘတွေကတော့ ဒါတွေကို တမင်သိရက်နဲ့ လုပ်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ကလေးရဲ့ အခက်အခဲတွေကို သတိမထားခဲ့မိတာမျိုးပါ။

ဒါတွေဖြစ်တတ်တယ် ၊ ဘာတွေဘယ်လို သတိထား ဖြည့်ဆည်းပေးရမယ်လို့ သိထားတဲ့အခါ သားသမီးကို တကယ်ဖြည့်စွမ်းပေးချင်တဲ့မိဘဟာ ဖြည့်စွမ်းပေးမှာဖြစ်ပြီး မဖြည့်စွမ်းပေးချင်တဲ့ မိဘကတော့ ဆက်ပြီး မသိချင်ယောင် ဆောင်နေဦးမှာဖြစ်ပါတယ်။

ကျွန်မကြုံဖူးတယ်။ ရွှေတွေဝတ်ထားပြီး သူများကို ပြိုင်ဆိုင်ဖို့ စိတ်ဝင်စားတဲ့ မိခင်တွေဟာ ကလေးထမင်းဗူးထဲမှာ အိမ်အကူက ဘာဟင်းထည့်ပေးလိုက်တယ်ဆိုတာ မသိတဲ့ မိခင်လိုမျိုးတွေကိုပေါ့။ သူကိုယ်တိုင်ထည့်ပေးဖို့ဆိုတာ အချိန်မပေးနိုင်ဘူးလေ။ တခါတလေ အိမ်အကူက ကလေးကို အသားတုံးကြီးတွေ ထည့်ပေးလိုက်ပါတယ်လို့ဆိုပြီး သူစားလိုက်တယ်။ ကလေးကတော့ အရွက်ကလေး ၊ အရိုးကလေးနဲ့ ကျောင်းသွားရတာ သူစိတ်မဝင်စားဘူး။ ထွက်တဲ့ဂျာနယ်တွေကို ခုံပေါ်ဇိမ်ကျကျဖတ်တတ်တဲ့ဖခင် ၊ နိုင်ငံရေး ၊ အားကစားနဲ့ တိုင်းပြည်တိုးတက်ရေးဆိုတာတွေ အာပေါင်အာရင်းသန်သန်နဲ့ ပြောတတ်တဲ့ဖခင်တွေဟာ သူ့ကလေးဖိနပ်ပြတ်တာတွေ ၊ ထီးစုတ်တာတွေ ၊ မပြည့်မစုံဖြစ်နေတာတွေဟာ သူနဲ့မဆိုင်သလို နေနိုင်တာကိုလည်း တွေ့ဖူးတယ်။ (တိုက်ဆိုင်မှုရှိနေရင် ခွင့်လွှတ်ကြပါ။ ဘယ်သူ့မှ တမင်ရည်ရွယ်ပြောနေတာ မဟုတ်ပါဘူး။)

သူတို့တွေဟာ ဘဝမှာ ဘယ်ဟာ အဓိကကျတယ် ၊ ဘယ်ဟာ အဓိကမကျဘူးလို့ မခွဲခြားနိုင်တဲ့သူတွေပါပဲ။ တစုံတဦးက ထောက်ပြတာကိုလည်း သူတို့လက်ခံမှာမဟုတ်သလို သူတို့အကျင့် ပြောင်းလဲဖို့ဆိုတာလည်း တော်တော်ခက်ပါတယ်။ အကျင့်စွဲသွားရင် ပြင်ရခက်တာကိုး။ ဒီလိုမိဘမျိုးရတဲ့ကလေးတွေဟာ ကံဆိုးသူလေးတွေပေါ့။

ဒါကြောင့် ကလေးကို ထောက်ပံ့ပေးဖို့ မပြည့်စုံတာလား မသိတတ်တာလား ဆိုတာကို ပြုပြင်ချင်တဲ့ မိဘတွေကိုယ်တိုင်က ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ကလေးတွေမှာလည်း သူတို့တွေရဲ့ ရပိုင်ခွင့်အတိုင်း ရရှိသင့်တယ်မဟုတ်လား။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like