Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မချည်ဘဲငြိတဲ့ကြိုး – BurmeseHearts

မချည်ဘဲငြိတဲ့ကြိုး

0

ကံတရားရဲ့ လှည့်ကွက်ကြောင့် မရည်ရွယ်ဘဲ နင်နဲ့ငါက အခန်းချင်းမျက်နှာချင်းဆိုင် အိမ်နီးချင်းတွေ ဖြစ်လာကြတယ်။ အမြဲ မြုံစိစိနေတတ်တဲ့ငါ ကားပေါ်ကပစ္စည်းတွေ ကူချပေးတဲ့ညနေကတည်းက ၀ရန်တာမှာ ၀တ္ထုဖတ်လိုက်၊ အအေးသောက်သိုက်နဲ့ ဇိမ်ကျနေတဲ့နင့်ကို မြင်ကတည်းက မှတ်မိနေခဲ့တာပါ။

၁၀တန်းဖြေပြီးကတည်းက မတွေ့ဖြစ်တော့တဲ့ နင့်အလှဟာ ဒီလေး၊ ငါးနှစ်အတွင်းမှာ ပိုလှလာတာငါမြင်ရတော့ နင့်မတွေ့တဲ့နောက်ပိုင်း မှိန်သွားခဲ့တဲ့ရင်ခုန်သံတွေ တဒိုင်းဒိုင်းနဲ့။ လှရက်လွန်းတဲ့ စန္ဒာရယ်။ ချစ်သူစန္ဒာ ဆိုတဲ့ နာမည်လှလှနဲ့အတူ အလယ်တန်း၊ အထက်တန်းကတည်းက စန္ဒာလို့အများခေါ်ကြတဲ့နင့်နဘေးမှာ ချစ်တဲ့သူတွေ ၀ိုင်းဝိုင်းလည်နေခဲ့တော့ ဒီထဲ ငါဝင်မတိုးခဲ့ဘူး။ အဝေးကမြင်ရတဲ့ နင့်အလှကို မသိမသာ ချောင်းငေးကြည့်ရင်း ငါလဲတခြားကောင်တွေလို နင့်အလှမှာ ရင်ခုန်ခဲ့ဖူးပါတယ်။

အိမ်တက်ပွဲနေ့က နင်နဲ့နင့်အမေ အိမ်မှာဒန်ပေါက်လာစားကြတော့ ပြင်ပြင်ဆင်ဆင်လေး လှနေတဲ့နင့်ကို ငါငေးကြည့်ရင်း ဒန်ပေါက်လိုက်ပွဲကူဖို့တာဝန်တောင် ငါမေ့နေခဲ့တာ။ ငါ့ညီမနှစ်ယောက်က ဒါကိုမြင်ပြီး အဲဒီကတည်းက ငါနင့်ကိုကြွေနေမှန်း သူတို့သိခဲ့တာပါတဲ့။ တကယ်ဆို ဟိုးအလယ်တန်း၊ အထက်တန်း ရင်ခုန်တတ်စကတည်းက နင့်ကိုငါကြွေခဲ့တာ သူတို့ဘယ်သိနိုင်မလဲ။

နင့်အမေက ငါ့အမေနဲ့ စကားလက်ဆုံကျလို့ တောင်မေးမြောက်မေးရင်း နင်နဲ့ငါ ကျောင်းအတူတူ၊ တစ်နှစ်တည်းဆယ်တန်းအတူတူ အောင်ခဲ့တာသိတော့ တို့နှစ်ယောက်မသိကြဘူးလားလို့တောင် လှည့်မေးခဲ့သေးတယ်။ “မသိခဲ့ပါဘူး” လို့ ငါ့ကိုလှည့်ကြည့်ပြီး ချက်ချင်းပြန်ဖြေတဲ့ နင့်အဖြေကို သံယောင်လိုက်ရင်း ငါကလဲ “ဟုတ်ကဲ့ မသိခဲ့ပါဘူးပေါ့။”

ငါကပဲနင့်ကို သိနေခဲ့တာလို့ ဘလိုင်းကြီးဝန်ခံရမှာ ကြောင်တောင်တောင်နိုင်လှတယ်။ ဒါကိုနင်က “ငါ့ကိုတကယ်မသိခဲ့ဘူးလား” လို့ အနားကပ်ပြီး ခပ်တိုးတိုး မေးတော့ တစ်ခါမှနင်နဲ့ဒီလို မနီးကပ်ခဲ့ဘူးတဲ့ငါ ထရှောင်မိမတတ် ရင်ထဲလန့်သွားခဲ့တာ။ တကယ်ဆို လန့်တာထက် ရင်ခုန်မြန်သွားခဲ့တာဖြစ်ရမယ်။ ပြန်မဖြေဘဲ နင့်ကိုကြောင်အ ကြည့်နေတဲ့ငါ့ကို ကလေးစသလို နှာခေါင်းရှုံ့ပြပြီး ဘာမှမဖြစ်သလို ကျောက်ကျောနှိုက်စားရင်း အမေတို့ စကားဝိုင်းထဲနင်ပြန်လှည့်သွားခဲ့တယ်။

အိမ်ချင်းကပ်နေတော့မှ အမေတစ်ခု၊ သမီးတစ်ခုနဲ့ နင့်မိသားစုအကြောင်း၊ နင်မမွေးခင်ကတည်းက နိုင်ငံခြားကပြန်မလာတော့ဘဲ ကိုယ်ဝန်လွယ်ထားတဲ့နင့်အမေကို စွန့်ပစ်သွားခဲ့တဲ့ နင့်အဖေအကြောင်းကိုပါ ငါသိလာရတော့ နင်နဲ့ နင့်အမေကို ငါပိုသနားလာခဲ့တယ်။

ငါ့အဖေက အနေအေးတဲ့အတွက် နင်တို့အိမ်က ယောကျာ်းသားလုပ်ရမယ့် အလုပ်မှန်သမျှ ငါကပဲကူလုပ်ပေးဖြစ်ခဲ့တယ်။ ရေတိုင်ကီ လဲတာ၊ ဘာညာပျက်တာကအစ နင့်အမေဈေးခြင်းကို ငါ့အမေဈေးခြင်းနဲ့အတူ ကူဆွဲပေးတာအဆုံး ငါလုပ်ပေးခဲ့တယ်။ ဒါကြောင့်လဲ နင့်အမေက ငါ့ကို သားတစ်ယောက်လို အရမ်းချစ်တယ်လို့ တဖွဖွပြောခဲ့တာ။

နင်တို့လဲ မြေညီနဲ့ အပေါ်ထပ် ငါတို့လိုပဲ ယူထားကြတာမှန်ပေမယ့် နင်တို့အိမ်က မိန်းမသားချည်းပဲနေတဲ့အိမ်မို့လို့လားတော့မသိ အမြဲသပ်ရပ် မွှေးကြိုင်နေတာပဲ။ ဒါကြောင့်လဲ ငါ့ညီမနှစ်ယောက်က နင်တို့အိမ်ဘက် အမြဲရောက်ရောက်နေတတ်တာ။

ငါကဘွဲ့ရသွားတဲ့အထိ ယောင်လို့ကောင်းတဲ့အချိန်မှာ နင်ကဆယ်တန်းပြီးကတည်းက သင်တန်းတွေလှိုင်လှိုင်တက်ပြီး ဒုတိယနှစ်မှာ ကျောက်မျက်ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တယ်ဆိုတာ သိခဲ့ရစက ယောက်ျားတန်မဲ့ ယောင်နေမိခဲ့တဲ့ ငါ့အချိန်တွေအတွက် ငါရှက်ခဲ့တယ်။

ခုလိုကျောင်းပြီးသွားလို့ ကုမ္ပဏီတစ်ခုရဲ့ ခြောက်တိခြောက်ချက်နေရာ ငါဝင်လုပ်နေချိန်မှာ နင်ကတော့ ကားကောင်းကောင်းစီးပြီး နင့်ကုမ္ပဏီကို တိုးချဲ့ဖို့ပြင်နေခဲ့တယ်။ နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ ကျောက်မျက်ရောင်းဝယ်ရေး နင်ဖွင့်ထားပေမယ့် ရင်ဖုံးလက်စကနဲ့ ထမိန်ပျော့ရှည်ရှည်၊ ကတ္တီပါဖိနပ်နဲ့ တင်ပါးဖုံးတဲ့ ဆံနွယ်ရှည်ရှည်တွေ၊ ကုနြေ္ဒရရပြင်တတ်တဲ့ နင့်ရဲ့အလှအပမှာ ကျောင်းတုန်းကထက် အဆပေါင်းများစွာသာတဲ့ ပုရိသတွေ နင့်အချစ်ရဖို့ကြိုးစားနေကြတယ်။ ကျောက်မျက်အရည်အသွေးတွေ နောကျေပြီး အင်္ဂလိပ်စကား ရွှန်းရွှန်းဝေအောင်ပြောတတ်တဲ့ နင်က ပါးနပ်စွာနဲ့ ယောက်ျားတွေကို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်အောင် ကောင်းကောင်း ကိုင်တွယ်တတ်ခဲ့တယ်။

တချို့တွေကနင့်ကိုပြောတယ်။ “ကြာကြာဝါးမှခါးမှန်းသိ” တဲ့။ ချစ်ခွင့်ပန်တဲ့ယောက်ျားတွေကို ချစ်တယ်လဲမပြော၊ မုန်းတယ်လဲမပြော။ အခွင့်အရေးလဲမပေး၊ အခွင့်အလမ်းလဲ မပိတ်ထားဘဲ မိတ်ဆွေ၊ သူငယ်ချင်းလိုလို ဟိုမရောက်၊ ဒီမရောက်ဇတ်မျောတွေကို နင်ပဲဖန်တီးတတ်တယ်။ မစောင့်နိုင်တဲ့သူ၊ စိတ်မရှည်တဲ့သူတွေရဲ့ လက်ထပ်ပွဲကိုလဲ တပြုံးပြုံး နင်ပဲတက်နိုင်လွန်းတယ်။

“သူတို့လက်ထပ်သွားတာ နင်ဘယ်လိုမှမခံစားရဘူးလား” လို့ ငါမေးတော့ “အစကတည်းက သူတို့ချစ်တယ်ဆိုတာကိုမှ မယုံခဲ့တာ ဘာခံစားရမှာလဲ” တဲ့။ ကောင်းလိုက်တဲ့အဖြေ။

နင့်ကိုချစ်တယ်ပြောသမျှ ယောက်ျားတွေရဲ့အချစ်ကို နင်မယုံခဲ့တော့  နင့်ကိုငါ ချစ်တယ်လို့ ပြောမထွက်တော့ဘူး။ တစ်ယောက်တည်းကြီးပြင်းလာတဲ့နင်က ငါ့ညီမတွေကို တော်တော်သံယောဇဉ်ရှိတာ တွေ့ရတော့ ငါပီတိဖြစ်တယ်။ နင့်ဆံပင်အရှည်ကြီးကို နင်အားတိုင်းခေါင်းဖြီး ကျစ်ဆံမြီးကျစ်ပေးတတ်တဲ့ ငါ့ညီမအငယ်အတွက် ဘယ်ရောက်ရောက် မုန့်ဝယ်လာခဲ့ဖို့ အမြဲလိုလိုနင်မမေ့ဘူး။ အပျိုပေါက်ဖြစ်လာတဲ့ ငါ့ညီမအကြီးအတွက်လဲ နှုတ်ခမ်းနီတွေ၊ လက်သည်းနီတွေ ၀ယ်ပေးတတ်တော့ သူတို့တွေက နင့်ကို ချစ်လဲချစ်၊ အားလဲကိုး၊ အားလဲကျတယ်။ ငါ့မိဘတွေကလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်ထက်မြက်မြက် အိမ်ရဲ့စီးပွားရေးကို ဦးစီးရှာဖွေနေတဲ့နင့်ကို လေးစားကြတယ်။

သူတို့တွေရဲ့ စိတ်ထဲမှာ တစ်နေ့နေ့ ငါတို့ချစ်ကြိုက်သွားလိမ့်မယ်လို့ မျှော်လင့်နေကြတယ်ဆိုတာ နင်ရော၊ ငါရော သိကြတယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့အချစ်ကို မယုံတတ်တဲ့နင့်ကို ယောက်ျားတစ်ယောက်အနေနဲ့ ငါက ဘယ်လိုချစ်တယ်လို့ပြောထွက်မလဲ။ နင်မယုံနိုင်တာက နင့်အဖေ နင်တို့သားအမိနှစ်ယောက်ကို လက်လွယ်စပယ် ပစ်သွားခဲ့လို့ ဖြစ်နိုင်ပေမယ့် ယောက်ျားတိုင်းဟာ နင့်အဖေလို မဟုတ်ဘူးလို့ ငါပြောမထွက်ရက်ခဲ့ဘူး။ ဒီတော့ နင်ရင့်ကျက်လာတဲ့အချိန်၊ အချစ်ဆိုတာကို ယုံကြည်စိတ်ချလာချိန်ထိ စိတ်ရှည်ရှည်နဲ့ တိတ်တိတ်ကလေး ချစ်ပြသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ငါ့အချစ်ကို နင်လဲမြင်သာနေမှာပါ။

ကမ္ဘာလှည့်ခရီးသွားတွေ အလည်များတဲ့မြို့မှာ နင့်ရဲ့ကုမ္ပဏီကို တိုးချဲ့တော့ လုပ်ငန်းအခြေကျတဲ့အထိနေမယ်ဆိုပြီး ရံဖန်ရံခါ ပြန်လာတတ်တာလွဲရင် နင်အဲ့ဒီမှာပဲ အနေများခဲ့တယ်။ နင့်အမေကို နင်နဲ့တပါတည်းခေါ်ပေမယ့် ငါတို့မိသားစုတွေနဲ့ ပျော်နေတဲ့ နင့်အမေက နင့်နောက်မလိုက်ဘဲ နင်တို့အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တော့ ငါ့ညီမနှစ်ယောက်က နင့်အိမ်မှာပဲ အိပ်လိုက်၊စားလိုက်နဲ့ နင့်အမေကို အဖော်ပြုနေပေးနေပါတယ်။

တစ်နိုင်ငံတည်းနေပြီး မြို့ကွဲသွားတဲ့နင်နဲ့ငါ Online ကနေ ညစဉ်နီးပါး စာရိုက်ပြောဖြစ်ကြတယ်။ နင့်ဘယ်လောက်ချစ်လဲဆို နင် Online မှာ မပေါ်သေးရင် နင်ဘာဖြစ်နေမလဲ စိတ်ပူနေတတ်ပြီး နင်အွန်လိုင်းရောက်လာရင် အဲဒီနင့် Account နာမည်ကို ကြည့်ရင်းနဲ့တောင် ငါ့ရင်တွေခုန်လာတယ်ဆို ပိုတယ်လို့ဆိုကြမလား။ ဒါပေမယ့် ဒါဟာအမှန်တရားပါ။ ကွန်ပျူတာပေါ်မြင်ရတဲ့ နင့် Account နာမည်၊ နင့်ဓါတ်ပုံ၊ နောက်ဆုံး နင့် Account Status ကအစ ငါ့ကို ရင်ခုန်စေတယ်။ ညစဉ်နီးပါးဆိုပေမယ့် နင်စိတ်မထင်ရင် ငါ့ကို နင့် Contact List ထဲက ဖျက်ပစ်တတ်လို့ နင့်ကို တစ်ခါတစ်လေ ငါနားမလည်ဘူး။

“ကိုကြီးလက်နှေးရင် မမစန္ဒာကအဝေးမှာ သူများနောက်ပါသွားမယ်လို့” ခြိမ်းခြောက်သတိပေးတဲ့ ငါ့ညီမတွေစကားကို ငါဘာမှ မတုန့်ပြန်ခဲ့ဘူး။ နင်မသိချင်ယောင်ဆောင်လဲ ငါကတော့ တိတ်တိတ်ကလေး ချစ်နေမှာပဲ။ တစ်ခါတစ်လေ “သူငယ်ချင်းအဖြစ်ပဲကောင်းပါတယ်” လို့ ရေးထားတဲ့ နင့် Account Status ကို ဖတ်ရချိန်မှာ နာနေတဲ့ ငါ့ရင်ထဲကခံစားချက် နင်မသိနိုင်ပါဘူး။ ငါဖွင့်မပြောဘဲ နင်ပြန်ချစ်နိုင်မယ့်အချိန်ကောင်း စောင့်နေတာကမှ ဘယ်သူမှ မျက်နှာမပျက်ရဘဲ အေးအေးဆေးဆေး ဖြစ်ဦးမယ်။

ငါ့ကြောင့် ငါတို့အခင်အမင်ပျက်ခဲ့ရင်၊ ဆက်ဆံရေးပျက်ခဲ့ရင်၊ ငါ့ညီမတွေနဲ့ နင့်အကြား အထင်လွဲမှုတွေ ဖြစ်ခဲ့ရင်၊ နှစ်မိသားစုအကြား မျက်နှာပျက်စရာတွေဖြစ်ခဲ့ရင် အင်း….ဒါတွေတွေးပြီး နင်ပြန်ချစ်နိုင်မဲ့အချိန်ကို တိတ်တိတ်ကလေးပဲ စောင့်သွားဖို့၊ နင်ငါ့ကို ဖွင့်ပြောဖို့ အခွင့်အရေးပေးလာတဲ့အချိန်အထိ၊ ငါ့အချစ်ကို လက်ခံဖို့ အရိပ်အယောင်ပြတဲ့အချိန်အထိ စောင့်သွားဖို့ ငါဆုံးဖြတ်ခဲ့တယ်။

နင့်ဆီမှာ ငါ့အတွက် အချစ်မရှိဘူးဆိုရင်တောင် ငါနေမကောင်းရင် စိုးရိမ်တတ်တဲ့နင် သံယောဇဉ်တော့ ရှိမှာပါ။ ဘာမှ မချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးက နင့်နှလုံးသားကို ငြိလာတဲ့တစ်နေ့အထိ ငါစောင့်သွားမယ်။ နင်ငါ့ကို ချစ်လာနိုင်တဲ့တစ်နေ့အထိ ငါစောင့်သွားမယ်။ နင်ပြန်မချစ်နိုင်လဲ တစ်ဖက်သတ်ငြိနေတဲ့ အချစ်ကြိုးတွေနဲ့ ငါနင့်ကို တစ်သက်လုံးချစ်သွားမယ်။

D ၀သုန် (Burmesehearts.com)

You might also like