Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဘယာကြော် – BurmeseHearts

ဘယာကြော်

0

ကျွန်တော် ဘယာကြော်မြင်တိုင်း ခြင်းတစ်ဖက် လက်ကိုင်ဆွဲရင်း လမ်းလျှောက်ဘယာကြော်ရောင်းတဲ့ ကုလားဘယာကြော် သေးသေးလေးတွေကိုမှ ကြိုက်တတ်တဲ့ ကျွန်တော့်သူငယ်ချင်းမလေးကို အမြဲသတိရတတ်ပါသည်။ သတိရတိုင်းလဲ ကျွန်တော်ပြုံးစိစိဖြစ်လာတတ်သည်။

ထိုကောင်မလေးနာမည်က ရွှန်းလဲ့ပဲဆိုပါတော့။ ကျွန်တော်နှင့် ရွှန်းလဲ့က ဆယ်တန်း ကျူရှင်တွင် ဘော်ဒါဖြစ်လာကာ လူငယ်သဘာဝ ဟိုလိုလိုဒီလိုလို ဟိုမရောက်ဒီမရောက် ကြိုးစားဆဲကဏ္ဍတွင် ရှိသည်။ တစ်နေ့ ကျွန်တော်နှင့် သူမ ဆူးလေတွင်တက်ရသော ကျူရှင်အပြီး သူမက သိမ်ကြီးဈေးကုန်တိုက်တွင် ၀ယ်စရာရှိသည် အဖော်လိုက်ပေးဟု ခေါ်သဖြင့် သူမနှင့် အဖော်လိုက်ပေးဖြစ်ခဲ့သည်။

မိန်းကလေးသဘာဝ ကုန်တိုက်ကို အပေါ်အောက်၊ အရှေ့နောက် ဆိုင်အကုန်စုံလုနီးပါး ပတ်ကြည့်ပြီး တော်တော်မူးသွားကာမှ ပြန်ရအောင်ဟုဆိုသည်။ ကျွန်တော်တို့နှစ်ယောက် စကားတပြောပြောနဲ့ ကုန်တိုက်ထဲကထွက်ပြီး လူကူးဂုံးတံတားပေါ်ရောက်သွားတဲ့အခါ ရွှန်းလဲ့က အနှစ်နှစ်အလလက ကွဲကွာသွားခဲ့သော သူ့ဆွေမျိုးပြန်တွေ့ရသလို ခပ်လှမ်းလှမ်းလူသွားစင်္ကြံမှ ထိုကုလားလေးဘယာကြော်မြင်တော့ ထခုန်သည်။

ခုန်လို့မှ အားမရ လက်ခုတ်တီးပြီး ဘယာကြော်ဟု အော်သေးသည်။ သူ့ဘာသာ အော်ရုံနှင့်မပြီး။ ကျွန်တော့်ကိုလဲ ကူ၍လက်ခုတ်တီးခိုင်းပြီး ဘယာကြော်ဟု အော်ခိုင်းသည်။ ကျွန်တော်လဲ သူမလုပ်ခိုင်းသည့်အတိုင်း ဘုမသိဘမသိ လက်ခုတ်တီးပြီး ဘယာကြော်ဟု လိုက်အော်ပါသည်။

အော်လွန်းသည့် ကျွန်တော်တို့ကြောင့် နဘေးနားရှိသူတွေက လန့်ဖြန့်ပြီး ကျွန်တော်တို့ကို လှည့်ကြည့်ကြသည်။ ဘယာကြော်သည် ကုလားကတော့ ကျွန်တော်တို့ အသံပြာမတတ်အော်နေတာ ကားသံတွေနှင့်မကြားဘဲ လူသွားစင်္ကြံမှ ဆေးရုံကြီးကိုသွားသည့် ဗိုလ်ချုပ်လမ်းဘက်သို့ ရည်ရွယ်လမ်းလျှောက်သွားသည်။

ဒါကို ရွှန်းလဲ့က ဂုံးပေါ်မှ ဒရောသောပါးဆင်းရင်း ကျွန်တော့်လွယ်အိတ်ကိုပါတန်းလန်း ဆွဲထားသေးသည်။ ကျွန်တော်လဲ သူမဆွဲသည့် လွယ်အိတ်ကိုထိန်းရင်း သူမနောက် ပြေးလိုက်ပါသည်။ သူမက ပြေးရင်းဖြင့် ကုလားလေးဘယာကြော်ကို မြင်လျှင် မစားဘဲမနေနိုင်ကြောင်း၊ ဘယ်လိုကြိုက်ကြောင်း၊ စားလိုက်ရမှ ကျေနပ်ကြောင်း အမောတကော ပြေးပြော ပြောသည်။ ကျွန်တော်ကလဲ ဟုတ်လား ဘာညာနှင့် သံယောင်လိုက်ရင်း သူမနှင့် ယခုလို ပြေးလွှားသွားရတာကို ရင်ခုန်မိသေးသည်။

ဘယာကြော်သည် ကိုရွှေကုလားက ကျွန်တော်တို့နှင့် ခပ်လှမ်းလှမ်းဝေးနေသေးတာမို့ လူရှောင်ပြေးရင်း ကျွန်တော်တို့နှစ်ယောက် ဘယာကြော်ဟု မအော်တော့ဘဲ ထိုဘယာကြော်သည်ကို မျက်ခြေပြတ်မသွားအောင် ကြည့်ရင်းအမှီပြေးလိုက်သည်။

ဗိုလ်ချုပ်လမ်းဘက်သို့ရောက်သောအခါ လူလဲရှင်းသွားပြီ။ ပြေးရတာ မောလဲ မောနေပြီ။ ဘယာကြော်သည်ကလဲ သိပ်မဝေးတော့ဘဲ မျက်ခြေပြတ်ဖို့မရှိတော့တာမို့ ပြေးလာရလွန်း၍ နာနေသောဗိုက်ကို ကိုယ်စီဖိကာ ခပ်မြန်မြန်ခြေလှမ်းဖြင့်သာ ဘယာကြော်သည်နောက် လိုက်ခဲ့တော့သည်။

ညနေဘက်(၆)နာရီခွဲကျော်ကျော် (၇)နာရီပတ်ဝန်းကျင်မို့ ထိုဘက်ပိုင်းတွင် လူသွားသူခြေ သိပ်မများလှဘဲ ဖြတ်သွားဖြတ်လာ ကားများသာရှိသည်။ ကျွန်တော်တို့ပြေးလိုက်တုန်းက မရပ်ခဲ့သည့် ဘယာကြော်သည်က ကျွန်တော့်တို့ မပြေးလိုက်တော့မှဘဲ သွားနေတာရပ်လိုက်ပြီး လက်ထဲမှဆွဲလာသော ခြင်းတောင်းကိုချ အကြော်လက်ဆွဲ အိုးနှင့်ဇကာကိုလဲ ချလိုက်သဖြင့် ကျွန်တော်နှင့် ရွှန်းလဲ့ မရည်ရွယ်ဘဲ ပြိုင်တူကြည့်ကာပြုံးမိသည်။ အပင်ပန်းခံလိုက်ခဲ့သမျှ စားရတော့မယ်ဆိုတဲ့သဘော။

ဘယာကြော်သည်က ၎င်းချထားခဲ့သည့် ဘယာကြော်အိုး မလှမ်းမကမ်း၌ လမ်းဘေးအုတ်တံတိုင်းကို မျက်နှာမူ၊ ကားလမ်းကို ကျောပေးပြီး မတ်တပ်ရပ် ပုဆိုးမ၍ အပေါ့သွားတော့သည်။ ကျွန်တော်နှင် ရွှန်းလဲ့ ပါးစပ်အဟောင်းသားဖြစ်သွားပြီး နှစ်ယောက်မတိုင်ပင်ဘဲ လှမ်းနေသောခြေအစုံရပ်သွားကာ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်မိသည်။

ပြီးတော့ ဘယာကြော်သည်ဘက် ပြန်ကြည့်မိတော့ ၎င်းကိစ္စပြိးသွားသည့်ကိုယ်တော်က ၀တ်ထားသောပုဆိုးနှင့် ဟိုဒီလက်သုတ်ကာ ဘယာကြော်ကိုစလုံးပြီး စိမ်ပြေနပြေကြော်နေတော့သည်။ သူ၏အနောက်ဘက် မလှမ်းမကမ်းတွင် ရှိနေသောကျွန်တော်တို့ နှစ်ယောက်အား လုံးဝသတိထားမိဟန်မတူ။

ကျွန်တော်နှင့် ရွှန်းလဲ့ မတိုင်ပင်မိဘဲ စိတ်တူကိုယ်တူပဲ တိတ်တိတ်ဆိတ်ဆိတ် နောက်ကြောင်းပြန်လှည့်မိကြသည်။ ရွှန်းလဲ့မျက်နှာလေး မသိမသာရဲနေကာ စိတ်ရှုတ်သလို နှုတ်ခမ်းစူထားသည်။ ကျွန်တော်လဲ ကိုယ်လုပ်တာမဟုတ်ပေမယ့် အနေရခက်နေသည်။

သူမက နင်တို့ယောက်ျားလေးတွေ သိပ်ညစ်ပတ်တာပဲဟု ရှက်ရမ်းရမ်းပြောပြီး သူမစီးရမည့်ကားမှတ်တိုင်ထိအောင် လမ်းဆက်မလျှောက်တော့ဘဲ နီးရာအငှါးကား လက်လှမ်းတားကာ ကျွန်တော့်ကိုထား၍ ထွက်သွားသည်။ သို့နှင့်ပဲ ကျွန်တော်တို့နှစ်ယောက် ကံမဆုံဖြစ်ကြတော့ပေမယ့် ဘယာကြော်မြင်တိုင်းတော့ ရွှန်းလဲ့ကို အမှတ်တမဲ့သတိရမိပါသည်။ ပြီးတော့ ဘာရယ်မဟုတ်ပြုံးမိပါသည်။

D ၀သုန် (Burmesehearts.com)

You might also like