Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဥာဏ်ကူဖြည့်ရမယ့် မိဘဝတ် – BurmeseHearts

ဥာဏ်ကူဖြည့်ရမယ့် မိဘဝတ်

0

“မကောင်းမြစ်ထာ ၊ ကောင်းရာညွှန်လတ် ၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ” ဆိုတဲ့ မိဘဝတ် ငါးဖြာကို စတွေးကြည့်ရအောင်။

မကောင်းတာဖြစ်မယ့်အရေး တားရမယ်ဆိုပေမယ့် အများမထိခိုက်တဲ့ သူစိတ်သန်ရာ နယ်ပယ်မှာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေထိုင်ရင်း အခြေချချင်ရင် သူ့ဆန္ဒအတိုင်းဖြစ်သင့်တယ်။ လူဆိုတာ ကိုယ်ဝါသနာပါရာ လုပ်ကိုင်ရမှ နဂိုရှိရင်းစွဲ အရည်အချင်းတွေဟာ ထွန်းပြောင်လာတတ်တာ။

ကောင်းရာညွှန်ရမယ်ဆိုရာမှာ သူတို့တွေ ဘာဆက်လုပ်ရမှန်း မရေရာဘဲ ဒွိဟဖြစ်နေတာမျိုး ၊ သူ့အတွက် ပိုသင့်တော်မယ်လို့ ကိုယ်ထင်တဲ့အခါမျိုးတွေမှာ လမ်းညွှန်ဆုံးမနိုင်ပါတယ်။ ကလေးသူငယ်တွေကို လူကြီးမိဘတွေက ကိုယ်ဖြစ်စေချင်တာ ဇွတ်အတင်းလုပ်ခိုင်းတာမျိုးတော့ ရှောင်သင့်တယ်။ သူတို့လုပ်ချင်လာအောင် ပြောတတ်ဖို့ နဲ့ ပြောနိုင်ဖို့ လေ့ကျင့် ပြောပြသင့်တယ်။

အတတ်သင်စေဆိုတဲ့နေရာမှာ အတန်းပညာကိုချည်း သင်ပေးရမယ်လို့ မဆိုလိုပါဘူး ။ အတန်းပညာမသင်ပေးနိုင်ရင် သူ့ဝမ်းစာသူရှာစားနိုင်တဲ့ အတတ်ပညာကိုလည်း သင်ပေးနိုင်ပါတယ်။ ကိုယ်တိုင်မသင်ပြပေးနိုင်ရင် ကောင်းရာမွန်ရာ သင်ပြနိုင်သူဆီမှာ အပ်နှံထားခြင်းဟာလည်း အတတ်သင်စေခြင်း တမျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုသင့်တာကတော့ ကိုယ်သင်ပေးမယ့် အတတ်ပညာဟာ သူစိတ်ပါဝင်စားတဲ့ အတတ်ပညာမျိုး ၊ အများမထိခိုက်စေတဲ့ အတတ်ပညာမျိုး သင်ပေးနိုင်ရင် အကောင်းဆုံးပါ။

ဘဝရပ်တည်နိုင်မယ့် ရင်းနှီးမှုမျိုးပေးအပ်ရမယ်ဆိုတာကို ဘွဲ့ရရုံ ၊ ရေးတတ်ဖတ်တတ်ရုံ သင်ပေးခဲ့လို့ တသက်စာ ရင်းနှီးပေးခဲ့ပြီးပြီလို့ မိဘတွေအများစုက ထင်နေတတ်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးဟာ ဘွဲ့ရရှိပြီး အဲဒီဘွဲ့နဲ့ ထိုက်တန်တဲ့အလုပ် တန်းဝင်လုပ်နိုင်တာဆိုလို့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်တစ်ခုပဲရှိတာ။ ကျန်တဲ့ဘွဲ့ရတွေကတော့ ဘွဲ့ရပြီးရင် အလုပ်ရဖို့အရေး အသေရုန်းကန်ကြရတယ်။ သင်တန်းတွေထပ်တက်ကြရတယ်။ အလုပ်ရဦးတော့ အလုပ်နေရာမြဲဖို့ ၊ ရတဲ့လုပ်ခနဲ့ လူလူသူသူ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ဖို့ဆိုတာလည်း အချိန်ယူကြိုးစားကြရတယ်။ ဒီတော့ ဘွဲ့ရရုံပညာ သင်ပေးခဲ့ရုံနဲ့ မလုံလောက်ပါဘူး။ သူတို့လုပ်ချင်တဲ့စီးပွားရေး ရင်းနှီးလုပ်ကိုင်ဖို့ အရင်းအနှီးပေးအပ်ရမယ်လို့ ဆိုလိုရင်းဖြစ်ပေမယ့် နိုင်ငံလူဦးရေအများစုဟာ ဒီလိုပေးအပ်နိုင်တဲ့ အခြေအနေမှာမရှိကြသေးတော့ ဒီမိဘဝတ်ကို ကျောင်းပြီးအောင်ထားရုံနဲ့ လုံလောက်ပြီလို့ ဆုံးဖြတ်လိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်။

မိဘမျိုးရိုးမပျောက်သွားဖို့ သားသမီးကို လက်ထပ်ပေးရမှာ မိဘဝတ္တရားဖြစ်ပေမယ့် သူမေတ္တာမျှနေသူနဲ့ ဇွတ်ခွဲပြီး သူမေတ္တာမရှိသူနဲ့ ဇွတ်လက်ထပ်ပေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသက်ပြည့်မီတဲ့ အရွယ်ရောက်သူတိုင်းဟာ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိသင့်တယ်။ အချို့သော စာရိတ္တပျက်ပြားနေသူတွေ ၊ ဆိုးသွမ်းရမ်းကားနေသူတွေနဲ့ မေတ္တာမျှနေတာမျိုးက တမျိုးပေါ့။ အလွှာမတူရုံ ၊ ဘာသာမတူရုံ ၊ လူမျိုးကွဲပြားရုံ ၊ ပညာ ၊ ရာထူး ၊ စည်းစိမ် နိမ့်ကျရုံတွေနဲ့တော့ ဇွတ်ခွဲပစ်တာမျိုး ၊ ကိုယ်သဘောတူတဲ့ တခြားလူနဲ့ ဇွတ်လက်ထပ်ပေးတာမျိုးတော့လည်း မဖြစ်သင့်ဘူး။ ကိုယ်ရွေးချယ်တဲ့ဆုံးဖြတ်ချက်ရဲ့ အကောင်းအဆိုးကို ကိုယ်သာစံစား ၊ ခံစားရမယ့်ဆိုတဲ့ အတွေးအခေါ် နက်နက် တွေးခေါ်နိုင်စွမ်းကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခဲ့ရင် ဒီလိုစွက်ဖက်တာတွေ နည်းပါးသွားမယ်။

မြန်မာစကားလုံးက အသုံးအနှုန်းလှတယ်။ စေတနာအမှားဆိုတိုင်း ခွင့်လွှတ်ရတော့မလိုလို ၊ ခွင့်မလွှတ်နိုင်ရင်ပဲ ကိုယ်ကလူဆိုးကြီးလို ဖြစ်သွားတတ်သေးတယ်။ မိဘကလက်နဲ့ရေးတာ ခြေနဲ့မဖျက်နဲ့ ဆိုတာမျိုး ၊ မိဘက ကောင်းစေချင်လို့စီမံတာ နာခံရမယ်ဆိုတာမျိုး ၊ နင်တို့ကိုယ်တိုင် မိဘနေရာရောက်လာမှ သိမယ်ဆိုတာလည်း ပါသေး …. တကယ်ပြောရင် မပြီးနိုင်တော့ဘူးပေါ့။

တကယ်ဆို မိဘတွေမှာလည်း စေတနာတကယ်ထားလို့ ဖြစ်စေချင်စိတ် များလွန်းတာတွေဖြစ်နိုင်သလို သားသမီးဒီလိုဖြစ်မှ သူတို့ကျေနပ်နိုင်မယ်ဆိုတဲ့ အတ္တစိတ်လည်း ပါကောင်း ပါနေနိုင်တယ်။ မိမိဖြစ်စေချင်တာဟာ မိမိသားသမီး လုံးဝမလုပ်ချင်ဆုံးအရာဖြစ်နေမယ် ၊ လုံးဝမရနိုင်တဲ့ ရလဒ်ကြီးလည်း ဖြစ်နေမယ်ဆိုတာကိုတော့ မိမိအတ္တစိတ်ကြီးရင်ကြီးသလောက် မမြင်နိုင်တော့ဘူး။

ကိုယ့်သားသမီးက ပညာဘက် ဥာဏ်မသွားတာကို ဂုဏ်ထူးများများရအောင် ၊ အဆင့်တက်သထက်တက်အောင် ဖိထောင်းနေမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ တစိတ်ဝင်တဲ့ အိတ်ထဲ သပိတ်ဝင် ၊ အိတ်ဝင် ခပ်ထည့်တိုင်း ဘယ်ဝင်နိုင်ပါ့မလဲ။ ဒီတော့ သားသမီးကလည်း ကိုယ်ဖြစ်စေချင်သလိုမဖြစ် ၊ ကိုယ့်ဆန္ဒလဲမပြည့် ၊ နောက်ဆုံး သားသမီးနဲ့ကိုယ့်ကြားမှာ ဆက်ဆံရေးလွဲသွားတာပဲ အဖတ်တင်မယ်။

သားသမီးက သူ့အပေါ် နားလည်မှုမရှိဘူးလို့ မိဘကိုထင်မှာဖြစ်သလို မိဘကလည်း အဖြစ်မရှိတဲ့သားသမီးလို့ သားသမီးကိုနှိမ်ကောင်း နှိမ်မိလိမ့်မယ်။ တကယ်ဆို လူတိုင်းမှာ တတ်ကျွမ်းမှုကိုယ်စီရှိတယ်။ ဒါကို သားသမီးငယ်ငယ်ကတည်းက ကလေးအနီးမှာအနီးကပ်ရှိနေတဲ့ အုပ်ထိန်းသူက မြင်အောင် ကြည့်တတ်ရမယ်။ သူထူးချွန်တဲ့ ၊ ဝါသနာပါတဲ့ဘက်ကို ပံ့ပိုးပေးနိုင်တဲ့အခါ အရည်အချင်းတွေထွက်လာပြီး သူမတူအောင် ထူးချွန်တဲ့သူဖြစ်လာတယ်။

သားသမီးတွေကို ကိုယ်လိုသလိုပုံသွင်းမယ် ၊ ကိုယ်ဖြစ်စေချင်တာ ဇွတ်ဖန်တီးမယ်ဆိုရင်ဖြင့် ဒီရလဒ် ပေါ်ကောင်းပေါ်လာနိုင်တယ်။ (ဥပမာ ရှေ့နေဖြစ်ချင်ပေမယ့် အမှတ်ကောင်းနေလို့ မိဘကြပ်မတ် စီစဉ်တဲ့အတွက် အင်ဂျင်နီယာကြီးဖြစ်လာမယ် ၊ ဆရာဝန်ကြီးဖြစ်လာမယ်) ဒါပေမယ့် သူဟာ သူဝါသနာပါတဲ့ ရှေ့နေအလုပ် လုပ်ခွင့်မရတဲ့အတွက် ရှေ့နေအကျော်အမော်တစ်ယောက်ဖြစ်ခွင့် ဝေးသွားခဲ့ပြီပေါ့။

လူဆိုတာ ကိုယ်ဝါသနာပါရာလုပ်ရမယ်ဆိုရင် ဝါသနာအလျောက် ပိုပြီး နက်နက်ရှိုင်ရှိုင်းလေ့လာတယ်။ အဲဒီဘက်မှာ အခက်အခဲတွေကို စိတ်ဝင်တစား အသေးစိတ် ကိုင်တွယ်ဖြေရှင်းတဲ့အတွက် သာမာန် အလုပ်ပြီးရုံလုပ်တဲ့သူတွေထက် ထူးချွန်အောင်မြင်ကြပါတယ်။

အကောင်းဆုံးကတော့ ကိုယ်ဝါသနာပါရာလုပ်ကိုင်ရင်း အောင်မြင်နေတဲ့အတွက် လက်ရှိဘဝမှာ ပျော်ရွှင်တယ်။ မိမိအလုပ်ကို ကျေနပ်ပျော်ရွှင်နေတဲ့သူမျိုးအဖြစ်ကို ဝါသနာပါရာ လုပ်ခွင့်မရတဲ့ လူတွေကတော့ ရနိုင်ဖို့ခဲယဉ်းပါတယ်။ ကိုယ်လုပ်တဲ့အလုပ်မှာ ဝါသနာမပါတော့ မလုပ်ချင်ဘဲလုပ်နေရသလိုဖြစ်တယ်။

ကိုယ့်သားသမီးကို ကိုယ်တကယ်ပဲ သူ့တဘဝတလျောက်လုံး ပျော်ရွှင်စေချင်တယ် ၊ ထူးချွန်စေချင်တယ်ဆိုရင် သူဝါသနာပါရာကို ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ မကောင်းတဲ့နေရာ (ဥပမာ-အရက် ၊ လောင်းကစား ၊ လိင်သက်သက် ၊ ဘိန်း ၊ ခိုးဆိုးလုယက် သတ်ဖြတ်ခြင်း အစရှိသည်)မှာ ဝါသနာပါနေခဲ့ရင်တော့ ကိုယ်တိုင် ပြင်လို့ရရင်ရ ၊ ပြင်လို့မရရင် သူ့ဘဝနဲ့သူရှိပါစေတော့။ သူ့အတွက် ကိုယ့်ဘဝတော့ အပျက်မခံနဲ့လေ။

သူ့အတွက် ကိုယ့်ဘဝအပျက်မခံနဲ့ဆိုတာ အရမ်းနက်ရှိုင်းပါတယ်။ သားကအရက်သမား … ဘယ်လိုမှမသောက်ရမနေနိုင်ဘဲ တနေကုန် သောက်ပြီးမှောက်နေသူ ၊ ဒီလိုသားသမီးရထားတဲ့မိဘဟာ ကိုယ့်သားကို ဘယ်အချိန်အထိ ဒီလိုသောက်စားဖို့ ထောက်ပံ့ပေးနိုင်မလဲ တွေးရတော့မှာပါ။ ကိုယ်လုပ်ကိုင်နိုင်တုန်းက သူသောက်စားဖို့ အမြဲပေးကမ်းနိုင်ပေမယ့် စုဆောင်းငွေမကျန်တော့တဲ့ အိုလာတဲ့အခါ  နာလာတဲ့ရောဂါကို ဘယ်ကငွေနဲ့ ကုမှာလဲ။ ဒီအခါ စိတ်ဖြောင့်ဖြောင့်နဲ့ သေနိုင်ပါတော့မလား။ စိတ်ဖြောင့်ဖြောင့်နဲ့ မသေနိုင်မှဖြင့် ဘဝကူးကောင်းနိုင်ပါတော့မလား။ ဒါတွေကြိုတွေးထားရမှာဖြစ်ပါတယ်။

သားသမီးက အရက်သမား ၊ လောင်းကစားသမား ၊ ဘိန်းသမား ၊ ခိုးဆိုးလုယက် သတ်ဖြတ်နေလေ့ရှိသူ ၊ တစ်အိမ်ထောင်ပြီး တစ်အိမ်ထောင် အခါခါပြုပြီး မြေးတွေအကုန် ကိုယ့်ဆီပို့ထားတတ်သူဆိုလျှင်ဖြင့် ကိုယ့်ဘဝရဲ့ အိုခြင်းကောင်းဖို့ ၊ နာခြင်းကောင်းဖို့ဆိုတာတွေကို ကိုယ်တိုင်က မအိုခင် ၊ မနာခင်ကစပြီး အလုပ်လုပ်ကိုင်နိုင်တုန်း ဥာဏ်အမြော်အမြင်ရှိရှိ ငွေစုဘဏ်တစ်ခုမှာ စုဆောင်းသွားဖို့ လိုနေပါပြီ။

တောင်းဆိုး ၊ ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတယ် ။ သားသမီးကိုမပစ်ပယ်ဘူးဆိုတဲ့ ထုံးကိုနှလုံးမူထားတဲ့မိဘတွေအတွက် သားဆိုး ၊ သမီးဆိုးတွေကို ပိုက်ထားမိရင် မိမိရဲ့ အိုခြင်းကောင်းဖို့ ၊ နာခြင်းကောင်းဖို့ ၊ သေခြင်းကောင်းဖို့ ၊ နောက်ဆုံး နောင်ဘဝကူးကောင်းဖို့ဆိုတာတွေကို မေ့ထားလိုက်ရုံပါ။ သားဆိုး ၊ သမီးဆိုးတွေကို ပိုက်ထားမိရင် အခုဘဝလည်းပူလောင်ရမယ် ၊ ဘဝကူးမကောင်းတဲ့အခါ နောင်ဘဝလည်း ပူလောင်ရလိမ့်ဦးမယ်။ (ဗုဒ္ဓဘာသာအယူအဆနဲ့ပါ။) ဘယ်မှာ အေးချမ်းပါတော့မလဲ။

မိဘဝတ်ဆိုတာ လိုတိုး ၊ ပိုလျှော့ လုပ်ရမယ်ဆိုရင် မမှားပါဘူး။ စာရိတ္တ မကောင်းတဲ့သားသမီးကို ပံ့ပိုးနေခြင်းဟာ အဆိပ်ပင်ရေလောင်းနေတာပါ။ သားသမီးဆန္ဒ ကောင်းရာ ၊ မွန်ရာတွေကိုလည်း မပံပိုးတဲ့အပြင် လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တာဟာ ဘူးသီး အမွေးသပ်လိုက်တာပါ။ ဒါကြောင့်မို့လို့ ကိုယ်ဟာ ဘယ်လိုမိဘမျိုးဖြစ်ချင်သလဲဆိုတာ ကိုယ်တိုင်ရွေးချယ် လုပ်ကိုင်ရမှာပါပဲ။

အမှန်အတိုင်းဝန်ခံရရင် မိဘကိုမချစ်တဲ့သားသမီး ၊ သားသမီးကိုမချစ်တဲ့မိဘ လောကကြီးမှာ ရှိကိုရှိနေပါတယ်။ လက်မခံချင်လို့သာ ငြင်းကွယ်နေတာပါ။ သားသမီးကို ငယ်စဉ်ကတည်းက ချစ်နည်းမှန်ဖို့ ၊ ဆုံးမနည်းမှန်ဖို့ဆိုတာ ကလေးရဲ့ ဘဝအတွက်ကော ၊ မိမိရဲ့ဘဝအတွက်ကော အများကြီးအရေးပါနေတယ်ဆိုတာ မိဘတိုင်း သတိထားမိပါစေလေ။

ရတု (Burmesehearts.com)

You might also like